Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 23, 2013

နားဆင်ချင်စရာ


ဒီကနေ့ရဲ့ နားဆင်ချင်စရာ အဖြစ် နိုင်ငံတကာ သီချင်းအယ်လ်ဘမ်လေး နှစ်ခုကို ထပ်မံလို့ ကျွန်တော် ရွေးနုတ်တင်ပြပေးချင်ပါတယ်။ ဒီကဏ္ဍလေးအတွက် ကျွန်တော့ကို သီချင်းအယ်လ်ဘမ်များ အမြဲတစေ မညီးမညူ ပံ့ပိုးပေးတတ်တဲ့ S N' W (CDII) တေးထုတ်လုပ်ရေးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။



Prestige (DADDY YANKEE)

ဂီတအမျိုးအစား - Reggaeton, Hip Hop, Latin Rap
လူကြိုက်များသည့် သီချင်းများ - Ven Conmigo, Lovumba, Pasarela

သီချင်းမြူုးမြူးလေးတွေနဲ့ လူငယ်တွေကို ဖမ်းစားတတ်တဲ့ Daddy Yankee ရဲ့ တေးအယ်လ်ဘမ်အသစ်လေးပါ။ ၆ ခုမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်လေးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ဒီကို အရောက်အပေါက်နည်းတဲ့ Daddy Yankee ရဲ့ တေးအယ်လ်ဘမ်တွေထဲက တစ်ချပ်လို့ ဆိုချင်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ စတင်ဖြန့်ချိပြီးတဲ့ တစ်နာရီ အတွင်းကိုပဲ US, Colombia နဲ့ Venezuela နိုင်ငံတွေရဲ့ iTunes Store တွေမှာ နံပါတ် တစ် အဖြစ် အဖော်ပြခံခဲ့ရတဲ့ တေးအယ်လ်ဘမ်ပါ။ အခြားနိုင်ငံတွေမှာလည်း ထိပ်တန်း ၁၀ စာရင်းဝင်ခဲ့ပါသေးတယ်။ သီချင်း (၁၇) ပုဒ် ထည့်သွင်းပေးထားတာကတော့ နားဆင်သူပရိတ်သတ်ကို အားရကျေနပ်စေတာပါပဲ။ J Alvarez, Natalia Jimenez, De La Ghetto, Nengo Flow, Arcangel, Farruko, Baby Rasta & Gringo, Alex Kyza, Kendo Kaponi, Randy, Price Royce စတဲ့ ဂီတမောင်နှမ များက ဒီတေးအယ်လ်ဘမ်ထဲက သီချင်းအချို့မှာ ပါဝင်ကူညီ အားဖြည့်ထားပါသေးတယ်။ သီချင်းအများစုကတော့ ကခုန်ချင်စရာလေးတွေဖြစ်ပြီး Ven Conmigo, Lovumba, Pasarela, Limbo, Perros Salvajes သီချင်းတွေက လူငယ်ထုကြားမှာ ရေပန်းစား အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ Daddy Yankee ပရိတ်သတ်တွေ အတွက် မျှော်ရကျိုးနပ်တယ်လို့ ဆိုချင်ပါတယ်။ ခုလက်ရှိ ပြန်လည်အောင်မြင်နေတဲ့ သီချင်းလေးတွေထဲက တချို့ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလလောက်ကတည်းက စင်ဂယ်လ်အဖြစ် ထွက်ရှိအောင်မြင်ပြီးသားတွေ ဖြစ်ပြီး ခုတစ်ကိုယ်တော်အယ်လ်ဘမ်ကြီးထဲမှာ ပြန်လည်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနှစ်သက်ကြတဲ့ လူငယ်တိုင်း ရင်ခုန်နိုင်မယ့်တေးအယ်လ်ဘမ်ပါ။

Unapologetic (RIHANNA)
ဂီတအမျိုးအစား - Pop, EDM, Dubstep
လူကြိုက်များသည့် သီချင်းများ - Diamonds, Stay, Pour It Up
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ဖြန့်ချိခဲ့ပြီး ဒီကို ရက်ပိုင်းအတွင်းကမှ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် R&B တေးသံရှင်မလေး Rihanna ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကို ၂၀၁၂ ခုနှစ် ဇွန်လကနေ နိုဝင်ဘာလအတွင်း အသံသွင်းယူခဲ့တာဖြစ်ပြီး၊ခေါင်းစီးလေးကအစ ဆွဲဆောင်မှုရှိအောင် ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ် မထွက်ခင်ကတည်းက အောင်မြင်နေနှင့်ပြီးဖြစ်တဲ့ Diamonds သီချင်းကြောင့်လည်း ဒီတေးအယ်လ်ဘမ်ကို ပရိတ်သတ်တွေ ပိုမို ဝယ်ယူဖို့ အကြောင်းဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ဒီတေးအယ်လ်ဘမ်ထဲမှာ သူမရဲ့ ချစ်သူဟောင်း Chris Brown ကို ပါဝင်ကူညီသီဆိုစေခဲ့တာပါပဲ။ Chris Brown နဲ့ Nobody’s Business သီချင်းကို သီဆိုထားသလို၊ Eminem နဲ့လည်း Numb, David Guetta နဲ့ Right Now, Mikky Ekko နဲ့ Stay, Future နဲ့ Loveeeee Song သီချင်းတွေကို အသီးသီး တွဲဖက်သီဆိုထားပါတယ်။ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ထားပြီး အဲဒီ သီချင်းတွေထဲက Diamonds ကတော့ လက်ရှိ ဦးဆောင် အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဆိုကဝေမ တစ်ဦးဖြစ်သလို အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Rihanna က ဒီအယ်လ်ဘမ်လေး ထုတ်ဝေလိုက်ချိန်မှာလည်း US Billboard 200, US Top R&B/Hip-Hop Albums, UK R&B Albums Chart, UK Album Chart, Swiss Albums Chart, Norwegian Albums Chart, Irish Albums Chart, Canadian Albums Chart, Australian Urban Albums Charts စတဲ့ ဂီတစာရင်းတွေမှာ နံပါတ် တစ် ရရှိနေတဲ့ အယ်လ်ဘမ်ဖြစ်လို့လည်း အထူးပြောစရာတောင် မလိုပါဘူး။ သီချင်းကောင်းလေးများစွာ ပါဝင်ထားသလို စုံတွဲသီချင်းတွေလည်း ထူးခြားကောင်းမွန်နေတာမို့လို့ Rihanna ပရိတ်သတ်တိုင်း ဝယ်ယူနားဆင်သိမ်းဆည်းထားသင့်တဲ့ တေးအယ်လ်ဘမ် တစ်ချပ်ပဲဖြစ်ပါတော့တယ်။

သီဟလုလင်

Saturday, February 16, 2013

နားဆင်ချင်စရာ


ဒီတစ်လောတော့ အမြဲလိုလို Music Review စာလေးတွေကို ပြန်စုစည်းပြီး တင်ပေးဖြစ်နေတယ်။ ကျွန်တော့ Blog လေးကို ပစ်ထားခဲ့တာလည်း ကြာပြီဆိုတော့ နည်းနည်းလေး ပြန်ပြီး လှုပ်လှုပ်ရှားရှားလေး ဖြစ်စေ ချင်လို့ပါ။ ကျွန်တော်က အမြဲလိုလို ဒီလိုစာလေးတွေကို The Chic မဂ္ဂဇင်းအတွက် ရေးပေးဖြစ်နေပါတယ်။ အရင်ကတော့ မဂ္ဂဇင်းတော်တော်များများမှာ ရေးသေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်တော့ဘဲ ခု ဒီ The Chic မဂ္ဂဇင်းတစ်ခုမှာပဲ ဆက်ရေးဖြစ်သွားတယ် ဆိုရမှာပဲ။

ဒီနေ့လည်း နိုင်ငံတကာ အယ်လ်ဘမ် နှစ်ခု အကြောင်း တင်ဖြစ်သွားပြန်ပါပြီ။ ဒီအကြောင်းတွေကိုလည်း The Chic မဂ္ဂဇင်းမှာ ဖော်ပြပြီးသားပါ။ ကျွန်တော့ Blog မှာ ပြန်ပြီး သိမ်းတဲ့အနေနဲ့ တင်ဖြစ်သွားတာပါ။ ဒီကဏ္ဍ အတွက် ကျွန်တော့ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့တဲ့ S N' W တေးထုတ်လုပ်ရေး CDII က ဦးစိုးအောင် နဲ့ မိသားစု၊ မသီတာ တို့ကို အထူး ကျေးဇူးတင်ရှိပါတယ်။

Kiss (CARLY RAE JEPSEN)


Call Me Maybe သီချင်းနဲ့ တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်အားပေးနေကြတဲ့ တေးသံရှင်မလေး Carly Rae Jepsen ရဲ့ Call Me Maybe သီချင်းပါဝင်တဲ့ တေးအယ်လ်ဘမ် Kiss ဖြစ်ပါတယ်။ လူငယ်ပီပီ လူငယ်ကြိုက်သီချင်းပုံစံလေးတွေ ဖြစ်တဲ့ Dance-Pop ဂီတပုံစံလေးတွေကို ရွေးချယ်သီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်ကို စက်တင်ဘာလ (၁၄) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး သီချင်းစုစုပေါင်း (၁၆) ပုဒ် ပါဝင်ထားပါတယ်။ သီချင်း (၁၆) ပုဒ်ထဲက နောက်ဆုံး (၃) ပုဒ်ဖြစ်တဲ့ Wrong Feels So Right, Sweetie နဲ့ I know you have a girlfriend သီချင်းတွေကတော့ အပိုလက်ဆောင်ထည့်ပေးထားတဲ့ Bonus Track တွေပဲဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ထူးထူးခြားခြား Justin Biber နဲ့ Owl City တို့က စုံတွဲသီချင်းတွေ တွဲဖက်သီဆိုပေးထားပါသေးတယ်။ ဒါကြောင့်လည်း လူငယ်တွေကြားမှာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။ Owl City နဲ့ Good Time သီချင်းမှာ အတွဲညီညီ သီဆိုခဲ့တာမို့ လက်တလော လူကြိုက်များနေပြီး Justin Bieber နဲ့ Beautiful ဆိုတဲ့ သီချင်းကို စုံတွဲသီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း အနေနဲ့ ပါဝင်လာခြင်းမရှိဘဲ။ နီးနီးစပ်စပ်အဖြစ် This Kiss ဆိုတဲ့ သီချင်းတော့ ပါဝင်လာပါတယ်။ ဒီသီချင်းဟာ Call Me Maybe နဲ့ Good Time အပြီး တတိယမြောက်အဖြစ် တစ်ပုဒ်ချင်းစင်ဂယ်လ်သီချင်း ထွက်ရှိနိုင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ဒီနှစ်အတွင်းမှာပဲ EP အဖြစ်ထွက်ရှိခဲ့တဲ့ Curiosity တေးအယ်လ်ဘမ် ရဲ့ အဆက်အဖြစ်ထွက်ရှိခဲ့တာဖြစ်ပြီး ဒီခေါင်းစီးသီချင်းလေးလည်း ဒီဘက်ခွေထဲမှာ ပြန်လို့ ပါဝင်လာပါတယ်။ ဒီတေးအယ်လ်ဘမ်ကိုတော့ သူမက Studio Album အဖြစ် ခေါ်ဝေါ်သမုတ်ထားပါတယ်။ သီချင်းကောင်းလေးတွေများစွာ ပါဝင်လို့ ဒီတေးအယ်လ်ဘမ်ဟာ US Billboard 200 စာရင်းမှာ နံပါတ် (၆) နဲ့ UK Album Chart စာရင်းမှာ နံပါတ် (၉) နေရာတွေ အသီးသီး ရရှိထားတာ တွေ့ရပါတယ်။ သီချင်းအဆိုကောင်း၊ အရေးကောင်းတဲ့ အနုပညာရှင်လက်သစ်လေးရဲ့ ထူးခြားကောင်းမွန်ပြီး လူငယ်ဆန်တဲ့ တေးအယ်လ်ဘမ်လေးကို နားဆင်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။


Kiss (CARLY RAE JEPSEN) Album Mini-Info
ဂီတအမျိုးအစား
Pop, Dance-Pop, Disco-Pop
လူကြိုက်များသည့်သီချင်းများ
1. Call Me Maybe
2. Good Time
3. Beautiful



Truth Be Told Part 1(GREYSON CHANCE)

ဂီတအမျိုးအစား - Pop, Pop Rock
လူကြိုက်များသည့် သီချင်းများ - Sunshine & City Lights, You Might Be The One

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေကြတဲ့ ကမ္ဘာကျော်တေးသံရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Greyson Chance ရဲ့ တေးအယ်လ်ဘမ်အသစ်ပါ။ ဒီတေးအယ်လ်ဘမ်ကတော့ Part 1, Part 2 ဆိုပြီး ခွဲထွက်ပုံရပါတယ်။ လောလောဆယ်တော့ Part 1 ကိုပဲ နားဆင်ဖြစ်သေးပြီး သီချင်းပုဒ်ရေက ထူးခြားစွာပဲ (၅) ပုဒ်တည်း ပါဝင်ပါတယ်။ (၅) ပုဒ်ဆိုပေမယ့်လည်း ပြောစရာဖြစ်လောက်အောင် ကောင်းမွန်ပါတယ်။ ဒီတေးသံရှင်လေးက သူ (၆) တန်းတက်နေချိန်လောက်မှာ Lady GaGa ရဲ့ Paparazzi သီချင်းကို စင်ပေါ်မှာ သီဆိုပြီး You Tube ကနေ လွှင့်တင်ခဲ့တာကြောင့် နာမည်ရလာသူလေး ဖြစ်ပါတယ်။ ရှေ့မှာလည်း Hold On ‘Til The Night တစ်ကိုယ်တော်အယ်လ်ဘမ်ကို သြဂုတ်လ ၂ ရက်၊ ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ခု ဒီတေးအယ်လ်ဘမ်ကို သီချင်း (၅) ပုဒ်တည်းနဲ့ ဖြန့်ချိခဲ့တာလည်း ထူးခြားမှု ရှိနေပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့သီချင်းတွေကတော့ Sunshine & City Lights, You Might Be The One, Lella, California Sky နဲ့ Take My Heart တို့ပဲ ဖြစ်ပါတယ်။ ချစ်စဖွယ် အသံလေးနဲ့ ပင်ကိုယ်ပါရမီ ပြည့်ဝသူလေးရဲ့ တေးအယ်လ်ဘမ်သစ်ကတော့ လူငယ်ပရိတ်သတ်တွေ အထူးသဖြင့် ဆယ်ကျော်သက် ပရိတ်သတ်တွေကို အများကြီး ဆွဲဆောင်မှုပေးစွမ်းနိုင်မှာ သေချာပါတယ်။ အချစ်သီချင်းကောင်းလေးတွေလည်း ဖြစ်တာမို့ ခုလို ဖေဖော်ဝါရီလ ဆယ်ကျော်သက်လေးတွေ ရင်ခုန်သံမြန်တဲ့ကာလလေးနဲ့လည်း တိုက်ဆိုင်လိုက်ဖက်နေပါတယ်။ နားဆင်ရင်ခုန်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

သီဟလုလင်

Friday, February 15, 2013

Samsung GALAXY GRAND (သို့မဟုတ်) အားလုံးကြိုက်မယ့် မျက်နှာပြင်ကျယ်ကျယ်


“Samsung ဖုန်းတွေကို သုံးချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတယ်။”
 
“လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကတော့ တကယ့်ကို အားရစရာ၊ သဘောကျစရာကြီး။ ခက်တာ အဲဒီ Samsung ဖုန်းဝယ်ဖို့ ပိုက်ဆံအများကြီး စုရဦးမယ်။”

“ဈေးကြီးတဲ့ဖုန်းကျပြန်တော့လည်း ဝယ်ကိုင်ရမှာ နှမြောတယ်။ သူများတွေ ဟိုဟာ ဒီဟာလေးတွေ အဆန်းအပြား လုပ်ကြတော့လည်း လုပ်ကြည့်ချင်ပြန်ရော။ ဈေးသက်သာတာလေး ဝယ်ပြန်တော့လည်း ဖုန်းသေးသေးလေးပဲရတယ်။ တရုတ်ဖုန်းတွေပဲ ကိုင်နေရတယ်။ ကိုင်ချင်တာပေါ့ Samsung ကို။”

နေ့စဉ်လိုလို ဘာရယ်မဟုတ် ဟိုနား ဒီနားသွားရင် ကြားနေရတဲ့ အသံအပိုင်းအစလေးတွေက ကျွန်တော့ အတွေးထဲက မထွက်နိုင်ဘူး။ Samsung ဖုန်းတွေက ဈေးအနည်းငယ် ကြီးတယ်လို့ ထင်ရပေမယ့်၊ တကယ်တော့ ဈေးကြီးတယ်ဆိုတဲ့ အထဲမှာ မပါပါဘူး။ ကိုယ် ပေးဝယ်လိုက်ရတာနဲ့ ထိုက်တန်တဲ့ အရည်အသွေး၊ စွမ်းဆောင်ချက်နဲ့ စိတ်လှုပ်ရှားစရာ လုပ်ဆောင်နိုင်စွမ်းတွေ ပါရှိနေပါတယ်။ Samsung ရဲ့ တကယ့်သဘောထားက လူတိုင်းလက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ အဆင့်မြင့်အသိဉာဏ်ကြွယ်တဲ့ ဖုန်းတွေ အသုံးပြုနိုင်စေချင်တာပါ။

Samsung ကနေလည်း မကြာခဏဆိုသလို ဆန်းသစ်တဲ့ နည်းပညာသစ်တွေ ပေါင်းစပ်လို့ စမတ်ဖုန်း ချစ်သူတွေအတွက် ဖုန်းအသစ်အဆန်းလေးတွေ ထုတ်လုပ်ပြနိုင်ခဲ့ပါတယ်။ ခုလည်း Samsung GALAXY Grand ကို ပြည်တွင်းဈေးကွက်မှာ အောင်မြင်စွာရောင်းချနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြန်မာပြည်ဈေးကွက်ထဲကို ရောက်ရှိလာခဲ့တာပါ။ ဈေးနှုန်းအားဖြင့်လည်း အံ့အားသင့်စရာ ချိုသာသလို၊ ပုံစံလေးကလည်း သွက်ပါတယ်။ ခု ပုံမှမြင်ရတဲ့အတိုင်း၊ GALAXY Grand ဟာ Note II အသေးစားလေးလို ချစ်စဖွယ် လှပနေတာပါ။ ခုခေတ်က ဖုန်းမျက်နှာပြင်ကျယ်ကျယ်၊ ဖုန်းကြီးကြီးတွေ ကိုင်မှ ခေတ်အကြိုက် ဖြစ်တာလေ။ လူတိုင်းက ဖုန်မျက်နှာပြင်ကျယ်ကျယ် ကို သူတို့ရဲ့ အင်တာနက်ချိတ်ဖို့၊ အီးမေးလ်သုံးဖို့၊ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေ သုံးဖို့အတွက် သဘောကျနေကြတာကိုး။ ဒီတော့လည်း Samsung ရဲ့ GALAXY Grand က ခေတ်အကြိုက် ၅ လက်မ မြင်ကွင်းကျယ်နဲ့ ဈေးကွက်ထဲ ရောက်လာတာပါ။

Note II နဲ့ SIII တို့လိုပဲ Multi Window အသုံးပြုနိုင်တာကလည်း ထူးခြားချက်ပါပဲ။ အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်တယ်လေ။ အီးမေးလ်ကြည့်ရင်း မက်ဆေ့ခ်ျပို့မလား၊ လူမှုကွန်ယက်ဆိုက်ဒ် တစ်ခုခု သုံးနေရင်း ဓါတ်ပုံရှာမလား။ မျက်နှာပြင်ကျယ်ကျယ်မှာ တစ်ပြိုက်နက် လုပ်ဆောင်နိုင်နေပြီ။ ဒီလို သွက်သွက်လက်လက် လုပ်ဆောင်နိုင်ဖို့ကို 1.2 GHz Dual Core CPU က အကောင်းဆုံး ပံ့ပိုးပေးထားပြီး နောက်ဆုံးပေါ် Android OS version ဖြစ်တဲ့ Jelly Beam 4.1.2 ကြောင့်လည်း အစစ အရာရာ ပိုပြီး အဆင်ပြေ သုံးရလွယ်ကူစေပါတယ်။ ဘက်ထရီကလည်း ၂၁၀၀ mAh မို့ အသုံးခံတာလည်း သဘောကျစရာ တွေ့ရမှာပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက SIM card နှစ်ခုကို တစ်ပြိုင်နက် ထည့်သွင်းနိုင်တာပဲ။ သိပ်မကြာခင်ဆို SIM Card ဈေးတွေကလည်း ကျဦးမယ်လို့ ကြားနေရတော့ SIM card နှစ်ခုထည့်ပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားထားနိုင်ပြီ။ ဒါမှမဟုတ်လည်း ပြည်တွင်းမှာ သုံးနေတဲ့ SIM card နဲ့ နိုင်ငံခြားတိုင်းပြည် တွေ ရောက်လို့ ဝယ်သုံးတဲ့ SIM card နှစ်ခုကို တစ်ပြိုင်နက် သုံးနိုင်လို့ ကိုယ့် SIM card ကို နိုင်ငံခြားရောက်ရင် ဖြုတ်သိမ်းထားရတဲ့ ဒုက္ခလည်း ငြိမ်းပြီပေါ့။

မှတ်တမ်းတင်ဖို့ကတော့ ကင်မရာ 8MP အကောင်းစားနဲ့မို့ သာမန် ဒီဂျစ်တယ်ကင်မရာတွေလောက်တော့ အသာလေးပါပဲ။ လူမှုကွန်ယက်တွေမှာ ဝေမျှဖို့ ကိုယ်ပုံအလန်းစားလေး ရိုက်မယ် ဆိုလည်း ရှေ့မျက်နှာစာမှာ 2MP ကင်မရာထပ်ပါသေးတာမို့ ကိုယ့်ရဲ့ အလှပဆုံးမျက်နှာ အနေအထားကို ကိုယ်တိုင်ချိန်ဆရှာဖွေလို့ သိမ်းဆည်းထားနိုင်ပြီ။ သိမ်းဆည်းထားနိုင်ဖို့အတွက် Internal Memory က 8GB ပါဝင်ပြီး microSD card ကို 64 GB ထိ ဆိုက်နိုင်တယ်ဆိုတော့ ထူးခြားတာပေါ့။ RAM ကတော့ 1GB မို့ မြန်ချက်ပဲဗျို့။ ဗီဒီယို ရိုက်ကူးမယ်ဆိုလည်း 1080p 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

အင်တာနက်အတွက်တော့ Data နဲ့ လည်းသုံးနိုင်သလို Wi-Fi နဲ့လည်း အသုံးပြုနိုင်မှာပါ။ အသင့်ထည့်သွင်းပေးထားတဲ့ Application တွေကလည်း များမှများပါပဲ။

ဈေးနှုန်းကလား… အံ့သြသွားမယ်ထင်တယ်… ဘယ်လောက်ချိုသာသလဲဆိုတာ…

ကိုယ်တိုင်ပဲ ကျွန်တော်တို့ Samsung Mobile Brand Shop တွေဆီမှာ လာရောက်မေးမြန်းစုံစမ်း ဝယ်ယူလှည့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

သြော်… မတ်လ (၁၀) ရက်နေ့မတိုင်ခင် ဝယ်ထားမယ်ဆိုရင် Samsung ရဲ့ GALAXY Lucky Draw Festival မှာ ပါဝင်လို့ရမှာမို့ တန်ဖိုးကြီး Samsung Electronics နဲ့ Mobile ပစ္စည်းတွေနဲ့ ကိုးရီးယားခရီးစဉ်တွေ ရရှိနိုင်မယ့် အခွင့်အရေးတွေ လက်တကမ်းမှာ ရှိနေပါတယ်လို့ ကြေငြာမောင်းခတ်လိုက်ပါရစေခင်ဗျာ။

သီဟလုလင်
၁၄ ဖေဖော်ဝါရီ ၂၀၁၃

Wednesday, February 13, 2013

နားဆင်ချင်စရာ


ဒီနေ့မှာလည်း နားဆင်ချင်စရာကောင်းမယ့် နိုင်ငံတကာသီချင်းအယ်လ်ဘမ်လေးတချို့ကို ကျွန်တော် ရေးသားခဲ့တဲ့ The Chic မဂ္ဂဇင်းရဲ့ To Listen ကဏ္ဍ ကနေ ကောက်နုတ် ဖော်ပြပေးချင်ပါတယ်။ ဒီကဏ္ဍလေးအတွက် ကျွန်တော့ကို အမြဲ ပံ့ပိုးပေးခဲ့တဲ့ S n' W တေးထုတ်လုပ်ရေး CDII ကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။

Scandinavia (MICHAEL LEARNS TO ROCK)


ဂီတအမျိုးအစား - Pop, Soft Rock

လူကြိုက်များသည့် သီချင်းများ - Any Way You Want It, Please Forgive Me


တေးအယ်လ်ဘမ်အသစ်မထွက်တာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်တဲ့ Michael Learns To Rock (MLTR) ရဲ့ သဘောကျစရာ တေးအယ်လ်ဘမ်အသစ်ကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က Eternity တေးအယ်လ်ဘမ်ကို နောက်ဆုံးထုတ်ဝေထားခဲ့ပြီး ဒီတေးစုကိုတော့၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ဖြန့်ချိခဲ့တာမို့ သူ့ပရိတ်သတ်နဲ့ ၄ နှစ်လောက် အဆက်ပြတ်နေခဲ့တာဖြစ်ပါတယ်။ MLTR အဖွဲ့ဟာ အရင်ကတည်းကလည်း Soft Rock သီချင်းတွေနဲ့ နာမည်ရခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းနှစ် သူ့ရဲ့ သီချင်းအယ်လ်ဘမ်တွေမှာ Pop ပုံစံ သီချင်းတွေကို အသားပေး သီဆိုလာတာ သတိပြုမိပါတယ်။ ဒီတေးအယ်လ်ဘမ်မှာလည်း Pop သီချင်းပုံစံလေးတွေ အများဆုံးကြားကြရမှာမို့ အချစ်သီချင်း ချိုအေးလေးများကို နှစ်သက်တတ်သူတိုင်းအတွက် နားထောင်မဝတဲ့ တေးအယ်လ်ဘမ်လေး တစ်ချပ်ဖြစ်နေမှာ သေချာပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ MLTR အဖွဲ့အတွက် (၈) ချပ်မြောက် အခွေသစ်လည်း ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲက Any Way You Want သီချင်းလေးကို နိုင်ငံတော်တော်များများ၊ အထူးသဖြင့် တောင်အာရှ နိုင်ငံများက အားပေးလက်ခံကြပြီး သီချင်းအများစုက အာရှနိုင်ငံသားများအကြိုက်ဖြစ်နေတာကို နားဆင်ကြည့်ကြရမှာပါ။ Heaven Is My Alibi သီချင်းလေးကလည်း စာသာအကြောင်းအရာ လှပပြီး အနောက်နိုင်ငံက သီချင်းလို့ မထင်ရလောက်အောင်ပါပဲ။ နူးညံ့တဲ့အချစ်သီချင်းချိုလေးများကို နှစ်သက်ရင်တော့ MLTR အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို နားဆင်ကြည့်သင့်ပါတယ်လို့ သတင်းကောင်းပေးချင်ပါတယ်။



Much Dance 2012 (VARIOUS ARTISTS)


၂၀၁၂ ခုနှစ်ရဲ့ အကောင်းဆုံးသီချင်းတွေနဲ့ ကခုန်ပြီး နှစ်သစ်ကူးညကို ကျော်လွန်ချင်သူများအတွက် Ready Made Non-stop Mix တေးအယ်လ်ဘမ်လေးပဲဖြစ်ပါတယ်။ မူလသီဆိုသူ တေးသံရှင်တွေရဲ့ အကသီချင်းတွေနဲ့ မရပ်မနား ကခုန်နိုင်အောင် စီစဉ်ပေးထားတဲ့ တေးအယ်လ်ဘမ်ပါ။ သီချင်း စုစုပေါင်း (၁၆) ပုဒ်ပါဝင်ထားပြီး LMFAO, Pitbull, Britney Spears, David Guetta, Nicki Minaj, Flo Rida, Maroon 5, Christina Aguilera, Lady GaGa, Cobra Starship, The Black Eyed Peas, Foster The People, Beyonce, Kay, Anjulie, Selena Gomez & The Scene, Rihanna နဲ့ Chirs Brown တို့ရဲ့ သီချင်းတွေ ပါဝင်ပါတယ်။ သီချင်းတွေကတော့ ၂၀၁၂ ခုနှစ်အတွင်း စောစောက အဆိုတော်တွေရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ Party Rock Anthem, Give Me Everything, I Wanna Go, Moves Like Jagger, The Edge of Glory, Don’t Stop The Party, Run The World (Girls), Super Bass, Brand New Chick, Love You Like A Love Song, Cheers (Drink To That) စတဲ့ သီချင်းတွေနဲ့ ကခုန်ချင်စရာ သီချင်းတွေ ပါဝင်ပါတယ်။ သီချင်းပုဒ်ရေ မများပေမယ့် လက်ရွေးစင်လိုဖြစ်နေတာကြောင့် နားထောင်ရ ကျေနပ်စရာ ကောင်းသလို၊ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် ကြားမှာလည်း အဆက်အစပ်ကို လှလှလေး Mix လုပ်ပေးထားတာကြောင့် ချောချောမွေ့မွေ့လေး နားဆင်သွားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးကို သီချင်းမြူးလေးတွေနဲ့ ဖြတ်သန်းဖို့ ရည်ရွယ်ထားရင် လက်မလွတ်သင့်တဲ့ တေးအယ်လ်ဘမ်တစ်ချပ်ပဲ ဖြစ်ပါတယ်။


Much Dance 2012 (VARIOUS ARTISTS) Album Mini-Info
ဂီတအမျိုးအစား
Remix
လူကြိုက်များသည့်သီချင်းများ

1. Party Rock Anthem

2. I Wanna Go

3. Moves Like Jagger