Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, December 11, 2015

မွေးနေ့လက်ဆောင်



နေသားကျတဲ့ နွေးထွေးမှုမဲ့ ရင်ခွင်ဟာ
ဒီညကျမှ အေးတတ်နေလိုက်တာ...
သည်မြောက်ပြန်လေကို ညှိုးမည်ဖွဲ့မယ်
လွမ်းသူ့ရင်ထဲ။

တိုးသက်သက်တဲ့ ဖြည်းဖြည်းလေးနဲ့ ညင်ညင်သာ
အတွင်းထဲက ပူလောင်လို့လှိုက်ဆာ...
သည်မောင်နှုတ်ဖျားကို ပြုံးဖို့ရွယ်တယ်
မပီခဲ့ပြီဘဲ။


သီဟလုလင်
၈ ဒီဇင်ဘာလ ၂၀၁၅

Thursday, December 10, 2015

ချစ်သူဖတ်ဖို့ ကဗျာတစ်ပုဒ်



သူပြုံးတတ်တဲ့ အပြုံးချိုချို
သူကြည့်တတ်တဲ့ အကြည့်စူးစူး
သူပြောတတ်တဲ့ စကားဝဲဝဲ

ရုန်းမရတဲ့ သူ့ညှို့ချက်မှာ
ကျွန်တော် အကြိမ်ကြိမ်ခါခါ လဲပြို


မရဘူး မဖြစ်ဘူး စိတ်တင်းလည်း
သူ့ရဲ့ဆွဲအား ရေဒါမိနေလို့
ငါ တစ်သက်မလွတ်နိုင်ပြီ


ချစ်သူဖတ်ဖို့ ကဗျာတစ်ပုဒ်ထက်
ချစ်သူကြိုက်တဲ့ ကဗျာတစ်ပုဒ်သာ ဖြစ်ချင်မိတာပါ။



သီဟလုလင်
၁၀ ဒီဇင်ဘာလ ၂၀၁၄
ည ၇:၃၇

Wednesday, December 09, 2015

ကျွန်တော်က ဂျပန်စာ ကြိုက်တယ် (၁)


စားလို့ အရမ်းကောင်းတဲ့ ငါးဥလေးတွေနဲ့ ဆော်လမွန်ထမင်း

ရန်ကုန်မှာက ဂျပန်ဆိုင်တွေ ပေါပါတယ်။ ဒီအထဲကမှ တာမွေ၊ တောင်မြင်းပြိုင်ကွင်းလမ်းပေါ်မှာ ရှိတဲ့ Yamasaki ဂျပန်ဆိုင်လေးမှာ စားဖြစ်တယ်။ ဆိုင်လေးက အသစ်ဖွင့်ထားတာ လပိုင်းလေးပဲရှိပါသေးတယ်။ အဲ့ဒီဆိုင်လေးကို ပထမတစ်ရက်ရောက်တော့ မဖွင့်သေးဘူး။ မနက်ဖြန်မှ ဖွင့်မယ်လို့ ဆိုင်က ဝန်ထမ်းတွေကပြောတယ်။ ကျွန်တော်ကလည်း အဲဒီရက်က အလုပ်ကိစ္စတစ်ခုနဲ့ အဲဒီနေရာကို နှစ်ရက်ဆက်တိုက်လာစရာ ရှိနေတော့ ဒီနေ့မစားရလည်း နောက်နေ့ စားမယ်ကွာဆိုပြီး နောက်တစ်ရက် နေ့လည်စာစားချိန် တစ်ခေါက်ထပ်သွားဖြစ်ပါတယ်။

ဆိုင်ထဲဝင်လိုက်တာနဲ့ ဂျပန်ပြည်က စားသောက်ဆိုင်ကလေး ရောက်သွားသလို ခံစားရမယ့် ဂျပန်ရိုးရာဟန် အပြင်အဆင်တွေနဲ့ ဆိုင်ကို မွမ်းမံထားတယ်။ စားသောက်တဲ့အခါမှာလည်း ကိုယ်နှစ်သက်တဲ့ ပုံစံစားသောက်နိုင်ဖို့ စားပွဲနဲ့ကုလားထိုင်ပုံစံအပြင် ဂျပန်ရိုးရာ ကြမ်းခင်းမှာထိုင်ရင်း စားနိုင်မယ့်ပုံစံ မျိုးကိုပါ ထည့်သွင်းပေးထားပါတယ်။

Tuesday, December 08, 2015

ကလောမြို့မနက်ခင်းရဲ့ တို့ဖူးနွေး ပူပူလေး

ခုလို မနက် နေရောင်ခြည်နွေးနွေးအောက်မှာ ဒေသခံတွေ၊ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေတဲ့ ကလောမြို့မဈေးကြီးထဲက ရှမ်းခေါက်ဆွဲဆိုင်လေး။

အရမ်းသာယာတဲ့ ကလောမြို့လေးကို ကျွန်တော်ကတော့ ရောက်သွားပြီ။
မနက်အစောကြီး မိုးမလင်းခင် Express ကားက ကလောကိုဝင်တော့ ဆောင်းတွင်းအေးအေးကြီးမှာ ဟိုတယ်ခန်းမရနိုင်လို့ ဒုက္ခရောက်နေတယ်။

ဟိုတယ်အခန်းရပြန်တော့လည်း ထွက်မယ့်ဧည့်သည်ကို စောင့်ရမှာမို့ မနက် ၈ နာရီလောက်မှ အခန်းဝင်လို့ရမယ်ဆိုတော့ ဟိုတယ်ဧည့်ခန်းလေးမှာ ဖြစ်သလို လှဲရင်းစောင့်နေရတယ်။ ဒါနဲ့ မနက် ၆ နာရီထိုးတော့ လူက ပျင်းလာပြီ။ ဗိုက်ကလည်း ဟာလာပြီ။ သူတို့ဟိုတယ်မှာလည်း မစားချင်တော့ ဟိုတယ်က ဝန်ထမ်းတွေကို မေးရတယ် အနီးအပါးမှာ ဘာဆိုင်ရှိသလဲပေါ့။ ဝန်ထမ်းတွေက သဘောကောင်းကြပါတယ်။ သူတို့ဟိုတယ်ကနေ လမ်းမကြီးအတိုင်း ဆက်လျှောက်သွားရင် ကလောမြို့မဈေးကြီး ရှိတယ်တဲ့။ အဲဒီမှာ စားစရာ ရတယ်ဆိုလို့ အထုတ်တွေအပ်ပြီး ကျွန်တော်လည်း ဝမ်းသာအားရ ထွက်လာခဲ့တယ်။

Monday, December 07, 2015

အင်းခေါင်းဆည်ကို ရောက်ဖူးလား

ရှမ်းပြည်နယ် ဟဲဟိုးနားက အင်းခေါင်းဆည် မှာ အပန်းဖြေ အနားယူနေကြသူများ

ဒီရက်တွေမှာ ခရီးသွားလို့ သိပ်ပျော်စရာကောင်းတယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။ အရင်တုန်းကနဲ့ မတူတော့ဘူး။ တစ်နှစ်ထက်တစ်နှစ် ပြည်တွင်း ခရီးသွားတွေလည်း ပိုများ များလာတယ်။ ခြေထောက်မှာ မှဲ့ပါတဲ့ ကျွန်တော်ကတော့ ခရီးတွေ သွားပြီး ဒေသထွက် အစားအစာလေးတွေ စားနေရရင်ကို ပျော်နေတော့တာပဲ။

စကားမစပ် ကျွန်တော့ Blog ကို လာလည်တဲ့ သူငယ်ချင်းတွေထဲမှာ အစားအစာ ထူးထူးဆန်းဆန်းတွေ စားတတ်၊ ကြိုက်တတ်တဲ့သူတွေ ပါမလားတော့ မသိဘူး။ ကျွန်တော်ကတော့ တချို့ ထူးဆန်းတဲ့အစားအစာလေးတွေကို မြည်းစမ်းကြည့်တတ်တယ်။ ထူးဆန်းတဲ့အစားအစာတိုင်းတော့ မဟုတ်ဘူးနော်။ တချို့ပေါ့။

Sunday, December 06, 2015

ပြင်ဦးလွင်က နေ့လည်စာ

ဝက်အခေါက်အသားကင် ကို တွဲဖက်စားနိုင်ဖို့ ရှမ်းချဉ်လေး တည်ခင်းပေးပါတယ်။ ကြက်သားချပ်စပ်ဟင်းလေးကလည်း ရှမ်းအရသာလေး ပါဝင်နေပါတယ်။ ပြင်ဦးလွင်မြို့က "ပန်ဆိုင်း" ရှမ်းစားသောက်ဆိုင်ရဲ့ လက်ရာမွန်တွေပါ။

ကျွန်တော် ဟိုးငယ်ငယ်လေးတုန်းက ပြင်ဦးလွင်ကို အလည်သွားတော့ ဗိုက်ဆာဆာနဲ့ စားလို့အရမ်းကောင်းခဲ့တဲ့ ရှမ်းထမင်းဆိုင်လေးကို ရောက်ပြီး စားဖြစ်ခဲ့တယ်။ သူက မန္တလေး-လားရှိုးလမ်းမကြီး ဘေးတင်ပဲ။ ဆွယ်တာဆိုင်တစ်ခုနဲ့ နီးတယ်လို့တော့ မှတ်ထားလိုက်မိတယ်။ အရမ်းစားကောင်းလိုက်တာလို့ တွေးမိပေမယ့် ဆိုင်နာမည်ကို မမှတ်ထားလိုက်မိဘူး။

ခု ကြီးမှ ပြန်ရောက်တော့ အဲဒီဆိုင်ကို ဘယ်လိုမှ မမှတ်မိနိုင်၊ ရှာမတွေ့နိုင်တော့ဘူး။ ပြီးခဲ့တဲ့ တစ်ခေါက် ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့ရောက်တော့ ပြင်ဦးလွင်က မိတ်ဆွေအဒေါ်တစ်ယောက်က နေ့လည်စာထမင်းကို ရှမ်းဆိုင်လေးမှာ ကျွေးမယ် အရမ်းကောင်းတာလို့ ပြောတော့ စိတ်ဝင်စားသွားတယ်။ ကျွန်တော်လိုက်ရှာနေတဲ့ ဆိုင်လေးများလားဆိုပြီး။

Saturday, December 05, 2015

တောင်ကြီးမြို့ရဲ့ ဆောင်းဦးကို လွမ်းတယ်

တို့ဟူးကြော်ကို တို့ဟူးချဉ်လေးနဲ့ တွဲဖက်စားသုံးနိုင်ဖို့ ခင်းကျင်းပေးပါတယ်။

တောင်ကြီးမြို့ကို ရောက်လို့ ရှမ်းမနက်စာ ကောင်းကောင်းလေးကို ဆိုင်သန့်သန့်မှာ ထိုင်စားချင်ရင် လက်ရာကောင်းလို့ နာမည်ကြီးတဲ့ "ဆောင်းဦး" ခေါက်ဆွဲဆိုင် ကို ကျွန်တော် သွားနေကျပါ။ ဆိုင်ဆိုပေမယ့် ဟိတ်ကြီးဟန်ကြီးမရှိပါဘူး။ ခု တောင်ကြီးမှာလည်း ဟိတ်ဟန်အပြည့်နဲ့ ဆိုင်ခမ်းခမ်းနားနားတွေ ရှိလာပြီဆိုတော့ သေချာအောင် ရှင်းပြရတာပါ။ ပေါ့ပေါ့ပါးပါးဆိုင်လေးပါပဲ။

ပြီးခဲ့တဲ့ အခေါက်က တောင်ကြီးရောက်တော့ မရောက်တာကြာနေပြီဖြစ်တဲ့ "ဆောင်းဦး" ခေါက်ဆွဲဆိုင်လေးကို မနည်းရှာသွားလိုက်တယ်။ ကျွန်တော့ ရဲ့ problem က ကြိုက်တဲ့စားသောက်ဆိုင်လေး တွေ့ရင် မှတ်တော့ထားလိုက်တယ်။ နောက်ပြန်ရောက်ရင် ဘယ်နေရာလဲ အမြဲမေ့တယ်။ ဒီတစ်ဆိုင်လည်း အဲလိုပဲ။ ဗိုလ်ချုပ်လမ်းမကြီးပေါ်ကနေ လမ်းသွယ်တစ်ခုထဲ ဝင်သွားရတယ်ဆိုတာ မှတ်မိနေပေမယ့် ဆိုင်နာမည်က အစ မမှတ်မိတော့ဘူး။ ဒီတစ်ခါတော့ ဆိုင်နာမည်ကို အသေအချာ မှတ်လာပေမယ့် လမ်းသွယ်ရဲ့ နာမည် မမှတ်မိတော့ဘူး အဟီး။ စိတ်မပူပါနဲ့။ တောင်ကြီးရောက်လို့ စားမယ်ဆိုရင် "ဆောင်းဦး" ခေါက်ဆွဲဆိုင် ဆို တောင်ကြီးသူ တောင်ကြီးသားတွေ လမ်းညွှန်နိုင်ပါလိမ့်မယ်။

Friday, December 04, 2015

မာလာမွှေးအိုး စားချင်တယ်

အရသာအရမ်းရှိတဲ့ အသားစုံ၊ အရွက်စုံနဲ့ မာလာမွှေးအိုး

ကျွန်တော် ပြင်ဦးလွင် နဲ့ မန္တလေးရောက်တော့ ဟိုသွားဒီသွားမှာ မြင်မြင်နေရတဲ့ မာလာမွှေးအိုး... မာလာမွှေးအိုး ဆိုတာကို အရမ်းစိတ်ဝင်စားတာ။ နောက်တော့ အခွင့်ရတုန်း ပြင်ဦးလွင်မှာ နေ့လည်စာ လမ်းကြုံစားပလိုက်တယ်လေ။ မာလာမွှေးအိုး ဆိုတာ ဒါပေါ့... မိုဂိုဖိုင်း မာလာမွှေးအိုး ဆိုင်ဆိုပြီး လူသိကြပါတယ်။

မာလာမွှေးအိုးထဲမှာ သီးရွက်စုံနဲ့ အသားစုံပါတယ် (ပင်လယ်စာ၊ ကြက်၊ ဝက်၊ အမဲ၊ အသည်းအမြစ်)။ ပြီးတော့ မာလာဟင်းလို အရသာပါပြီး နည်းနည်း ပိုထူးကဲတဲ့ အရသာလေး ပေါင်းစပ်ပါဝင်နေတယ်။ အရသာ နည်းနည်းပြင်းတယ် ပြောရမလားဘဲ။

Thursday, December 03, 2015

ရန်ကုန်တန်ဆောင်တိုင်ပွဲဈေးထဲ လမ်းလျှောက်ခြင်း

Junction မော်တင်ကနေ လှမ်းမြင်ရတဲ့ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး တန်ဆောင်တိုင်ပွဲဈေးခင်း..

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ အကြိုည တန်ဆောင်တိုင်ပွဲဈေးတန်းခင်းကျင်းထားတဲ့ ရန်ကုန်မြို့ လသာ၊ လမ်းမတော် ဘက်ကို ကျွန်တော်တို့သူငယ်ချင်းတွေ လျှောက်ကြည့်စားသောက်ခဲ့ဖြစ်ကြတယ်။

လူရောင်စုံတွေကြား စီးမျောရင်း မြန်မာ့ရိုးရာစားစရာတွေ၊ ခေတ်နဲ့အညီ တီထင်ဆန်းသစ်ထားတဲ့ အစားအစာသစ်တွေကို ကြည့်ရှု့ မြည်းစမ်းခွင့်ရခဲ့တယ်။ ပွဲဈေးထဲ လူတိုးရတာ၊ အစားအစာတွေ ချက်ပြုတ်ကြော်ချက်ကြတဲ့အနံ့တွေထွက်တာ ရှိပေမယ့် တစ်နှစ်မှ တစ်ခါမို့ ပျော်ပျော်ကြီး သွားလာတိုးဝှေ့နေကြလေရဲ့။