ကျွန်တော့ရဲ့ ၂၀၁၃ ခုနှစ်အတွက် ပဉ္စမမြောက် အားလပ်ရက်တွေဟာလည်း ထုံးစံအတိုင်း အလုပ်နဲ့ပဲ နှစ်ပါးသွားရပြန်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က သူငယ်ချင်းတွေနဲ့ ချောင်းသာသွားဖို့ စနေ၊ တနင်္ဂနွေနဲ့ကပ်ပြီး တနင်္လာ၊ အင်္ဂါ ကို ခွင့်ယူလိုက်မိတာ နှစ်ဆလောက်ပြန်ပြီး ပေးဆပ်လိုက်ရသလိုပဲ။ ဒါပေမယ့်လည်း မငြီးငြူချင်မိဘူး။ ဘုရားကျေးဇူးလို့ဆိုရမယ်။ သူများတွေ အလုပ်ရဖို့တောင် မနည်းကြိုးစားနေရချိန်မှာ ကိုယ်က အလုပ်တစ်ခု အပီအပြင်ရှိပြီး လုပ်စရာအလုပ်တွေ အများကြီးနဲ့ ကြိုးစားမှုကိုပြဖို့ အခွင့်အရေးတွေ ရှိနေတာကိုး။
မနေ့ကလည်း ရုံးသွားရတယ်။ ရုံးမှာ ဘာရယ်မဟုတ် မွစိမွစိလေးတွေ တောက်တိုမယ်ရ လုပ်လိုက်တာ ညနေ ၄ နာရီခွဲမှပဲ အိမ်ပြန်ရောက်လာတော့တယ်။ ရုံးတစ်ရက်လုံးတက်လိုက်ရသလိုပါပဲ။ အဓိကကတော့ အသွားအပြန်မှာ ကားကြပ်တာကြောင့်လည်း အချိန်တွေက လိုတာထက် ပိုကုန်ရတယ်။ ဒီလိုကားကြပ်ရတဲ့အထဲ ကိုယ့်အတ္တနဲ့ကိုယ် ဦးအောင်အရင်ထွက်ချင် သွားချင်ကြတဲ့ ကားသမားတွေ၊ လူတွေကြောင့် ပိုပြီးစိတ်ရှုပ်ရတယ်။ ကားလေးများ ကိုယ်ပိုင်ဝယ်လိုက်နိုင်လို့ ကိုယ်တိုင်မောင်းရပြီဆို ခုလို ပုံမျိုးတွေနဲ့တော့ စိတ်ရှုပ်၊ စိတ်မရှည်တာနဲ့တင် ကားတိုက်မိမလားဘဲ။
အဲဒီ နှလုံးသားအနာတရ ပြဿနာကလည်း သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တစ်ခါတလေ ဘာလို့များ အဲဒီ ပြတ်သလား၊ မပြတ်သလား မသိတဲ့ ချစ်သူကို တမ်းတမိနေမှန်းကို မသိဘူး။ အဲဒီ အချစ်ဆိုတာကလည်း သိပ်ကို ခက်တဲ့အရာပါလား။ နောက်ထပ်တစ်ယောက်ကို ပြောင်းချစ်ဖို့ဆိုတာ ရုပ်ရှင်ဇာတ်ကား နောက်ထပ် တစ်ခွေ ထည့်ထိုးကြည့်သလို လွယ်တဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ အရင်လိုတော့ ချစ်နေဆဲ၊ ယုံကြည်နေဆဲ၊ မျှော်လင့်နေဆဲပါ။
သူငယ်ချင်းတွေကို ဒီ့ထက်အချိန်ပေးဖို့ ကြိုးစားကြည့်တာပဲ။ သူငယ်ချင်းတွေကို အချိန်ပေးရတာက အချိန်တင်မကဘူး ငွေပါ ပေးရတော့၊ ခုလို ကြိုးစားနေချိန်မှာ အရာအားလုံးကို မျှတချိန်ညှိ သုံးစွဲနေရတာမို့ တစ်ခါတလေတော့လည်း လန့်သား။ ဟော ညက ငယ်သူငယ်ချင်းတစ်ယောက်က တရုတ်နှစ်ကူးပွဲ ဖိတ်ချင်တယ်ထင်ရဲ့ ဖုန်းခေါ်တာ မကိုင်လိုက်မိဘူး။ ပြန်ခေါ်မယ်လို့ စဉ်းစားပေမယ့် ဘီယာ အရက်သောက်မယ့် ကိစ္စတွေ တတ်နိုင်သမျှ ရှောင်ချင်နေသေးတယ်။ ဒီ ကိုးရီးယား ကုမ္ပဏီရောက်မှ ဘီယာ အပြင် ဆိုဂျူတွေပါ သောက်တတ်လာလို့ မနည်းပြန်ထိန်းနေရတယ်။ ဒါကြောင့်ထင်တယ်။ လူလည်း ဝ လာလိုက်တာ ၂၀၁၂ နဲ့ တခြားစီ ဖြစ်လာပြီ။
မနက်ထပြေးမယ်လို့ စိတ်ကူးမိနေတာ ၂၀၁၂ မိုးတွင်းကုန်ခါနီးကတည်းက၊ ခုထိ အထမမြောက်သေးဘူး။ ခုလည်း မနက်ထပြေးရင် ဝတ်ဖို့ အားကစားဝတ်စုံလေးတွေ၊ MP3 Player လေးတစ်ခု၊ အားကစားဖိနပ်တစ်ရံ ဝယ်မယ်လို့ စိတ်ကူးနေတာ အားကစားဆိုင်ရှေ့က အခေါက်ပေါင်းများစွာ ဖြတ်နေပေမယ့် ဝင်မဝယ်ဖြစ်ဘူး။ ပြီးတော့လည်း မနက်ထဖို့ကလည်း မတက်နိုင်ပြန်ဘူး။ ကိုယ့်ကိုကိုယ် အားမရတာတွေ သိပ်များနေပြီ။ ကိုယ့်ကိုကိုယ် အလိုလိုက်တာတွေ သိပ်များနေပြီ။
စာတွေဖတ်၊ စာတွေရေး နဲ့ စိတ်ကူးထဲမှာတော့ သိပ်ပြည့်စုံနေပေမယ့် လက်တွေ့မှာတော့ စာအုပ်တွေနဲ့ အလှမ်းဝေးနေတုန်း။ ဖုန်းထဲထည့်ထားတဲ့ e-book တွေကိုလည်း ဖတ်ရတာ စာအုပ်တွေလို အားမရတော့ မဖတ်ချင်။ ဒါနဲ့ပဲ အတွေးအခေါ်တွေလည်း တဖြည်းဖြည်း တုံးလာပြီ။ စိတ်ကူးဖန်တီးမှုတွေလည်း ညံ့ဖျင်းလာပြီ။ ငါလည်း ငါ မဟုတ်တော့တာ ကြာပြီ။
သင်တန်းတွေတက်ဖို့ ရည်စူးထားတာ ရှိတယ်။ ၂၀၁၃ သီဟလုလင် ဟာ ၂၀၁၂ သီဟလုလင် ထက် ပညာရပ်ပိုင်းမှာ ပိုပြီး ပြည့်စုံလာစေရမယ်။ ဘာသာစကားသင်တန်းတစ်ခုတော့ အနည်းဆုံးပြီး ချင်တယ်။ နောက်ထပ် ပညာရပ်ပိုင်းဆိုင်ရာသင်တန်းတစ်ခုကနေ ဘွဲ့လေးတစ်ခု ယူချင်သေးတယ်။ ဘုရားသခင်ဆီ ဆက်ကပ်ပြီး ချီတက်ရမှာပဲ။
Charity အဖွဲ့တစ်ခုခုမှ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဦးဆောင်သူ ဖြစ်ချင်နေတယ်။ ဘာတွေ ဖြစ်နေမှန်းကို မသိတော့ဘူး။ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ကိုယ်တိုင်ရော သေချာအချိန်ပေးနိုင်ရဲ့လားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရဦးမယ်။
ဘာတွေ ရေးမိမှန်းမသိ ရေးမိသွားတဲ့ခဏမှာတော့ ကျွန်တော် စိတ်လွတ်လပ်ပေါ့ပါးမှုတွေ ခဏ ရသွားပြန်ပြီ။ ကျွန်တော့ရဲ့ Blog လေးလည်း သက်တမ်းထပ်တိုးလိုက်နိုင်ပြီမို့ thihalulin.com လေးလည်း အသက်ဆက်ရှင်နေပြန်ပြီ။
ကျွန်တော့ Blogger သူငယ်ချင်းတွေ အားလုံးလည်း ကျန်းမာပျော်ရွှင်ကြပါစေ။
သီဟလုလင်
၃ ဖေဖော်ဝါရီ ၂၀၁၃
0 comments:
Post a Comment