Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 23, 2013

နားဆင်ချင်စရာ


ဒီကနေ့ရဲ့ နားဆင်ချင်စရာ အဖြစ် နိုင်ငံတကာ သီချင်းအယ်လ်ဘမ်လေး နှစ်ခုကို ထပ်မံလို့ ကျွန်တော် ရွေးနုတ်တင်ပြပေးချင်ပါတယ်။ ဒီကဏ္ဍလေးအတွက် ကျွန်တော့ကို သီချင်းအယ်လ်ဘမ်များ အမြဲတစေ မညီးမညူ ပံ့ပိုးပေးတတ်တဲ့ S N' W (CDII) တေးထုတ်လုပ်ရေးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။



Prestige (DADDY YANKEE)

ဂီတအမျိုးအစား - Reggaeton, Hip Hop, Latin Rap
လူကြိုက်များသည့် သီချင်းများ - Ven Conmigo, Lovumba, Pasarela

သီချင်းမြူုးမြူးလေးတွေနဲ့ လူငယ်တွေကို ဖမ်းစားတတ်တဲ့ Daddy Yankee ရဲ့ တေးအယ်လ်ဘမ်အသစ်လေးပါ။ ၆ ခုမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်လေးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ဒီကို အရောက်အပေါက်နည်းတဲ့ Daddy Yankee ရဲ့ တေးအယ်လ်ဘမ်တွေထဲက တစ်ချပ်လို့ ဆိုချင်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ စတင်ဖြန့်ချိပြီးတဲ့ တစ်နာရီ အတွင်းကိုပဲ US, Colombia နဲ့ Venezuela နိုင်ငံတွေရဲ့ iTunes Store တွေမှာ နံပါတ် တစ် အဖြစ် အဖော်ပြခံခဲ့ရတဲ့ တေးအယ်လ်ဘမ်ပါ။ အခြားနိုင်ငံတွေမှာလည်း ထိပ်တန်း ၁၀ စာရင်းဝင်ခဲ့ပါသေးတယ်။ သီချင်း (၁၇) ပုဒ် ထည့်သွင်းပေးထားတာကတော့ နားဆင်သူပရိတ်သတ်ကို အားရကျေနပ်စေတာပါပဲ။ J Alvarez, Natalia Jimenez, De La Ghetto, Nengo Flow, Arcangel, Farruko, Baby Rasta & Gringo, Alex Kyza, Kendo Kaponi, Randy, Price Royce စတဲ့ ဂီတမောင်နှမ များက ဒီတေးအယ်လ်ဘမ်ထဲက သီချင်းအချို့မှာ ပါဝင်ကူညီ အားဖြည့်ထားပါသေးတယ်။ သီချင်းအများစုကတော့ ကခုန်ချင်စရာလေးတွေဖြစ်ပြီး Ven Conmigo, Lovumba, Pasarela, Limbo, Perros Salvajes သီချင်းတွေက လူငယ်ထုကြားမှာ ရေပန်းစား အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ Daddy Yankee ပရိတ်သတ်တွေ အတွက် မျှော်ရကျိုးနပ်တယ်လို့ ဆိုချင်ပါတယ်။ ခုလက်ရှိ ပြန်လည်အောင်မြင်နေတဲ့ သီချင်းလေးတွေထဲက တချို့ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလလောက်ကတည်းက စင်ဂယ်လ်အဖြစ် ထွက်ရှိအောင်မြင်ပြီးသားတွေ ဖြစ်ပြီး ခုတစ်ကိုယ်တော်အယ်လ်ဘမ်ကြီးထဲမှာ ပြန်လည်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနှစ်သက်ကြတဲ့ လူငယ်တိုင်း ရင်ခုန်နိုင်မယ့်တေးအယ်လ်ဘမ်ပါ။

Unapologetic (RIHANNA)
ဂီတအမျိုးအစား - Pop, EDM, Dubstep
လူကြိုက်များသည့် သီချင်းများ - Diamonds, Stay, Pour It Up
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ဖြန့်ချိခဲ့ပြီး ဒီကို ရက်ပိုင်းအတွင်းကမှ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် R&B တေးသံရှင်မလေး Rihanna ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကို ၂၀၁၂ ခုနှစ် ဇွန်လကနေ နိုဝင်ဘာလအတွင်း အသံသွင်းယူခဲ့တာဖြစ်ပြီး၊ခေါင်းစီးလေးကအစ ဆွဲဆောင်မှုရှိအောင် ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ် မထွက်ခင်ကတည်းက အောင်မြင်နေနှင့်ပြီးဖြစ်တဲ့ Diamonds သီချင်းကြောင့်လည်း ဒီတေးအယ်လ်ဘမ်ကို ပရိတ်သတ်တွေ ပိုမို ဝယ်ယူဖို့ အကြောင်းဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ဒီတေးအယ်လ်ဘမ်ထဲမှာ သူမရဲ့ ချစ်သူဟောင်း Chris Brown ကို ပါဝင်ကူညီသီဆိုစေခဲ့တာပါပဲ။ Chris Brown နဲ့ Nobody’s Business သီချင်းကို သီဆိုထားသလို၊ Eminem နဲ့လည်း Numb, David Guetta နဲ့ Right Now, Mikky Ekko နဲ့ Stay, Future နဲ့ Loveeeee Song သီချင်းတွေကို အသီးသီး တွဲဖက်သီဆိုထားပါတယ်။ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ထားပြီး အဲဒီ သီချင်းတွေထဲက Diamonds ကတော့ လက်ရှိ ဦးဆောင် အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဆိုကဝေမ တစ်ဦးဖြစ်သလို အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Rihanna က ဒီအယ်လ်ဘမ်လေး ထုတ်ဝေလိုက်ချိန်မှာလည်း US Billboard 200, US Top R&B/Hip-Hop Albums, UK R&B Albums Chart, UK Album Chart, Swiss Albums Chart, Norwegian Albums Chart, Irish Albums Chart, Canadian Albums Chart, Australian Urban Albums Charts စတဲ့ ဂီတစာရင်းတွေမှာ နံပါတ် တစ် ရရှိနေတဲ့ အယ်လ်ဘမ်ဖြစ်လို့လည်း အထူးပြောစရာတောင် မလိုပါဘူး။ သီချင်းကောင်းလေးများစွာ ပါဝင်ထားသလို စုံတွဲသီချင်းတွေလည်း ထူးခြားကောင်းမွန်နေတာမို့လို့ Rihanna ပရိတ်သတ်တိုင်း ဝယ်ယူနားဆင်သိမ်းဆည်းထားသင့်တဲ့ တေးအယ်လ်ဘမ် တစ်ချပ်ပဲဖြစ်ပါတော့တယ်။

သီဟလုလင်

0 comments: