Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, May 18, 2012

၂၀၁၂ ရဲ့ အလှဆုံးအမျိုးသမီး Beyonce


ကျွန်တော် အနှစ်သက်ဆုံးဂီတအမျိုးအစားတစ်ခုကတော့ R&B ပါ။ ဒီ R&B ဂီတကို ကြိုက်သွားရအောင် လုပ်ပေးတဲ့သူက ကမ္ဘာကျော် R&B တေးသံရှင် Beyonce ပါပဲ။ သူ့ကို ဟိုးအရင် Destiny's Child အဖွဲ့ကတည်းက သိပ်နှစ်သက်ခဲ့ပါတယ်။ ပထမဆုံးကြားဖူးတဲ့ သူ့ရဲ့ သီချင်းလေးက Say My Name ပါ။ အဲဒီ သီချင်းကြားခါစကတော့ သိပ်ခံစားလို့ မရခဲ့ပါဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ နားယဉ်လာပြီး အဲဒီ သီချင်းကို သိပ်ကြိုက်ခဲ့ပါတယ်။ အဲဒီသီချင်းနဲ့ မရှေးမနှောင်းပဲ ထွက်လာကြတဲ့ Jumpin' Jumpin', No No No စတဲ့ သီချင်းတွေဟာ ကျွန်တော့ အသည်းစွဲတွေ ဖြစ်လာပါတယ်။ Destiny's Child အနေနဲ့ သဘောကျလာခဲ့တဲ့ Beyonce ရဲ့ သီချင်းတွေကို သူတို့အဖွဲ့ရဲ့ နောက်ပိုင်း တေးအယ်လ်ဘမ်တွေမှာ ပိုလို့တောင် ကြိုက်လာခဲ့ပါတယ်။ သူတို့အခွေမှန်သမျှ ဝယ်နားထောင်၊ သူတို့ စတိတ်ရှိုးမှန်သမျှ  ဝယ်ကြည့်နဲ့ သူတို့မှ သူတို့ ဖြစ်ခဲ့ပါတယ်။


အဲလို ဖြစ်နေတုန်း သိပ်မကြာခင်ပဲ Beyonce က တစ်ကိုယ်တော် တေးစုကြီးဖြစ်တဲ့ Crazy In Love ကို ထုတ်ချ လိုက်ပါတယ်။ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေ ပါတဲ့ အခွေပေါ့ဗျာ။ Jay Z နဲ့ တွဲဆိုခဲ့တဲ Crazy In Love သီချင်းနဲ့အတူ Beyonce ရဲ့ အောင်မြင်ချက်က ကြောက်ခမန်းလိလိ။ ဒါလည်းပြီးရော B'day ကစလို့ ခုထိတိုင် အောင်မြင်မှုသရဖူကြီးကို ဆောင်းထားလိုက်နိုင်တာ R&B ဘုရင်မဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရယူထားနိုင်တဲ့အထိပါပဲ။ Rihanna လည်း အောင်မြင်ပေမယ့် Beyonce ရဲ့ Fan က အသက်အရွယ် မရွေးလို့ ဆိုနိုင်မယ့်အနေအထားလို့ ထင်ပါတယ်။ Rihanna ကိုတော့ ငယ်တဲ့သူတွေကသာ ပိုပြီး စိတ်ဝင်စားကြတာကိုး။ Beyonce ရဲ့ ပရိတ်သတ်က အကြီးပိုင်း အငယ်ပိုင်း မျှနေလေတော့ သူက ပိုပြီး ပရိတ်သတ်များတယ်လို့ ဆိုချင်ပါတယ်။

Beyonce က သီချင်းဆိုတဲ့အပိုင်းတင်မဟုတ်ပါဘူး။ သရုပ်ဆောင်တဲ့ အပိုင်းမှာပါ ထူးချွန်သူပါ။ ရုပ်ရှင်ကားကြီးတွေမှာ ထူးချွန်စွာ ပါဝင်သရုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ Austin Power In Gold Member တုန်းကဆိုရင် ရန်ကုန်မှာလည်း ရုံတင်ခဲ့တာမို့ ကျွန်တော် အပြေးအလွှားသွားကြည့်ခဲ့ပါသေးတယ်။ တကယ်တော့ ဒီကားကို ရန်ကုန်မှာ ရုံတင်တာ နိုင်ငံခြားတိုင်းပြည်တွေထက် နှစ်ပေါင်းတော်တော် နောက် ကျလို့ တင်ခဲ့တာပါ။ ဘာဖြစ်ဖြစ် ကျေနပ်ခဲ့ပါတယ်။ နောက်တော့ Beyonce က သူနဲ့ ပထမဆုံးအခွေ ကတည်းက အတွဲညီခဲ့တဲ့ Jay Z နဲ့ ရွှေလက်ဆက်ပြီး တည်ငြိမ်စွာ ဘဝကို ဖြတ်သန်းနေတာ တွေ့ရတော့ ပိုလို့တောင် လေးစားချစ်ခင်မိပြန်တယ်။ ဖောက်ပြန်ပြောင်းလဲဖို့ လွယ်တဲ့ခေတ်မဟုတ်လား။

ခုလည်း သတင်းကြီးတဲ့ ရွှေမင်းသမီးက "ကမ္ဘာ့အလှဆုံးအမျိုးသမီး" ဘွဲ့ကို ရလိုက်ပြန်ပြီ။ ဒီဘွဲ့ကိုတော့ ကမ္ဘာကျော် People မဂ္ဂဇင်းကြီးက ရွေးချယ်ချီးမြှင့်လိုက်တာပါ။ အသက် (၃၀) အရွယ်ရှိ Beyonce ကတော့ "အလှဆုံးလို့ ကိုယ့်ကိုကိုယ် ခံစားခဲ့ရတာထက်တောင် ပိုပြီးတော့ အလှဆုံး ဖြစ်ခဲ့တယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရင်သွေးမွေးဖွားခဲ့တဲ့ မိခင်တစ်ဦးဖြစ်လို့ပါပဲ။ ဒီလို စိတ်ကျေနပ်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဘူး" လို့ People မဂ္ဂဇင်းကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အလှဆုံးအမျိုးသမီးတစ်ယောက် ဆိုတာထက် မိခင်တစ်ယောက်ဘဝကို ကျေနပ်နေတဲ့သူ့အပြောက လေးစားစရာပါပဲ။ ဒီဘွဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကတော့ Jennifer Lopez အရွေးခံခဲ့ရပြီး အခြားသော ကမ္ဘာကျော်မင်းသမီးများလည်း ရွေးချယ် ခံခဲ့ရဖူးပါတယ်။


သီဟလုလင်

1 comments:

လွင်ပြင်လှိုင်းငယ် said...

သူ့ သီချင်းတွေကို ကြိုက်ပါသည်။