Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, May 06, 2012

စစ်ဆေးဆင်ခြင်စရာ အသက်တာ (ဒေသနာတော်)


ဒီတနင်္ဂနွေတော့ ထူးထူးခြားခြား နိုင်ငံခြားသာသနာပြုဆရာတော် တစ်ဦးရဲ့ ဒေသနာဝေငှချက်ကို ဖော်ပြလို ပါတယ်။ ဆရာချက်စ်လော ဟာ ဒီ ဒေသနာတော်ကို ပြီးခဲ့တဲ့ ဧပြီလ (၈) ရက်နေ့က ဝေငှခဲ့တာပါ။ “စစ်ဆေး ဆင်ခြင်စရာ အသက်တာ” လို့ ခေါင်းစဉ်တပ်လိုက်တဲ့ ဆရာတော်ရဲ့ ဒေသနာကို အကြောင်းအမျိုးမျိုးကြောင့် အသင်းတော်နဲ့ ဝေးကွာနေကြရတဲ့ ပြည်တွင်းပြည်ပ က ယုံကြည်သူ ညီအစ်ကိုမောင်နှမများနဲ့ လေ့လာလိုသူ ညီအစ်ကိုမောင်နှမများအားလုံးဖတ်ကြားနိုင်ဖို့ ကျွန်တော့ Blog လေးကနေ တစ်ဆင့် ပြန်လည် ဝေငှပေး လိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!


နိဒါန်း

ပဿခါပွဲ မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရုရှလင်မြို့၌ လူများစွာ ရောက်ရှိနေခဲ့ပါသည်။ သခင်ယေရှုသည် ယေရုရှလင်မြို့တော်သို့ မဝင်မီ ထိုမြို့ပြင်ရှိ ဗေသနိရွာကလေးသို့ သွားပြီး လူ သုံး ဦးကို တွေ့ဆုံခဲ့ပါသည်။ ထိုလူပုဂ္ဂိုလ် သုံးဦးသည် မည်သို့ ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်ပါသနည်း။ ဘုရားရှင်သည် ကျွန်ုပ်တို့ တစ်ယောက်စီကို အမည်နာမနှင့်ခေါ်၍ သိပါသည်။ နှုတ်ကပတ်တော်၌ အမည်နာမများစွာကို တွေ့ကြရသည်။ သမ္မာကျမ်းစာ၌ အမည်နာမပေါင်း ၃၄၀၀ ရှိသည်ဟု သိရှိရပါသည်။ ကျွန်ုပ်တို့ နာမည်များလည်း ပါရှိပါသည်။ ကျွန်ုပ်တို့ မွေးစက အပြစ်သားများ ဖြစ်ပါသည်။ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသည့်အခါမှ ကယ်တင်ခြင်းရပြီး ဘုရားသား ဖြစ်လာပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာများကို ယေရှုခရစ်တော်အားဖြင့် ပြောင်းလဲစေခဲ့ပြီး ဖြစ်ပါသည်။ ဘုရားသခင့်ရှေ့တော်၌ ကျွန်ုပ်တို့ တစ်ဦးစီ၏ အသက်တာသည် အလွန်အရေးကြီးပါသည်။ သခင်ယေရှုသည် ဘာသာတရားအသစ်ကို တည်ထောင်ဖို့ ကြွလာတော်မူသည် မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလေးထားသလို ကျွန်ုပ်တို့ အချင်းချင်းသည်လည်း တစ်ဦးကို တစ်ဦး အလေးထားကြဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ရှိကြဖို့ ဘုရားသခင် အလိုတော်ရှိပါသည်။

မာသကဲ့သို့ အစေခံတတ်ကြဖို့

ယေရုရှလင်မြို့သည် ဘာသာရေးအရ အချက်အခြာကျသော မြို့ကလေး ဖြစ်ပါသည်။ သခင်ယေရှုခရစ်သည် ပဿခါပွဲဝင်ဖို့ ယေရုရှလင်မြို့ကို မသွားမီ ဗေသနိရွာသို့ ဦးစွာ ဝင်ရောက်လာ ပါသည်။ ဗေသနိရွာတွင် မာသ၊ မာရိနှင့် လာဇရုတို့ မောင်နှမသုံးဦးနှင့် သခင်ယေရှုတွေ့ဆုံပါသည်။ 
“ပဿခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ သခင်ယေရှုသည် ရောက်တော်မူ၏။ ထို့ကြောင့် ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကို ဆောင်၍ လာဇရုသည် ကိုယ်တော်နှင့် အတူ လျောင်းသောသူတို့ အဝင် ဖြစ်၏။” (ယော၊ ၁၂:၁-၂)
သခင်ယေရှုဆုံတွေ့ခဲ့သော မောင်နှမ သုံးဦးအားဖြင့် ဘုရားသခင် သွန်သင်လိုသောအရာများကို ကျွန်ုပ်တို့ အတူတကွ ဆင်ခြင်လိုပါသည်။ ဦးစွာ ဆင်ခြင်လိုသောသူမှာ မာသ ဖြစ်ပါသည်။ သခင်ယေရှုကို ခေါ်ဖိတ်သဖြင့် ရောက်ရှိလာချိန်တွင် မာသသည် ကိုယ်တော်နှင့် အနီးကပ်နေ၍ မိဿဟယဖွဲ့ခြင်းအမှုကို ဦးစားမပေးနိုင်ပါ။ ကိုယ်တော်ကို ကျွေးမွေးပြုစုနိုင်ရန် မီးဖိုချောင်၌ အလုပ်များနေခဲ့ပါသည်။ မာသသည် အစားအသောက်ကို ဦးစားထားနေခဲ့မိပါသည်။ မာသသည် သခက်ယေရှုပေးမည့် ဝိညာဉ်အစာထက် ကိုယ်ကာယအစာကိုသာ၍ အလေးထားခဲ့ပါသည်။ မီးဖိုချောင်သည် မာသ၏ ကျင်လည်ရာနေရာဖြစ်ခဲ့ပါသည်။ မာသသည် မီးဖိုချောင်အလုပ်နှင့် ပင်ပန်းနေရင်း မိမိညီမ မာရိကို ကြည့်သောအခါ သူသည် မာသကို လာရောက် မကူညီဘဲ သခင်ယေရှု၏ ခြေတော်ရင်း၌ ထိုင်နေပြီး ကိုယ်တော်ပြောမည့်စကားကို အာရုံစိုက်ပြီး ငြိမ်ဝပ်စွာ ရှိနေခဲ့ပါသည်။ ထိုအခါ မာသသည် မာရိကို ငြူစူမိသလို အလွန်၊ ကိုယ်တော်ကိုလည်း မကျေမနပ် ဖြစ်ကာ ကိုယ်တော့်ရှေ့မှာ အပြစ်တင်မိပါသည်။ မာရိသည် မိမိကို မီးဖိုချောင်ထဲ၌ လာမကူဘဲ ကိုယ်တော်ရှေ့၌ ထိုင်နေ၍ မိမိကို မီးဖိုချောင်၌ လာကူဖို့ရန် မာရိအား ပြောပေးဖို့ တောင်းဆိုပါသည်။

ထိုအခါ သခင်ယေရှုက မာရိသည် သာ၍ မြတ်သောအရာကို ရွေးယူပြီဟု မာသအား မိန့်တော်မူခဲ့ပါသည်။ မာသ သည် ကိုယ်တော်၏စကားကြောင့် ရှက်စိတ် ဝင်ခဲ့ရပါသည်။ မာသသည် ကိုယ်တော်အား အကောင်းဆုံးကို ကျွေးနိုင်ဖို့ရန် အပင်ပန်းခံပြီး အလုပ်များနေခဲ့သော်လည်း ကိုယ်တော်က မချီးမွမ်း၊ အနီး၌ ထိုင်နေသော မာရိကိုမူ အချိန်ယူ၍ အလေးထားသည်ဟု မာသက မှတ်ယူခဲ့ပါသည်။ ထိုအမှုအရာကို ဆင်ခြင်ပါက မာသအသက်တာ၌ တစ်ခုခု ပြုပြင်ဖို့ရန် လိုအပ်နေကြောင်း သိနိုင်ပါသည်။ မာသ ယခင်က အရေးကြီးသည်ဟု မှတ်ယူခဲ့သော အရာထက် သာ၍ အရေးကြီးသောအရာ ရှိနေကြောင်း မာသ သိမြင်လာခဲ့ပါသည်။ မာသသည် ကိုယ်တော်ကို ခေါ်ဖိတ်ခဲ့ပါသည်။ ကိုယ်တော် မရောက်မီကပင် မီးဖိုချောင်အတွင်း ဝင်ရောက်ချက်ပြုတ်ပြီး ကိုယ်တော် ရောက်လာသည့်အခါ စားသောက်ဖွယ်ရာများက စားပွဲပေါ်ပင် အဆင်သင့်ရှိနေသင့်ပါသည်။ ယနေ့အချို့သော ယုံကြည်သူများသည်လည်း ကျေးဇူးတော် ချီးမွမ်းပွဲ၊ ဝတ်ပြုကိုးကွယ်ခြင်း လုပ်သည့်အခါ ထိုအစီအစဉ်၌ မပါဝင်နိုင်၊ မီးဖိုချောင်၌ ချက်ပြုတ်ခြင်းဖြင့်သာ အချိန်ကုန်နေကြရသူများလည်း ရှိကြသည်။ ထိုသို့ မဖြစ်သင့်ကြပါ။

ယနေ့ဝတ်ပြုစည်းဝေးလာကြရာ၌ အခြားသူများက ကျွန်ုပ်တို့ကို အစေခံဖို့လား၊ အချင်းချင်း တစ်ဦးကို တစ်ဦး အစေခံကြဖို့လား။ သခင်ယေရှု ဗေသနိရွာသို့ အဘယ်ကြောင့် ရောက်ရှိလာရပါသနည်း။ တစ်ယောက်သောသူက ခေါ်ဖိတ်၍ ရောက်လာခြင်း ဖြစ်ပါသည်။ မာသက ကျွန်ုပ်တို့အား မည်သည့် သင်ခန်းစာကို ပေးပါသနည်း။ ကျွန်ုပ်တို့ တစ်ဦးစီ ယုံကြည်သူဖြစ်လာခြင်းမှာ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အစေခံကြဖို့ ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့မည်သို့ အစေခံနေကြသည်ကို သတိပြုဆင်ခြင်ကြဖို့ လိုပါသည်။

မာရိကဲ့သို့ ကိုယ်တော်ကို ချစ်ကြရန်

မာရိအားဖြင့် ကိုယ်တော် သွန်သင်ပေးနေသော သင်ခန်းစာကို ဆက်၍ ဆင်ခြင်လိုပါသည်။ မာရိအားဖြင့် ကျွန်ုပ်တို့ သင်ယူရသော အရာသည် ယုံကြည်သူများအတွက် အကောင်းဆုံးသောနေရာသည် ကိုယ်တော်၏ ခြေတော်ရင်း၌ နေရခြင်း ဖြစ်ပါသည်။ နှုတ်ကပတ်တော်ကို ဖတ်ရှုသည့်အခါတိုင်း မာရိ၏ နေရာကို ကိုယ်တော်၏ ခြေတော်ရင်း၌ ရှိနေသည်ကို တွေ့ရသည်။ အဘယ်ကြောင့်နည်း၊ မာရိသည် အခြားအရာအပေါင်းတို့ထက် ကိုယ်တော်ကို သာ၍ အလေးထား၊ ဦးစားပေးကြောင်း တွေ့ရသည်။ မိမိတို့ ခေါ်ဖိတ်မှုကြောင့် ကိုယ်တော် ရောက်ရှိလာမည်ကို မာရိ သိပါသည်။ ကိုယ်တော် ရောက်ရှိလာသည့်အခါ မိမိ ဦးစားပေးလုပ်ဆောင်ရမည့် အရာသည် မည်သည့်အရာ ဖြစ်သည်ကို သူသိပါသည်။ ကိုယ်တော် ရောက်လာသည့်အခါ ပြုရမည့် အရာသည် ခြေတော်ရင်း၌ တိုးဝင် မိဿဟယဖွဲ့ဖို့ရန် ဖြစ်ပါသည်။ ကိုယ်တော်၏ မိန့်တော်မူသော စကားတော်ကို အလေးဂရုပြုနားထောင်ဖို့ ဖြစ်ပါသည်။

ကိုယ်တော် ရောက်လာသောအချိန်တွင် မာရိလက်၌ အဘယ်အရာ ရှိနေပါသနည်း။ အဖိုးများစွာ ထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ် ရှိနေပါသည်။ ထိုဆီမွှေးကို ဝယ်နိုင်ဖို့ရန် ကြာမြင့်စွာ ငွေကို စုပြီး ဝယ်ထားခြင်း ဖြစ်ပါသည်။ မာရိသည် ကိုယ်တော်အတွက် ဆီမွှေးကိုသာ ပေးလိုသည် မဟုတ်ပါ။ အကြောင်းမှာ မာရိ အသက်တာတစ်ခုလုံးကို ကိုယ်တော် ပိုင်တော်မူပါသည်။ မာရိ အသက်တာ၌ အချစ်ဆုံးသည် ကိုယ်တော်သာ ဖြစ်ပါသည်။ ကိုယ်တော် သည် မာရိ အသက်တာအတွက် အရေးကြီးဆုံးသော အရှင် ဖြစ်ပါသည်။ မာရိသည် ကိုယ်တော်အား ထိုသို့ ပေးဖို့ရန် တက်ကြွနေချိန်တွင်  တပည့်တော်တို့အဝင် ဖြစ်သော ယုဒရှကာရုတ်က စိတ်တွင် မကျေမနပ် ဖြစ်နေပါသည်။ ကိုယ်တော်နှင့် နီးကပ်သွားလာနေသော တမန်တော် ဖြစ်ပါလျက်နှင့် ကိုယ်တော်ကို မချစ်ပါ။ သူက မာရိလုပ်ရပ် မှားနေသည်ဟု ဆိုပါသည်။ ထိုဆီမွှေးကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဖို့သာ၍ ကောင်းသည်ဟု ဆိုနေပါသည်။ ယုဒရုကာရုတ် ထိုသို့ ဆိုနေခြင်းမှာ ဆင်းရဲသောသူတို့၏ အကျိုးကို ထောက်၍ ဆိုနေခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ အယောက်တိုင်းတို့သည်လည်း ကိုယ်တော်အနီးအပါး၌ နေနေပါလျက်၊ နှုတ်ကပတ်ကို ဖတ်ရှုနေပါလျက်နှင့် ယုဒရှကာရုတ်ကဲ့သို့ ကိုယ်တော်ကို မချစ်ဘဲ အခြားအရာများကို စဉ်းစားနေခြင်း ဖြစ်နိုင်ပါသည်။

မာရိအားဖြင့် သင်ခန်းစာ ယူစရာ ရှိပါသည်။ မာရိသည် ကိုယ်တော်ကို ချစ်သည်။ သူ့အသက်တာတစ်ခုလုံး၌ ကိုယ်တော်အတွက်သာ ဆင်ခြင်စဉ်းစားပါသည်။ ကျွန်ုပ်တို့သည် မာရိနည်းတူ ကိုယ်တော်ကို ချစ်ကြဖို့ လိုပါသည်။ ကိုယ်တော်နှင့် မိဿဟယ ဖွဲ့တတ်ကြဖို့ လိုပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးအာရုံများသည် ကိုယ်တော်အပေါ်၌သာ ရှိနေကြဖို့ လိုပါသည်။ ယနေ့ ကျွန်ုပ်တို့ မည်သည့်အတွက် ဘုရားကျောင်းသို့ လာကြသနည်း။ အချို့က မေတ္တာကို ခံစားလို၍ လာကြသည်။ အချို့က ကိုယ်တော့်စကားကို ကြားရဖို့ လာခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ဘုရားသခင်၏ မေတ္တာကို ခံစားကြရ၍  ကိုယ်တော်ကို ချစ်ကြရုံမျှမက အချင်းချင်းကိုလည်း ချစ်ကြဖို့ရန် ကိုယ်တော် အလိုတော် ရှိပါသည်။

လာဇရု၏ သက်သေခံခြင်းအားဖြင့်

ယခုဆက်၍ လာဇရုအားဖြင့် ကိုယ်တော်ပေးသော သင်ခန်းစာကို ဆက်၍ ဆင်ခြင်လိုပါသည်။ ဗေသနိရွာရှိ သူတို့ နေအိမ်သို့ ရောက်လာချိန်တွင် လာဇရု မည်သို့ သက်သေခံနေပါသနည်း။ လာဇရုသည် ဖျားနာပြီး သေသွားပါသည်။ သို့သော သူ၏ သေခြင်းမှ ရှင်ပြန်လာသေ သက်သေခံချက်က အလွန် ထိရောက်ပါသည်။ အားလုံးသော သူတို့၏ မျက်စေ့က လာဇရုအပေါ်၌ ရောက်နေပါသည်။ ထိုလူအုပ်ကြီး ထဲ၌ လာဇရုအသုဘ၌ အတူ ပါရှိခဲ့ကြသောသူများလည်း ရှိနေပါသည်။ သေခြင်းမှ ပြန်၍ ရှင်ပြန်လာခဲ့သော လာဇရုက လူအများအတွက် စိတ်ဝင်စားစရာ၊ အံ့သြစရာ ဖြစ်နေပါသည်။ လာဇရု သေပြီး သင်္ဂြီုလ်ခဲ့သည်မှာ လေးရက်ဖြစ်၍ ပုပ်နေခဲ့ပြီ ဖြစ်သည်။ ယခုထိုနေရာ၌ ထိုင်နေနိုင်ဖို့ရန် မည်သို့မျှ မဖြစ်နိုင်ခဲ့ပါ။ သို့သော် သခင်ယေရှုအားဖြင့် လာဇရုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါသည်။ လာဇရုကို မည်သူက အသက်ပေးခြင်း ဖြစ်ပါသနည်း။ သခင်ယေရှုခရစ်တော် ဖြစ်ပါသည်။

လာဇရုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ထိုနေရာ၌ ထိုင်နေရခြင်းသည် လူအများအတွက် အံ့သြဖွယ်ရာ ဖြစ်သည်။ ထိုအရပ်၌ လာဇရုထိုင်နေခြင်းသည် သက်သေခံနေခြင်း ဖြစ်ပါသည်။ ထိုသို့ လူအများက အံ့သြနေကြသော်လည်း ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က လာဇရုကို အကြောင်းပြုပြီး လူအများက ယေရှုခရစ်တော်ကို ယုံကြည်မည်စိုး၍ လာဇရုကို သတ်ဖို့ရန် တိုင်ပင် စီစဉ်ကြပါသည်။ ထိုပြဿနာက လာဇရုသည် သေခြင်းမှ ထမြောက်လာသောကြောင့် ဖြစ်ပေသည်။ ထိုသူတို့က လာဇရုကို သင်္ချိုင်းအတွင်းမှာ ပုပ်ပျက်သွားသည်ကိုသာ လိုလားကြသည်။ ယနေ့ ဘာသာတရားက လူကို သေခြင်းတရားအောက်၌သာ ရှိနေစေမည်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်အဖြစ်၌သာ ရှိနေလျှင်လည်း သေခြင်းသာ ရှိရမည် ဖြစ်သည်။ ယေရှုခရစ်တော်တစ်ပါးတည်းသာ အသက်ကို ပေးနိုင်ပါသည်။ ယနေ့ ကျွန်ုပ်တို့ အသက်တာများသည်လည်း သခင်ယေရှုခရစ်တော်အားဖြင့် သေခြင်းအောက်မှ အသက်ရှင်ခြင်းငို့ ကူးမြောက်လာခဲ့ခြင်း ဖြစ်ပါသည်။ သခင်ယေရှုသည် ပဿခါပွဲခံချိန် ခြောက်ရက်လိုသေးချိန်၌ ယေရုရှလင်မြို့သို့ မသွားသေးဘဲ ဗေသနိရွာသို့ သွားရခြင်းကို ကျွန်ုပ်တို့ သဘောပေါက် သိမြင်ကြပြီဟု ယုံကြည်ပါသည်။

ထိုသူတို့သည် ကိုယ်တော်ကို စောင့်မျှော်နေကြပါသည်။ မာသက ကိုယ်တော်ကို အစေခံဖို့ ဖော်ပြနေသလို၊ မာရိကလည်း ကိုယ်တော်ကို ချစ်မြတ်နိုးခြင်းက အရေးကြီးကြောင်းနှင့် လာဇရုက ကိုယ်တော်သည် အသက်ကို ပေးပိုင်သောဘုရား ဖြစ်ကြောင်း သက်သေခံနေပါသည်။ ထိုသူတို့နှင့် ယေရုရှလင်မြို့၌ ရှိနေသော ဘာသာရေးပုဂ္ဂိုလ်များဖြစ်သည့် ရဟူဒီဘာသာဝင်တို့နှင့် မည်သည့်အရာ ကွာခြားပါသနည်း။ သခင်ယေရှုခရစ်နှင့် ထိတွေ့ခြင်း၊ မထိတွေ့ခြင်း၌ ကွာခြားပါသည်။ ယနေ့ ကျွန်ုပ်တို့ မည်သို့ အသက်ရှင် နေပါသလဲ။ မာသကဲ့သို့ ကိုယ်တော်အတွက် အစေခံနေပါသလား။ မာရိကဲ့သို့ ကိုယ်တော်ကို ချစ်ပြီး ခြေတော်ရင်း၌ မိဿဟယဖွဲ့လျက် စကားတော်ကို နားထောင်နေပါသလား။ လာဇရုကဲ့သို့ ရှင်ပြန် ထမြောက်ခြင်း၏ သက်သေနှင့် ကိုယ်တော်အတွက် သက်သေခံနေပါသလား။ ကျွန်ုပ်တို့အသက်တာ၌ ခရစ်တော်အတွက် သက်သေခံစရာရှိပါသလား။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ကို နှလုံးသားထဲ၌ ပိုင်ဆိုင်ရရှိမထားပါက အစေမခံနိုင်ပါ။ မာရိကဲ့သို့လည်း ကိုယ်တော်ကို ချစ်မြတ်နိုးနိုင်မည် မဟုတ်ပါ။ လာဇရုကဲ့သို့ ကိုယ်တော် အသက်ရှင်ကြောင်း သက်သေခံစရာလည်း ရှိမည် မဟုတ်ပါ။

သခင်ယေရှုသည် ပဿခါပွဲမခံမီ ခြောက်ရက်အလို၌ ဗေသနိရွာသို့ ရောက်လာခဲ့ပြီါ် လူသုံးဦးနှင့် တွေ့ခဲ့ပါသည်။ ထိုလူသုံးဦးထံမှ သင်ခန်းစာသုံးခုကို ကျွန်ုပ်တို့ ရခဲ့ပါသည်။ ဘုရားရှင်သည် ထိုအမှုအရာများအားဖြင့် ကျွန်ုပ်တို့အား စဉ်းစားဆင်ခြင်စေလိုပါသည်။ ဘုရားသခင်ကို စကားပြောစေလိုပါသည်။ ကျွန်ုပ်တို့ အသက်တာ၌လည်း ကိုယ်တော်နှင့် ထိတွေ့သော အတွေ့အကြုံရှိခဲ့ပါက သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပေးသည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြဖို့ ဖြစ်ပါသည်။ အတိတ်က အပြစ်တရားနှင့် ဆိုင်ခဲ့သောကြောင့် သေရမည် ဖြစ်သော်လည်း ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခွင့် ပေးသည့်အတွက် ချီးမွမ်းနိုင်ကြမည်ဖြစ်ပါသည်။ ကိုယ်တော်သည် ဘာသာရေးအယူဝါဒ တစ်ခုကို သွန်သင်သော ပုဂ္ဂိုလ်မဟုတ်ပါ။ အသက်ရှုတော်မူသော အရှင်ဖြစ်ပါသည်။ သခင်ယေရှုသည် ဗေသနိရွာ၌ ထိုပုဂ္ဂိုလ် သုံးဦါ်နှင့် ထိတွေ့ပြီးနောက်၊ ခြောက်ရက်အလွတ်၊ ခုနစ်ရက်မြောက်သောနေ့တွင် လောကသားအားလုံး၏ အပြစ်အတွက် ကိုယ်စားပြုပြီး ကားတိုင်ထက်၌ အသေခံခဲ့ပါသည်။ မာသအတွက်၊ မာရိအတွက်၊ လာဇရုအတွက် အသေခံခဲ့သလို၊ ကျွန်ုပ်တို့ အယောက်စီတိုင်းအတွက် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့ပါသည်။ ထိုအရှင်သာလျှင် ကျွန်ုပ်တို့အသက်တာကို ဆက်ကပ်အပ်နှံ၍ အစေခံထိုက်သော အရှင် ဖြစ်ပါသည်။ ထိုအရှင်သာလျှင် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို ခံယူထိုက်သောအရှင် ဖြစ်ပါသည်။ ထိုအရှင်သည်သာ ကျွန်ုပ်တို့ အသက်တာ၌ ချီးမြှောက်ခြင်းနှင့်အတူ သက်သေခံဟောပြောနေဖို့ ထိုက်တန်သောအရှင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ ကိုယ်တော်အတွက် အမှန်တကယ် အစေခံနေပါသလား။ ကိုယ်တော်ကို အမှန်တကယ် ချစ်နေပါရဲ့လား။ ကိုယ်တော် အသက်ရှင်နေကြောင်း သက်သေခံရဲကြပါသလား။ အသက်တာ အသီးသီး စစ်ဆေးဆင်ခြင်လျက် အသက်ရှင်ကြဖို့ရန် အားပေး ဝေငှလိုက်ပါသည်။

1 comments:

စံပယ်ချို said...

ဘုရားသခင်ရဲ့ စကားကိုနားထောင်ခြင်းဟာလဲ
ဘုရားသခင်ကိုယုံကြည်ရာရောက်ပါတယ်
စိတ်ချမ်းမြေ့ရပါတယ်သီဟရေ