Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 16, 2013

နားဆင်ချင်စရာ


ဒီတစ်လောတော့ အမြဲလိုလို Music Review စာလေးတွေကို ပြန်စုစည်းပြီး တင်ပေးဖြစ်နေတယ်။ ကျွန်တော့ Blog လေးကို ပစ်ထားခဲ့တာလည်း ကြာပြီဆိုတော့ နည်းနည်းလေး ပြန်ပြီး လှုပ်လှုပ်ရှားရှားလေး ဖြစ်စေ ချင်လို့ပါ။ ကျွန်တော်က အမြဲလိုလို ဒီလိုစာလေးတွေကို The Chic မဂ္ဂဇင်းအတွက် ရေးပေးဖြစ်နေပါတယ်။ အရင်ကတော့ မဂ္ဂဇင်းတော်တော်များများမှာ ရေးသေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်တော့ဘဲ ခု ဒီ The Chic မဂ္ဂဇင်းတစ်ခုမှာပဲ ဆက်ရေးဖြစ်သွားတယ် ဆိုရမှာပဲ။

ဒီနေ့လည်း နိုင်ငံတကာ အယ်လ်ဘမ် နှစ်ခု အကြောင်း တင်ဖြစ်သွားပြန်ပါပြီ။ ဒီအကြောင်းတွေကိုလည်း The Chic မဂ္ဂဇင်းမှာ ဖော်ပြပြီးသားပါ။ ကျွန်တော့ Blog မှာ ပြန်ပြီး သိမ်းတဲ့အနေနဲ့ တင်ဖြစ်သွားတာပါ။ ဒီကဏ္ဍ အတွက် ကျွန်တော့ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့တဲ့ S N' W တေးထုတ်လုပ်ရေး CDII က ဦးစိုးအောင် နဲ့ မိသားစု၊ မသီတာ တို့ကို အထူး ကျေးဇူးတင်ရှိပါတယ်။

Kiss (CARLY RAE JEPSEN)


Call Me Maybe သီချင်းနဲ့ တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်အားပေးနေကြတဲ့ တေးသံရှင်မလေး Carly Rae Jepsen ရဲ့ Call Me Maybe သီချင်းပါဝင်တဲ့ တေးအယ်လ်ဘမ် Kiss ဖြစ်ပါတယ်။ လူငယ်ပီပီ လူငယ်ကြိုက်သီချင်းပုံစံလေးတွေ ဖြစ်တဲ့ Dance-Pop ဂီတပုံစံလေးတွေကို ရွေးချယ်သီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်ကို စက်တင်ဘာလ (၁၄) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး သီချင်းစုစုပေါင်း (၁၆) ပုဒ် ပါဝင်ထားပါတယ်။ သီချင်း (၁၆) ပုဒ်ထဲက နောက်ဆုံး (၃) ပုဒ်ဖြစ်တဲ့ Wrong Feels So Right, Sweetie နဲ့ I know you have a girlfriend သီချင်းတွေကတော့ အပိုလက်ဆောင်ထည့်ပေးထားတဲ့ Bonus Track တွေပဲဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ထူးထူးခြားခြား Justin Biber နဲ့ Owl City တို့က စုံတွဲသီချင်းတွေ တွဲဖက်သီဆိုပေးထားပါသေးတယ်။ ဒါကြောင့်လည်း လူငယ်တွေကြားမှာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။ Owl City နဲ့ Good Time သီချင်းမှာ အတွဲညီညီ သီဆိုခဲ့တာမို့ လက်တလော လူကြိုက်များနေပြီး Justin Bieber နဲ့ Beautiful ဆိုတဲ့ သီချင်းကို စုံတွဲသီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း အနေနဲ့ ပါဝင်လာခြင်းမရှိဘဲ။ နီးနီးစပ်စပ်အဖြစ် This Kiss ဆိုတဲ့ သီချင်းတော့ ပါဝင်လာပါတယ်။ ဒီသီချင်းဟာ Call Me Maybe နဲ့ Good Time အပြီး တတိယမြောက်အဖြစ် တစ်ပုဒ်ချင်းစင်ဂယ်လ်သီချင်း ထွက်ရှိနိုင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ဒီနှစ်အတွင်းမှာပဲ EP အဖြစ်ထွက်ရှိခဲ့တဲ့ Curiosity တေးအယ်လ်ဘမ် ရဲ့ အဆက်အဖြစ်ထွက်ရှိခဲ့တာဖြစ်ပြီး ဒီခေါင်းစီးသီချင်းလေးလည်း ဒီဘက်ခွေထဲမှာ ပြန်လို့ ပါဝင်လာပါတယ်။ ဒီတေးအယ်လ်ဘမ်ကိုတော့ သူမက Studio Album အဖြစ် ခေါ်ဝေါ်သမုတ်ထားပါတယ်။ သီချင်းကောင်းလေးတွေများစွာ ပါဝင်လို့ ဒီတေးအယ်လ်ဘမ်ဟာ US Billboard 200 စာရင်းမှာ နံပါတ် (၆) နဲ့ UK Album Chart စာရင်းမှာ နံပါတ် (၉) နေရာတွေ အသီးသီး ရရှိထားတာ တွေ့ရပါတယ်။ သီချင်းအဆိုကောင်း၊ အရေးကောင်းတဲ့ အနုပညာရှင်လက်သစ်လေးရဲ့ ထူးခြားကောင်းမွန်ပြီး လူငယ်ဆန်တဲ့ တေးအယ်လ်ဘမ်လေးကို နားဆင်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။


Kiss (CARLY RAE JEPSEN) Album Mini-Info
ဂီတအမျိုးအစား
Pop, Dance-Pop, Disco-Pop
လူကြိုက်များသည့်သီချင်းများ
1. Call Me Maybe
2. Good Time
3. Beautiful



Truth Be Told Part 1(GREYSON CHANCE)

ဂီတအမျိုးအစား - Pop, Pop Rock
လူကြိုက်များသည့် သီချင်းများ - Sunshine & City Lights, You Might Be The One

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေကြတဲ့ ကမ္ဘာကျော်တေးသံရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Greyson Chance ရဲ့ တေးအယ်လ်ဘမ်အသစ်ပါ။ ဒီတေးအယ်လ်ဘမ်ကတော့ Part 1, Part 2 ဆိုပြီး ခွဲထွက်ပုံရပါတယ်။ လောလောဆယ်တော့ Part 1 ကိုပဲ နားဆင်ဖြစ်သေးပြီး သီချင်းပုဒ်ရေက ထူးခြားစွာပဲ (၅) ပုဒ်တည်း ပါဝင်ပါတယ်။ (၅) ပုဒ်ဆိုပေမယ့်လည်း ပြောစရာဖြစ်လောက်အောင် ကောင်းမွန်ပါတယ်။ ဒီတေးသံရှင်လေးက သူ (၆) တန်းတက်နေချိန်လောက်မှာ Lady GaGa ရဲ့ Paparazzi သီချင်းကို စင်ပေါ်မှာ သီဆိုပြီး You Tube ကနေ လွှင့်တင်ခဲ့တာကြောင့် နာမည်ရလာသူလေး ဖြစ်ပါတယ်။ ရှေ့မှာလည်း Hold On ‘Til The Night တစ်ကိုယ်တော်အယ်လ်ဘမ်ကို သြဂုတ်လ ၂ ရက်၊ ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ခု ဒီတေးအယ်လ်ဘမ်ကို သီချင်း (၅) ပုဒ်တည်းနဲ့ ဖြန့်ချိခဲ့တာလည်း ထူးခြားမှု ရှိနေပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့သီချင်းတွေကတော့ Sunshine & City Lights, You Might Be The One, Lella, California Sky နဲ့ Take My Heart တို့ပဲ ဖြစ်ပါတယ်။ ချစ်စဖွယ် အသံလေးနဲ့ ပင်ကိုယ်ပါရမီ ပြည့်ဝသူလေးရဲ့ တေးအယ်လ်ဘမ်သစ်ကတော့ လူငယ်ပရိတ်သတ်တွေ အထူးသဖြင့် ဆယ်ကျော်သက် ပရိတ်သတ်တွေကို အများကြီး ဆွဲဆောင်မှုပေးစွမ်းနိုင်မှာ သေချာပါတယ်။ အချစ်သီချင်းကောင်းလေးတွေလည်း ဖြစ်တာမို့ ခုလို ဖေဖော်ဝါရီလ ဆယ်ကျော်သက်လေးတွေ ရင်ခုန်သံမြန်တဲ့ကာလလေးနဲ့လည်း တိုက်ဆိုင်လိုက်ဖက်နေပါတယ်။ နားဆင်ရင်ခုန်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

သီဟလုလင်

0 comments: