Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 09, 2013

ကျွန်တော့ရင်ဘတ်က အချစ် "ပိုး"


တစ်နေ့ထက် တစ်နေ့ တိုးလို့ ကိုက်ခဲ
ဆေးသောက်မပျောက်တဲ့ ငါ့ရင်ဘတ်ထဲ...
တဆစ်ဆစ်နဲ့ ငြိလို့တွယ်လည်း...
ငါလေ ပျော်ရွှင် မျှော်လင့်ခဲ့တယ်
ဒီမောင့် ရင်သည်း အချစ် ပိုး ရယ်...

မမြင်ရ မနေနိုင် မော်ဖူးရတဲ့ မျက်နှာလေးရယ်
မဖတ်ရ မနေနိုင်တဲ့ သူရေးတဲ့ စာတိုတွေရယ်
အချိန်တိုင်းမှာ ဒီ ပိုး က တိုးလို့တွယ်တယ်
တယ်လည်းခက်တဲ့ သံယောဇဉ်ငယ်

ရင်ဘတ်ထဲက အချစ် ပိုး
သတ်ပစ်ဖို့လည်း ခက်ပြီမို့...
ဒီမောင်တော့ ရူးရမယ်
အလွမ်း ပိုး တော့ မဖြစ်လိုက်ပါနဲ့ကွယ်...


သီဟလုလင်
၇ မတ် ၂၀၁၃

Saturday, March 02, 2013

နားဆင်ချင်စရာ


ပုံမှန်လိုလိုတောင် ဖြစ်နေပြီ ကျွန်တော် ဒီ Music Review လေးကို ကျွန်တော့ Blog ပေါ်မှာ တင်ဖြစ်နေတာ။ အဓိကကတော့ စာရွက်တွေပေါ်မှာ ရှိနေတဲ့ ကျွန်တော့ စာလေးတွေကို လေလှိုင်းထက်မှာလည်း တင်ထားချင်လို့ပါ။

ဒီကနေ့လည်း နိုင်ငံတကာ တေးအယ်လ်ဘမ်လေး နှစ်ခု အကြောင်း တင်ပြချင်ပါသေးတယ်။ ဒီကဏ္ဍကို The Chic အပါအဝင် မဂ္ဂဇင်းတွေမှာ ရေးသားနိုင်ဖို့အတွက် ကျွန်တော့ကို အမြဲတစေ ပံ့ပိုးကူညီတဲ့ CDII (S N' W) တေးထုတ်လုပ်ရေးကို ကျေးဇူးအထူးတင်ပါတယ်။

Unorthodox Jukebox (BRUNO MARS)

ဂီတအမျိုးအစား - Pop, R&B, Soul, Rock, Reggae
လူကြိုက်များသည့် သီချင်းများ - When I Was Your Man, Locked Out Of Heaven

မြန်မာတေးပရိတ်သတ်တွေ သဘောကျကြတဲ့ တေးသံရှင်တစ်ဦး Bruno Mars ကတော့ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ဖြန့်ချိလိုက်ပါပြီ။ ပထမဆုံးတေးအယ်လ်ဘမ် Doo-Wops & Hooligans ကို ၂၀၁၀ ခုနှစ်က ဖြန့်ချိခဲ့တာမို့ အချိန် နှစ်နှစ်လောက်ယူပြီး ပြင်ဆင်ခဲ့တဲ့ တေးအယ်လ်ဘမ်လို့ ဆိုနိုင်ပါတယ်။ ဒီတေးအယ်လ်ဘမ်လေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး၊ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ Locked Out Of Heaven သီချင်းကြောင့် တေးပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပါဝင်တဲ့ သီချင်းပုဒ်ရေ နည်းပါးတာကတော့ အားမရချင်စရာပါပဲ။ သီချင်းစုစုပေါင်း (၁၀) ပုဒ်တည်း ပါဝင်ထားပါတယ်။ သီချင်းအမျိုးအစားကတော့ အမျိုးသား၊ အမျိုးသမီး မရွေး၊ အသက်အရွယ်မရွေး ခံစားလို့ကောင်းမယ့် ပုံစံလေးတွေမို့လည်း အောင်မြင်တာလို့ ဆိုနိုင်မှာပါ။ ဒီတေးအယ်လ်ဘမ်လေးဟာလည်း ဂီတထိပ်တန်းစာရင်းအတော်များများမှာ နံပါတ် တစ် နဲ့ နှစ် နေရာတွေမှာ အများစု ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ UK Albums Chart, Swiss Albums Chart, Australian Albums Chart တွေမှာ နံပါတ် တစ် နေရာ နဲ့ US Billboard 200, South Korean Albums Chart, Hungarian Albums Chart, Canadian Albums Chart တွေမှာ နံပါတ် နှစ် နေရာ တွေ အသီးသီး ရရှိထားတာမို့ မြည်းစမ်းနားထောင်ချင်စရာ တေးအယ်လ်ဘမ်ကြီးပဲဖြစ်ပါတယ်။ မကြာခင်များနောက်ထပ် Deluxe Version အယ်လ်ဘမ်ထွက်လာဦးမလားလို့တော့ ထင်ရပေမယ့် လက်ရှိ ဒီအနေအထားနဲ့လည်း တော်တော်လေး အားရစရာ တေးသီချင်းတွေ ပါဝင်နေပါတယ်။ ပထမဆုံး ကြားကြရမယ့် Young Girls ဟာလည်း အောင်မြင်စ ပြုနေပြီး ခုလက်ရှိ နာမည်ကြီးနေတဲ့ Locked Out Of Heaven ကို ဒုတိယသီချင်းအဖြစ် ခံစားရမှာပါ။ နောက်ထပ် နာမည်ကြီးနေတဲ့ When I Was Your Man ဆိုတဲ့ အချစ်သီချင်းလေးကို တေးအယ်လ်ဘမ်ရဲ့ တစ်ဝက်လောက်မှာ နားဆင်ရမှာဖြစ်ပြီး အချစ်သီချင်းကောင်းများစွာ ပါဝင်တာမို့ မြည်းစမ်းကြည့်နိုင်ပါတယ်။


Unapologetic (RIHANNA)

ဂီတအမျိုးအစား - Pop, EDM, Dubstep
လူကြိုက်များသည့် သီချင်းများ - Diamonds, Stay, Pour It Up

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ဖြန့်ချိခဲ့ပြီး ဒီကို ရက်ပိုင်းအတွင်းကမှ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် R&B တေးသံရှင်မလေး Rihanna ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကို ၂၀၁၂ ခုနှစ် ဇွန်လကနေ နိုဝင်ဘာလအတွင်း အသံသွင်းယူခဲ့တာဖြစ်ပြီး၊ခေါင်းစီးလေးကအစ ဆွဲဆောင်မှုရှိအောင် ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ် မထွက်ခင်ကတည်းက အောင်မြင်နေနှင့်ပြီးဖြစ်တဲ့ Diamonds သီချင်းကြောင့်လည်း ဒီတေးအယ်လ်ဘမ်ကို ပရိတ်သတ်တွေ ပိုမို ဝယ်ယူဖို့ အကြောင်းဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ဒီတေးအယ်လ်ဘမ်ထဲမှာ သူမရဲ့ ချစ်သူဟောင်း Chris Brown ကို ပါဝင်ကူညီသီဆိုစေခဲ့တာပါပဲ။ Chris Brown နဲ့ Nobody’s Business သီချင်းကို သီဆိုထားသလို၊ Eminem နဲ့လည်း Numb, David Guetta နဲ့ Right Now, Mikky Ekko နဲ့ Stay, Future နဲ့ Loveeeee Song သီချင်းတွေကို အသီးသီး တွဲဖက်သီဆိုထားပါတယ်။ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ထားပြီး အဲဒီ သီချင်းတွေထဲက Diamonds ကတော့ လက်ရှိ ဦးဆောင် အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဆိုကဝေမ တစ်ဦးဖြစ်သလို အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Rihanna က ဒီအယ်လ်ဘမ်လေး ထုတ်ဝေလိုက်ချိန်မှာလည်း US Billboard 200, US Top R&B/Hip-Hop Albums, UK R&B Albums Chart, UK Album Chart, Swiss Albums Chart, Norwegian Albums Chart, Irish Albums Chart, Canadian Albums Chart, Australian Urban Albums Charts စတဲ့ ဂီတစာရင်းတွေမှာ နံပါတ် တစ် ရရှိနေတဲ့ အယ်လ်ဘမ်ဖြစ်လို့လည်း အထူးပြောစရာတောင် မလိုပါဘူး။ သီချင်းကောင်းလေးများစွာ ပါဝင်ထားသလို စုံတွဲသီချင်းတွေလည်း ထူးခြားကောင်းမွန်နေတာမို့လို့ Rihanna ပရိတ်သတ်တိုင်း ဝယ်ယူနားဆင်သိမ်းဆည်းထားသင့်တဲ့ တေးအယ်လ်ဘမ် တစ်ချပ်ပဲဖြစ်ပါတော့တယ်။

သီဟလုလင်