Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, May 01, 2012

ထွန်းအိန္ဒြာဗိုလ် နှင့် တွေ့ဆုံခြင်း


ကျွန်တော်က မင်းသား မင်းသမီးတွေကို အစွဲအလမ်းထားလေ့ သိပ်မရှိပါဘူး။ အဆိုတော်တွေဆိုလည်း ဘယ်သူပဲဖြစ်ဖြစ် သီချင်းအဆိုကောင်းရင်၊ သူတို့ဆိုတဲ့ သီချင်းတွေ ကောင်းရင် ကြိုက်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့ဘဝမှာ တစ်ဦးတည်း စွဲစွဲလန်းလန်း လေးလေးစားစား နှစ်သက်မိတဲ့ မြန်မာ အနုပညာရှင် တစ်ဦး ရှိပါတယ်။ သူကတော့ ရုပ်ရှင်သရုပ်ဆောင်နဲ့ တေးသံရှင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် ပါ။ သူ့ရဲ့ အနုပညာကို လေးစားနှစ်သက်တာရော၊ သူ့ရဲ့ Personality ကို လေးစားတာရောကြောင့်ပါ။ ခုတလောမှ သူငယ်ချင်း ဖြစ်လာတဲ့ မအေးမြင့်မိုရ် နဲ့ ပတ်သက်ပြီး မခိုင် (ထွန်းအိန္ဒြာဗိုလ်) ရဲ့ Facebook Page မှာ Cover ဒီဇိုင်းတွေကို ရေးဆွဲပေးခွင့် ရခဲ့မှ အစ်မနဲ့ အစ်ကို ကိုအောင်မင်းထွန်း တို့နဲ့ ပိုပြီး ရင်းနှီးလာသလို ခံစားရပါတယ်။ ကျွန်တော် ရေဒီယိုအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ သက်တမ်း ၈ နှစ်လောက်အတွင်းမှာ မှတ်မှတ်ရရ မခိုင် နဲ့ နှစ်ခေါက်ပဲ အင်တာဗျူး မေးမြန်းခွင့် ရခဲ့ပါတယ်။ ပထမတစ်ခေါက် ၂၀၀၆ ခုနှစ်မှာ အစ်မ ရဲ့ ၉ မိုင်၊ မစိုးရိမ်ကျောင်းလမ်းက အိမ်မှာ သွားရောက် အင်တာဗျူးခဲ့တာဖြစ်ပြီး၊ ဒုတိယတစ်ခေါက်ကတော့ ၂၀၁၀ ခုနှစ်အတွက် ၉ နှစ်ပြည့်အဖြစ် ပြုလုပ်တဲ့ City FM နှစ်ပတ်လည်ပွဲ မတိုင်ခင် တီအာမိုး သီချင်းအတွက် တစ်ရက်ကြို အကြိုလေ့ကျင့်ခြင်းနဲ့ ရိုက်ကူးရေး အစီအစဉ်ပြုလုပ်တဲ့ရက်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ပဲ လူချင်းတွေ့ဆုံ အင်တာဗျူးခွင့်ရခဲ့ပါတယ်။


လူချင်း အလုပ်တာဝန်အရ အင်တာဗျူးခွင့် ရခဲ့တုန်းကလည်း အစ်မ ရဲ့ နွေးထွေးတဲ့ ဆက်ဆံမှု၊ တစ်ဖက်လူအပေါ်ထားတဲ့ လေးစားမှု၊ နားလည်ပေးမှုတွေကို တကယ် အံ့မခန်း တွေ့လိုက်ရပါတယ်။ ပထမအကြိမ်တုန်းက ကျွန်တော့ အင်တာဗျူး ၃ မျိုး ဆက်တိုက်မေးမြန်းဖို့ကို အစ်မ အချိန်ပေးခဲ့ပါတယ်။ နှစ်မျိုးက City FM ရဲ့ အစီအစဉ် နှစ်မျိုးအတွက် နဲ့ တစ်မျိုးက The Voice Weekly ဂျာနယ် အတွက်ရယ်ပါ။ The Voice Weekly မှာ ပြင်ပသတင်းထောက်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ကျွန်တော်က The Voice Weekly ရဲ့ မူအတိုင်း နိုင်ငံရေးအကြောင်းအရာ တချို့ကို အဲဒီခေတ်ရဲ့ ထုံးစံအတိုင်း မပွင့်မလင်း မေးမြန်းခဲ့ပေမယ့် အစ်မ ကတော့ သူ့ပုံစံအတိုင်း ဘောင်ထဲ ကနေ ပြောသင့်သလောက်ကို ပြောပြပေးခဲ့ပါတယ်။ အဲဒီတုန်းက အစ်မနဲ့ အင်တာဗျူးထားတဲ့ သတင်းစာမူလေးကို The Voice Weekly က တစ်မျက်နှာအပြည့် ဖော်ပြပေးခဲ့ပြီး အဲဒီက အယ်ဒီတာဆရာကြီး တစ်ဦးက လေးလေးစားစား ချီးကျူးခဲ့တာကိုလည်း ကျွန်တော် ကျေနပ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက Copy မသိမ်းထားမိတာမို့ ခု ပြန်လိုချင်တဲ့ အချိန်မှာ မရှိတော့ဘူး ဖြစ်နေပြီ။

မခိုင် နဲ့ မှတ်မှတ်ရရ ပထမအကြိမ် အင်တာဗျူးမှာ အချိန် တစ်နာရီကျော်ကြာလောက်ကို စကားပြောဖြစ်ခဲ့တာကို မှတ်မိသေးသလို၊ အဲဒီတုန်းက အင်တာဗျူးအပြီး အစ်မက မေးတဲ့ ဒီနှစ်အကယ်ဒမီကို အစ်မ ရမယ်ဆို မောင်လေးသာဆိုရင် ဘယ်ကားနဲ့ ရစေချင်လဲ ဆိုတဲ့ စကားလေး ခုထိ မှတ်မိနေတုန်းပဲ။ ကျွန်တော်လည်း မဆိုင်းမတွ၊ မိုးကုပ်စက်ဝိုင်း ပေါ့ အစ်မရယ်လို့ ပြောတော့... အစ်မ မျက်နှာ တည်သွားပြီး... အင်းနော်တဲ့ အဲဒါနဲ့မဟုတ်ရင်ဆိုပြီး စဉ်းစဉ်းစားစားလေး ဖြစ်သွားတာကို သတိရမိတယ်။ အဲဒီတုန်းက အင်တာဗျူး မေးခွန်းတွေ အများကြီးမေးခဲ့ပါတယ်။ Star & Style အစီအစဉ် အတွက်မို့ Fashion, Hair and Make Up, Life Style ကဏ္ဍအစုံမေးခဲ့လို့ အချိန်ယူရပါတယ်။ ဒီနေ့ မေလ (၁) ရက်နေ့က မခိုင် (ထွန်းအိန္ဒြာဗိုလ်) ရဲ့ မွေးနေ့လည်း ဖြစ်တာမို့ အစ်မရဲ့ မွေးနေ့မှာ အမှတ်တရ အဖြစ် ကျွန်တော်ကိုယ်တိုင် မေးမြန်းခွင့်ရပြီး မခိုင် ပြန်လည် ဖြေကြားခဲ့တဲ့ City FM ရဲ့ Star & Style အစီအစဉ် က အမေးအဖြေလေးတချို့ကို ကျွန်တော့ Blog ကနေ ပြန်လည် တင်ပြပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်က မေးမြန်းထားတာလေးတွေပါခင်ဗျာ။

THLL:  မခိုင်ရေ မင်္ဂလာပါ။
HAB:   မင်္ဂလာပါရှင်။

THLL: ဟုတ်ကဲ့။ အစ်မ စပြီး အောင်မြင်လာတဲ့အချိန်ကစလို့ အစ်မကို အစ်မရဲ့ ပရိတ်သတ်တွေက စတိုင်လ် ရှိတဲ့ သရုပ်ဆောင်အဖြစ် အသိအမှတ်ပြုကြပါတယ်။ အဲဒါ ဘာကြောင့်လို့ အစ်မ ထင်ပါသလဲ။
HAB: အစ်မထင်တာတော့လည်း ဒီ အစ်မရဲ့ ကြွပ်ဆတ်မာကျောတဲ့ပုံစံက ဇာတ်ရုပ်တစ်ခု ဝင်နေလို့ ထင်တယ်။

THLL: အစ်မရဲ့ ဖက်ရှင်တွေကို ပရိတ်သတ်တွေက အတုယူပြီး လိုက်ဝတ်ကြတာမျိုး ရှိတယ်နော်။ ဥပမာ ရည်းစားဦး အခွေကာဗာက ဝတ်စုံဆို အပြင်မှာ အရမ်းအောင်မြင်သွားတယ်လေ။ ပရိတ်သတ်တွေ သဘောကျသွားစေတဲ့အချက်က ဘာတွေလို့ အစ်မ ယူဆပါသလဲ။
HAB:  အဲဒီတုန်းကတော့ မမထင်တာ လူတိုင်းဝတ်လို့ရတဲ့ အဝတ်အစားလေးတစ်ခု ဖြစ်သွားတာပေါ့… နော်။ လူတိုင်းဝတ်ဖို့ အဆင်ပြေတဲ့ အဝတ်အစားလေးဖြစ်တယ်… ဥပမာ သီချင်းတွေဆိုလည်း လူတိုင်း လိုက်ဆိုလို့ရတဲ့သီချင်းဆိုရင် ပေါက်သွားတာ များတယ်လေ။ သိပ်ပညာပါပြီး သိပ်ခက်ခဲတဲ့ သီချင်းတွေ ဆိုလို့ရှိရင် နားထောင်ရုံသက်သက်နဲ့တော့ ကိုယ်တိုင်လိုက် ဆင်နွှဲရတာလောက်ထိ မပေါက်ဘူးပေါ့နော်။ အဲဒီဖက်ရှင်တုန်းကလည်း အဲလိုပဲ ဖြစ်မယ်။ လူတိုင်းလိုက်ဝတ်လို့ရတဲ့ အဝတ်အစား ဖြစ်သွားလို့ ထင်တယ်။

THLL: အစ်မရဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ Family Life လေးအပေါ် အစ်မရဲ့အမြင်နဲ့ အနာဂတ် Future Family Plan လေးကို ဘယ်လိုစီစဉ်ထားလဲဆိုတာ ပြောပြပေးပါနော် အစ်မ။
HAB:  မမ လက်ရှိ Family Life ကို အရမ်းကျေနပ်ပါတယ်။ နောက်ထပ် ဘာမှမလိုတော့လောက်အောင် ပြည့်စုံသွားသလို မမ ခံစားရပါတယ်။ အနာဂတ်ကတော့လည်း မမ သားလေးကို မမ ပြုစုပျိုးထောင်ပေးဖို့ပါပဲ။ သားသားလေးကို သေသေချာချာလေး စိတ်တိုင်းကျပြီး လက်လွတ်လို့ရပြီဆိုတဲ့ အချိန်ကျရင်တော့လည်း မမ ဘာသာရေးကို ခြေစုံပစ် ဝင်ပါ့မယ်။

THLL: အောင်မြင်တဲ့ Family Life အတွက် လိုအပ်ချက်တွေက  ဘာတွေဖြစ်မလဲလို့ အစ်မ အကြံပြုချင်သေးလဲ။
HAB: ကိုယ့်နေရာ ကိုယ် ရဖို့ လိုအပ်တယ်။ ဥပမာ အဖေလုပ်တဲ့သူကလည်း အဖေ နေရာပေါ့။ အမေလုပ်တဲ့သူကလည်း အမေနေရာ၊ သားလုပ်တဲ့သူကလည်း သားနေရာ ရဖို့ပေါ့နော်။ အဲလိုပဲ Couple တစ်စုံမှာ ပြောမယ်ဆိုလို့ရှိရင်လည်း ယောက်ျားကလည်း ယောက်ျားနေရာ ရဖို့လိုတယ်။ မိန်းမကလည်း မိန်းမနေရာ ရဖို့လိုတယ်။ ကိုယ့်တာဝန်လည်း ကိုယ်ကျေဖို့လိုတယ်။ ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်နားလည်ဖို့လိုတယ်။ ကိုယ်ရသင့်တဲ့ Right တွေကိုလည်း ကိုယ်သိဖို့လိုတယ်ပေါ့။ အဲဒါတွေ အားလုံးပြည့်ပြည့်ဝဝ ရရင် အဲဒီ Family က ဘာမှ ခြွင်းချက်မရှိ အောင်မြင်တယ်။ ပြည့်စုံမှာပါပဲ။

THLL: ဒါဆို အစ်မရေ။ မခိုင် ရဲ့ ငယ်ဘဝလေးကို ခဏလောက် လွမ်းကြည့်ပေးပါဦး။ ငယ်ငယ်က အစ်မ ရဲ့ မျှော်လင့်ချက်တွေက ဘာတွေများလဲ။ ခုချိန်မှာရော ပြန်ပြီးစဉ်းစားတဲ့အခါ အဲဒီတုန်းက မျှော်လင့်ချက်တွေက ရယ်မောစရာ ဖြစ်နေပြီလား မ။
HAB: ရယ်စရာတော့ မဖြစ်ဘူး။ မမ က ငယ်ငယ်တုန်းကလည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ချင်တာပါပဲ။ ဒါပေမယ့် မမ တို့ ငယ်ငယ်တုန်းကကျတော့ အနုပညာနဲ့ ပတ်သက်ပြီး ဒီလောက်ကြီး ဝင်ငွေကောင်းတာမျိုး မမတို့ နားမလည်ခဲ့ဘူး။ ဝင်ငွေလည်း မကောင်းခဲ့ကြဘူး။ အဲဒီခေတ်က အနုပညာအလုပ်လုပ်ရင် အိတ်စိုက်ပဲ လုပ်ကြရတာလေ။ အဲဒီတော့ မမ က စိတ်ထဲမှာတော့ ကိုယ်က Professional အဖြစ် တစ်ခုခုကတော့ မမ ဆရာဝန် သိပ်ဖြစ်ချင်တယ်လေ။ ဒါပေမယ့် မမ ဆယ်တန်း အောင်တဲ့ အမှတ်က မမီခဲ့ပါဘူး။ အဲဒီတော့ ကိုယ့်ဟာကိုယ် ဝင်ငွေရဖို့ကတော့ အလုပ်တစ်ခုခုလုပ်ရင်းနဲ့မှ အနုပညာအလုပ်ကို တွဲလုပ်မယ်၊ ဝါသနာအရ လုပ်မယ်ဆိုပြီး စဉ်းစားခဲ့တယ်။ တကယ်တမ်းကျတော့လည်း မမ ဖြစ်ချင်တဲ့ အနုပညာရှင်လည်း ဖြစ်တယ်။ နောက် Professional ကလည်း ဒါနဲ့ပဲ လုပ်ခွင့်ရပါတယ်။

THLL: မ ဖြတ်သန်းခဲ့ရတဲ့ ငယ်ငယ်တုန်းက အချိန်တွေထဲမှာ မ အမှတ်ရဆုံး အချိန်လေးတွေ အကြောင်းလည်း ပြောပြပေးစေချင်ပါတယ်။
HAB:  ငယ်ငယ်တုန်းကတော့ မမ မိသားစု စုံစုံညီညီနေရတဲ့ဘဝကို ပြန်လိုချင်ပါတယ်။ ဆိုလိုတာ မမ ဖေဖေဆိုလည်း ခု ဆုံးပြီပေါ့လေ။ နောက် မမတို့ မောင်နှမတွေဆိုလည်း ကိုယ့်မိသားစု ကိုယ် အကုန်လုံး ကွဲကုန်ကြပြီပေါ့နော်။ မောင်နှမတွေ တစ်နှစ်မှာ တစ်ခါ နှစ်ခါ ဆုံဖို့တောင် မနည်းစု ယူနေရတဲ့ သဘောမျိုး ဖြစ်နေတာပေါ့နော်။ အခုကျတော့လည်း လူကြီးတွေလည်း ဖြစ်ကုန်ကြတယ်။ ကိုယ့်မိသားစု နဲ့ကိုယ် သီးသန့်တွေ ဖြစ်ကုန်ကြတယ်။ ငယ်ငယ်တုန်းကကျတော့လည်း ကိုယ်ပိုင်မိသားစုလေးတွေ မရှိသေးတော့ ဒီမောင်နှမတွေ ဒီမိသားစုတွေကသာလျှင် ကိုယ့်ရဲ့ အရင်းအခြာဆုံး ဖြစ်ခဲ့ရတယ်။ အဲ့ဒီဘဝလေးတွေကို မကြာမကြာ ပြန်သတိရပါတယ်။

THLL: လူတစ်ယောက်မှာ ကောင်းတဲ့ အမူအကျင့်ရော၊ မကောင်းတဲ့ အမူအကျင့်ရော ရှိတတ်တယ်လေ။ မမ ကိုယ်တိုင်မှာရော အစ်မ မနှစ်သက်တဲ့ အမူအကျင့်တွေ ရှိလား။ အဲဒီအမူအကျင့်တွေကို အစ်မ ဘယ်လို ပြန်ပြင်ဆင်ယူပါလဲ အစ်မ။
HAB:  မမကိုယ်တိုင် မနှစ်သက်တဲ့ အမူအကျင့်တွေ တော်တော်များတယ်။ အဆိုးဆုံးကတော့ စိတ်မရှည်တာပေါ့နော်။ အဲဒါတော့ သတိတော့ထားပြီး ကြိုးစား ပြင်နေတာပဲ။ သိပ်တော့ မအောင်မြင်သေးဘူး။

THLL:  ငယ်ငယ်တုန်းက အစ်မလက်ခံထားတဲ့ အချစ်အဓိပ္ပါယ်နဲ့ ခု အစ်မ ယုံကြည်တဲ့ အချစ်အဓိပ္ပါယ် ကွဲပြားသွားပြီလား။
HAB:   ကွဲသွားတယ် တော်တော်ကြီးကို။ ငယ်ငယ်တုန်းကကျတော့ အဲလို ပူပူလောင်လောင် နေရတဲ့ ဟာမျိုးကိုမှ တကယ်ကို ကိုယ့်ကိုချစ်တယ်လို့ အဲလိုမျိုး ထင်တာပေါ့။ အခုတော့ အဲဒါတွေကလေ အခုကိုယ်က တကယ်အေးချမ်းတဲ့ Family Life ကို ပိုင်ဆိုင်ရတဲ့ အချိန်လည်းဖြစ်၊ အသက်အရွယ်လည်း ရသွားတဲ့ အချိန်ကျတော့ အဲဒီ ပူလောင်တာတွေ ဘာတွေက ပြန်ကို မစဉ်းစားချင်တော့ဘူး။ အရမ်းကို စိတ်ပျက်တာပဲ။ (ရယ်လျက်) လုံးဝ ပြန်မလိုချင်တော့ဘူး။

THLL: အောင်မြင်တဲ့ တေးသံရှင်တစ်ယောက်အဖြစ် ရေရှည်ရပ်တည်နိုင်တာ ဘာကြောင့်လို့ အစ်မ ထင်ပါသလဲ။
HAB:  အဓိက ကတော့ သဟဇာတ ဖြစ်နေလို့ပါ။ ပရိတ်သတ်နဲ့ သဟဇာတ မဖြစ်တဲ့နေ့ဟာ ဆင်းသွားရမှာပဲပေါ့နော်။ အဲလိုပဲ ခံယူထားပါတယ်။

THLL:  အခုဆိုရင် အစ်မက သရုပ်ဆောင် တစ်ယောက်ဘဝ၊ အဆိုတော် တစ်ယောက်ဘဝ၊ ပြီးတော့ မိသားစုအပေါ် အချိန်ပေးတဲ့ သားကောင်းမိခင်ဘဝပေါ့နော်။ အဲလို ဘဝစုံကို ကရတဲ့အခါ မ အနေနဲ့ မောပန်းလာတယ်လို့ရော မခံစားရဘူးလား။
HAB:  မခံစားရပါဘူး။ လူတစ်ယောက်က ဘယ်လောက်ပဲ အလုပ်များတယ်ပြောပြော၊ တစ်ချိန်မှာ တစ်ခုပဲ လုပ်ခွင့်ရတယ်လေ။ အဲတော့ သူ့အလုပ်နဲ့သူ၊ သူ့အချိန်နဲ့သူ လုပ်သွားရုံပဲ။ ဘာမှ မပင်ပန်းပါဘူး။ အားလုံးက မမနှစ်သက်လို့ လုပ်ချင်တဲ့ ကိစ္စတွေချည်းပဲ။ ကိုယ့် Family ကိစ္စဆိုလည်း စိတ်ထဲမှာ လိုလိုချင်ချင် လုပ်ချင်တဲ့ ကိစ္စ၊ ကိုယ့်အနုပညာတွေဆိုလည်း ကိုယ်တကယ်လုပ်ချင်တဲ့ ကိစ္စ၊ ကိုယ့်ဘာသာတရားဆိုလည်း ကိုယ်တကယ်ဝါသနာပါ တကယ်ယုံကြည်လို့ လုပ်ချင်တဲ့ကိစ္စ၊ အားလုံးက ကိုယ်ယုံကြည်လို့ လုပ်ချင်တဲ့ ကိစ္စတွေချည်းပဲ။ သူ့အချိန်နဲ့သူ လုပ်သွားရုံပါပဲ။ မပင်ပန်း ပါဘူး။

THLL:  မမနဲ့ ခေတ်ပြိုင်သရုပ်ဆောင်တွေက ဘယ်သူတွေများလဲ မသိဘူး။
HAB:  မမနဲ့ အတူတူ တုန်းက မေသဉ္ဇာဦးတို့၊ မြတ်ကေသီအောင်တို့၊ ခင်ဇာခြည်ကျော်တို့၊ စုလှိုင်နှင်းတို့၊ အဲဒါ မမတို့ တစ်ခေတ်တည်းပေါ့နော်။  နောက် ထက်ထက်မိုးဦး ကတော့ မမထက် နည်းနည်း စောတယ်။

THLL:  မမရဲ့ ပရိတ်သတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦးနော်။
HAB:  မမရဲ့ ပရိတ်သတ်တွေအားလုံးကို မမ ကျေးဇူးတင်ပါတယ်။

ချစ်ခင်စွာဖြင့်
သီဟလုလင်

9 comments:

Yin Sue said...

ကိုသီဟရေ မခိုင်နဲ့အင်တာဗျူးလေး ဖတ်သွားပါတယ်....

a2m2007blogspot.com said...

အရမ်းကောင်းတဲ့ အရေးအသားလေးမို့ နှစ်သက်မိပါတယ်... ဒီနေ့လို မွေးနေ့မှာ အမှတ်တရ ရေးတင်ပေးတာ ကျေးဇူးတင်ပါတယ်..

iio said...

really nice interview I also like her but sometime background song make so noice!!!

စံပယ်ချို said...

မခိုင်ရဲ့ စတိုင်ကိုကြိုက်တယ်
ဖတ်ခဲ့တယ် စ-ဆုံးနော်

Z@! said...

အရမ်းကောင်းတဲ့အင်တာဗျူးပါပဲဗျာ.. မေးတဲ့သူရော ဖြေတဲ့သူပါ သိပ်တော်ပါတယ်လို့ ချီးကျူးပါရစေဗျာ... သာမန် အင်တာဗျူးတွေလို မွဲပြာပုဆိုး မေးခွးန်းတွေက သိပ်စိတ်ပျက်ဖို့ကောင်းနေတဲ့အချိန်မှာ ဒီအင်တာဗျူးက ကျွန်တော့်ကို စိတ်ကျေနပ်မှုပေးနိုင်တယ်ဗျာ..
ကျေးဇူးတင်ပါတယ်

mstint said...

အင်တာဗျူးလေးဖတ်သွားတယ် မောင်သီဟရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

phyu said...

Thanks for the post.

rgds/nang myint

Unknown said...

ဒီအင်တာဗျူးကြောင့်တီ့စိတ်ခံစားချက်တွေကိုပိုသိခွင့်ရခဲ့ပါတယ်

Unknown said...

ဒီအင်တာဗျူးကြောင့်တီ့စိတ်ခံစားချက်တွေကိုပိုသိခွင့်ရခဲ့ပါတယ်