တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်၊ သိပ်မြတ်နိုးလို့ လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိတယ်။ သူတို့ဟာ အိမ်ထောင်သက်တမ်းနှစ်နှစ်လောက် ရှိလာကြပြီ။ ခင်ပွန်းဖြစ်သူက စာပေဝါသနာပါပြီး ဟိုစပ်စပ် ဒီစပ်စပ် စာရေးလေ့ရှိတယ်။ တစ်ဆက်တည်းမှာပဲ သူဟာ ဓါတ်ပုံဆရာလည်း လုပ်သေးတယ်။ သူတို့ မင်္ဂလာဆောင်တုန်းကပုံတွေကို အမြတ်တနိုးသိမ်းထားလေ့ရှိတယ်။ သူတို့ဟာ သိပ်ချစ်ကြပါတယ်။ ခင်ပွန်းဖြစ်သူက အေးတိအေးစက်နေတတ်သလောက် သူ့ရဲ့ ဇနီးက ဒေါသထွက်လွယ်တယ်။ သူနဲ့ နားလည်မှုလွဲပြီး မကြာခဏ ရန်ဖြစ်ရတယ်။ အခုလည်း သူတို့ကြားမှာ ပြဿနာလေးတစ်ခုက ရှိနေပြန်တယ်။
ဇနီး - ကျွန်မသူငယ်ချင်း မင်္ဂလာဆောင်မှာ ရှင့်ကို ဓါတ်ပုံရိုက်ပေးဖို့ပြောတယ်။ ကျွန်မကပဲ လာမယ်လို့ ပြောလိုက်တယ်။
ခင်ပွန်း - အဲဒီနေ့ ငါမအားဘူး။
ဇနီး - ဘာရယ်။ မအားဘူး ဟုတ်လား။ ရှင့်ကို ကြည့်လိုက်ရင် အားနေ စာပဲရေးနေတာပဲ။ ကျွန်မအတွက်နဲ့ ကျွန်မရဲ့ ပတ်ဝန်းကျင်အတွက် အချိန်ပေးပါဦး။
ခင်ပွန်း - ငါအလုပ်ရှိတယ်ကွာ။
ဇနီး - မရဘူး အဲဒီနေ့ ရှင် ကျွန်မသူငယ်ချင်းကို ဓါတ်ပုံရိုက်ကို ရိုက်ပေးရမယ်။
ခင်ပွန်း - လုံးဝပဲ....။
အဲဒီလိုနဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ တင်းမာပြတ်သားလာခဲ့ပါတယ်။ ဇနီးဖြစ်သူက သူ့ခင်ပွန်းကို
“ကျွန်မ ရှင့်ကို သုံးရက်အချိန်ပေးမယ်။ ဒီအချိန်အတွင်းမှာ သေချာစဉ်းစားပြီး ကျွန်မကို တစ်ခုခု ပြန်ပြောပါ။” လို့ နောက်ဆုံး သတိပေးလိုက်တယ်။
ရန်ဖြစ်ပြီး ပထမဆုံးနေ့မှာတော့ ဇနီးဖြစ်သူက မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ကွန်ပျူတာကအစ ချုပ်ကိုင်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ နှစ်ယောက်အိပ် အိပ်ရာကိုတောင် မလွှဲသာမရှောင်သာ ခွင့်ပြုထားဟန်ပြုတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူကလည်း ကိစ္စမရှိပါဘူး။ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံ ရှိနေတဲ့အတွက် အဆင်ပြေအောင် နေနိုင်ပါတယ်။
ဒီလိုနဲ့ ဒုတိယနေ့မှာတော့ ပိုမိုပြီး တင်းမာလာပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အိတ်ကပ်ထဲမှာ ရှိသမျှ ပိုက်ဆံနဲ့ အရာရာကို သိမ်းဆည်းလိုက်ပြန်ပါတယ်။ ငွေလည်း လက်ထဲမရှိတော့ဘူးဆိုတော့ သူ့ဇနီးကို တောင်းပန်ရှာပါတယ်။ ဒါပေမယ့် ဘယ်လိုမှ တောင်းပန်လို့ မရပါဘူး။
ဒီလိုနဲ့ ခင်ပွန်းကို နောက်ဆုံးအဖြစ် သတ်မှတ်ပေးထားတဲ့ တတိယနေ့ရောက်လာခဲ့ပါတယ်။ ခုတင်တစ်လုံးထဲမှာ လဲလျောင်းနေပေမယ့် တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းပြီး လှဲနေကြပါတယ်။ ဒီအချိန်မှာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို...
ခင်ပွန်း - ကိုယ် မင်းကို ပြောစရာရှိတယ်။
ဇနီး - ကျွန်မ သူငယ်ချင်းရဲ့ လက်ထပ်ပွဲကို သွားမယ်ဆိုတာက လွဲပြီး ဘာမှမကြားချင်ဘူး။
ခင်ပွန်း - ပြောမှကို ဖြစ်မယ်၊ သိပ်အရေးကြီးတယ်။
ခင်ပွန်းဖြစ်သူက လေးလေးနက်နက်ပြောလာတော့ ဇနီးဖြစ်သူက တိတ်တဆိတ်နဲ့ နားထောင်နေလိုက်တယ်။ အဲဒီအချိန်မှာ ခင်ပွန်းက...
“ကိုယ်တို့ ကွာရှင်းကြရအောင်” တဲ့။
ဒီစကားလည်းကြားရော ဇနီးဟာ သူ့နားသူ မယုံနိုင်အောင်ပါပဲ။ ခင်ပွန်းဖြစ်သူက ဆက်ပြေပါတယ်။
“ကိုယ် မိန်းကလေးတစ်ယောက်ကို ချစ်မိနေလို့ပါ။”
ဒီစကားကတော့ ဇနီးသည်ကို ထိတ်လန့်သွားစေတဲ့ စကားပါပဲ။ ဒီစကား ကြားပြီးပြီးချင်း ဝမ်းနည်းတဲ့စိတ်ရော၊ ခင်ပွန်းကို ထုရိုက်ချင်စိတ်တွေရော သူ့မှာ ရှိနေပေမယ့် ငြိမ်သက်ပြီး ဆက်နားထောင်လိုက်ပါတယ်။ ခင်ပွန်းဖြစ်သူက ကောင်မလေးရဲ့ ဓါတ်ပုံကို ရင်ဘတ်မှာ တယုတယကပ်ထားပြီး
“သူက သိပ်ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပါ။ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ်။”
ဒီအချိန်မှာ ဇနီးဖြစ်သူ မျက်ရည်ကျနေရှာပါပြီ။
ခင်ပွန်းဖြစ်သူက ဆက်ပြောတယ်။
“သူက ကိုယ့်ရဲ့စာပေဝါသနာပါတာကို နားလည်ပေးတယ်။ ကိုယ့်အတွက် လိုအပ်သမျှလည်း ဖြည့်ဆည်းပေးမယ်တဲ့လေ။ ကိုယ်တို့ မကြာခင် လက်ထပ်ဖြစ်ကြမယ်”
ဒီစကားကိုတော့ ဇနီးဖြစ်သူဟာ စိတ်မကောင်းတဲ့ကြားက မနာလို ဖြစ်မိပါသေးတယ်။ သူလည်း တစ်ချိန်က သူ့ခင်ပွန်းကို ဒီလိုမျိုးစကားတွေ ပြောခဲ့ဖူးတာပဲ။ သူပြောတာတွေကိုတော့ သူ့ခင်ပွန်းက မေ့သွားပြီပေါ့လေ။ ဒီအချိန်မှာ သူ့ခင်ပွန်းရဲ့ စိတ်ထဲ ဓါတ်ပုံထဲက ကောင်မလေးက လွှမ်းမိုးထားပြီပဲ။
အဲဒီညရဲ့ စကားဝိုင်းက တိတ်ဆိတ်စွာပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက သူ့အကြောင်းတွေ အမှန်အတိုင်းပြောပြီး နှစ်ခြိုက်စွာ အိပ်မောကျနေပေမယ့် ဇနီးသည်ကတော့ မအိပ်နိုင်ရှာပါဘူး။ သူတို့နှစ်ယောက်ချစ်ခဲ့တဲ့ အကြောင်းအရာတွေကို တွေးပြီး နှမြောတသ စိတ်မကောင်း ဖြစ်နေရှာတယ်။ သူ့ခင်ပွန်းရဲ့ ရင်ဘတ်ကို ငေးစိုက်ကြည့်ရင်း ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ ဓါတ်ပုံထဲက မိန်းကလေးကို သိချင်လာမိတယ်။ အဲဒါနဲ့ အိပ်ပျော်နေတဲ့ သူ့ခင်ပွန်း မသိအောင် ဓါတ်ပုံကို တိတ်တိတ်လေးဆွဲယူပြီး ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မျာတော့ သူဟာ ရယ်လည်းရယ်ချင်၊ ငိုလည်းငိုချင်သွားပါတယ်။ ဓါတ်ပုံထဲက ကောင်မလေးဟာ သူဖြစ်နေလို့ပါပဲ။ အဲဒီအချိန်မှာ သူတို့ချစ်သူဘဝတုန်းက ပြောခဲ့တဲ့ စကားတွေကိုလည်း ပြန်အမှတ်လာပါတော့တယ်။ သူ့ခင်ပွန်းရဲ့ အေးတိအေးစက်ပုံစံကိုပဲ သူချစ်ခဲ့လို့ အစစအရာရာ နားလည်ပေးခဲ့တာပါ။ အိမ်ထောင်သက်တမ်း နှစ်နှစ်လောက်ကြာလာမှ အပြစ်မြင်လာမိတဲ့ သူ့စိတ်ကိုသူ အပြစ်တင်မိပါတယ်။ ဒီလိုနဲ့ ဘေးနားမှာ အိပ်ပျော်နေတဲ့ ခင်ပွန်းကို နမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာ အိပ်ချင်ယောင်ဆောင်နေတဲ့ ခင်ပွန်းက ဇနီးသည်ကို ပြုံးကြည့်ပြီး စကားတစ်ခွန်း ပြောလိုက်ပါတယ်။
"I Love You, Honey" တဲ့။
ဒီစာစုလေးက အိမ်ထောင်သည်တွေအတွက်သာမက ချစ်သူတွေအတွက်ပါ အဓိပ္ပါယ်ရှိပါတယ်။ ချစ်သူသက်တမ်းကြာလာတဲ့အခါ၊ အိမ်ထောင်သက်တမ်းကြာလာတဲ့အခါမှာ ကိုယ့်ချစ်သူအပေါ်၊ အိမ်ထောင်ဘက်အပေါ် အပြစ်မြင်တဲ့စိတ်၊ ငြိုငြင်တဲ့စိတ်လေးတွေ ဝင်လာတတ်ပါတယ်။ အဲဒီအခါ ဒီစာစုလေးထဲက အဖြစ်အပျက်မျိုးနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ်နဲ့ ကိုယ့်ရဲ့ လက်တွဲဖော်အကြား အချင်းချင်း အနာတရ ဖြစ်စေမယ့်၊ အက်ကြောင်းဖြစ်စေမယ့် ဆက်ဆံရေးမျိုးတွေရန်က ရှောင်ရှားနိုင်ပြီး ပျော်ရွှင်ကြစေချင်ပါတယ်။ ဖေဖော်ဝါရီလလေးမှာ အချစ်ရှိတဲ့သူတွေ အားလုံးအတွက် ရည်ရွယ်ပြီး စာရေးဆရာမ ဂျူး ရဲ့ “အမှတ်တရ” ဝတ္ထုထဲက နှစ်သက်မိတဲ့ စကားစုလေးကို ဗယ်လင်တိုင်းမ် လက်ဆောင် အဖြစ် လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်။ “မြတ်နိုးဖော်၊ ကြင်နာဖက်၊ အားပေးဖော်၊ နှစ်သိမ့်ဖက်၊ ဝမ်းနည်းဖော်၊ ဝမ်းနည်းဖက်၊ ဆင်းရဲဖော်၊ ဆင်းရဲဖက်” တဲ့။ ခံစားနားလည်နိုင်ကြပါစေ။
Wai
3 comments:
ကျွန်မချစ်လင်ကိုလဲ
လာရောက်ဖတ်ခိုင်းရမယ်
နှစ်ဦးလုံးသိဖို့လိုအပ်တယ်လေ
ပို့စ်လေးက အရမ်းမိုက်တယ်
ဖတ်ရင်းနဲ့ . . .
အဝေးက ကောင်မလေးကို လွမ်းမိတယ်ဗျာ
I miss you,kaungmalay
ဖတ်ရှုခံစားသွားပါတယ်...
Post a Comment