Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, February 14, 2012

ချစ်သူအတွက် လက်ဆောင်


ဖေဖော်ဝါရီလ ၁၃၊ ည ၈:၀၀

ဒီနေ့အလုပ်များနေတာရော၊ ကမ္ဗောဒီးယားကိုသွားမယ့် ရုံးကလူကြုံရှိနေတာမို့ ဟိုဘက်က ဆရာသမားတွေ မှာတဲ့ အစားအသောက်တွေ ဝယ်ခြမ်းပေးနေရတာရောနဲ့ အိမ်အပြန်နောက်ကျပါတယ်။ ဆရာသမားတွေက ဖိလစ်ပိုင်နိုင်ငံသားတွေပေမယ့် မြန်မာအစားအစာကြိုက်ကြပုံပဲ။ မှာတာကလည်း ဘာလချောင်ကြော် ပုစွန်သေးသေးလေးတွေနဲ့တဲ့။ ဒီတော့ အိမ်နဲ့အနီးဆုံးရှိတဲ့ စိန်ဂေဟာကိုပဲ ရုံးအပြန်ဝင်ဝယ်ဖြစ်သွားတယ်။ လှည်းတန်းတစ်ဝိုက် စည်ကားလိုက်တဲ့လူတွေ မနည်းတိုးဝှေ့ သွားရတယ်။ လူတိုင်းက အပြုံးလေးတွေ မျက်နှာထက်တင်လို့ ကျက်သရေတော့ ရှိကြသား။ လက်ထဲမှာလည်း အရုပ်အကြီးအသေး မျိုးစုံနဲ့။ ကျွန်တော် ချက်ချင်းသဘောပေါက်သွားတယ်။ အော် ချစ်သူများနေ့အကြို ချစ်သူတွေ ပျော်နေကြတာပါလားလို့။


စိန်ဂေဟာထဲရောက်တော့လည်း များလိုက်တဲ့လူတွေ။ ကျွန်တော်က စိန်ဂေဟာ Sky Mart ကို သွားခဲတယ်။ ကျွန်တော်က City Mart ကို ပိုသဘောကျသူမို့ များသောအားဖြင့် City Mart မှာပဲ ဈေးဝယ်ဖြစ်တတ်တယ်။ ခုဟာက ကျွန်တော့အလုပ်ကနေ အိမ်အထိ အသွားရော အပြန်ပါ တက္ကသိုလ်ရိပ်သာ လမ်းဟောင်းနဲ့ လမ်းသစ်ကို ဖြတ်ပြီး လမ်းလျှောက်ထားတာမို့ သက်သက်ကြီးတော့ မသွားနိုင်တော့ဘူး။ ပြီးတော့ လူကြုံကလည်း ဗုဒ္ဓဟူးနေ့ မနက်စောစောပိုင်းသွားမှာဆိုတော့ ဒီညဝယ်ထားမှာ နက်ဖြန်ပေးလို့ရမှာမို့ စိန်ဂေဟာကိုပဲ သွားဖြစ်သွားတယ်။ စိန်ဂေဟာတစ်ခုလုံးလည်း ချစ်သူ့စင်တာကြီးကို ဖြစ်လို့။ ကြည်နူးစရာ ကောင်းလိုက်တာ။ ပန်းစည်းလေးတွေ၊ အမှတ်တရလက်ဆောင်အတိုအစလေးတွေ ကြည့်နေကြတဲ့ ချစ်သူတွေရှိပေမယ့် ချစ်သူအများစုကတော့ အမွှေးပွရုပ်ကြီးတွေ ရောင်းတဲ့နေရာမှာ ပုံအောပြီး အရုပ်လေးတွေကို ထွေးပွေ့ကြည့်နေပြီး ဝယ်ယူဖို့ လုပ်နေကြတာတွေ့ရပါတယ်။

အချိန်တိုင်းမှာ ချစ်သူကို သတိရနေမိတဲ့ ကျွန်တော်လည်း ပိုပြီးလွမ်းသွားတာ ဝန်ခံပါတယ်။ ဒါပေမယ့် လောလောဆယ် ချစ်သူကို လက်ဆောင်ပေးဖို့မပြောနဲ့ ဖုန်းတောင် မရတဲ့ အခြေအနေမှာ ဒါတွေ ဝယ်ဖို့လည်း မဖြစ်နိုင်သေးပါဘူး။ ဝယ်ခြမ်းစရာလေးတွေ ဝယ်ရင်း ဟိုနားဒီနားက ကြည်နူးနေတဲ့ စုံတွဲလေးတွေ ငေးရင်း လွမ်းတဲ့စိတ်တစ်ခုတည်းနဲ့ ရင်ပြည့်သလို ခံစားနေရပါတယ်။ စိန်ဂေဟာကို မြန်မြန်ခွာပြီး အိမ်ကို အမြန်သုတ်ချေတင်ခဲ့မိပါတယ်။ အိမ်ရောက်တော့လည်း အမောစို့စရာ တူမလေး တို့ မူကြိုက နက်ဖြန် ဗယ်လင်တိုင်းနေ့ အထူးအစီအစဉ်ရှိလို့တဲ့ အမှတ်တရ ကဒ်တွေကို ကိုယ်တိုင်လုပ်ပြီး (Hand Made) အတန်းထဲက သူငယ်ချင်း (၁၄) ယောက်ကို ဝေပေးရမှာ ဘာမှမလုပ်ရသေးဘူးတဲ့။ လိုအပ်တဲ့ ပစ္စည်းတွေတော့ ဝယ်ထားတယ်ဆိုတာကြောင့် တူမလေးကို သနားပြီး သူ့သူငယ်ချင်းတွေကိုပေးမယ့် ကဒ်တွေကို သူ့အစား ဝင်လုပ်ပေးရပါတယ်။ ဟိုက ကလေးကိုး ဘယ်လိုလုပ်ပြီး လှလှလေးလုပ်တတ်ပါ့မလဲ။ အဲဒါလေးတွေ လုပ်လိုက်တာ ည ၁၀ နာရီလည်းထိုးသွားတယ်။ လုပ်နေရင်းနဲ့တောင် “အော် ငါတောင် ငါ့ချစ်သူအတွက် ကိုယ်တိုင်လုပ်ကဒ်လေး တစ်ခါမှ မပေးဘူးသေးပါလား” လို့ စိတ်ထဲ ရောက်ပြီး သူ့ကို သနားသွားတယ်။ ကိုယ်တိုင် မြတ်မြတ်နိုးနိုး လုပ်ထားတဲ့ ကဒ်လေးတစ်ခုတော့ သူ တန်ဖိုးထားလိုချင်မလားလို့ တွေးပူမိသွားတယ်။

ချစ်သူကို သီချင်းလေးတွေ လက်ဆောင်ပေးဖူးတာတော့ သတိရပေမယ့် စီဒီတွေနဲ့ လှလှပပ ပေးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဒီအတိုင်း မေးလ်ကနေတဆင့် ပို့ပြီး ချစ်သူကို အလွမ်းပြေ နားဆင်စေချင်ခဲ့တာသက်သက်ပါ။ ခုချိန်မှာလည်း ချစ်သူကို လက်ဆောင်ပေးပါဆိုရင် ပန်းစည်း၊ ချောကလက်နဲ့ မွှေးပွအရုပ်အပြင် သီချင်းစီဒီလေးတွေ ထည့်ပေးဖြစ်မယ် ထင်ပါတယ်။ အဲဒီ စီဒီထဲမှာလည်း ကျွန်တော် သိပ်ကြိုက်တဲ့ (ဘယ်တော့မှမမေ့ - မင်းမင်း၊ သီရိခင်ဇော်)၊ (နားလည်မှု - လင်းလင်း၊ ချစ်သုဝေ)၊ (ဆုံမှတ်ဟာ အနန္တမှာ - ဒွေး၊ ထွန်းအိန္ဒြာဗိုလ်)၊ (နောက်ဆုံးမင်းရဲ့ရင်ခွင်ဆီ - ဂရေဟမ်၊ မီမီဝင်းဖေ)၊ (ဆုံနိုင်ခွင့် - အဲလက်စ်၊ ထွန်းအိန္ဒြာဗိုလ်) စတဲ့ သီချင်းလေးတွေနဲ့ ကျွန်တော့ချစ်သူ သိပ်ကြိုက်တယ်လို့ ပြောဖူးတဲ့ (အနာဂတ်အချစ်အိမ် - ဆလိုင်း၊ မီးနို)၊ (တစ်မိုးအောက် တစ်ယောက်တည်း - ဟဲလေး) သီချင်းတွေလည်း ထည့်ဖြစ်ပါမယ်။

ဒါပေမယ့်လည်းပေါ့။ အကြောင်းတရားတွေက ကျွန်တော်တို့ကို ဝေးကွာနေစေဆဲပါ။ ဒီစာလေးကို ကျွန်တော့ချစ်သူတစ်ယောက် ဖတ်ခွင့်ကြုံခဲ့မယ်ဆိုရင် ကျွန်တော့ရဲ့ မေတ္တာစစ်ကို နားလည်သဘောပေါက်ပြီး ကျွန်တော့ကို အဆက်အသွယ်လုပ်ဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော်ကတော့ သူ့အတွက်ဆို အချိန်တိုင်း စောင့်မျှော်နေဆဲပါပဲ။

သီဟလုလင်

4 comments:

Candy said...

ဝေးနေရသူချင်း ကိုယ်ချင်းစာပါတယ်...
အတွဲတွေတွေ့ရင် လည်ပင်းညစ်ချင်တယ် :P

စံပယ်ချို said...

(ဆုံနိုင်ခွင့် - အဲလက်စ်၊ ထွန်းအိန္ဒြာဗိုလ်)
အဲဒီတစ်ပုဒ်ပဲနားထောင်ဖူးတယ်
ချစ်သူများနေ့မှ ချစ်ရသူနဲ့ပျော်ရွှင်ပါစေသီဟရေ
ခင်တဲ့ မကြီးjas

Unknown said...

ကြ

Unknown said...

ကြ