Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 12, 2016

နေ့စဉ်လုပ်ဆောင်သင့်တဲ့ အစွမ်းထက် အသေးအဖွဲ့ အလေ့အကျင့် (၁၂) ရပ်


ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဝမ်းနည်းစရာတွေကလည်း တစ်မျိုးမဟုတ် တစ်မျိုး တွေ့ရတတ်တယ်မဟုတ်လား။ ဒါတွေ မထင်မှတ်ဘဲ များများတွေ့ဆုံရချိန်မျိုးဆို စိတ်ဓါတ်တွေပျက်ပြားလို့ ကိုယ့်အသက်ကိုယ်တောင် နှမြောရမှန်း မသိတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါလို စိတ်ပျက်စရာကောင်းတဲ့ အချိန်အခိုက်အတံ့လေးကို အောင်အောင်မြင်မြင် လွယ်လွယ်ကူကူ ကျော်လွှားသွားနိုင်ဖို့ ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ Dean Bkhari ရဲ့ နည်းလမ်းကောင်းလေးတွေကို ပြန်ပြီး ဘာသာပြန်ဝေမျှပေးလိုက်ပါတယ်။



၁။ ညဘက်အိပ်ရာမဝင်ခင်၊ ကိုယ့်ဦးနှောက်ကို "မနက် ___ နာရီ နှိုးပါ။"လို့ ပြောပါ။
ထူးခြားတယ်ခေါ်ရမလားဘဲ။ ဒီလိုလုပ်တာ တကယ်အလုပ်ဖြစ်တယ်။ မနက်ခင်းကို ကိုယ်ပြောတဲ့အချိန်မတိုင်ခင်လေး နှိုးစက်နာရီ မမြည်ခင်လေး နိုးလာတတ်ပါတယ်။ တစ်ခုတော့ရှိတယ် ကိုယ်ကတော့ ညက အမူးလွန်အောင် သောက်မထားဖို့တော့ လိုတာပေါ့လေ။

၂။ သဘာဝလွန် နှိုးစက်လေး အလုပ်မဖြစ်ဘူးလား။
ဖြစ်တတ်ပါတယ်။ စာထဲမှာပါလို့ စမ်းကြည့်တာပဲ။ ကိုယ့်ကျမှ ဒီနည်းလမ်းက ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ဒါဆိုလည်း သမာရိုးကျနည်းလမ်းလေးနဲ့ ဆက်သွားကြတာပေါ့။ ခုခေတ်က လူတိုင်းနီးပါး စမတ်ဖုန်းလေးတွေ သုံးလာကြတော့ စမတ်ဖုန်းထဲက နှိုးစက်နာရီလေးကို ချိန်ညှိထားပြီး ကိုယ့်အိပ်ရာနဲ့ နည်းနည်းလှမ်းလှမ်းမှာ ထားမယ်။ ဒါဆို မနက် ကိုယ်နိုးချင်တဲ့အချိန်မှာ နှိုးစက်ထပိတ်ဖို့အတွက် လူက လှုပ်ရှားရတော့၊ ဒါမှ ပြန်အိပ်ချိန်စိတ်နည်းပါးသွားပြီး အလေ့အကျင့်ကောင်းလေး ဖြစ်လာမယ်။ ဖုန်းအနားမှာ ထားအိပ်ရင်ကတော့ တစ်ခါတလေ Snooze ဆိုတဲ့ အချိန်ဆွဲ ပြန်နှပ်တဲ့ လုပ်ဆောင်ချက်လေးကို နှိပ်ပြီး ခဏခဏ ပြန်အိပ်ဖြစ်နေလိမ့်မိမယ်။

၃။ ရေ တစ်လီတာလောက်ကို အားပါးတရ မော့သောက်ပါ။
လူဆိုတာက ရေဓါတ်အားနည်းလာရင် အင်အားတွေကုန်ခမ်းယုတ်လျော့တယ်လို့ ခံစားရတယ်။ ရေဓါတ်က အင်အားပါ။ ကိုယ့်အိပ်ရာဘေးမှာ ရေတစ်လီတာဘူးလေး ဆောင်ထားလို့ မနက်နိုးလာရင် ချက်ချင်းဆိုသလို အားပါးတရ မော့သောက်ချပေးပါ။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွမှုတွေရဲ့ အစ ဖြစ်နေပါလိမ့်မယ်။

၎။ သွားတိုက်ပြီးရင် ခဏလောက်အချိန်ယူပြီး ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြုံးပြလို့ "မင်းကိုချစ်တယ်" လို့ပြောပါ။
ကြောင်တောင်တောင်ကြီးလို့တော့ ထင်စရာရှိပေမယ့် တကယ်လုပ်ကြည့်မှ အကျိုးရှိမှန်း သိလာပါမယ်။ လူတိုင်းက ကိုယ့်ကိုကိုယ် ချစ်သင့်သလောက်မချစ်တတ်ကြဘူး။ အရစ်တိုတယ် ပြောခဲ့တဲ့စကားလေးရှိတယ်။ "We are what we repeatedly do. Excellence, then, is not an act, but a habit." တဲ့။ ကိုယ့်ကိုကိုယ် အကောင်းမြင်တတ်တဲ့စိတ်လေး စတင်မွေးမြူခြင်းကိုလည်း လုပ်ဆောင်သင့်ပါတယ်။

၅။ လမ်းလျှောက်ပါ။
လမ်းလျှောက်တာက လူအတော်များများရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အထောက်အကူပြုစေပါတယ်။ အတွေးသစ်၊ အကြံဉာဏ်သစ်တွေ လမ်းလျှောက်ရာကနေ ပေါ်လာတတ်တယ်။ တကယ်တော့ လမ်းလျှောက်လိုက်တာကြောင့် ပေါ်လာတာမျိုးမဟုတ်ဘဲ။ ကိုယ်သိပြီး ရှိပြီးသား အကြောင်းအရာကောင်းတွေက ကိုယ်မြင်နေကျ စားပွဲပေါ်ထိုင်စဉ်းစားနေရာကနေ လမ်းလျှောက်လိုက်တဲ့ အပြောင်းအလဲကြောင့် သဘာဝဝန်းကျင်အနေအထားကနေ ပြန်ပြီး စဉ်းစားလို့ရသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် မွန်းကျပ်တဲ့ ရုံးခန်းကနေ ခဏတာ လမ်းလျှောက်ပြီး သဘာဝဆန်စေလိုက်တာက အောင်မြင်မှုတစ်ခုကို တိုးစေနိုင်ပါတယ်။

၆။ အောင်မြင်မှုတွေကို တွေးစပါ။
ဝမ်းနည်းနေတာလား၊ လိုအင်ဆန္ဒတွေ မပြည့်စုံလို့ စိတ်ညစ်နေတာလား။ ဒါတွေကို လုံးဝ မေ့ထားလိုက်ပြီး ကိုယ့်ကိုကိုယ် ကျေနပ်သွားစေလောက်မယ့် ကိုယ့်ဘဝရဲ့ အောင်မြင်မှု (လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ မိသားစုအရေး၊ အလုပ်အကိုင်ရေးရာ တစ်ခုခု) သုံးခု ကို အောက်မေ့သတိရကြည့်လိုက်ပါ။ ချက်ချင်းဆိုသလို နေလို့ကောင်းသွားလိမ့်မယ်ဆိုတာ အာမခံပါတယ်။

၇။ ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက်ထိ တရားထိုင်ပါ။
မထိုင်တတ်ရင်လည်း တိတ်တိတ်ဆိတ်ဆိတ်နေရာတစ်ခုမှာ ဒီအတိုင်းလေးထိုင်လို့ ဝင်လေရှုချိန်မှာ ၁ ကနေ ၄ ထိ ရေတွက်၊ ထွက်လေရှုထုတ်ချိန်မှာ ၁ ကနေ ၄ ထိ ရေတွက်လို့ ကိုယ်အသက်ရှုနေတာကိုပဲ အာရုံစိုက်ကြည့်လိုက်ပါ။ ဒီနည်းကလည်း ကိုယ့်စိတ်ကို အတော်လေးတည်ငြိမ်စေလို့ လုပ်ဆောင်ရမယ့်ကိစ္စတွေကို အာရုံမများစေမယ့် နည်းလည်းဖြစ်ပါတယ်။

၈။ အရေးကြီးဆုံးအလုပ်တစ်ခုကို ပထမဆုံးစလုပ်ပါ။
ကိုယ့်အလုပ်တွေ မစခင်၊ ဒီနေ့ လုပ်ဆောင်ရမယ့် အလုပ်တွေထဲက ဘယ်အလုပ်က အရေးကြီးဆုံး နံပါတ်တစ် ဖြစ်မလဲ စမ်းစစ်ကြည့်ပါ။ ပြီးတော့ အဲဒီအလုပ်ကိုပဲ စလုပ်ပါ။ နေ့တစ်နေ့ရဲ့ လန်းဆန်းတက်ကြွဆုံးနဲ့ အင်အားအပြည့်ဆုံးအနေအထားမှာ စတင်လုပ်ဆောင်လိုက်ခြင်းအားဖြင့် တစ်နေ့တာလုံးမှာ ပိုပြီးတက်ကြွလန်းဆန်းစွာလည်း တခြားကျန်တဲ့ အလုပ်တွေကိုပါ အေးအေးလူလူ လုပ်ဆောင်သွားနိုင်ပါမယ်။

၉။ တစ်နေ့ကို တစ်ဦးကျ အကူအညီပေးပါ။
ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်ကဖြစ်စေ၊ အဝေးတစ်နေရာကဖြစ်စေ၊ တစ်ဦးတစ်ယောက်ကို သူတို့မမျှော်လင့်ထားဘဲ အကူအညီပေးလိုက်တာမျိုး၊ အံ့အားသင့်ဝမ်းသာသွားစေမှာမျိုး တစ်ခုခု လုပ်ဆောင်ပေးတာဟာ ဘဝရဲ့ အဓိပ္ပါယ်ကို ပြည်ဝသွားစေလို့ ကိုယ့်ရဲ့ တစ်နေ့တာ အစီအစဉ်တိုင်းဟာ ပြုံးရွှင်ကျေနပ်စရာလေး ဖြစ်နေနိုင်ပါတယ်။

၁၀။ နေ့စဉ် ချွေးထုတ်ပါ။
ကိုယ်တွင်းက ချွေးတွေ ထွက်လောက်အောင် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဆောင်တာမျိုးဟာလည်း ကိုယ့်ကို လန်းဆန်းတက်ကြွစေတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသလို၊ လန်းဆန်းတက်ကြွစိတ်ကြည်လင်စေပါတယ်။

၁၁။ ကိုယ့်ရဲ့တစ်နေ့တာကို ပြန်လည်ပုံဖော်ပါ။
ဖြစ်နိုင်ရင် ဒိုင်ယာရီလိုမျိုးးလေး ကိုယ့်ရဲ့ တစ်နေ့တာကို မှတ်တမ်းတင်တတ်တာလည်း ကောင်းပါတယ်။ ကိုယ်တစ်နေ့တာလုပ်ဆောင်ခဲ့တဲ့ ကောင်းတဲ့အမူအကျင့်လေးတွေကိုလည်း ပြန်သတိရစေတယ်။ နေ့စဉ် ကိုယ့်ကိုကိုယ် မေးခွန်းလေးတစ်ခုမေးရင်း တစ်နေ့တာကို အဆုံးသတ်စေတာလည်း ကောင်းပါတယ်။ "ဒီနေ့ တစ်နေ့တာလုံးမှာ ငါက ဘယ်ကိစ္စကို အကောင်းဆုံးလုပ်ဆောင်ခဲ့သလဲ" ဆိုတဲ့ မေးခွန်းလေးကို စဉ်းစား အဖြေထုတ်ကြည့်လိုက်ပါ။

၁၂။ နေ့စဉ် စာဖတ်ပါ။
စိတ်ကူးအကြံဉာဏ်သစ်တွေ ရရှိလာဖို့အဓိကအကြောင်းရင်းကတော့ စာများများ ဖတ်ဖို့ပါပဲ။ The more you read, the more ideas you get ပါ။ ကိုယ့်ရဲ့ စိတ်ကူးဉာဏ်ပညာကွန့်မြူးနိုင်ဖို့ကတော့ နေ့စဉ် မိနစ် ၂၀ လောက်ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ပဲ လိုတာပါပဲ။


သီဟလုလင်
၁၂ မတ်လ ၂၀၁၆

0 comments: