Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, February 07, 2012

Interviewer များနဲ့ အကယ်ဒမီည


၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ ထူးခြားခန်းနားစွာနဲ့ ပြီးစီးသွားခဲ့ ပါပြီ။ ပရိတ်သတ်တွေ ကျေနပ်လောက်အောင် ကြိုတင်ခန့်မှန်းချက်တွေနဲ့ ကိုက်ညီခဲ့သလို မထင်မှတ်ရလောက်အောင် ခါတိုင်းနှစ်တွေနဲ့မတူ ကွန်ပျူတာအထူးပြုလုပ်ချက်များစွာနဲ့ ဖွင့်လှစ် တင်ပြနိုင်ခဲ့ ပါတယ်။ ဆုရဇာတ်ဝင်ခန်းတွေကိုလည်း လိုအပ်သလောက်ပဲ ထုတ်နုတ်တင်ပြပေးသွားတာမို့ အချိန်တိုအတွင်းမှာ ဆုပေးပွဲကို ကျစ်ကျစ်လျစ်လျစ်နဲ့ အဆုံးသတ်နိုင်ခဲ့တာပါ။

ခါတိုင်းနှစ်တွေက ကျွန်တော် သတိမပြုမိတဲ့ အချက်တစ်ခုကို ဒီတစ်ခေါက်မှာတော့ တော်တော်လေး သတိပြုလိုက်မိပါတယ်။ အဲဒါက Mic လေးတွေကိုယ်စီနဲ့ ဆုရတဲ့သူတွေကို အသည်းအသန် မေးမြန်းနေကြတဲ့ Interviewer တွေပါ။ အချိန်နဲ့တစ်ပြေးညီပါပဲ။ Facebook ပေါ်ကနေလည်း တက်လာလိုက်တဲ့ Status တွေက Interviewer တွေက ရှုပ်နေတယ်။ သူများကို ကိုယ်ချင်းမစာဘူး။ ဆုရသူက လွတ်လွတ်လပ်လပ် မပျော်ရဘူး။ သူတို့က အတင်းလိုက်ကပ်ပြီးပြောနေတယ်။ စသဖြင့် အစုံပါပဲ။ အဲဒီလိုတွေ တွေ့ရတော့ ကျွန်တော် ပြုံးမိပါတယ်။ အဲဒီ Interviewer တွေ တကယ် ကိုယ်ချင်းမစာနာနိုင်ကြဘူးလား။ တကယ် လိုက်ရှုပ်နေတာလား။


ပြီးခဲ့တဲ့ နှစ် ၂၀၁၁ ခုနှစ်အတွင်းမှာ လုပ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို ကျွန်တော် ရောက်ဖြစ်ခဲ့ပါတယ်။ City FM ကနေ Live ထုတ်လွှင့်နိုင်ဖို့ပါ။ အခက်အခဲပေါင်းများစွာနဲ့ သွားခဲ့ရတဲ့ ခရီးလေးပါ။ အဲဒီချိန်တုန်းကလည်း ကျွန်တော်ဟာ ကျွန်တော်ချစ်တဲ့ City FM အတွက်၊ City FM ကို အချိန်နဲ့ တပြေးညီ နားထောင်နေမယ့် သူတွေအတွက် တကယ်ကို ရင်ထဲက စေတနာနဲ့ အကောင်းဆုံး တင်ဆက်နိုင်ဖို့ ကြိုးစားပါတယ်။ တခြား ကိုယ့်ပိုင်ဘက် ရေဒီယိုတွေထက် သာအောင်၊ ကိုယ့် ရေဒီယိုမှာ ဆုရသူရဲ့ ရင်တွင်းပီတိစကားကြားရအောင်၊ ကိုယ့်ရေဒီယိုကို နားထောင်နေတဲ့ ပရိတ်သတ်တွေ ဆုရသူရဲ့ ရင်တွင်းပီတိစကားတွေ တခြားသူတွေထက် ဦးဆုံးကြားနိုင်အောင် ကြိုးစားမှုတွေ အများကြီးနဲ့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။

အရင်နှစ်ကတော့ ကျွန်တော်ကိုယ်တိုင် ကွင်းထဲ ရောက်ရှိနေခဲ့တာမို့ ဒီလိုရှုပ်တယ်လို့ ရုပ်သံကြည့်ပရိတ်သတ်တွေ ခံစားရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ ကိုယ် ကိုယ်စားပြုတဲ့ မီဒီယာအတွက် ကိုယ့်ခွန်ကိုယ့်အား ရှိသမျှနဲ့ အစွမ်းကုန် ကြိုးစားပြေးလွှားသွားနေခဲ့တာပါ။ ဘယ်သူကရော ခုလို ပွဲမျိုးမှာ မြန်မာအမျိုးသားဝတ်စုံခမ်းခမ်းနားနားဝတ်ပြီး မိုက်ခွက်ကြီးကိုင် ဟိုပြေး ဒီပြေး သွားနေချင်မှာလဲ။ ဆက်ဆံပြောဆိုရတာ တခြားသူများနဲ့ကွာခြားတဲ့ အနုပညာရှင်တွေကို စကားလေးတစ်ခွန်းထွက်လာဖို့ ဘယ်သူက အငြိုငြင်ခံချင်မှာလဲ။ ဆုရသူတွေက နှုတ်ဆက်လက်ပြဖို့ပဲ စိတ်ဝင်စားနေချိန်မှာ ဘယ်သူက ကိုယ့်မေးခွန်းကို မဖြေသေးတာကို ဝမ်းနည်းစွာနဲ့ စောင့်စားမျှော်လင့်နေချင်မှာလဲ။

အင်တာဗျူးမေးဖို့ ကွင်းထဲရောက်ရှိနေကြတဲ့ မီဒီယာအသီးသီးက Interviewer တွေဟာ ကိုယ့်ကို ယုံကြည်လို့ ပေးအပ်လာတဲ့ တာဝန်ကို ကျေပြွန်ချင်ကြပါတယ်။ ကိုယ့်မီဒီယာကို နားဆင်ကြည့်ရှုနေမယ့် ပရိတ်သတ်အတွက် တာဝန်ကျေချင်ကြပါတယ်။ ဒါကြောင့်မို့လည်း လူတိုင်း အငြိုငြင်ကို ခံပြီး ခုလို အင်တာဗျူးလေးတွေ ပြုလုပ်ပေးကြတာပါ။ သူတို့ရဲ့ အပြုအမူဟာ ရှုပ်တယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ ရင်ထဲက စေတနာကတော့ အင်အားကြီးမားတာမို့ ခွင့်လွှတ်နားလည်စေချင်လို့ ဒီစာလေးကို ကိုယ်ချင်းစာနာစွာနဲ့ ရေးသားလိုက်ရပါတယ်။

သီဟလုလင်

3 comments:

စံပယ်ချို said...

"Interviewer များနဲ့ အကယ်ဒမီည"
အကယ်ဒ ဘယ်သူရတာလဲ မပါ ပါလား

Thiha Lu Lin said...

ဟဲဟဲ မဂျက်ကလည်း အဲဒါက လူတိုင်း ပြောကြ၊ တင်နေကြတော့ သိပြီးသား အကြောင်းအရာပဲဟာ။ တင်ရင် ဘာမှ မထူးဘူးလေ။ :)

ချောကလက်ကျူးပစ်လေး said...

ပီားပီားးအဲလိုပြောတဲ့အထဲမှာအနော်လဲပါတယ်
ကျန်းမာရေးမကောင်းလို့စကားမပြောနိုင်တဲ့တည်းဖြည်ဆုရတဲ့သူကိုမိုက်ကြီးအတင်းထိုးပေးနေလို့မြန်မာအင်တာနေရှင်နယ်ကတစ်ယောက်က