Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, February 09, 2012

နှင်းဆီပန်း သင်္ကေတ


Valentine's Day နီးလာတော့ ချစ်သူစုံတွဲလေးတွေရဲ့ ရင်ထဲမှာ တစ်ဦးကို တစ်ဦး ဖြူစင်တဲ့ မေတ္တာပြဖို့ ပိုပြီး ဆန္ဒပြင်းပြလာကြပါတယ်။ နွေးထွေးတဲ့၊ ငြိမ်းချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်ဖို့ ချစ်သက်လက်ဆောင်တွေ လဲလှယ်ပေးအပ်ကြတာကလည်း တကယ်ကို ကြည်နူးပျော်ရွှင်စရာပါ။ မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူ ယောက်ျားလေးထံကနေ နှင်းဆီပန်းလက်ဆောင်နဲ့ ချောကလက် လက်ဆောင်လေးတွေကို သဘောတကျရှိတတ်တာမို့ ဒီနှစ် ချစ်သူများနေ့မှာ ကိုယ်ချစ်နှစ်သက်မြတ်နိုးတဲ့ မိန်းမချောလေးကို ပန်းကလေး လက်ဆောင်ပေးတဲ့အခါ ကိုယ်ပေးလိုက်တဲ့ ပန်းပွင့်လေးတွေက ဘာစကားပြောနေလဲဆိုတာ ကိုယ်တော်ချောတွေသိအောင်၊ တစ်ဖက်ကလည်း ကိုယ်ရတဲ့ လက်ဆောင်ပန်းပွင့်လေးတွေက ဘယ်လိုစကားတွေ ပြောချင်နေလဲဆိုတာ မိန်းမချောလေးတွေသိအောင် တင်ပြပေးလိုက်ရပါတယ်။


နှင်းဆီပန်းက အချစ်ရဲ့ သင်္ကေတတစ်ခုလို့ဆိုနိုင်ပါတယ်။ နှင်းဆီမှာ အရောင်နဲ့ အရေအတွက်ပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ရှိတတ်ပါတယ်။ အရင်ဆုံး နှင်းဆီပန်း အရောင်တွေက ဘာလို အဓိပ္ပါယ်သက်ရောက်စေ သလဲဆိုတာ အရင်ကြည့်ရလိုက်ရအောင်ပါ။

အရောင်အသွေးအဓိပ္ပါယ်

နှင်းဆီနီ - မင်းကို ကိုယ်ချစ်တယ်
နှင်းဆီပန်းရောင် - ပြီးပြည့်စုံသော ပျော်ရွှင်မှု၊ မင်းရဲ့အပြုံးတောက်ပမှု၊ ကိုယ့်ကို ယုံကြည်ပါ
နှင်းဆီဖြူ - ထာဝရအချစ်၊ ဖြူစင်မှု၊ သန့်ရှင်းမှု၊ လျှို့ဝှက်မှု၊ တိတ်ဆိတ်ခြင်း
နှင်းဆီဝါ - ခင်မင်မှု၊ မနာလိုမှု၊ ကိုယ်ဟာ မထိုက်တန်သူပါ
နှင်းဆီနက် - မင်းကို စွဲလမ်းမိနေတယ်
နှင်းဆီလိမ္မော် - မင်းဟာ ကိုယ့်ရဲ့ တိတ်တခိုးချစ်သူပါ
နှင်းဆီအဖြူ နဲ့ အနီ - ကိုယ်တို့ဟာ ခွဲခြားလို့မရဘူး။ အတူတကွ
နှင်းဆီဆူးမဲ့ - မြင်မြင်ချင်းအချစ်
နှင်းဆီဖူး - လှပနုပျိုခြင်း၊ အချစ်ကြောင့် အပြစ်ကင်းသော နှလုံးသား
နှင်းဆီဖူးအနီ - ရှင်းသန့်ခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်း
နှင်းဆီဖူးအဖြူ - မိန်းမသားအဖြစ်

ကဲဒီတစ်ခါတော့ ဆက်ပြီး နှင်းဆီပန်းပွင့် အရေအတွက်ပေါ်မူတည်လို့ အဓိပ္ပါယ်တွေ ကွဲပြားသွားတာကို ကြည့်လိုက်ရအောင်နော်။

အရေအတွက် အဓိပ္ပါယ်

ပွင့်အာနေသော နှင်းဆီနီတစ်ပွင့် - မင်းကို ကိုယ်ချစ်တယ်၊ မင်းကို ကိုယ်ချစ်နေတုန်းပဲ
ပွင့်အာနေသော နှင်းဆီပန်းစည်း - ကျေးဇူး
နှင်းဆီတစ်ပွင့် (ဘယ်အရောင်မဆို) - ကျေးဇူး၊ ရိုးရှင်းခြင်း
နှင်းဆီနှစ်ပွင့် (ဘယ်အရောင်မဆို) - အပြန်အလှန်ခံစားမှုများ
နှင်းဆီသုံးပွင့်(ဘယ်အရောင်မဆို) - မင်းကို ကိုယ်ချစ်တယ် (I Love You)
နှင်းဆီခုနစ်ပွင့် (ဘယ်အရောင်မဆို) - အရူးအမူးစွဲလမ်းနေပြီ
နှင်းဆီကိုးပွင့် (ဘယ်အရောင်မဆို) - ထာဝရအမြဲအတူရှိနေမယ်
နှင်းဆီဆယ်ပွင့် (ဘယ်အရောင်မဆို) - မင်းဟာ ပြီးပြည့်စုံသူ တစ်ယောက်ပါ
နှင်းဆီဆယ့်တစ်ပွင့် (ဘယ်အရောင်မဆို) - မင်းဟာ ကိုယ့်အတွက် အဖိုးတန်ရတနာတစ်ပါးပါ
နှင်းဆီဆယ့်နှစ်ပွင့် (ဘယ်အရောင်မဆို) - ပိုင်ဆိုင်ပါရစေ
နှင်းဆီဆယ့်သုံးပွင့် (ဘယ်အရောင်မဆို) - ထာဝရသူငယ်ချင်း
နှင်းဆီဆယ့်ငါးပွင့် (ဘယ်အရောင်မဆို) - တကယ်ကို တောင်းပန်ပါတယ်
နှင်းဆီနှစ်ဆယ်ပွင့် (ဘယ်အရောင်မဆို) - ကိုယ်ဟာ မင်းအပေါ် တကယ်ရိုးသားခဲ့ပါတယ်
နှင်းဆီနှစ်ဆယ့်တစ်ပွင့် (ဘယ်အရောင်မဆို) - မင်းအတွက် ရည်ညွှန်းပြီးပေးတာပါ
နှင်းဆီနှစ်ဆယ့်လေးပွင့် (ဘယ်အရောင်မဆို) - မင်းအတွက် ထာဝရ
နှင်းဆီနှစ်ဆယ့်ငါးပွင့် (ဘယ်အရောင်မဆို) - ဂုဏ်ယူပါတယ်
နှင်းဆီအပွင့်ငါးဆယ် (ဘယ်အရောင်မဆို) - ခြွင်းချက်မရှိသောအချစ်
နှင်းဆီကိုးဆယ့်ကိုးပွင့် (ဘယ်အရောင်မဆို) - ဘဝတစ်လျှောက်လုံး ချစ်နေမှာပါ
နှင်းဆီတစ်ရာ့ရှစ်ပွင့် (ဘယ်အရောင်မဆို) - ကိုယ့်ကိုလက်ထပ်နိုင်မလား
နှင်းဆီကိုးရာကိုးဆယ့်ကိုးပွင့် (ဘယ်အရောင်မဆို) - နောက်ဆုံးအချိန်ထိ မင်းကိုချစ်နေမယ်

ကျွန်တော်တော့ ဒီလို ပန်းပွင့်အရေအတွက်နဲ့ အရောင်က စကားတွေ အများကြီးပြောတတ်မှန်း ခုမှသိတယ်။ ဘယ်သူက စပြီး တီထွင်အတည်ပြုခဲ့သလဲတော့ မသိပါဘူး။ ဒါပေမယ့် သူရည်ညွှန်းတာတွေက ရင်ခုန်ကြည်နူးစရာကောင်းနေတာတော့ အမှန်ပါ။ ကဲ နှင်းဆီပန်းလေးတွေနဲ့ ချစ်သူတိုင်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ ချစ်သူတိုင်း ချစ်သူများနေ့မှာ ဆုံတွေ့ခွင့်ရစေချင်ပါတယ်။
သီဟလုလင်

3 comments:

အလင်းသစ် said...

မှတ်သားသွားပါတယ်ဗျာ.. နှင်းဆီပန်းက ဈေးကြီးတယ်ဗျ..ဟဲ

စံပယ်ချို said...

အရောင်အသွေး အဓိပ္ပါယ် တွေနဲ့
အရေအတွက်ရဲ့ အဓိပ္ပါယ် တွေကိုဖတ်ခဲ့ပါတယ်သီဟရေ
ခင်မင်တဲ့ အမကြီး jasmine

လွင်ပြင်လှိုင်းငယ် said...

အို့ အခုမှပဲ အရောင်တွေအကြောင်းတော်တော်သိတော့တယ်
ကျေးကျေးပါ