Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, May 06, 2012

ရှင်ဖုန်း ကမ်းမဲ့လက် ကို လှမ်းဆွဲကြည့်ခြင်း


ဒီနေ့ ရာသီဥတုလေးက သာသာယာယာရှိနေလိုက်တာ။ မနက်ကတည်းက ပူပူလောင်လောင် သိပ်မရှိလှ။ အေးမြနေတာမျိုးလည်း မဟုတ်ပေမယ့် ခါတိုင်းနေ့တွေထက်တော့ အပူလျော့နေတယ်လို့ ထင်မိပါတယ်။ မိုးလေးက တစ်နေ့လုံး အုံ့အုံ့မှိုင်းမှိုင်းဆိုတော့လည်း တစ်ခါတစ်ခါ ပြတင်းပေါက်က ဖြတ်လို့ ဝင်လာတဲ့ လေလေးတွေက အေးမြစွတ်စိုနေသလိုလိုပါပဲ။ ဒီလိုရာသီဥတုဟာ ကျွန်တော့ကို သီချင်းတွေ နားထောင်ဖို့ တွန်းအား ပေးလွန်းနေတယ်လေ။ ကျွန်တော် သိပ်မကြာခင်က စင်ကာပူက အစ်ကို ကို လှမ်းမှာ ထားတဲ့ Beats အသစ်ကြီးကလည်း ရောက်နေပြီမို့ ဒီနေ့တော့ အသုံးချပြီး သီချင်းကို အေးအေးလူလူ နားဆင်ဖို့ စိတ်ကူးလိုက်မိပါတယ်။ ခါတိုင်းရက်တွေကတော့ ပူလောင်လွန်းလှတာမို့ အဲဒီ နားကြပ်ထူထူကြီးကို နားမှာ တပ်ထားရမှာ သေမလောက်ကြောက်ပါတယ်။ တပ်လိုက်မိရင် ၃ မိနစ်လောက်ဆို ချွေးတွေနဲ့ စိုနေပြီ။ ဒီနေ့ရာသီဥတုလေးကတော့ အေး သယောင်ယောင်နဲ့မို့ ဝရံတာ ထွက်ပြီး ထိုင်ခုံမပါဘဲ အောက်က သမံတလင်းမှာပဲ လွတ်လွတ်လပ်လပ် ထိုင်ချလိုက်ပြီး ရွာမလို ညိုနေတဲ့ မိုးမင်းကို မျက်နှာချင်းဆိုင်လို့ သီချင်းရွေးနေမိပါတယ်။ ဒီတလော သီချင်းနားထောင်စရာ အကြွေးတွေ ပုံနေတဲ့အထဲက တေးစုသစ် တစ်ခု ဖြစ်တဲ့ အမျိုးသမီးတေးသံရှင် “ရှင်ဖုန်း” ရဲ့ “ကြင်နာသူကမ်းမဲ့လက်” တေးစု ကို ရွေးချယ်လိုက်ပါတယ်။


ရှင်ဖုန်း ဟာ သီချင်းချိုချိုအေးအေးလေးတွေနဲ့ အောင်မြင်လာတဲ့ တေးသံရှင်ပါ။ ဒါကြောင့်လည်း ခု ဒီတေးစုမှာလည်း သီချင်းချိုချိုအေးအေးလေးတွေပဲ ပါလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ခုလို ရာသီဥတုပုံစံ နဲ့လည်း လိုက်တယ်။ ပြီးတော့ ဒီရက်ပိုင်းမှာ ခံစားနေရတဲ့ ကျွန်တော့ရင်ထဲက ပဋိပက္ခတွေနဲ့လည်း အစပ်အဟပ်တည့်မယ်လို့ ယုံကြည်ပြီး အကြွေးတင်နေတဲ့ သီချင်းခွေတွေထဲက ဒီတစ်ခွေကို နားထောင်ဖြစ် ခဲ့ပါတယ်။ ချိုကြည်သာ တေးသံသွင်းကနေ ဖြန့်ချိထားတဲ့ ရှင်ဖုန်း ရဲ့ “ကြင်နာသူကမ်းမဲ့လက်” တေးစုမှာ Plus Three Band က သီချင်းများကို တီးခတ်ပေးထားပြီး၊ Hybird Workshop Studio မှာ အသံသွင်းထား ပါတယ်။ ဟာမိုနီကိုတော့ Ever Glades အဖွဲ့က တာဝန်ယူပေးထားတာပါ။ ဒီတေးစုမှာ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ပြီး သီချင်းများကို ရေးဖွဲ့ပေးထားကြတာက ညီညီသွင်၊ ဆောင်းဦးလှိုင်၊ အယ်ဒီ၊ စည်သူလွင်၊ အားတီ၊ နေရောင်၊ ကမ္ဘာ၊ မီးမီခဲ နဲ့ ရှင်ဖုန်း စတဲ့ တေးရေးတေးဆို အနုပညာရှင်တွေက ဖွဲ့သီပေးထား ကြပါတယ်။

(၁) တို့စိတ်ပြောင်းရင်
တကယ်ကောင်းတဲ့ Electro Pop သီချင်းလေးပါ။ ကိုယ်ပိုင်သံစဉ်ဖြစ်မယ်လို့လည်း ယူဆမိပါတယ်။ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Dance သီချင်းမျိုးကို ဖန်တီးထားနိုင်ပါတယ်။ မြူးကြွနေပြီး စာသားအကြောင်းအရာကလည်း သံစဉ်နဲ့ လိုက်ဖက်လွန်းပါတယ်။ ချစ်ရေးဆိုနေတဲ့ ကောင်လေးကို သူ စိတ်ဝင်စားလောက်မယ့်ပုံစံဖြစ်အောင် ပုံစံတွေအမျိုးမျိုးပြောင်းပြီး ကြိုးစားကြည့်ပါဦး။ သူ့အကြိုက် ဝင်အောင် လုပ်ကြည့်ပါဦး ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်းနဲ့ ရိုးရိုးလေး တင်ပြထားပါတယ်။ ရှင်ဖုန်း အသံနဲ့လည်း လိုက်ဖက်ပါတယ်။ သီချင်းကို နောက်တစ်ကျော့ အစအဆုံးပြန်ဝင်ပြီးချိန်မှာ ထည့်သွင်းသွားတဲ့ Music လေးကို နားထဲ ဆွဲသွားလောက်အောင် ဖြစ်ခဲ့ပါတယ်။ ချက်ချင်းကို Club ထဲ ရောက်သွားတဲ့ ခံစားချက်မျိုးပေးတဲ့ သီချင်းကောင်းလေးလို့ ညွှန်းချင်ပါတယ်။

(၂) ကြင်နာသူကမ်းမဲ့လက်
တေးစုခေါင်းစီးတေးလေးဖြစ်သလို၊ ကျွန်တော်မျှော်လင့်ထားတဲ့ သီချင်းချိုအေးလေး တစ်ပုဒ်ပါ။ တကယ်လည်း တေးစုခေါင်းစီး တင်ထိုက်လောက်အောင် လှပတဲ့ အချစ်သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ အရောင်ပြောင်းသွားတဲ့ ချစ်သူအကြောင်းနဲ့ ခံစားရတဲ့ ကျန်ရစ်သူရဲ့ အကြောင်းလေးကို လွမ်းမောစရာ ဖွဲ့သီထားတဲ့ သီချင်းလေးပါ။ Chorus က စာသားလေးကို သိပ်သဘောကျပါတယ်။ နူးညံ့ကဗျာဆန်လွန်း ပါတယ်။ “သွားခွင့်ပြုပါတယ်။ မင်းအဝေးသွားချင်လည်း တားခွင့်မှ မရှိဘဲ။ တိတ်တိတ်လေး ငိုမယ်။ အမှောင်ထဲမှာ ကြေကွဲစွာ တစ်ယောက်တည်းကမ္ဘာ ကိုယ်ဘယ်လိုဖြေသိမ့်ရမလဲ။” ဆိုတဲ့ စာသားလေးဟာ တကယ်ကို ထိရှကြေကွဲရပါတယ်။ ကျွန်တော်လည်း နှစ်ခြိုက်မိသလို မိန်းကလေးပရိတ်သတ်တွေလည်း အကြိုက်တွေ့မယ့် သီချင်းလေးတစ်ပုဒ်ပါပဲ။

(၃) ရင်ခုန်သံလေး
နောက်ထပ် အချစ်သီချင်းကောင်းလေးတစ်ပုဒ်ပါပဲ။ ဒီတစ်ပုဒ်ကတော့ Cover Song ဖြစ်မှာပါ။ ကျွန်တော် မူရင်းသီချင်းလေးကို ကြားဖူးနေပါတယ်။ နာမည်ကိုတော့ စဉ်းစားမရဘူး ဖြစ်နေတယ်။ Avril Lavigne ရဲ့ သီချင်းလို့ ထင်ပါတယ်။ ရှင်ဖုန်း ဆိုထားတာလည်း မီသလို၊ စာသားအကြောင်းအရာ သွတ်သွင်းမှုကလည်း ရှယ်ပါပဲ။ ဒီသီချင်းက အသည်းကွဲသီချင်းမဟုတ်ဘဲ အချစ်သီချင်း၊ ကြည်နူးစရာသီချင်းလေးပါ။

(၄) အဆုံးအဖြတ်
အလွမ်းသီချင်းတွေဆိုတာ ပိုင်နိုင်တဲ့ ရှင်ဖုန်းအတွက်က ဒီလို သီချင်းမျိုးက အေးဆေးဖြစ်မှာပါ။ သူ ဆိုနေကျ ပုံစံလေးပါပဲ။ စာသားအကြောင်းအရာကောင်းတဲ့ သီချင်းတွေကို ဦးစားပေးရွေးထားပုံရပါတယ်။ “ငါလေမင်းကို မုန်းတယ်၊ ဒါပေမယ့် ကိုယ်ချစ်ခဲ့” ဆိုတဲ့ စာသားလေးကတော့ ချမ်းချမ်း ရဲ့ တေးစုခေါင်းစဉ်ကို သွားသတိရစေပါတယ်။

(၅) သက်ဆုံးတိုင်ထိချစ်သွားမယ်
အချစ်သီချင်း နုနုလေးတွေကို ရွေးဆိုထားတာမို့ သီချင်းတော်တော်များများက နုဖတ်နေပါတယ်။ ပြိုမလို မိုးကို ကြည့်ပြီး သီချင်းကို တစ်ယောက်တည်း နားထောင်ရသူ ကျွန်တော့အတွက်တော့ မျက်ရည်ကျချင်ချင်တောင် ဖြစ်လာပါတယ်။ ဒီသီချင်းလေးလည်း တော်တော်ကောင်းပါတယ်။ တကယ်က စာသားတွေက ပီပြင်ကောင်းမွန်လွန်းလို့သာ ပိုပြီး ခံစားရတာက တစ်ကြောင်း၊ ရှင်ဖုန်း ရဲ့ mood က သိပ်ပီပြင်လွန်းနေတာကလည်း နားထောင်ရသူကို ပိုပြီး ခံစားရစေပါတယ်။ ကျွန်တော် ကြိုက်တဲ့ သီချင်းတွေထဲမှာ ဒီသီချင်းလေးလည်း ပါသွားပါတယ်။

(၆) မချစ်ဘဲနဲ့ မကြိုက်ဘဲနဲ့
သီချင်းအေးအေးလေးတွေ များလာတော့ မြူးမြူးလေးနဲ့ ပြန်ဖြေပေးထားပါတယ်။ ဒီသီချင်းလေးကတော့ သွက်သွက်လေးပါ။ Latino ပုံစံလေးလိုလို နဲ့ သီချင်းလေးနားထောင်ရင်း ကခုန်ပျော်ရွှင်ချင်လာပါတယ်။ အကြောင်းအရာကတော့ ပေါ့ပေါ့ပါးပါးလေးပါ။ လူငယ်ကြိုက် ပုံစံလေးဖြစ်အောင် ရေးဖွဲ့ သီဆိုထား ပါတယ်။

(၇) နွေခုံတန်းလေး
ဒီသီချင်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်တော် သိပ်ကြိုက်ခဲ့ပြီးသားပါ။ ခုချိန်မှာ Version အသစ်နဲ့ ပြန်နားထောင်ရတော့လည်း ပိုကြိုက်မိပါတယ်။ တေးရေး အယ်ဒီ ရဲ့ လက်ရာ သီချင်း ကောင်းလေးပါ။ အရင်ကတော့ 58 Lady Show မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်တော်ခွေမှာ ပြန်လို့ ထည့်ထားပုံရပါတယ်။ ကျောင်းကို ချစ်ကြတဲ့ လူငယ်တိုင်း ခံစားရမယ့် အကြောင်းအရာလေးပါ။ ချစ်သူတွေ ဝေးကွာရတဲ့ နွေကျောင်းပိတ်ရက်ခံစားချက်လေးအကြောင်းကို ခုံတန်းလေးကို ပမာပေးပြီး ဖွဲ့ဆိုထားပါတယ်။ ကျောင်းသားတွေအနေနဲ့ မဟုတ်ဘဲလည်း စိတ်ကူးနိုင်ဦးမယ့် တေးကောင်းလေးမို့ လူငယ်၊ လူလတ်ပိုင်း အားလုံး သဘောကျနေမယ်လို့ ထင်မိပါတယ်။ ရှင်ဖုန်း ရဲ့ အကောင်းဆုံးတေးတွေ ထဲလည်း တစ်ပုဒ်အပါဖြစ်မယ်လို့ ယုံကြည်ပါတယ်။

(၈) အချစ်=မှားလား
တရုတ်သီချင်းလေးတစ်ပုဒ်ကို ပြန်လည် မွေးစားသီဆိုထားတာပါ။ ဒီသီချင်းလေးကို တရုတ်လို ကြားဖူးနေတာ တော်တော်တောင်ကြာနေပြီ။ ခုမှ ရှင်ဖုန်းက ပြန်ဆိုဖြစ်တာလား မသိ။ အရင်က တစ်ယောက်ယောက်များ သီဆိုခဲ့သေးလားလို့ စဉ်းစားမိသေးရဲ့။ ဒီသီချင်းလေးမှာ Hip Hop လေးတွေပါ ထည့်သွင်းထားပါတယ်။ လူငယ်အချစ်သီချင်း ပေါ့ပေါ့ပါးပါးလေး တစ်ပုဒ်ပါပဲ။

(၉) မငိုနဲ့တော့
အလွမ်းခံစားချက်ပါတဲ့ သီချင်းလေးတွေကို ဆွေးဆွေးလေး ခံစားလိုသူတွေ အကြိုက်တွေ့မယ့် သီချင်းလေး တစ်ပုဒ်ပါပဲ။ ဇာတ်သိမ်းကို မမျှော်လင့်တဲ့အတိုင်း ဖြစ်လာလို့ ခံစားနေရတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ခံစားချက်ပါ။ ကိုယ့်ကိုကိုယ် ပြန်အားပေးထားတဲ့ သီချင်းလေးလည်း ဖြစ်လို့ အသည်းကွဲနေတဲ့သူတွေ အတွက် အားတက်စရာလေးပါ။ အသည်းကွဲနေတယ်ဆိုရင်တော့ ပါးပါးလေး ခံစားကြည့်လိုက်ပါဦး။

(၁၀) အရင်ကလို
ဒီသီချင်းကတော့ ကျွန်တော်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ “အရင်လို ချစ်တဲ့စကားများ၊ အရင်လို အနမ်းတွေ တောင့်တ... အရင်လို မနက်ဖြန်များဟာ မဟောင်းနွမ်းသေးပါ။ အရင်လို မင်းရဲ့အပြုံးများ... အရင်လို မင်းမျက်ဝန်းများ... အရင်လို မင်းရဲ့အချစ်တွေ ထိတွေ့ချင်သေး... ပြန်မရနိုင်တော့ဘူးလား။” ဒီ စာသားလေးကို ဖတ်ကြည့်လိုက်ရုံနဲ့ သီချင်းလေးရဲ့ အသွားအလာကို ခံစားမိမယ်လို့ မျှော်လင့်ပါတယ်။ ချစ်သူက လမ်းခွဲဖို့ပြင်ဆင်နေတာကို ကြုံနေရတဲ့သူတွေနဲ့ လမ်းခွဲကာစ ချစ်သူတွေအတွက် ခံစားရမယ့် သီချင်းကောင်း တစ်ပုဒ်ပါပဲ။

(၁၁) လက်တစ်ကမ်း
နောက်ထပ် Latino စတိုင်လ် သီချင်းလေးတစ်ပုဒ်ပါ။ မြူးမြူးလေးပါပဲ။

(၁၂) နင်နဲ့ငါ
R&B ပုံစံနဲ့ နားအရသာအပြောင်းအလဲ လုပ်ပေးထားပါတယ်။ ချစ်သူထားခဲ့ချင်လည်း ထားခဲ့ပါ။ သူကတော့ ကျေနပ်စွာလက်ခံသွားမယ်ဆိုတဲ့ ပုံစံနဲ့ ကိုယ့်ဟာကိုယ်ပဲ အပြစ်ဖို့ ကျန်ရစ်ခဲ့ရတဲ့ ကောင်မလေး တစ်ယောက်အကြောင်းပါ။

(၁၃) နှင်းတွေနဲ့ည
လောလောဆယ်တော့ မိုးရွာမယ့်အချိန်မှာ နားထောင်ရတာမို့ ဒီသီချင်းကတော့ တစ်မျိုးကြီး ဖြစ်နေပေမဲ့ သီချင်းကောင်းလေးပါ။ သီချင်းက အလွမ်းသီချင်းမဟုတ်ပါဘူး။ ချစ်သူအနားမှာ ပြန်လာလို့ ပျော်နေတဲ့ ချစ်သူကောင်မလေးရဲ့ ခံစားချက်တွေပါ။ ဒီဇင်ဘာလရဲ့ အပျော်တွေကို ပိုပြီးပျော်အောင် ဖြည့်ဆည်းပေးမဲ့ သီချင်းလို့ ဆိုပါရစေ။ နိုဝင်ဘာလ၊ ဒီဇင်ဘာလလောက်မှာသာ နားထောင်ရင် သိပ်စိတ်ကူးယဉ် လို့ ကောင်းမယ့် သီချင်းလေးပါ။

(၁၄) အချစ်ဆုံးသို့
Acoustic ပုံစံလေးနဲ့ တင်ဆက်လာတဲ့ တရုတ်သီချင်း Cover လေးဖြစ်မယ် ထင်ပါတယ်။ စာသားလေးက နူးညံ့လို့ သဘောကျချင်စရာပါ။ အနားမှာမရှိတော့တဲ့ ချစ်သူကို လွမ်းထားတဲ့ သီချင်းပါ။ “မင်းသိပ်ချစ်တယ်ဆို... ပြောခဲ့ ဒီစကားများဟာလည်း... ရူးပြီ... နောက်တစ်ကြိုက်လောက် ကြားချင်” ဆိုတာလေးကတော့ နားထောင်မိရုံနဲ့ သနားချင်လာအောင်ပါပဲ။

တေးစုတစ်ခုလုံးက ခြုံကြည့်ရင်တော့ စတား ၄ ခု ၅ ခုပေးရလောက်အောင်ကို ပြည့်စုံပါတယ်။ သီချင်း အအေးတွေနဲ့ချည်း အီမနေသလို လူငယ်ဆန်ပြီး ပေါ့ပါးလတ်ဆတ်နေတဲ့အပြင် ရသပေါင်းစုံ ခံစားရစေပါတယ်။ သီချင်းအသစ်လေးတွေမို့ နည်းနည်း အချိန်ပေးနားဆင်ရဖို့ လိုပေမယ့် အလွမ်းဓါတ်ခံ ရှိရင်တော့ တစ်ချက်တည်းနဲ့ ကျွင်းဝင်နိုင်မယ့် တေးစုလေးပါ။ မိန်းကလေး ပရိတ်သတ်တွေ ပိုခံစား နှစ်သစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ နားဆင်ထိုက်တဲ့ တေးစုလေး အဖြစ် ညွှန်းဖွဲ့ချင်ပါတယ်ခင်ဗျာ။

သီဟလုလင်

2 comments:

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်

Yin Sue said...

ကိုသီဟညွှန်းတာနဲ့တင် နားထောင်ချင်စိတ်ပေါက်သွားပြီ....ရှာပြီးနားထောင်လိုက်ဦးမယ်ဗျာ.....ခုတလော သီချင်းအသစ်တွေနားမထောင်ဖြစ်တာကြာတော့ ဘယ်သူတွေ ဘာတွေ အသစ်ဆိုနေမှန်းကိုမသိတော့ဘူး...ကျေးဇူးပါဗျာ....နောက်တစ်ခါတင်ရင် နားထောင်လို့အဆင်ပြေမဲ့ လင့်ခ်လေးပါ ထည့်ပေးရင်ပိုကောင်းမယ်ထင်တယ်အစ်ကိုရေ......