Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, December 03, 2015

ရန်ကုန်တန်ဆောင်တိုင်ပွဲဈေးထဲ လမ်းလျှောက်ခြင်း

Junction မော်တင်ကနေ လှမ်းမြင်ရတဲ့ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး တန်ဆောင်တိုင်ပွဲဈေးခင်း..

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ အကြိုည တန်ဆောင်တိုင်ပွဲဈေးတန်းခင်းကျင်းထားတဲ့ ရန်ကုန်မြို့ လသာ၊ လမ်းမတော် ဘက်ကို ကျွန်တော်တို့သူငယ်ချင်းတွေ လျှောက်ကြည့်စားသောက်ခဲ့ဖြစ်ကြတယ်။

လူရောင်စုံတွေကြား စီးမျောရင်း မြန်မာ့ရိုးရာစားစရာတွေ၊ ခေတ်နဲ့အညီ တီထင်ဆန်းသစ်ထားတဲ့ အစားအစာသစ်တွေကို ကြည့်ရှု့ မြည်းစမ်းခွင့်ရခဲ့တယ်။ ပွဲဈေးထဲ လူတိုးရတာ၊ အစားအစာတွေ ချက်ပြုတ်ကြော်ချက်ကြတဲ့အနံ့တွေထွက်တာ ရှိပေမယ့် တစ်နှစ်မှ တစ်ခါမို့ ပျော်ပျော်ကြီး သွားလာတိုးဝှေ့နေကြလေရဲ့။



ပွဲဈေးခင်း အရှည်ကြီးမှာ လူပြည့်လူလျှံ ရောင်းဝယ်ဖောက်ကား ပျော်ပါးနေကြတာကို ခုလို တွေ့ရပါတယ်။

တချို့ကတော့ ရီဝေဝေနဲ့ ဗီနိုင်းတွေ ပတ်လည်ယာယီပိတ်ကာထားတဲ့အခန်းလေးထဲမှာ မြူးကြွနေတဲ့ ဂီတသံစဉ်နဲ့အတူ ကခုန်နေကြတယ်။ တချို့ကလည်း ရသမျှ အစားအစာတွေ မြည်းစမ်းနေကြသလို၊ တချို့ကလည်း လမ်းလျှောက်ရင်း ဖူးစာရှင် ရှာနေကြတယ်လေ။


အထဲမှာ အုန်းယိုလေးတွေ ဌာပနာထားပြီး ဖန်တီးထားတဲ့ မုန့်သိုင်းခြုံ
ငုံးဥကြော်၊ ငုံးကြော်၊ ချိုးကြော်လေးတွေကလည်း တန်ဆောင်တိုင်ပွဲဈေးခင်းမှာ ဈေးကွက်တစ်ခု ဖြစ်နေတယ်။
ငယ်ငယ်ကတည်းက အချိုကြိုက်တဲ့ ကျွန်တော်ကတော့ အာတာပူစီမြင်တာနဲ့ သရေယိုတော့တာပဲ။ သူ့ဟာသူ သန့်သန့် မသန့်သန့် မြင်ရင် စားချင်လာတယ်။ တစ်ခုကို ၅၀၀ ကျပ်တဲ့။ Junction Square မှာတော့ တစ်ခုကို ၁၀၀၀ ကျပ် ပေးရတယ်။ မဆိုးပါဘူးပေါ့။ မုန့်သိုင်းခြုံကလည်း ခုလို ပွဲဈေးလေး လျှောက်မှ စားရတာမျိုးလေ၊ ၃ ခု ကို ၁၀၀၀ ကျပ်၊ တစ်ခုတည်းဆို ၄၀၀ ကျပ်တဲ့။ ဒါလေးတော့ ဈေးများတယ် ထင်သား။ ဂဏန်းတွေကို ကြော်ထားတဲ့ပုံ၊ ထပ်ပြီး ရောင်းတဲ့ပုံလေးက စားချင်စရာကြီ။ ငုံးကြော်၊ ငုံးဥကြော် နဲ့ ချိုးကြော်လေးတွေရောင်းတာတွေ့တော့ ဥတော့ စားပေမယ့် အကောင်ကျတော့ မစားရဲပြန်ဘူး။ ပါးစပ်ထဲမှာပဲ ပျော်သွားတယ်ဆိုတယ် ရေမုန့်ကိုတော့ မစားဖြစ်တာ တော်တော်ကြာနေပြီ။ ဘာလို့ မစားဖြစ်သလဲဆိုတော့ အရင် ကြားဖူးသလို ပါးစပ်ပေါ်တင်လိုက်တာနဲ့ မပျော်သွားလို့။ ကောက်ညင်းကျည်တောက်လေးတွေကလည်း ပွဲတိုင်းကျော်ပါပဲ။


ဒီတစ်ညအတွက်သာမကဘူး နောက်ရက်တွေမှာပါ စားနိုင်တဲ့ ငါးခြောက်၊ ငါးပိကြော်၊ ငါးသေးကြော်၊ စသဖြင့် အခြောက်အခြမ်းလေးတွေ စုံစုံလင်လင် ရောင်းချပေးနေတာမို့ ထမင်းပူပူလေးနဲ့ တွဲစားဖို့ ဝယ်ယူနိုင်သေးတယ်။


ပွဲဈေးဆို မပါမဖြစ် ပွဲတိုင်းကျော် ကောက်ညင်းကျည်တောက်
ငါးကြော်၊ ပုစွန်ကြော် နဲ့ ဂဏန်းကြော်တွေကလည်း စားချင်စဖွယ်ဖြစ်အောင် တန်ဆောင်တိုင်ပွဲဈေးမှာ အပြကောင်းကောင်းနဲ့ ရောင်းချနေကြတယ်။


မြန်မာ့အစားအစာတွေထဲက တစ်ခုဖြစ်တဲ့ ရေမုန့်


ရေမုန့် ကို ဖန်တီးပြုလုပ်နေပုံ


ရေချို ပုစွန်ကြော်တွေကို စားချင်စရာလေးဖြစ်အောင် စီစီရီရီလေး ထပ်ရောင်းကြတယ်။


အာတာပူစီ သကြားမုန့်လေး... စားချင်လိုက်တာ..

တန်ဆောင်တိုင် ဒီပွဲဈေးမှာ မုန့်လေးတွေအပြင်၊ မုန့်ဟင်းခါးလိုမျိုး၊ ဘူးသီးကြော်နဲ့ အကြော်စုံလိုမျိုး၊ ကလေးကစားစရာ၊ အဝတ်အထည်တွေနဲ့ စားသောက်ကုန် လူသုံးကုန်တွေ ရောင်းနေကြပါတယ်။

ဘာရယ်မဟုတ်ပေမယ့် တန်ဆောင်တိုင်ပွဲဈေးလေး လျှောက်ဖူးတယ် ရှိအောင်တော့ ရန်ကုန်သားကျွန်တော်က လျှောက်ကြည့်ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားရောက်နေသူတွေလည်း အလွမ်းပြေအောင် ပုံလေးတွေလည်း တင်ပေးလိုက်ပါတယ်။



သီဟလုလင်
၂၆ နိုဝင်ဘာလ ၂၀၁၅
Foodaholic - Myanmar အတွက် ရေးခဲ့သည်။

0 comments: