Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 09, 2013

နားဆင်ချင်စရာ


ဒီကနေ့တော့ နိုင်ငံတကာသီချင်းလေးတွေ နားဆင်လိုသူတွေ ရွေးချယ်နားဆင်နိုင်ဖို့ ဂီတအညွှန်းလေးများ ကို တင်ပြပေးချင်ပါတယ်။

Paradise (CODY SIMPSON)
ဂီတအမျိုးအစား - Pop, R&B
လူကြိုက်များသည့် သီချင်းများ - Got Me Good, Wish U Were Here

ကလေးတေးသံရှင်လေးအဖြစ်ကနေ ကြီးကောင်ဝင်လာပြီး ခုဆို လူငယ်တေးသံရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်တဲ့ Cody Simpson ရဲ့ တေးအယ်လ်ဘမ်သစ်လေးက လှိုင်းရေဖွေးဖွေးနဲ့မို့ ခုလို အပျော်ခရီးထွက်ကြချိန်နဲ့ လိုက်ဖက်ပြီး နားဆင်ချင်စရာ ဖြစ်နေပါတယ်။ မျက်နှာဖုံးအပြင်အဆင်ရဲ့ စွဲဆောင်အားနဲ့အတူ ချိုလွင်နေတဲ့ Pop နဲ့ R&B ပုံစံ သီချင်းတွေကို ခံစားကြရမှာပါ။ ဒီတေးအယ်လ်ဘမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ Cody Simpson ဟာ တစ်နှစ်ကို တစ်ခွေတော့ ပုံမှန် ထုတ်ဝေနိုင်တယ်လို့ ဆိုရပါမယ်။ သီချင်း စုစုပေါင်း (၁၀) ပုဒ် တိတိ ပါဝင်ထားပြီး၊ တစ်ပုဒ်ကနေ တစ်ပုဒ်ကို ငြိမ့်ငြိမ့်လေး ခေါ်ဆောင်သွားမှာပါ။ တေးအယ်လ်ဘမ်ခေါင်းစီးတေး နဲ့ပဲ ရိုးရိုးရှင်းရှင်းစဖွင့်ထားပြီး ဒီတေးအယ်လ်ဘမ်ထဲက လူကြိုက်များနေတဲ့ Got Me Good သီချင်းကို ဆက်ပြီးနားဆင်ရပါတယ်။ အချစ်သီချင်းကောင်းလေးတစ်ပုဒ်ပါ။ နောက်ထပ် လူကြိုက်များနေကြတဲ့ Wish U Were Here သီချင်းကတော့ မြူးကြွနေပြီး တေးသံရှင် Becky G နဲ့ တွဲဖက် သီဆိုထားတာဖြစ်ပါတယ်။ သီချင်းတွေကတော့ ဆယ်ကျော်သက်လူငယ်တွေအတွက် ပိုပြီး သင့်လျော်တယ်လို့ ဆိုချင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ချင်းမို့ ခံစားချက်တူညီမှု ပိုမိုနိုင်ပါတယ်။ အချစ်၊ အလွမ်းခံစားချက်လေးတွေ ကို နူးနူးညံ့ညံ့ ဂီတလေးနဲ့ ခံစားလိုသူတိုင်းအတွက် သီချင်းကောင်းများစွာ ပါဝင်တဲ့ Cody Simpson ရဲ့ တေးအယ်လ်ဘမ်အသစ်ကို နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။


The Midsummer Station (OWL CITY)

ဂီတအမျိုးအစား - Synthpop, Dance-Pop, Pop
လူကြိုက်များသည့် သီချင်းများ - Shooting Star, Good Time

သံစဉ်ထူးထူးခြားခြားလေးတွေနဲ့ သီချင်းဖန်တီးတတ်ပြီး အသံပါးပါးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ Owl City အဖွဲ့ရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်လေးဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကိုတော့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တစ်ကမ္ဘာလုံးကို ဖြန့်ချိခဲ့တာဖြစ်ပြီး Canadian Albums Chart မှာ နံပါတ် (၁) နေရာ နဲ့ US Billboard 200 စာရင်းမှာ နံပါတ် (၇) နေရာတွေ အသီးသီး ရရှိအောင်မြင်ခဲ့တဲ့ တေးအယ်လ်ဘမ်ပဲ ဖြစ်ပါတယ်။ တေးသံရှင် Mark Hoppus နဲ့ Carly Rae Jepsen တို့က ဒီတေးအယ်လ်ဘမ်ထဲမှာ အားဖြည့် သီဆိုပေးထားတာကိုလည်း ကြားကြရမှာပါ။ Carley Rae Jepsen ကတော့ လူငယ်တိုင်းနှစ်သက်ပြီးသား Call Me Maybe ရဲ့ သီချင်းရှင် လူငယ်အမျိုးသမီး တေးသံရှင်လေးပဲဖြစ်ပါတယ်။ သူနဲ့တွဲဖက်လို့ Good Time သီချင်းကို သီဆိုထားပြီး လက်ရှိမှာလည်း ရေပန်းစားနေတဲ့ သီချင်းလေး ဖြစ်ပါတယ်။ Billboard Hot 100 သီချင်းစာရင်းမှာ နံပါတ် (၈) နေရာ ရရှိခဲ့တဲ့ သီချင်းလေးမို့ ပြောစရာအထူးလိုမယ် မထင်ပါဘူး။ Mark Hoppus နဲ့တော့ Dementia သီချင်းကို တွဲဖက်သီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ် ထဲမှာတော့ သီချင်းစုစုပေါင်း (၁၁) ပုဒ် ပါဝင်ထားပြီး အချစ်သီချင်းလေးများ အများစုပါဝင်တာဖြစ်ပါတယ်။ ကမ္ဘာကျော် ဂီတဝေဖန်ရေးမဂ္ဂဇင်းများ ကတော့ ကြယ် ၃ ပွင့်နဲ့ ၄ ပွင့် အသီးသီးပေးထားကြတာမို့ နားထောင်သင့်တဲ့ တေးအယ်လ်ဘမ်လေးလို့ ဆိုချင်ပါတယ်။ သီချင်းအေးအေးချိုချိုလေးတွေ နှစ်သက်ကြသူတိုင်း လက်ခံနိုင်မယ့် တေးအယ်လ်ဘမ်လေး ပဲ ဖြစ်ပါတယ်။
 
သီဟလုလင်
 
The Chic မဂ္ဂဇင်းအတွက် ကိုယ်တိုင်ရေးသားပေးလျက်ရှိသော To Listen ကဏ္ဍမှ ပြန်လည် ထုတ်နှုတ်ဖော်ပြပါတယ်။ 

1 comments:

Unknown said...

ladygaga is my queen