Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, January 27, 2016

သံဖြူဇရပ်က သတင်းကြီးတဲ့ ဒေါ်ပု

ဒေါ်ပု ထမင်းဆိုင် က သံဖြူဇရပ်မြို့ ရဲ့ သံဖြုဇရပ်ကြီး ရှိတဲ့ အဝိုင်း နားလေးမှာ ရှိပါတယ်။

ကြုံတုန်းလေး ပြီးခဲ့တဲ့ အပတ် စနေ၊ တနင်္ဂနွေ အားလပ်ရက်လေး မော်လမြိုင်-သံဖြူဇရပ်-စက်စဲ-ကျိုက်ခမီ ဘက် သွားလည်တော့ စားခဲ့ရတဲ့ မြန်မာထမင်းဆိုင်လေး တစ်ခုကို ညွှန်းချင်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်သားတွေလည်း ခုနှစ်ပိုင်းတွေမှာ ကိုယ့်မြန်မာပြည်ထဲ ကျယ်ကျယ်ပြန့်ပြန့် သွားလည်နေကြတော့ အကယ်၍များ အဲဒီဘက် ရောက်ခဲ့ ပေါက်ခဲ့ရင် စားနိုင်အောင်ပါ။

ကျွန်တော်တို့ ညကတည်းက ထွက်လာတာ မနက်စောစော ကျိုက်ခမီ ဘက်ရောက်တယ်။ ပြီးတော့ စက်စဲကမ်းခြေဝင် ရေဆော့ပြီး နေ့လည်စာကို သံဖြူဇရပ်မှာ ဝင်စားဖြစ်ကြတယ်။ သေမင်းတမန်ရထားလမ်းကို မဝင်လည်ခင်လေးပေါ့။ အဲဒီ သံဖြူဇရပ်မှာ သံဖြူဇရပ်မြို့ရဲ့ အထင်ကရ သံဖြူဇရပ်ကြီး ရှိတဲ့ အဝိုင်း တစ်ခုရှိတယ်။ အဲဒီနားလေးတင် ဒီ မြန်မာထမင်းဆိုင်ကို ရှာတွေ့နိုင်ပါတယ်။ ဆိုင်နာမည်က "ဒေါ်ပု ထမင်းဆိုင်" တဲ့။ လူလည်း အတော်ကျတယ်။ ရွေးချယ်စရာ မြန်မာဟင်းအစုံပေါ့ ဆီပြန်တွေ၊ အကြော်တွေ၊ အသုပ်တွေ အစုံပါပဲ။


ဆိုင်က နှစ်ခြမ်းဖြစ်ပြီး ထမင်းစားချိန်တွေဆို လူပြည့်တတ်ပါတယ်။
ဆိုင်ရှင် နဲ့ ဝန်ထမ်းတွေက သွက်သွက်လက်လက်လေး လှုပ်ရှားကြပါတယ်။ ထမင်းစားရင် ဟင်းရည်လေးလည်း အလိုက်ပေးရင် ထုံးစံအတိုင်း အတို့အမြှုပ်လေးတွေနဲ့ ငပိရည်ပါသလို၊ အရံဟင်းလေးတွေကလည်း အတော် စားကောင်းလှတယ်။ အရံဟင်းနဲ့တင် ဗိုက်ဖြည့်လို့ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဟင်းခါးသီးကြော် စသဖြင့် အရံဟင်းလေးတွေလည်း စုံပါတယ်။ စားလို့ အတော်ကောင်းတာကတော့ ပြန်ပြောပြဖို့တောင် ခက်ပါတယ်။

ကျွန်တော်ကတော့ ဝိတ်လေးလျှော့နေတော့ ဆီပြန်ဟင်းအစား ကြက်သားကြော်လေး ပဲ စားဖြစ်တယ်။ တောကြက်လေး ဖြစ်ပုံရလို့ စားရတာ ချိုပြီး စားကောင်းပါတယ်။ ကြက်ကြော်အပြင် ဝက်ကြော်လည်း ရှိတယ်။ သူ့ဝက်ကြော်က အတုံးသေးသေးမဟုတ်ဘူး။ အပြားကြီးကြီးနဲ့ မသိရင် Pork Chop ပဲ။ သူများတွေကို မေးကြည့်တော့လည်း ဆီပြန်ဟင်းလေးတွေကို ကြိုက်ကြပါတယ်။ ငါးသလောက်ပေါင်းတို့၊ ဆီပြန်ကိုမှ အချို အစပ် စုံစုံလင်လင် ချက်ပြုတ်ပေးထားလို့ ရွေးချယ်စရာ စုံလင်ပါတယ်။
ငါးခူကြော်တွေက စားချင်စရာပါပဲ။
ဒါက ကြက်အသည်းအမြစ်၊ အူ နဲ့ ကြက်သွေးတွေကို ဆီပြန်အစပ်ချက်ထားတဲ့ ကြက်ကလီစာဟင်းပေါ့။
ကြက်ကြော်ကတော့ အိမ်ကြက်၊ တောကြက်ကြော်တွေ ဖြစ်ပုံရလို့ ကုန်တာ မြန်တယ်။ ပေါင်လေးတစ်ချောင်း အမြန်လုစားခဲ့ရတယ်။ ဘေးက ဝက်ကြော်ပေါ့။ အတုံးကြီးတော့ Pork Chop ကြီးလို ဖြစ်နေတယ်။ စားချင်စရာကြီး။ ရှလွတ်။
ကြက်သားဆီပြန်အချိုချက်လေးပါ။

ခရမ်းချဉ်သီးငပိချက် အရံဟင်းလေး

အရံဟင်း နောက်တစ်မည် ကြက်ဟင်းခါးသီးကြော်။ ပုစွန်လေးတွေနဲ့ ကြော်တော့ ချိုတယ် စားရတာ။

ငါးသလောက်ပေါင်း

တစ်ခုပဲ ထမင်းဆိုင်လေးက သာမန်ထမင်းဆိုင်ပုံစံလေးဆိုတော့ သန့်စင်ခန်းတို့ ဘာတို့ကို အဆင့်မြင့်တွေ ဘာတွေ မလုပ်ထားဘူး။ တော အထာလေးနဲ့ ဆိုတော့ ကျွန်တော့အတွက် နည်းနည်း တစ်မျိုးပေါ့။ သို့ပေမယ့်လည်း သန့်တာကတော့ သန့်ပါတယ်။ ကိုယ်ကသာ မနေတတ်ကြီးမို့ပါ။ သန့်စင်ခန်းက ဆိုင်နဲ့ အတော်ဝေးဝေး လမ်းလျှောက်ဝင်ရတာမို့ လမ်းတစ်လျှောက် ဆိုင်ရှင် နဲ့ အလုပ်သမားတွေနေတဲ့နေရာတွေ၊ အိုးခွက်ပန်းကန်တွေ သန့်စင်ဆေးကြောတဲ့နေရာနဲ့ အိုးကြီးချက်ပြုတ်တဲ့နေရာတွေကို ဖြတ်သွားရတာမို့ ကျွန်တော့လို စပ်စု စူးစမ်းချင်သူတွေအတွက် မပျင်းရဘူးပေါ့။

လမ်းကြုံရင်တော့ စားကြည့်စေချင်ပါတယ်။ အရသာလည်း တကယ်ရှိတဲ့ မြန်မာထမင်းဟင်းတွေပါလို့ ဒီနေရာကနေ ကျွန်တော်က ညွှန်းဆိုပေးလိုက်ချင်ပါတယ်။

သီဟလုလင်
၁၄ ဇန်နဝါရီလ ၂၀၁၆

0 comments: