Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, December 07, 2015

အင်းခေါင်းဆည်ကို ရောက်ဖူးလား

ရှမ်းပြည်နယ် ဟဲဟိုးနားက အင်းခေါင်းဆည် မှာ အပန်းဖြေ အနားယူနေကြသူများ

ဒီရက်တွေမှာ ခရီးသွားလို့ သိပ်ပျော်စရာကောင်းတယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။ အရင်တုန်းကနဲ့ မတူတော့ဘူး။ တစ်နှစ်ထက်တစ်နှစ် ပြည်တွင်း ခရီးသွားတွေလည်း ပိုများ များလာတယ်။ ခြေထောက်မှာ မှဲ့ပါတဲ့ ကျွန်တော်ကတော့ ခရီးတွေ သွားပြီး ဒေသထွက် အစားအစာလေးတွေ စားနေရရင်ကို ပျော်နေတော့တာပဲ။

စကားမစပ် ကျွန်တော့ Blog ကို လာလည်တဲ့ သူငယ်ချင်းတွေထဲမှာ အစားအစာ ထူးထူးဆန်းဆန်းတွေ စားတတ်၊ ကြိုက်တတ်တဲ့သူတွေ ပါမလားတော့ မသိဘူး။ ကျွန်တော်ကတော့ တချို့ ထူးဆန်းတဲ့အစားအစာလေးတွေကို မြည်းစမ်းကြည့်တတ်တယ်။ ထူးဆန်းတဲ့အစားအစာတိုင်းတော့ မဟုတ်ဘူးနော်။ တချို့ပေါ့။
ခုလည်း စားကောင်းတဲ့ ခရုဟင်းခါး နဲ့ ဟင်းထုပ် ကောင်းတဲ့နေရာလေး ညွှန်ပေးချင်သေးတယ်။ ဒီဆိုင်လေးက ဆိုင်နာမည်ရယ်လို့ သီးသန့် မရှိပါဘူး။ ဆည်လေးတစ်ခုနားမှာ ဖွင့်ထားတဲ့ ပျဉ်ကာ သွပ်မိုး ယာယီဆိုင်ပုံစံလေးပါ။ ဒါပေမယ့် ဆည်ရေနားမှာမို့ ရေသန့်သန့်နဲ့ ဆေးကြောသန့်စင်ပြီး ချက်ပြုတ်တယ်လို့ ယုံကြည်ရပါတယ်။ ကျွန်တော် ကိုယ်တိုင် လက်ဆေးဖို့ ဆိုင်နောက်ဘက် ဝင်ကြည့်ခဲ့လို့ပါ။
အရမ်းအရသာရှိတဲ့ ခရုဟင်းခါး.. ဘီယာနဲ့ဆို သိပ်လိုက်တာ...
ရှမ်းဟင်းထုပ်လေးကလည်း ကောင်းမှကောင်း...

ဟဲဟိုး နားက အင်းခေါင်းဆည် ဆိုရင် ကလော၊ အင်းလေး၊ တောင်ကြီး တစ်ဝိုက်မှာ မသိသူ မရှိပါဘူး။ အပန်းဖြေစရာနေရာလေးတစ်ခုအဖြစ် ဒီနေရာကို လာရောက်အပန်းဖြေကြလို့ပါတယ်။ တပ်နယ်လေးတစ်ခုထဲ ဖြတ်သန်းဆောက်လုပ်ထားတဲ့ ဒီ အင်းခေါင်းဆည်မှာ ကားတွေ ဆိုင်ကယ်တွေနဲ့လာပြီး လူငယ်တွေ ရေလာကူးကြတယ်။ ရေကူး ရေချိုး ရေကစားရင်းနဲ့ ဘေးက ဆိုင်တွေမှာ ဘီယာ၊ အရက်၊ အချိုရည် နဲ့ အဆာပြေတွေ စားတတ်ကြပါတယ်။ ဒီဆိုင်လေးမှာတော့ ထူးထူးခြားခြား ဒီဆည်ထဲက အရမ်းအရသာရှိတဲ့ ခရုတွေကို ချင်း၊ ပင်စိမ်း စတဲ့ ရှမ်းရိုးရာ ဟင်းခတ်ပုံစံတွေနဲ့ ချက်ပြုတ်လို့ စားလို့ သိပ်ကောင်းပါတယ်။ ခရုကို စုပ်လို့ကို မဝနိုင်တာပါ။ ရန်ကုန်နဲ့ တချို့ဒေသတွေမှာလည်း ခရုကို ပြုတ်စား၊ ဆန်ပြုတ်လုပ်စားကြပါတယ်။ ကျွန်တော်အရင်တွေ့ဖူးတဲ့ ခရုတွေနဲ့ ဒီ အင်းခေါင်းဆည်က ခရုတွေက နည်းနည်းကွာတယ်။ ဒီက ခရုတွေက အထစ်ထစ်လေးတွေနဲ့ ချောမနေပါဘူး။ ရှမ်းရိုးရာ ဟင်းထုပ်ကလည်း သိပ်အရသာ ရှိပါတယ်။ ဘီယာလေး သောက်ရင်း ဒီ ဟင်းလေးတွေနဲ့ ရေကူးနေသူတွေကို ကြည့်ရတာ၊ ပင်လယ်ကမ်းခြေကို တောင်ပေါ်ကို ရွှေ့ကြည့်ရသလိုပါပဲ။

ဒီနေရာကို ရောက်ဖို့ သီးသီးသန့်သန့် စီစဉ်နိုင်မှာ ဖြစ်မှာမို့ Express တွေနဲ့ သွားတာမျိုး မဟုတ်ဘဲ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်ကားနဲ့ကိုယ် သွားတာမျိုးဆိုရင်တော့ ဝင်ရောက်လည်ပတ်ရင်း ဒီဟင်းလေးတွေ စားဖြစ်အောင် စားခဲ့ကြပါနော်။

သီဟလုလင်
၂၉ နိုဝင်ဘာလ ၂၀၁၅
Foodaholic - Myanmar အတွက် ရေးခဲ့သည်။

0 comments: