Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, May 27, 2012

သိလျက်နှင့် ဝန်မခံခြင်း၏ အကျိုး (ဒေသနာတော်)


အပတ်စဉ် ဝေမျှခွင့်ရနေသော တရားဒေသနာတော်များအတွက် အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဦးစွာ ချီးမွမ်းပါတယ်။ အသင်းတော်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြတဲ့ ပြည်တွင်းပြည်ပက ယုံကြည်သူ ညီအစ်ကို မောင်နှမများအပါအဝင် လေ့လာလိုသူတိုင်းအတွက် ဝိညာဉ်ခွန်အားနှင့် ဆာငတ်မှု သက်သာဖို့ ယုံကြည်မျှော်လင့်ပါတယ်။ ခု တစ်ပတ်မှာလည်း ဆရာကြီး ဦးဇေန ဝေငှထားတဲ့ “သိလျက်နှင့် ဝန်မခံခြင်း၏ အကျိုး” ဒေသနာတော်ကို ဝေမျှပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ တည်ဆောက်သူတိုင်းအား သာ၍ ကောင်းကြီးပေးပါစေ။ Amen!


ချစ်သောဓမ္မမိတ်ဆွေ...
ကျွန်ုပ်တို့ အမိမြန်မာပြည်၏ ခရစ်ယာန်သာသနာသည် ယခုအခါ အနှစ်နှစ်ရာ နီးကပ်လာလေပြီ။ ခရစ်ယာန် ဘာသာဝင် အသင်းသူ/အသင်းသားတို့သည်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသင့်သလောက် သိခဲ့ကြလေပြီ။ ကယ်တင်ခြင်းအကြောင်းပြောမလား၊ ခရစ်ယာန် အသက်ရှင်ခြင်း ဟော မလား၊ ခေတ်ကာလ အပိုင်းအခြား သင်မလား၊ ပြောတတ် ဟောတတ်ကြလေပြီ။ သို့သော် လိုအပ်နေသည် မှာ အသိသာ ရှိပြီး လက်တွေ့ပိုင်းမှာ နာခံခြင်း၊ လိုက်လျှောက်ခြင်း မရှိခြင်းပေတည်း။

သို့ဖြစ်၍ တစ်ချိန်က ဟေရှာယဟောဖူးသော အနာဂတ်စကားဟူမူကား သင်တို့သည်၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ၊ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။ (မဿဲ၊ ၁၃:၁၄)။ ဤစကားအတိုင်း ကျွန်ုပ်တို့ ယုံကြည်သူများ အသက်တာမှာ ပြည့်စုံနေရော့သလား စဉ်းစား စရာ ဖြစ်ပါသည်။

ချစ်သောဓမ္မမိတ်တွေများ...
တကယ် မသိ၍၊ မနာခံခြင်းသည် သည်းခံစရာ၊ ခွင့်လွှတ်စရာ ရှိပါ၏။ သို့သော် သိလျက်နှင့် မြင်လျက်နှင့် မိမိမျက်စိကို ပိတ်သောသူဖြစ်လျှင်မူကား၊ အန္တရာယ်ကြီးလှပေ၏။

ယခုနှစ်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဘက်ကို ရက်ပေါင်း (၇၀) တိတိ ဧဝံဂေလိခရီး သွားခဲ့ပါသည်။ ထိုလမ်းခရီးစဉ်တစ်လျှေကြ် ခရစ်ယာန်ဘာသာဝင်များကို ဤအကြောင်း ဤအချက်ဟော ပြောခဲ့ပါသည်။ သို့သော် တချို့မှာမူ သမ္မာကျမ်းစာသင်ကြားပေးခြင်းကို နားလည်သဘောပေါက်ပါလျက်နှင့် လက်မခံဘဲ၊ ရှိနေကြသူ မြောက်များစွာ ရှိကြောင်း တွေ့ရပါသည်။ တချို့မှာ ကယ်တင်ခြင်းသို့ ရောက်ပြီးမှ ဆယ်ဖို့တစ်ဖို့ ပေးစရာမလို၊ အပြစ်ဝန်ချစရာမလို၊ တောင်းပန်စရာမလို၊ အမြဲဆုတောင်းနေစရာမလို၊ မလို- မလို- ဝါဒ ကို ကိုင်ဆွဲပြီး၊ သိသိကြီးနှင့် ထင်ရာစိုင်းနေသူများလည်း ရှိလေသည်။

တချို့မှာမူ ကယ်တင်ခြင်းဆိုသည်မှာ ယခုဘဝကတည်းက ရ မရ မသိနိုင်။ သေမှသိမည်ဟု ဆိုနေကြသည်။ ကယ်တင်ခြင်းကို သဘောပေါက်အောင် သင်ကြားသော်လည်း၊ ကယ်တင်ခြင်းကို လက်မခံဘဲ၊ မိမိအကျင့်သီလ၊ ကောင်းမှုကိုသာ မှီခိုအားကိုးနေသူများလည်း ရှိသည်။ ထို့ကြောင့် ထိုလူစားထဲမှာ ကျွန်ုပ်တို့သည်လည်း ပါမသွားမိအောင် သတိပေးလိုပါသည်။

တစ်ချိန်က ပရောဖက် ယေရမိလက်ထက်မှာ စိတ်ခိုင်မာသော ရှင်ဘုရင် တစ်ပါး ရှိလေသည်။ ထိုသူသည် ယောရှိမင်းကြီး၏ သားဇေဒကိမင်း ဖြစ်လေသည်။ တရံရောအခါ ဇေဒကိမင်းကြီးသည် ယဇ်ပရောဟိတ်တို့ကို ယေရမိထံသို့ စေလွှတ်၍ ငါတို့အဖို့ ထာဝရဘုရားသခင်အား ဆုတောင်းပါလော့ ဟု မှာလိုက်၏။ ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက်သေး။

ထိုအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပရောဖက် ယေရမိထံသို့ ရောက်၍ သင်တို့ကို စစ်ကူခြင်းငှာ လာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည် သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။ ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကို တိုက်ယူပြီးလျှင် မီးရှို့ကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ် မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။ ထိုမျှမက သင်တို့ကို စစ်တိုက်သော ခါလဒဲစစ်သူရဲအပေါင်းတို့ကို သင်တို့သည် လုပ်ကြံသဖြင့်၊ သူတို့တွင် ဒါဏ်ချက်ထိသောသူသက်သက် ကျန်ကြွင်းသော်လည်း သူတို့အသီးသီး၊ မိမိတို့ တဲ၌ ထ၍ ဤမြို့ကို မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ စားရေးတော်ယေနသန်၏ အိမ်၌ လှောင်ထားကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း (ယေရမိ၊ ၃၇:၃-၁၅)။

တဖန် ဇေဒိကမင်းကြီးသည် လူကို စေလွှတ်၍ ဗိမ္မာန်တော်၏ အတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင် သင်၌ တစ်စုံတစ်ခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော်၊ ယေရမိက အကျွန်ုပ် လျှောက်လျှင်၊ အကျွန်ုပ်ကို မသတ်ဘဲ အမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူမည်လော ဟု ဇေဒကိမင်းကြီးကို မေးလျှောက်၏။ ထိုအခါ ဇေဒကိမင်းကြီးကလည်း၊ ငါတို့အသက်ရှင်သောသတ္တဝါဖြစ်စေခြင်းငှာ၊ ဖန်ဆင်းသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင့်ကို ငါမသတ်၊ သင့်အသက်ကိုရှာသော ထိုသူတို့လက်သို့ သင့်ကို ငါမအပ်ဟု ယေရမိအား တိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။

ယေရမိကလည်း ဣသရေလအမျိုး၏ ကောင်းကင်ဗိုလ်ခြေ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်မှူးမတ်တို့ထံ ထွက်သွားလျှင် အသက်ချမ်းသာရကြလိမ့်မည်။ ဤမြို့ သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက် ချမ်းသာ ရကြလိမ့်မည်။

သို့မဟုတ် ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်မှူးမတ်တို့ထံ ထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့အပ်၍ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း သူတို့လက်နှင့် မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏ (ယေရမိ၊ ၃၈:၁၄-၁၈)။

ချစ်သောဓမ္မမိတ်ဆွေ...
ဇေဒကိမင်းကြီးသည် ထာဝရဘုရား၏ အမိန့်တော်စကားကို၊ ကောင်းမွန်စွာ သဘောပေါက် နားလည်သော်လည်း၊ နာခံခြင်းမရှိ၊ မိမိစိတ်ကြိုက်အတိုင်း အသက်ရှင်သောကြောင့် နောက်ဆုံးတွင် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရလေသည်။ ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလတွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထား ကြ၏။ ယုဒရှင်ဘုရင် ဇေဒကိမင်းနှင့်၊ စစ်သူရဲအပေါင်းတို့သည် ထိုလူများကိုမြင်လျှင်၊ ညအခါပြေး၍ ဥယျာဉ်တော်လမ်းသို့ လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးလျှင် လွင်ပြင်သို့ သွားကြ၏။ ခါလဒဲစစ်သူရဲတို့သည် လိုက်လျက် ယေရိခေါလွင်ပြင်၌ ဇေဒကိမင်းကို မှီ၍ ဖမ်းဆီးပြီးမှ နေဗုခဒ်နေဇာ ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်၍ ဇေဒကိသားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ သူ့ကို ကြေးဝါကြိုးဖြင့် ချည်နှောင်လေ၏။ ခါလဒဲ လူတို့သည်လည်း နန်းတော်နှင့်ဆင်းရဲသားအိမ်တို့ကို မီးရှို့၍ မြို့ရိုးကို ဖြိုဖျက်ကြ၏။

ချစ်သောဓမ္မမိတ်ဆွေ...
ဤနေရာ၌ ယုဒဘုရင် ဇေဒကိသည် ဖြစ်လာမည့် အခြေအနေကို မသိ၍ မဟုတ်ပါ။ ယေရမိထံမှ တိကျသော ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရရှိပြီး ဖြစ်ပါသည်။ သို့သော် ဇေဒကိမင်းသည်
“လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ ကျွန်ဖြစ်၏။ အဘယ်သို့နည်းဟူမူကား လူကို နိုင်သောအရာသည် လူ၏သခင်ဖြစ်၏။” (၂ပေ၊ ၂:၁၉)

တမန်တော်ပေါလုက ဂလာတိအသင်းတော်ကို ဤသို့ ရေးလိုက်၏။
“ညီအစ်ကိုတို့ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူ ဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကို ပေး၍ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။” (ဂလာတိ၊ ၅:၁၃)

ချစ်သောမိတ်ဆွေ...
ဇေဒကိသည် ထိုကဲ့သို့သော ဆင်းရဲဒုက္ခမှ လွတ်ရာလမ်းကို ရပြီးသောသူ ဖြစ်ပါ၏။ သို့သော် ဇေဒကိမင်းကြီးသည် ဘုရားစကားကို နားထောင်မည့်အစား မိမိစည်းစိမ်၊ မိမိရာထူးများကို တပ်မက်သောကြောင့်၊ နောက်ဆုံးတွင် ပျက်စီးခဲ့ရလေသည်။

ထိုနည်းတူစွာ ယနေ့ ယုံကြည်သူများသည်လည်း ခန္ဓာကိုယ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမ္မာန် ဖြစ်သည်ဟု သိပြီး ဝန်ခံလျက်ပင်၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာများ မှီဝဲလျက်ရှိသော ယုံကြည်သူများ၊ ဘုရားသားသမီးများသည် သမ္မာအာဇီဝဖြင့်သာ အသက်မွေးရမည်ဟု သိလျက်ပင် အရက်ရောင်း၊ ထီထိုး၊ လောင်းကစား ပြုနေသော ယုံကြည်သူများ၊ တစ်လင်တစ်မယားစနစ်သာလျှင် ဘုရားသခင် နှစ်သက်သည်ဟု သိလျက်ဖြင့် မယားငယ်ထားနေသူများ၊ လက်ထပ်မင်္ဂလာဆောင်ခြင်းပြုပြီး မှ အတူနေခြင်းသာလျှင် ဘုရားကြိုက်နှစ်သက်သည်ဟု သိလျက်ပင် မျက်စိမှိတ်ပြီး ဇာတိတပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သွေးဆောင်ခြင်း ခံသောသူတို့၏ နောက်ဆုံးရလဒ်သည် ဇေဒကိ ကဲ့သို့ ဆိုးကျိုးသာရမည်အကြောင်း ခရစ်တော်၏ မေတ္တာ၌ သတိပေးဝေငှလိုက်ပါသည်။

0 comments: