Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, November 07, 2015

Smart Manager: သင့်ရဲ့ Galaxy စမတ်ဖုန်းတွေကို အသစ်အတိုင်း ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတစ်ခု


အသိဉာဏ်မြင့်ကိရိယာတွေ ပိုပြီး ပိုပြီး စွမ်းဆောင်လာနိုင်လေလေ၊ သင့်ရဲ့ ကိရိယာလေးကို အမြဲတမ်း အကောင်းဆုံးအနေအထားနဲ့ လုပ်ဆောင်နိုင်စွမ်းရှိနေဖို့ဆိုတာ ပိုပြီး အရေးပါလာလေလေ ပါပဲ။ ဆိုလိုချင်တာက ဘက်ထရီကြာကြာအသုံးခံနိုင်ဖို့လိုမယ်။ ပြီးတော့ သိုမှီးသိမ်းဆည်းစရာနေရာတွေကို သေသေချာချာ စီမံခန့်ခွဲတတ်ဖို့လိုမယ်။ ဒါ့အပြင် ကိုယ့်ကိရိယာရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်မယ့် အဖျက်ဆော့ဝဲလ်တွေရဲ့ ရန်က ကာကွယ်ဖို့ လိုပါမယ်။

ဒီနှစ် အစောပိုင်းမှာ Samsung က Smart Manager ဆိုတဲ့ သုံးစွဲသူတွေအတွက် အသုံးအရမ်းဝင်တဲ့ ဖုန်းအက်ပလီကေးရှင်းတစ်ခုကို စပြီး မိတ်ဆက်ခဲ့တယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့မြန်ဆန်စေဖို့ စီမံခန့်ခွဲမှုတွေ တစ်နေရာတည်းကနေ လုပ်ဆောင်နိုင်မယ့် အက်ပလီကေးရှင်းကောင်း တစ်ခုဖြစ်ပါတယ်။ Galaxy S6 နဲ့ S6 edge စထွက်ကတည်းက ဖုန်းထဲမှာ တစ်ပါတည်း ပါဝင်လာခဲ့တာ ဖြစ်ပြီး Smart Manager ရဲ့ လုပ်ဆောင်ချက်အရည်အသွေးပိုင်းကိုလည်း ဆက်ပြီး မြှင့်တင်ဆောင်ရွက်ပေးနေသလို၊ Smart Manager ကို ယခင်က ထွက်ရှိခဲ့ပြီးတဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် OS ကို ဗားရှင်းမြှင့်ပေးရင်းနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ စာရေးသူရဲ့ Galaxy Note 4 မှာလည်း မကြာသေးခင်က OS ကို ဗားရှင်းမြှင့်ပေးလိုက်တော့ Smart Manager ပါဝင်လာတာ တွေ့ရပါတယ်။ စပြီး စမ်းသပ်သုံးစွဲကြည့်တာနဲ့တင် တော်တော်လေး ထိရောက်ပါတယ်။ စာရေးသူရဲ့ ဖုန်းက သိမ်းဆည်းစရာနေရာ ပြည့်နေတယ်ချည်း ခဏခဏ ဖြစ်နေပါတယ်။ ကြိုးစားပြီး ဖိုင်တွေ ရှာဖျက်ပေမယ့် သိပ်မကြာခင် ပြည့်နေတယ်ချည်း ဖြစ်ဖြစ်နေတာ နည်းနည်းကြာပါပြီ။ အဲဒီ Smart Manager ရတော့ Storage ကို ကြည့်ပြီး မလိုအပ်တဲ့ဖိုင်တွေကို Delete လုပ်လိုက်တာ အံ့သြစရာ 2GB လောက် ထွက်လာပါတယ်။ အင်တာနက်ကြည့်ရင် ပါလာတတ်တဲ့ တချို့ဖိုင်တွေ၊ ကြော်ငြာတွေနဲ့ နေရာလွတ်မရှိအောင် ပြည့်နေတာမျိုးပါ။ Galaxy S6 edge+ နဲ့ Note5 မှာတော့ ဘက်ထရီ ပိုကြာကြာအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးပြီး အက်ပလီကေးရှင်းတွေကို ထိန်းချုပ်နိုင်ကာ လုံခြုံရေးအဆင့်မြင့်မားတဲ့ Smart Manager အက်ပလီကေးရှင်း စက်ရုံထုတ်ကတည်းက ပါဝင်လာပါတယ်။



Smart Manager အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီဆိုတာနဲ့ လေးစိတ် စိတ်ထားတဲ့ မျက်နှာပြင်ကို တွေ့ရပြီး အဲဒီတစ်စိတ်စီမှာ ဘက်ထရီ၊ သိုမှီးသိမ်းဆည်းရာနေရာ၊ စက်အတွင်းပိုင်းလုပ်ဆောင်နိုင်စွမ်း (RAM) နဲ့ လုံခြုံရေး စနစ်တွေ ထားရှိထားပါတယ်။ ကိုယ်သုံးနေတဲ့ အက်ပလီကေးရှင်းတွေထဲက မသုံးတော့တာ၊ မလိုအပ်တော့တာ ရှိရင် ဖြုတ်နိုင်သလို၊ ကိုယ်က ပိတ်ပြီးပြီးထင်ပေမယ့် နောက်မှာတော့ ဆက်ပြီးလုပ်နေသေးတဲ့ အက်ပလီကေးရှင်းတွေကို ရပ်တန့်ဖို့ စတာတွေ ကောင်းမွန်သလို၊ Security ထဲကနေလည်း သင့်ဖုန်းထဲ ဝင်ရောက်နေတဲ့ malware နဲ့ အခြား လုံခြုံရေး ထိခိုက်စေတဲ့ အရာတွေကို ရပ်တန့်ပိတ်ပစ်နိုင်ပါတယ်။ ပိုပြီး ကိုယ့်ဖုန်းလုံခြုံရေး၊ ကိုယ့်အချက်အလက်လုံခြုံရေး ဦးစားပေးသူတွေအတွက် My Knox ဆိုတဲ့ အက်ပလီကေးရှင်းကနေ တဆင့် ပိုပြီးကာကွယ်ထားနိုင်ဖို့ ဒေါင်းလုတ် ရယူနိုင်ဦးမှာပါ။ "Clean All" ဆိုတဲ့ ခလုတ်ကို နှစ်ချက် နှိပ်လိုက်တာနဲ့တင် သင့်ဖုန်းရဲ့ လျင်မြန်မှု နဲ့ လုပ်ဆောင်နိုင်စွမ်းက မြင့်တက်သွားမှာ ဖြစ်ပါတယ်။


ဘက်ထရီကို ကြာကြာအသုံးခံဖို့ဆိုရင်...


စမတ်ဖုန်း သုံးစွဲသူတွေအားလုံး သိပ်မသိကြသေးတဲ့အချက်တစ်ချက်က သူတို့ သိပ်အသုံးမပြုတဲ့ သုံးစွဲခဲတဲ့ အက်ပလီကေးရှင်းတွေကို ဖယ်ထုတ်လို့ရတယ်ဆိုတာကိုပါ။ ဒီ အက်ပလီကေးရှင်းတွေက တစ်ခါတလေ မသုံးစွဲတဲ့တိုင် နောက်မှာ အလုပ်လုပ်နေကြပါတယ်။ ဒါက ဘက်ထရီအကုန်မြန်စေတဲ့ အကြောင်းရင်းတစ်ခုထဲမှာ ပါပါတယ်။ Smart Manager ထဲကနေ Battery ဆိုတာကို ရွေးချယ်ကြည့်လိုက်ရင် ဘာကြောင့် ဘက်ထရီအကုန်မြန်နေရသလဲဆိုတာကို စမ်းစစ်နိုင်စေပြီး "App Optimization" ကို လိုအပ်သလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အက်ပလီကေးရှင်း တစ်ခုစီကို ဖုန်းသုံးစွဲသူတွေက "Always Optimizing" ဖြစ်ဖြစ်၊ "Automatically Optimizing" ဖြစ်ဖြစ် "Disable For" ဖြစ်ဖြစ် ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။ "Always Optimizing" ကတော့ ဘက်ထရီပါဝါသုံးစွဲတဲ့ အက်ပလီကေးရှင်းကို ရပ်တန့်ပေးမှာ ဖြစ်ပြီး သုံးစွဲသူအနေနဲ့ ဘယ်နှစ်ရက် တစ်ခါ (ဥပမာ ၃ ရက်တစ်ခါ၊ ၅ ရက်တစ်ခါ၊ တစ်ပတ်တစ်ခါ စသဖြင့်) ရွေးချယ် အမှတ်အသားပြု စေခိုင်းထားနိုင်ပါတယ်။ စက်က သူ့ဟာသူ သတ်မှတ်ထားတဲ့အချိန်မှာ ကိုယ်ပေးထားတဲ့ အစီအစဉ်တိုင်း လုပ်သွားပါလိမ့်မယ်။ အကယ်၍ သုံးစွဲသူက "Disable For" ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ အက်ပလီကေးရှင်းသုံးစွဲတာနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို ဖော်ပြအသိပေးတော့မှာ မဟုတ်ပါဘူး။ သုံးစွဲသူအနေနဲ့ အရေးကြီး သတိပေးချက်တွေ လွတ်မသွားချင်ရင်တော့ "Disable For" ကို မရွေးတာ အကောင်းဆုံးပါ။

Battery ဆိုတဲ့ အစိတ်လေးမှာတော့ ဓါတ်ခဲပုံလေးနဲ့ ဘက်ထရီအား ဘယ်လောက် ရာခိုင်နှုန်းကျန်သေးတယ်ဆိုတာနဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ထိ သုံးစွဲနိုင်သေးတယ်ဆိုတဲ့ခန့်မှန်းချက် တွေကို ဖော်ပြပေးထားပါတယ်။ Batter သုံးစွဲမှုကို ရွေးချယ်လိုက်တာနဲ့ ဘက်ထရီအားအပြည့်ကနေ ခုဖွင့်တဲ့အချိန်ထိ သုံးစွဲနေတဲ့သတင်းပို့ချက်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Power Saving Mode နဲ့ Ultra Power Saving Mode တွေကို ပြောင်းလဲသုံးစွဲခဲ့ရင် ဘက်ထရီဘယ်လောက်ကြာကြာခံမယ်ဆိုတဲ့ ခန့်မှန်း အချိန်တွေကိုလည်း ပြသပေးဦးမှာပါ။ ဘယ် အက်ပလီကေးရှင်းက ဘက်ထရီအား ဘယ်လောက်သုံးနေလဲဆိုတာ သိချင်တဲ့သူတွေကတော့ "Detail" ဆိုတာလေးကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။


ရှင်းလိုက်ကြစို့


သိုမှီးသိမ်းဆည်းစရာ နေရာလွတ်တွေ ထွက်လာဖို့ဆိုရင်တော့ ယာယီမှတ်သားသိမ်းဆည်းထားတဲ့ ဖိုင်တွေကို ရှင်းလင်းပစ်ဖို့ လိုပါမယ်။ Smart Manager က မလိုအပ်တဲ့ ဒေတာဖိုင်တွေကို အလိုအလျောက် ရှာဖွေပြီး ဖျက်ပစ်ပေးနိုင်ပါတယ်။ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတော့... Smart Manager ကို ဖွင့်ပြီးတာနဲ့ Storage ဆိုတာကို ရွေးလိုက်ပါ။ အဲဒီအခါ သုံးစွဲသူအနေနဲ့ ဘယ်လောက်ပမာဏအထိ နေရာတွေကို သုံးစွဲမှတ်သားထားပြီလဲဆိုတာ ဖော်ပြထားပါလိမ့်မယ်။ Detail ဆိုတာကို နှိပ်လိုက်ရင်တော့ သုံးစွဲသူသိချင်တဲ့ အချက်အလက်အသေးစိတ်ကို ဖော်ပြပေးသွားမှာပါ။ သုံးစွဲသူရဲ့ ဖုန်းထဲမှာ သိမ်းဆည်းစရာနေရာပမာဏ ဘယ်လောက်ရှိသလဲ၊ ဘယ်လောက်ကတော့ နေရာလွတ်ကျန်သေးလဲ၊ စက်လည်ပတ်မှုစနစ်အတွက် လယ်လောက်ပမာဏကို ယူသုံးနေလဲ၊ မလိုအပ်တဲ့ ဒေတာတွေ၊ ဖိုင်တွေနဲ့ ဘာမှန်းမသိတဲ့ ဖိုင်အစအနလေးတွေအကြောင်းကို သိရမှာပါ။

ဖုန်းသုံးစွဲသူ ကိုယ်တိုင်လည်း ကိုယ့်ဖုန်းထဲက ဖိုင်တွေကို တစ်ခုချင်းရွေးချယ် ဖျက်ပစ်နိုင်စေပါတယ်။ လက်ရှိသုံးစွဲထားတဲ့ သိမ်းဆည်းနေရာပမာဏကို "User Data" ကို ရွေးချယ်ပြီး စစ်ဆေးနိုင်ပါသေးတယ်။ အဲဒီမှာ ဖိုင်တစ်ခုချင်းစီအလိုက် ပမာဏဘယ်လောက်ကို နေရာယူသုံးစွဲထားသလဲဆိုတာ သိရမှာပါ။ Applications ဆိုတာကို ရွေးချယ်ကြည့်ရင်တော့ ဘယ်အက်ပလီကေးရှင်းက အမြဲသုံးလေ့ရှိတာ၊ မရှိတာကို သိရမှာဖြစ်ပြီး ဒါကိုကြည့်လို့ ကိုယ်သိပ်မသုံးဖြစ်တဲ့ အက်ပလီကေးရှင်းတွေကို ရှင်းထုတ်လို့ နေရာလွတ်တွေကို ဖန်တီးရယူနိုင်ဦးမှာဖြစ်ပါတယ်။


RAM


RAM  ဆိုတာကတော့ ကျွန်တော်တို့ ဖုန်းသုံးစွဲတဲ့အခါ အက်ပလီးကေးရှင်းတွေ ဖွင့်သုံးတဲ့အချိန် လိုအပ်တဲ့ ယာယီမှတ်သားမှုတွေ ပြုလုပ်ပေးတဲ့ နေရာဖြစ်ပါတယ်။ RAM ကို သန့်ရှင်းထိန်းသိမ်းခြင်းဟာ ကိုယ့်ရဲ့ ဖုန်းလုပ်ဆောင်နိုင်စွမ်းကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။ နေရာလွတ်တွေ ပိုရလာလို့ ဖုန်းသုံးတဲ့အခါ ထစ်ငေါ့ခြင်းမရှိဘဲ မြန်ဆန်သွက်လက်နေစေပါတယ်။

RAM ကို ရွေးချယ်ကြည့်ရင်တော့ RAM ကို အသုံးပြုနေတဲ့ ရာခိုင်နှုန်းတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ လက်ရှိလည်ပတ်နေတဲ့ အက်ပလီကေးရှင်းတွေကို ဖော်ပြပေးပြီး RAM ပမာဏဘယ်လောက်ကို သုံးစွဲနေကြောင်းလဲ ဖော်ပြပေးပါတယ်။ အက်ပလီကေးရှင်းကို ပိတ်ထားပေမယ့် နောက်မှာ အလုပ်လုပ်နေတာ ဘယ်အက်ပလီကေးရှင်းတွေလဲဆိုတာ ဖော်ပြပေးနေတာမို့ ဒါတွေကို ပိတ်ပစ်ချင်တယ်ဆိုရင် "End All" ဆိုတာကို နှိပ်ပြီး ပိတ်ပစ်လိုက်နိုင်စေပါတယ်။

သုံးစွဲသူရဲ့ လုံခြုံရေးအတွက်...


သုံးစွဲသူအနေနဲ့ တစ်ခါတလေ မသိဘဲ အက်ပလီကေးရှင်းအချို့နဲ့ ဗိုင်းရပ်စ်ပါဝင်နေတဲ့ အရာတချို့ကို ဒေါင်းလုတ်လုပ်မိသွားတတ်ပါတယ်။ ဒါတွေကြောင့် သုံးစွဲသူရဲ့ အရေးပါတဲ့အချက်အလက် (ဒီမှာက တစ်ကိုယ်ရေအချက်အလက်တွေကို ဖုန်းထဲသိမ်းဆည်းတာ နည်းပါးပေမယ့်၊ အခြားနိုင်ငံတွေမှာတော့ Credit Card လိုမျိုးတွေ၊ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာတွေ ချိတ်ဆက်ထားတတ်ပါတယ်) မသမာသူတွေက ရယူအသုံးချသွားနိုင်သလို ဖုန်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အနည်းဆုံးတော့ အက်ပလီကေးရှင်းတွေရဲ့ တုန့်ပြန်မှုတွေ နည်းကွေးလေးလံလာမယ်၊ ဖုန်းရဲ့ သွက်လက်လျင်မြန်တဲ့စွမ်းဆောင်ရည်တွေ ကျဆင်းလာမယ်၊ ဘယ်ထရီအသုံးခံမှုလည်း အရမ်းနည်းလာနိုင်စေပါတယ်။

Smart Manager သုံးစွဲရင်တော့ ဒီ ဘာမှန်းမသိတဲ့ ဆော့ဖ်ဝဲတွေ ဝင်ရောက်လာမှာမျိုး၊ အက်ပလီကေးရှင်းတွေ ရှိနေမှာမျိုးနဲ့ ဘက်ထရီသုံးစွဲမှု ပုံမှန်မဟုတ်ဘဲ အဆမတန် ဖြစ်နေတာမျိုးကို ထိန်းသိမ်းရှာဖွေစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ စက်အတွင်း Error ဖြစ်စေတဲ့ အက်ပလီကေးရှင်းတွေကိုလည်း ရှာဖွေပြီး ပြန်လည်ဖြေရှင်းပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ ဒီမလိုလားအပ်တဲ့ အက်ပလီကေးရှင်းတွေကို ရှင်းလင်းပိတ်ပစ်တာမျိုးတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်စေပါတယ်။ Samsung ဖုန်းတွေမှာပါဝင်လာတဲ့ Smart Manager က ပူးပေါင်းလုပ်ဆောင်တဲ့ Intel Security နဲ့အတူ Malware ပြဿနာတွေကိုလည်း ရှင်းလင်းပေးသွားနိုင်ပါပြီ။


ထိန်းချုပ်လုပ်ဆောင်နိုင်ပြီ


Smart Manager ကို အသုံးပြုတဲ့ Galaxy စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ ဖုန်းလေး လုံခြုံစိတ်ချနေရပြီး သုံးစွဲလို့ကော်းတဲ့ ခံစားချက်ကို ရယူခံစားနိုင်စေပြီဖြစ်ပါတယ်။ ကိုယ့်ရဲ့ သုံးစွဲမှု၊ သိမ်းဆည်းပမာဏ၊ လုံခြုံရေး စတာတွေကို ကိုယ့်စိတ်ကြိုက်ထိန်းချုပ်ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အေးချမ်းစွာနဲ့ သုံးစွဲလုပ်ဆောင်နိုင်စေပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ Smart Manager ကို Samsung ရဲ့ Galaxy S6, S6 edge, S6 edge+. S5, S4, Note5, Note4 နဲ့ Note3 တွေမှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင် Samsung ဖုန်းအားလုံးမှာ သုံးစွဲနိုင်ဖို့ မျှော်လင့်ရပါတယ်။



သီဟလုလင်
၇ နိုဝင်ဘာလ ၂၀၁၅
၎း၁၈ ညနေ

0 comments: