Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, December 09, 2015

ကျွန်တော်က ဂျပန်စာ ကြိုက်တယ် (၁)


စားလို့ အရမ်းကောင်းတဲ့ ငါးဥလေးတွေနဲ့ ဆော်လမွန်ထမင်း

ရန်ကုန်မှာက ဂျပန်ဆိုင်တွေ ပေါပါတယ်။ ဒီအထဲကမှ တာမွေ၊ တောင်မြင်းပြိုင်ကွင်းလမ်းပေါ်မှာ ရှိတဲ့ Yamasaki ဂျပန်ဆိုင်လေးမှာ စားဖြစ်တယ်။ ဆိုင်လေးက အသစ်ဖွင့်ထားတာ လပိုင်းလေးပဲရှိပါသေးတယ်။ အဲ့ဒီဆိုင်လေးကို ပထမတစ်ရက်ရောက်တော့ မဖွင့်သေးဘူး။ မနက်ဖြန်မှ ဖွင့်မယ်လို့ ဆိုင်က ဝန်ထမ်းတွေကပြောတယ်။ ကျွန်တော်ကလည်း အဲဒီရက်က အလုပ်ကိစ္စတစ်ခုနဲ့ အဲဒီနေရာကို နှစ်ရက်ဆက်တိုက်လာစရာ ရှိနေတော့ ဒီနေ့မစားရလည်း နောက်နေ့ စားမယ်ကွာဆိုပြီး နောက်တစ်ရက် နေ့လည်စာစားချိန် တစ်ခေါက်ထပ်သွားဖြစ်ပါတယ်။

ဆိုင်ထဲဝင်လိုက်တာနဲ့ ဂျပန်ပြည်က စားသောက်ဆိုင်ကလေး ရောက်သွားသလို ခံစားရမယ့် ဂျပန်ရိုးရာဟန် အပြင်အဆင်တွေနဲ့ ဆိုင်ကို မွမ်းမံထားတယ်။ စားသောက်တဲ့အခါမှာလည်း ကိုယ်နှစ်သက်တဲ့ ပုံစံစားသောက်နိုင်ဖို့ စားပွဲနဲ့ကုလားထိုင်ပုံစံအပြင် ဂျပန်ရိုးရာ ကြမ်းခင်းမှာထိုင်ရင်း စားနိုင်မယ့်ပုံစံ မျိုးကိုပါ ထည့်သွင်းပေးထားပါတယ်။
ကျွန်တော် အနှစ်သက်ဆုံးကတော့ နံရံမှာ စီစဉ်ထားတဲ့ ဂျပန်အရုပ်လေးတွေ၊ အိုးခွက်လေးတွေပါပဲ။ အရမ်းချစ်ဖို့ကောင်းတယ်။ ဂျပန်သံစဉ်လေးတွေ၊ သီချင်းလေးတွေ ဖွင့်ထားတာကလည်း ကိုယ့်ကို ရန်ကုန်မြို့ကနေ တခဏ ဝေးကွာသွားစေတဲ့ ခံစားမှုမျိုး ပေးပါတယ်။ ကျွန်တော်တို့ ချယ်ရီတွေနဲ့ ဂျပန်ပြည်ကို ရောက်နေပါပြီပေါ့ဗျာ။

ချစ်စရာကောင်းတဲ့ ဆိုင်နံရံအပြင်အဆင်လေး...
ရောက်ရင် ဓါတ်ပုံရိုက်ခဲ့ဦးနော်။

ဂျပန်အစားအစာတွေကို အရမ်းနှစ်သက်တတ်တဲ့ ကျွန်တော့အတွက်ကတော့ ဂျပန်အစားအစာ ဘာပဲ ဖြစ်ဖြစ် ကြိုက်နှစ်သက်ပါတယ်။ ဒီတစ်ခေါက်တော့ ဆာရှီမီ ထက် ဆော်လမွန်ဆူရှီ တစ်ပွဲနဲ့ ဆော်လမွန်ထမင်းတစ်ပွဲ စားဖြစ်သွားတယ်။ ဆူရှီကတော့ ထည့်သွင်းပြင်ဆင်ပေးတဲ့ပုံစံထူးခြားပါတယ်။ ဒါကတော့ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ဆိုင်အလိုက် နှစ်သက်သလို ပုံဖော် ပြင်ဆင်ကြတာပါပဲ။ ဆော်လမွန်ထမင်းကတော့ ငါးဥလေးတွေပါ ပါလို့၊ အိစိအိစိ နဲ့ စားလို့ သိပ်အရသာရှိပါတယ်။ ထမင်းပေါ်မှာ ဆော်လမွန်တွေကို ပန်းပွင့်ပုံခင်း၊ အဲဒီအပေါ်မှာမှ မုန်လာဥနီ ပန်းပွင့်ပုံလေးဖော်လို့ ငါးဥလေးတွေကို စုထည့်ပေးထားတယ်။ ကျွန်တော်တော့ အသည်းယားလွန်းလို့ ပန်းကန် ကျွန်တော့အရှေ့ရောက်ရောက်ချင်း ခုလို ငါးဥသေးသေးလေးတစ်လုံး ယူကောက်ဝါးပစ်လိုက်တယ်။ အရသာက so ကြမ်းပဲ။ ကောင်းမှကောင်း။



ဒီ Yamasaki ဂျပန်ဆိုင်လေးမှာ ဂျပန်ရိုးရာအရက်တွေနဲ့ တခြားဖျော်ရည်စုံ၊ အစားပိတ်အချိုပွဲ နဲ့ မစားခင် ခံတွင်းဖွင့်စာတွေအတွက်လည်း စိတ်ကြိုက်ရွေးချယ်စရာရှိသလို၊ တန်ပူရာတွေလည်း ကောင်းပါတယ်။ သွားနေကျ ဂျပန်စာဆိုင်တွေကို ရိုးနေအခါ ဒီနေရာလေးကလည်း ကျွန်တော့အတွက် နောက်ထပ်သွားစရာ ဂျပန်စာဆိုင်လေးတစ်ခု ဖြစ်လာပါတယ်။






သီဟလုလင်
Foodaholic - Myanmar အတွက် ရေးခဲ့သည်။

0 comments: