Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, February 12, 2012

စာရေးဆရာအိပ်မက်နဲ့ ဗိုလ်ချုပ်


ကျွန်တော် ဒီ ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို ဗိုလ်ချုပ်လူ့လောကမှာ မရှိတော့သည့်တိုင် ဗိုလ်ချုပ်ရဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုတွေအတွက် ဂုဏ်ပြုချင်တာမို့ ဒီစာကို ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဖတ်ရှိခဲ့ရသမျှ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အကြောင်းတွေထဲ ကျွန်တော် သဘောကျတဲ့ အကြောင်းအရာလေးတစ်ခုကိုပဲ ကျွန်တော့အမြင်နဲ့ ရေးသားချင်လာပါတယ်။


ကျွန်တော်ငယ်ငယ်က ဖြစ်ချင်တာတွေ သိပ်များနေခဲ့တာကို မှတ်မိသေးတယ်။ ဒါပေမယ့် အဲဒီဖြစ်ချင်နေတာတွေ ဆိုတာက ဆရာဝန်လည်းဖြစ်ချင်၊ အင်ဂျင်နီယာလည်းဖြစ်ချင် ဆိုတာမျိုးလို အဆက်အစပ်မရှိတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်ဖြစ်ချင်ခဲ့သမျှဟာ အနုပညာနဲ့ဆက်စပ်တဲ့ အလုပ်တွေကို လုပ်ချင်နေတာမျိုးသာပါ။ ဆိုရရင် ကျွန်တော် ငယ်ငယ်က အဆိုတော် ဖြစ်ချင်တယ်။ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တယ်။ ပြီးတော့ စာရေးဆရာ ဖြစ်ချင်တယ်။ ဝတ္ထုတွေ ရေးချင်တယ်။ ဒီလိုလေးတွေတော့ ကွဲပြားပါတယ်။ ထားပါ။ ဒါက ကျွန်တော့ပုဂ္ဂလအကြောင်းအရာ။

တကယ်ပြောချင်နေတာက ကျွန်တော် လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းအရာပါ။ တကယ်တော့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သက်ရှိ အနားမှာမြင်တွေ့ရတာလည်းမဟုတ်၊ သူ့လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်မျက်မြင် မြင်တွေ့ရတာလဲ မဟုတ်ဘဲနဲ့ လေးစားဖို့ဆိုတာ အင်မတန်မှ စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စပါ။ ဒါပေမယ့် ဗိုလ်ချုပ်အကြောင်း လက်ဆင့်ကမ်းတာ ကောင်းခဲ့လို့ ကျွန်တော်တို့အမြင်မှာ ဗိုလ်ချုပ်ဟာ အမြဲသူရဲကောင်းအဖြစ် ရှိနေပါတယ်။ ဗိုလ်ချုပ်မှာ နူးညံ့ခြင်းနဲ့ မာကျောခြင်းတွေ တစ်ပြိုင်တည်းရှိနေတာဟာလည်း ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတစ်ရပ်လို့ ယူဆနိုင်မယ် ထင်ပါတယ်။ စစ်ပရိယာယ်ကြွယ်ဝတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်တစ်ယောက်မှာ အနုပညာရပ် တစ်ခုခုမှာ ဝါသနာရှိနေလိမ့်မယ်ဆိုတာတော့ ကျွန်တော် ဘယ်တုန်းကမှ ထင်မှတ်မထားတဲ့ အကြောင်းအရာပါ။

ဗိုလ်ချုပ်က “ငါလည်း မင်းတို့လို စာရေးဆရာ ဖြစ်ချင်တယ်ကွာ” လို့ တက္ကသိုလ်နေဝင်း ကို ပြောခဲ့တာလေး အမှတ်ရတော့ ခုလိုချိန်မှာ ကိုယ့်နားထဲ ဗိုလ်ချုပ်က ကျွန်တော့ဘေးလာပြီး ပြောနေသလိုလိုတောင် ထင်မိသွားပါတယ်။ ကိုယ်လည်း စာရေးဆရာ ဖြစ်ချင်လွန်းလို့ ခုလို Blog တွေလုပ်ပြီး စာတွေ၊ ကဗျာတွေ ရေးနေခဲ့တာပဲ မဟုတ်လား။ ခုချိန်မှာများ ဗိုလ်ချုပ် သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် သူရော ကျွန်တော်တို့လို Blog တွေ ရေးနေမလားနော်။ တကယ်က ဗိုလ်ချုပ် စာရေးဆရာ ဖြစ်ချင်တာ မှန်ပေမယ့် ကျွန်တော်တို့လိုတော့ အချစ်တွေ၊ အလွမ်းတွေ ရေးဖို့ စိတ်ဝင်စားတာမဟုတ်ခဲ့ပါဘူး။ သူဖြစ်ချင်တာက နိုင်ငံရေးစာပေတွေရေးတဲ့ စာရေးဆရာ၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် လှုံဆော်စာတွေ ရေးတဲ့ စာရေးဆရာမျိုး ဖြစ်ချင်သူရယ်ပါ။ “ငါ့စိတ်ထဲမှာ စာရေးဆရာ လုပ်စားချင်တဲ့ ဆန္ဒဟာ စစ်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်။ ဒါပေမယ့် တိုင်းပြည် လွတ်လပ်ရေးရရေးအတွက်  ဦးစားပေးခဲ့ရတာမို့ စာရေးဖို့ အချိန်မရခဲ့ဘူး။” လို့ တက္ကသိုလ်နေဝင်းကို ၁၉၄၇ ခုနှစ်၊ ဧပြီလလောက်က ထပ်မံပြောခဲ့တယ်ဆိုတာကြောင့် ဗိုလ်ချုပ်ရဲ့ စာပေဝါသနာထုံပုံကို အံ့သြမိပါတယ်။

စာရေးဆရာဖြစ်ချင်သူဟာ စာများများဖတ်ရတယ်လို့ ကျွန်တော်ကြားဖူးတယ်။ ဗိုလ်ချုပ်ဟာ စာဖတ်များသူ တစ်ယောက်လို့ သိရပါတယ်။ ဒါကြောင့်လည်း သူဟာ စာရေးဆရာ ဖြစ်ချင်လာတာ ဖြစ်မယ်။ ကျွန်တော်တို့လို စာရေးဝါသနာပါသူတွေဟာ ငယ်ငယ်ကတည်းက စာအုပ်သရဲတွေ ဖြစ်ခဲ့တာမို့ စာရေးချင်ကြတယ်။ စာရေးဆရာဖြစ်ချင်လာကြသူတွေပါ။ ရေးသားတဲ့ အဖွဲ့အနွဲ့ပိုင်းမှာတော့ ပါရမီ ပါသလို ကောင်းခြင်း၊ မကောင်းခြင်း ကွာသွားနိုင်ပေမယ့် အားလုံးက စာရေးသားဖို့ အာသီသ ပြင်းထန်ကြသူတွေပါပဲ။ ကျွန်တော်ကတော့ ပရော်ဖက်ရှင်နယ် စာရေးဆရာ တစ်ယောက်အဖြစ်တော့ ကိုယ့်ဝမ်းကိုယ် မရှာရဲပါ။ ဒါပေမယ့် ဗိုလ်ချုပ်ကတော့ ပြတ်သားရဲရင့်စွာနဲ့ သူ့မိသားစုကို စစ်ပြီးရင် ရှာကျွေးဖို့အတွက် စာရေးဆရာအဖြစ် အသက်မွေးမယ်ဆိုတာကြောင့် ပိုပြီး လေးစားမိပါတယ်။ နှိုင်းယှဉ်နေတာမျိုးမဟုတ်ဘဲ၊ ဗိုလ်ချုပ်ကို ကျွန်တော် လေးစားရတဲ့ အကြောင်းကို ပြောပြချင်ရုံသက်သက်ပါ။

ဗိုလ်ချုပ်ဟာ နိုင်ငံရေးဆောင်ပါးပေါင်းများစွာကို သခင်အောင်ဆန်း အဖြစ် ရေးသားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်ရဲ့ အရေးအသားတွေက အဆင့်အတန်းမြင့်တယ်လို့ မှတ်ချက်ပြုခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ဟာ ကိုယ်ပြောမယ့် မိန့်ခွန်းတွေကို ကိုယ်တိုင်ရေးသားတတ်သူဖြစ်ပြီး ကျောင်းသား သမဂ္ဂဘဝကတည်းက မိန့်ခွန်းတွေကို အင်္ဂလိပ်လို ကောင်းစွာ ရေးသားဟောပြောနိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်စာအရေးအသားက ချီးကျူးရလောက်အောင် ပြောင်မြောက်ကောင်းမွန်တယ်ဆိုတာကြောင့် ကျွန်တော် ပိုအားကျ လေးစားရပြန်ပါတယ်။ ဗိုလ်ချုပ်ဟာ စစ်ကြိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့တဲ့ တစ်ခုတည်းသော မြန်မာပိုင် နယူးဘားမား သတင်းစာမှာ နိုင်ငံရေးဆောင်းပါးများကို အင်္ဂလိပ် ရေးသားခဲ့တယ်ဆိုတာကြောင့် ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကို ဖတ်ရှုလိုစိတ်များလည်း အမှန်တကယ် ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်ရေး အထုပ္ပတ္တိကိုတော့ ဗိုလ်ချုပ် အဆုံးသတ်မသွားနိုင်ခဲ့ဘူးလို့ သိရတာကြောင့် နှမြောစိတ်လေးဝင်မိပါတယ်။ သမိုင်းစာအုပ်ကြီး ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။

ကျွန်တော့အတွက်တော့ ဒီနှစ်ဟာ ထူးခြားတဲ့ နှစ်ပါပဲ။ ကျွန်တော် အရင်က မရေးခဲ့ဘူးသေးတဲ့ အကြောင်းအရာ နဲ့ ပုံစံလေးတွေကို ဒီနှစ်တွေမှာ ပိုပြီးတက်ကြွစွာ ရေးသားဖြစ်နေပါတယ်။ အားကျရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုလည်း ခုလို ဗိုလ်ချုပ်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်စွာ ကျွန်တော် ရေးသား တင်ပြခွင့်ရတာလည်း ဝမ်းသာမိပါတယ်။ တကယ်ကို ဂုဏ်ပြုချင်နေတာကတစ်ကြောင်း၊ တခြားသူတွေ ဂုဏ်ပြုရေးသားတဲ့ အတွေးလေးတွေနဲ့ ကွဲပြားချင်တာကတစ်ကြောင်းကြောင့် ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတဲ့နေရာမှာ ကျွန်တော်တို့လို စာပေဝါသနာပါသူတွေအတွက် ဗိုလ်ချုပ်ဟာလည်း ကျွန်တော်တို့နဲ့ ထပ်တူ ဖြစ်ကြောင်း ဖော်ပြလိုတဲ့ အကြောင်းအရာလေးကို ရွေးနုတ်တင်ပြ ဂုဏ်ပြုလိုက်ရပါတယ်။

သီဟလုလင်

1 comments:

brainless said...

ဗိုလ်ချုပ်ရဲ့ အကြောင်းတွေကို ဖက်ခွင့်ရလိုက်ရလို့ ကျေးဇူးပါသီဟရေ...