Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။
Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Tuesday, June 28, 2016

ဘန်ကောက်ကို ဈေးသက်သက်သာသာ သွားဖို့ အခွင့်အရေး ပိုများလာပြီ

Thai Loin Air မိတ်ဆက်ပွဲ အခမ်းအနားမှ

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဈေးနှုန်းချိုသာတဲ့ ဘက်ဂျက်လေကြောင်းလိုင်းတွေ ဒီနှစ်ပိုင်းတွေမှာ ပိုပြီး ဝင်လာတာ သတိပြုမိပါတယ်။ ခရီးသွားလာမှု အရမ်းတိုးတက်လာတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ လေယာဉ်ခ သက်သက်သာသာ နဲ့ သွားရတော့ ဟိုမှာ ပိုပြီး သုံးနိုင်တာပေါ့။ အထူးသဖြင့် မျှော်လင့်မိတာကလည်း ဘန်ကောက်၊ စင်ကာပူ တို့ ဆို မဆိုးဘူးလေ။ ခုလည်း လေယာဉ်စီးလို့ ခရီးသွားရင် မန္တလေး နဲ့ ဘန်ကောက် ယှဉ်ရွေးလို့ ရနေပြီ။ လေယာဉ်ခလည်း ပိုသက်သာမယ်၊ လေယာဉ်စီးချိန်လည်း ပိုနည်းတဲ့ ဘန်ကောက်ကိုပဲ ကျွန်တော်က အရင်စဉ်းစားမိသွားတယ်။ ဘန်ကောက်က ပျော်စရာများတယ်လေ။ အရင်ကတော့ ဗီဇာကြေးလေး ထပ်ပေါင်းထည့်ရသေးတယ်။ ခုတော့ မလိုတော့ဘူးဆိုတော့ ဘန်ကောက်ပဲ ရွေးချယ်မိပြန်တယ်။ သွားရေးလာရေး လွယ်ကူတာ၊ ငွေကုန်ကြေးကျ သက်သာတာအပြင်၊ ဟိုတယ်ခကအစ သက်သာလို့ ဘန်ကောက်သွားရတာ ကျွန်တော်တော့ ကြိုက်တယ်။ Shopping နဲ့ တခြားပျော်စရာတွေ အသုံးကောင်းလို့ ကုန်တာကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်နော်။

Tuesday, June 14, 2016

ကျွန်မတို့သည် ဧဝ များသာ


လူတွေက ဒီဘက်ခေတ်မှာ တန်းတူညီမျှရေးလို့ အော်ဟစ်နေကြပေမယ့် အမျိုးသမီးများဟာ တကယ်ရော တန်းတူအခွင့်အရေး အပြည့်အဝ ရရှိကြပါရဲ့လား လို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာပဲ ချက်ပြုတ်နေတဲ့ စားဖိုမှူးတွေ မဟုတ်တော့ဘူး၊ အိမ်သန့်ဖို့အတွက် တံမြက်စည်းလှည်း၊ ဖုန်သုတ်နေရတဲ့ သန့်ရှင်းရေးတွေ မဟုတ်တော့ဘူး။ အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေမှာပဲ နေရာတစ်ခုပေးလို့ လုပ်ဆောင်နိုင်စွမ်းတွေ ပေးလိုက်ပြီဆိုတာကရော အမျိုးသားတွေက တကယ်ကို ကျေနပ်နားလည်မှုနဲ့ ပေးတယ်ထင်လား။ ကျွန်မတော့ မထင်။ အနည်းဆုံးတော့ ကျွန်မတို့ဟာ အိမ်ပြန်ရောက်ရင်လည်း အိမ်မှုကိစ္စတွေ မလုပ်မဖြစ် လုပ်ဆောင်ကြရတာပါပဲ။ တကယ်တော့ ဒါတွေဟာ ဟိုးအရင် ကမ္ဘာဦးကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေပါပဲ။

Thursday, May 19, 2016

လမ်းမထက်က ခွေးလေးများအတွက် နိဗ္ဗာန်ဘုံ



ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ နဲ့ ဧပြီလ ၈ ရက်နေ့တွေတုန်းက ရိုက်ကူးရေးအစီအစဉ်တစ်ခုအတွက် Yangon Animal Shelter ကို ရောက်ဖြစ်ခဲ့တယ်။ အရင်က ရှိမှန်းသာ ကြားဖူးပေမယ့် သွားဖို့ အကြောင်းမဆုံခဲ့တော့ မရောက်နိုင်ခဲ့ဘူး။ ခုတော့ မရည်ရွယ်ပါဘဲ ရောက်ဖြစ်ခဲ့တယ်။ ကျွန်တော် ထင်ထားတာက မြို့ထဲ အနီးတစ်ဝိုက်မှာ ရှိတယ်ပဲထင်တာ။ ဘယ်ဟုတ်လိမ့်မလဲ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ၇ မိုင် ၅ ဖာလုံလောက်အထိ မောင်းသွား၊ ပြီးတော့ U-Turn ဂငယ်ကွေ့ပြန်ကွေ့ပြီး YAS လို့ရေးထားတဲ့ဆိုင်းဘုတ်သေးသေးလေး ညွှန်ပြတဲ့တောလမ်းလေးထဲ ဝင်သွားရတာ။ ဒါက ဖေဖော်ဝါရီလထဲ သွားတုန်းကပေါ့။ ဧပြီလလည်းကျရော အဲဒီဝင်ပေါက်လမ်းကြီးကို အတုံးချပြီး ပိတ်ပစ်လိုက်တယ်။ ဒါနဲ့ပဲ ဘေးနီးဝန်းကျင်က ခြံတစ်ခုကို အကူအညီတောင်းလို့ သူတို့ခြံထဲကနေ ဖြတ်ဝင်လိုက်ရတယ်။

Monday, April 18, 2016

Yangon Splash Walk 2016 တွင် ပါဝင်ခြင်း

ဒီ ၂၀၁၆ ခုနှစ် မြန်မာသင်္ကြန်မှာ ကျွန်တော်တော့ ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုမှာ ပါဝင်ဖြစ်သွားတယ်။ ခရီးထွက်နေရာကနေ သင်္ကြန်မမီလောက်တော့ဘူး ထင်နေခဲ့တာ လေယာဉ်လက်မှတ်ပြန်ကြည့်တော့မှ သင်္ကြန်အတက်နေ့ နေ့လည် ပြန်ရောက်မယ်ဆိုတာ သိလိုက်ရတော့ ပထမဆုံးစဉ်းစားဖြစ်တာက မဏ္ဍပ်သွားဖို့ပါ။ အဲဒီအချိန်မှာ သူငယ်ချင်း ဟိန်းဇော်ညိုက ရန်ကုန်မှာ Yangon Splash Walk ဆိုတဲ့ activity တစ်ခုရှိတယ်ဆိုတာလေးရေးထားတာ ဖတ်လိုက်ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အဲဒီ Event ရှိကြောင်းကို တွေ့နေမြင်နေရပေမယ့် အချိန်မီ၊ မမီ မသေချာလို့ Going မလုပ်ထားခဲ့မိဘူး။ သူငယ်ချင်း ဖိုးသားနဲ့ ကိုနေ တို့ကလည်း သွားမယ်ဆိုတာနဲ့ နောက်ဆုံး မဏ္ဍပ်မထိုင်တော့ဘဲ ဒီ Activity မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

Water Splash Walk လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ၉၀ ခုနှစ်အစဦးတုန်းက ကလေးဘဝမှာ ခေတ်စားခဲ့တဲ့ လွယ်အိတ်ထဲ ရေပုံးထည့်ပြီး ရေပြွတ်တွေ၊ ရေသေနတ်တွေနဲ့ မြို့ထဲလမ်းတွေပေါ်၊ ရပ်ကွက်ထဲ လျှောက်သွားပြီး စစ်တိုက်သလိုပဲ ကိုယ်တွေလိုကလေးတွေ တွေ့ရင် ရေနဲ့ အပြိုင်ပက်ကြတာမျိုးကို ပြန်ပြီး အမှတ်တရ ဖော်ထုတ်တဲ့ လှုပ်ရှားမှုလေးပါ။ မှတ်မိသေးတယ်။ ကျွန်တော်ငယ်ငယ်တုန်းကလည်း စတီးပြွတ်တွေနဲ့ သိပ်ပျော်ခဲ့တာ။ အုန်းလက်မဏ္ဍပ်တွေနဲ့ ပြိုင်ပက်ရရင်တော့ မစားသာဘူးလေ။ ကိုယ်တွေ သူငယ်ချင်းအုပ်တောင့်ရင်တော့ တစ်ဘက်က အဖွဲ့ ခံပေရော့ပဲ။ ကိုယ်တွေ သူငယ်ချင်းအုပ်မတောင့်ရင်တော့လည်း ခံပေါ့။ ဒီ Water Splash Walk ရဲ့ ကျေးဇူးနဲ့ ဒီပုံရိပ်တွေက ဆေးရောင်စုံရုပ်ရှင်ဟောင်းတစ်ခုကို ပြန်ကြည့်နေရသလို အဝါရောင်ခပ်များများနဲ့ မျက်စိထဲ ပေါ်လာစေတယ်။

နေ့လည် ၁ နာရီလောက်မှ လေယာဉ်ဆိုက်တော့ အိမ်ကို အပြေးအလွှားရေချိုးပြန်ရတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ Sule Shangrila ကို အရင်သွား၊ အဲဒီကနေမှ စုရပ်နေရာဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းပေါ်ကို အပြေးလာရတယ်။ နေ့လည် ၃ နာရီလောက်မှ လူအုပ်က ခပ်များများဖြစ်နေပြီ။ အားလုံးက ရေသေနတ်လေးတွေကိုယ်စီနဲ့၊ အရက်မူးနေပုံ မရှိဘဲ ပကတိဖြူစင်နေတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်မျီုးတွေက အားလုံးမှာ တွေ့ရတယ်။ ဝတ်စုံအဆန်းအပြားလေးတွေနဲ့ တွေ့ရသလို၊ ရေသေနတ်မပါသူတွေကလည်း ရေသန့်ဘူးကို ထိပ်ဖောက်ပြီး ရေသေနတ်လုပ်လို့ ရေဆော့နေကြတယ်။ မကြီးစန်း တို့ ကိုပြည်စိုးအောင် တို့လို Celebrities တွေလည်း တွေ့ရတယ်။ သူတို့ဆိုလည်း လူတိုင်းက ချစ်ခင်စွာနဲ့ ဓါတ်ပုံ ဗီဒီယိုတွဲရိုက်သမျှကို ပြုံးပြုံးလေးနဲ့ လိုက်လျောလုပ်ဆောင်ပေးရှာပါတယ်။

အစီအစဉ်အရ ရန်ကုန်မြို့ရဲ့ အထင်ကရ သမိုင်းဝင်အဆောက်အဦးတွေနဲ့ Splash Walkers တွေ တွဲဖက် အမှတ်တရ ဓါတ်ပုံရိုက်ကူးဖို့ရှိတယ်။ ဒီအစီအစဉ်မှာ ရေသေနတ်တွေကိုယ်စီနဲ့ စုရပ် မဟာဗန္ဓုလပန်းခြံလမ်းကနေ ပန်းဆိုးတန်းတစ်လျှောက်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာလမ်း၊ သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာလမ်းကနေမှ မဟာဗန္ဓုလပန်းခြံလမ်းကို ပြန်ဝင်ရမှာပါ။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော်ခန်းမ၊ တရားလွှတ်တော်၊ လောကနတ်ပြခန်းအဆောက်အဦ၊ ဝဇီရာရုပ်ရှင်ရုံ၊ စိန့်မေရီဘုရာျးေကျာင်း၊ ဗဟိုပုံနှိပ်တိုက်၊ ဝန်ကြီးများရုံး၊ ဗဟိုစာတိုက်ကြီး၊ Strand ဟိုတယ် စတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို နောက်ခံထားပြီး အမှတ်တရဓါတ်ပုံရိုက်ကြပါတယ်။

လမ်းတစ်လျှောက်လည်း ရေလိုအပ်ရင်ဖြည့်ပေးဖို့ ရေဖြည့်တဲ့ကားတွေ စီစဉ်ပေးထားသလို၊ ငယ်ငယ်ကလိုပဲ တွေ့ကရာ အုန်းလက်မဏ္ဍပ်၊ မဏ္ဍပ်ကြီးတွေမှာ အားမနာတမ်း ရေတောင်းပြီးလည်း ဖြည့်ကြပါတယ်။
လူပေါင်းရာချီလို့ တညီတညွတ်တည်း လျှောက်သွားနေကြတာကို အချို့ကလည်း ဆန္ဒပြသလားပေါ့။ ဝိုင်းအုံကြည့်ကြ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကြနဲ့။ ရီလည်း ရီရပါတယ်။
ရဲ အချို့ရဲ့ စစ်ဆေးမေးမြန်းတာတွေလည်း ခံခဲ့ရသလို၊ ယာဉ်ထိန်းရဲတွေ နဲ့ ရဲတွေရဲ့ အကူအညီပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

ညနေ ၆ နာရီ ရေပိတ်ချိန် ကွက်တိလေး မူလစုရပ်နေရာပြန်ရောက်ပြီး အားလုံးချစ်ခင်စွာနဲ့ သင်္ကြန်သီချင်းလေးတွေဆိုလို့ လှုပ်ရှားမှုလေးကို ရပ်နားပါတယ်။ ပြီးတော့ အမှိုက်ကူကောက်ပေးတဲ့သူတွေကလည်း အမှိုက်လေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြန်လိုက်သိမ်းဆည်းပေးကြပါတယ်။

ဒီအစီအစဉ်မျိုးလေးတွေ နှစ်တိုင်းပြုလုပ်ပေးနိုင်ရင် ကောင်းတယ်လို့ ကျွန်တော်တော့ ထောက်ခံမိပါတယ်။ တစ်ခုပဲ အရင်ကလို လမ်းတိုင်း ရပ်ကွက်တိုင်းမှာ အုန်းလက်မဏ္ဍပ်တွေ ရှိမနေတော့တာမို့ ရေတော်တော်နဲ့ မစိုနိုင်တာကတော့ ခက်ပါတယ်။ ထူးခြားတဲ့ အစီအစဉ်ထူးလေးတွေ ထပ်ပေါင်းဖြည့်ထည့်ပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ ခုထိကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ရေသေနတ်ကိုင်လမ်းလျှောက်ပြီး သမိုင်းဝင်အဆောက်အဦးတွေနဲ့ ဓါတ်ပုံရိုက်ရတာကလွဲရင် သိပ်ပြီး ထူးခြားမှု မရှိသေးလို့ ပိုပြီးဆွဲဆောင်မှုရှိမယ့် အစီအစဉ်လေးတွေကို စနစ်တကျ သေသေသပ်သပ်လေး ရေးဆွဲလို့ နောက်နှစ်တွေမှာ ပိုပြီးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။

သီဟလုလင်
၁၇ ဧပြီလ ၂၀၁၆

Monday, March 21, 2016

Samsung Galaxy S7 edge နဲ့ Galaxy S6 edge ဘာတွေကွာခြားသွားသလဲ?


ဖုန်းအသစ်ထွက်လာတိုင်း အားလုံးစိတ်ဝင်စားကြတဲ့ အချက်ပါ။ Samsung မှာက series တွေအလိုက် ဖုန်းတွေ ထွက်ပါတယ်။ အဲဒီထဲက S series ဖုန်းတွေက လူငယ်တွေအကြိုက် ဒီဇိုင်းခပ်သွက်သွက်နဲ့ ဆန်းသစ်တဲ့လုပ်ဆောင်ချက်တွေ စဦးတီထွင် ပါဝင်လာတတ်တယ်။ ဈေးလည်း မြင့်တယ်ပေါ့။ Note series ဖုန်းတွေကတော့ လူလတ်ပိုင်း လူကြီးပိုင်း လုပ်ငန်းခွင်ဝင်ရောက်နေသူတွေရဲ့ အကြိုက်။ S-pen လေးနဲ့ ဟိုခြစ် ဒီခြစ် လုပ်ချင်သူတိုင်းရဲ့ အသည်းကျော်ဆိုရမယ်။ သူ့မှာတော့ နှစ်အစမှာထွက်လာတဲ့ S series ထဲက လုပ်ဆောင်ချက်တွေကို နည်းနည်းမွမ်းမံတာလေးတွေနဲ့ S-pen သုံးရတဲ့ လုပ်ဆောင်ချက်တွေဦးစားပေး ပါဝင်လာတယ်။ ဈေးလည်း ပိုမြင့်တတ်ပြန်တယ်။

S series ကြိုက်တဲ့ လူငယ်တွေကလည်း S ကို series အလိုက် စွဲစွဲမြဲမြဲကိုင်ကြတယ်။ ဒီတော့ ကိုယ် အခုကိုင်ထားတဲ့ အရင်နှစ်ထွက် S series ဖုန်းနဲ့ အခု အသစ်ထွက်တဲ့ S series ဖုန်း ဘာတွေ ကွာလည်းဆိုတာ သိချင်လာပြန်တယ်။ သိပ်မကွာရင်လည်း မလဲသင့်ရင် မလဲသေးဘူးပေါ့။ နည်းပညာတွေ အရမ်းကွာသွားလို့ လဲချင်လာလည်း လဲမှာပေါ့လေ။ ဘာတွေကွာသွားလဲ ကြည့်ရအောင်။

Saturday, March 12, 2016

နေ့စဉ်လုပ်ဆောင်သင့်တဲ့ အစွမ်းထက် အသေးအဖွဲ့ အလေ့အကျင့် (၁၂) ရပ်


ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဝမ်းနည်းစရာတွေကလည်း တစ်မျိုးမဟုတ် တစ်မျိုး တွေ့ရတတ်တယ်မဟုတ်လား။ ဒါတွေ မထင်မှတ်ဘဲ များများတွေ့ဆုံရချိန်မျိုးဆို စိတ်ဓါတ်တွေပျက်ပြားလို့ ကိုယ့်အသက်ကိုယ်တောင် နှမြောရမှန်း မသိတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါလို စိတ်ပျက်စရာကောင်းတဲ့ အချိန်အခိုက်အတံ့လေးကို အောင်အောင်မြင်မြင် လွယ်လွယ်ကူကူ ကျော်လွှားသွားနိုင်ဖို့ ကျွန်တော် ဖတ်ဖြစ်ခဲ့တဲ့ Dean Bkhari ရဲ့ နည်းလမ်းကောင်းလေးတွေကို ပြန်ပြီး ဘာသာပြန်ဝေမျှပေးလိုက်ပါတယ်။

Monday, November 09, 2015

မဲပေးတဲ့နေ့



"သားရေ... ၅ နာရီခွဲတော့မယ်.. ထတော့လေ"

သွေးနားထင်ရောက်တယ်ဆိုတာ စာထဲမှာသာ ဖတ်ဖူးတာ။ ခုမှ တကယ်ကြုံတော့တယ်။ နားထင်မှာ ဒိတ်ခနဲပဲ။ မနေ့က အသေအချာ နှိုးစက်ပေးထားရက်နဲ့ ဘာဖြစ်လို့ မမြည်တာလဲ။ အမေပဲ နာရီအကြည့်မှားသလား တွေးပြီး နှိုးစက်ပေးထားတဲ့ ဖုန်းကို အမြန်ကောက်ယူကြည့်လိုက်တော့ တကယ်ပဲ ၅ နာရီ ၂၀ မိနစ် ရှိနေပြီ။ ကမန်းကတန်းထပြီး ဖုန်းနာရီရဲ့ Setting ထဲဝင်ကြည့်တော့မှ တနင်္ဂနွေနေ့အတွက် နှိုးစက်ပေးထားတာ မဟုတ်ဘဲ၊ တနင်္လာနေ့အတွက် ဖြစ်နေတယ်။ သေစမ်းဟ။

"ဟုတ် နှိုးပြီ မေမေ။"

စကားလေးပြန်ပြီး ကမန်းကတန်း ရေထချိုးရတယ်။ ရေချိုးရင်း နှုတ်ကလည်း မနေ့ညက Repeat နှိပ်ပြီး ဖွင့်ထားမိတဲ့ "နေ့သစ်များအတွက်" အောင်နိုင်ရေးသီချင်းလေးကို လွှတ်ခနဲ ဆိုဆိုမိသွားတယ်။ အဝတ်အစားလဲပြီး အမေ ဖျော်ပေးထားတဲ့ ကော်ဖီတစ်ခွက် ကောက်မော့လို့ သားအမိ နှစ်ယောက် မသွားခင် ယူရမယ့် ပစ္စည်းတွေကို အပြန်အလှန် သတိပေးဖြစ်ကြတယ်။

"သားရေ ဆန္ဒရှင်သက်သေခံကတ်ပြားက သား သိမ်းထားတာနော်။ မေမေ့ ကတ်ပြားပါ သားဆီမှာမို့လား။"
"ကတ်ပြား မဟုတ်ပါဘူး မေမေရယ်၊ စာရွက်ပိုင်းလေးပါ။"

ကျွန်တော် ရယ်ပြီးပြောတော့ အမေက..

Saturday, November 07, 2015

Smart Manager: သင့်ရဲ့ Galaxy စမတ်ဖုန်းတွေကို အသစ်အတိုင်း ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတစ်ခု


အသိဉာဏ်မြင့်ကိရိယာတွေ ပိုပြီး ပိုပြီး စွမ်းဆောင်လာနိုင်လေလေ၊ သင့်ရဲ့ ကိရိယာလေးကို အမြဲတမ်း အကောင်းဆုံးအနေအထားနဲ့ လုပ်ဆောင်နိုင်စွမ်းရှိနေဖို့ဆိုတာ ပိုပြီး အရေးပါလာလေလေ ပါပဲ။ ဆိုလိုချင်တာက ဘက်ထရီကြာကြာအသုံးခံနိုင်ဖို့လိုမယ်။ ပြီးတော့ သိုမှီးသိမ်းဆည်းစရာနေရာတွေကို သေသေချာချာ စီမံခန့်ခွဲတတ်ဖို့လိုမယ်။ ဒါ့အပြင် ကိုယ့်ကိရိယာရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်မယ့် အဖျက်ဆော့ဝဲလ်တွေရဲ့ ရန်က ကာကွယ်ဖို့ လိုပါမယ်။

ဒီနှစ် အစောပိုင်းမှာ Samsung က Smart Manager ဆိုတဲ့ သုံးစွဲသူတွေအတွက် အသုံးအရမ်းဝင်တဲ့ ဖုန်းအက်ပလီကေးရှင်းတစ်ခုကို စပြီး မိတ်ဆက်ခဲ့တယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့မြန်ဆန်စေဖို့ စီမံခန့်ခွဲမှုတွေ တစ်နေရာတည်းကနေ လုပ်ဆောင်နိုင်မယ့် အက်ပလီကေးရှင်းကောင်း တစ်ခုဖြစ်ပါတယ်။ Galaxy S6 နဲ့ S6 edge စထွက်ကတည်းက ဖုန်းထဲမှာ တစ်ပါတည်း ပါဝင်လာခဲ့တာ ဖြစ်ပြီး Smart Manager ရဲ့ လုပ်ဆောင်ချက်အရည်အသွေးပိုင်းကိုလည်း ဆက်ပြီး မြှင့်တင်ဆောင်ရွက်ပေးနေသလို၊ Smart Manager ကို ယခင်က ထွက်ရှိခဲ့ပြီးတဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် OS ကို ဗားရှင်းမြှင့်ပေးရင်းနဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ စာရေးသူရဲ့ Galaxy Note 4 မှာလည်း မကြာသေးခင်က OS ကို ဗားရှင်းမြှင့်ပေးလိုက်တော့ Smart Manager ပါဝင်လာတာ တွေ့ရပါတယ်။ စပြီး စမ်းသပ်သုံးစွဲကြည့်တာနဲ့တင် တော်တော်လေး ထိရောက်ပါတယ်။ စာရေးသူရဲ့ ဖုန်းက သိမ်းဆည်းစရာနေရာ ပြည့်နေတယ်ချည်း ခဏခဏ ဖြစ်နေပါတယ်။ ကြိုးစားပြီး ဖိုင်တွေ ရှာဖျက်ပေမယ့် သိပ်မကြာခင် ပြည့်နေတယ်ချည်း ဖြစ်ဖြစ်နေတာ နည်းနည်းကြာပါပြီ။ အဲဒီ Smart Manager ရတော့ Storage ကို ကြည့်ပြီး မလိုအပ်တဲ့ဖိုင်တွေကို Delete လုပ်လိုက်တာ အံ့သြစရာ 2GB လောက် ထွက်လာပါတယ်။ အင်တာနက်ကြည့်ရင် ပါလာတတ်တဲ့ တချို့ဖိုင်တွေ၊ ကြော်ငြာတွေနဲ့ နေရာလွတ်မရှိအောင် ပြည့်နေတာမျိုးပါ။ Galaxy S6 edge+ နဲ့ Note5 မှာတော့ ဘက်ထရီ ပိုကြာကြာအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးပြီး အက်ပလီကေးရှင်းတွေကို ထိန်းချုပ်နိုင်ကာ လုံခြုံရေးအဆင့်မြင့်မားတဲ့ Smart Manager အက်ပလီကေးရှင်း စက်ရုံထုတ်ကတည်းက ပါဝင်လာပါတယ်။

Monday, October 19, 2015

လူသာအို လူပိုမဖြစ်စေတဲ့ အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်


"အိုမင်းသူများကို ကြင်နာခြင်းသည်
 သူတို့၏
 ဘဝနေဝင်ချိန်ကို ထွန်းတောက်စေသည်။"

ဘာရယ်ကြောင့်လည်း မသိ၊ စက်တင်ဘာလ အစောပိုင်းကတည်းက ကြံရွယ်ထားတာတစ်ခုက ဒီနှစ်မွေးနေ့တော့ အလှူတစ်ခုလုပ်မယ်၊ လုပ်ရင်လည်း ဘိုးဘွားရိပ်သာ တစ်ခုခုမှာ လုပ်မယ်လို့ စဉ်းစားထားခဲ့တယ်။ စဉ်းစားခဲ့တဲ့အတိုင်းလည်း ဆွေမျိုးမိတ်ဆွေတွေနဲ့ တိုင်ပင်ရင်း လှည်းကူးမြို့နယ်ဘက်မှာ ဘိုးဘွားရိပ်သာ တစ်ခု ရှိတယ်လို့ သတင်းလေးကြားရတော့ ဒီနှစ်ကို ရန်ကုန်မြို့အပြင်တစ်နေရာက ဘိုးဘွားရိပ်သာကို သွားပြီး ဒါနပြုတာ ပိုပြီး ကြည်နူးစရာ ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ကြိုတင်အကြောင်းကြား အစီအစဉ်ဆွဲထားလိုက်တယ်။

နောက်သိပ်မကြာခင် သူငယ်ချင်းမိတ်ဆွေတွေထဲက အောက်တိုဘာလဖွားတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဘိုးဘွားရိပ်သာတွေမှာ သွားလှူနေကြတာ တွေ့ရတော့ အရမ်းအံ့အားသင့်သွားရတယ်။ အော် ဒါကြောင့်လည်း မွေးလတူတဲ့သူတွေ စိတ်တူနေကြတာကိုး လို့ တွေးမိသွားတယ်။ ကျွန်တော်လည်း အောက်တိုဘာလဖွားတစ်ယောက်ပါပဲ။ နောက်ထပ် တိုက်ဆိုင်မှုတစ်ခုက အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ ဖြစ်နေတာပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော် အရင်တုန်းက ရေးခဲ့ဖူးပါတယ်။ ဒီ Blog မှာလည်း တင်ထားသလို၊ ကျွန်တော့ Facebook မှာလည်း ဝေမျှထားခဲ့ဖူးပါတယ်။

Friday, October 16, 2015

Oktoberfest အကြောင်း သိသမျှ


ကမ္ဘာက တစ်နေ့တခြား သေးလာတယ်။ မနေ့တစ်နေ့တုန်းက ရှိမှန်းတောင် မသိခဲ့တဲ့ ပွဲလမ်းသဘင်တွေက ဒီနေ့မှာ နေရာအနှံ့ ဆင်နွှဲနေကြတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခုရဲ့ ယဉ်ကျေးမှုချင်းက ထိယှက်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က မလုပ်ဘူး၊ မကြားဘူးခဲ့တဲ့ တခြားနိုင်ငံက ယဉ်ကျေးမှုပွဲတော်တွေနဲ့ ထုံးတမ်းစဉ်လာတွေ ကျင်းပလာကြတယ်။ ဒီတော့ ကိုယ်အရင်က သိထားတဲ့ အသိလောက်လေးနဲ့ မလုံလောက်တော့ဘူးဆိုတာ တဖြည်းဖြည်းထင်ရှားလာတယ်။ အမြင်ကျယ်ဖို့ လိုလာတယ်ပေါ့။ ဗဟုသုတတွေ ရှာဖွေဖို့ လိုအပ်လာတာတော့ အမှန်ပဲ။

တလောက သူငယ်ချင်းတွေရဲ့ ရုံးက ပွဲတစ်ခုကို အားပါးတရ ပျော်ပျော်ကြီး ဆင်နွှဲနေကြတယ်။ ဘာတဲ့ Oktoberfest ပါလား။ ကျွန်တော်လည်း အသည်းအသန် google ရတယ်။ ဘာကြီးလဲပေါ့။ ကိုယ်ကလည်း အောက်တိုဘာလ မွေးတဲ့သူဆိုတော့ အဲလို အသံလေးတွေပါလာရင် ပိုစိတ်ဝင်စားတယ်လေ။

Tuesday, October 06, 2015

အညာမြေရဲ့ အိုအေစစ်သို့ အလည်တစ်ခေါက်



ခရီးထွက်ရတာကို ဝါသနာထုံတဲ့ ကျွန်တော်က အားလပ်ရက်ရှည် ရှိတိုင်း ရုံးအလုပ်တွေကို ခဏမေ့ထားလို့ ခရီးထွက်ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ပိတ်ရက်ရှည်လေး ရတော့ ခရီးထွက်ဖို့ ထုံးစံအတိုင်း စီစဉ်ဖြစ်တော့ မိုးတွင်းကလည်း ဖြစ်နေတဲ့အတွက် သွားရ လာရ လည်ရ ပတ်ရ အဆင်ပြေမယ့် အညာဘက်ကို ခရီးထွက်ဖို့ စဉ်းစားလိုက်မိသွားတယ်။ ဒါနဲ့ပဲ ပုဂံ - ပုပ္ပါး ခရီးစဉ်လေး ဖြစ်လာရတယ်ပေါ့။

ပုံဂံကိုတော့ ဒီ ၂၀၁၅ ခုနှစ် နှစ်စ ပိုင်းလောက်က ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့ပါတယ်။ အဲဒီတုန်းကတော့ တစ်ညအိပ်ခရီးလောက်ကို အသော့နှင်ခဲ့ရလို့ ပုပ္ပါးကို ဝင်ချိန် မရခဲ့ပါဘူး။ မရောက်ဘူးခင်တုန်းကတော့ ပုပ္ပါးနဲ့ ပုဂံက အရမ်းနီးနီးကပ်ကပ်လို့ ထင်ခဲ့ဖူးတော့ ပုဂံရောက်ရင် ပုပ္ပါးလည်း သေချာပေါက် ရောက်မယ်လို့ ထင်ခဲ့မိတာ။ တကယ်တမ်းတော့ ပုဂံကနေ တစ်နာရီလောက် ကားစီးသွားရသေးတာကိုး။


Monday, September 28, 2015

သူတို့ပြောတဲ့ ရေပြာအိုင်ဆီ


စပြီး စီစဉ်တုန်းကတော့ လွိုင်ကော်ကို သာသာယာယာ Tour Agent နဲ့ သွားမလို့ပါဘဲ။ သို့သော်လည်း သူတို့ဘက်က အကြောင်းတစ်ခုနဲ့ ခရီးစဉ်ကို သွားမယ့်နေ့ညနေ (၄) နာရီခွဲလောက်မှ ဖျက်တယ်ဆိုပြီး အကြောင်းကြားတော့ ဟပ်ကော့ကြီးနဲ့ အားချင်း ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ရတယ်။ မျှော်လင့်တာက ကယားပြည်နယ်ကို မရောက်တာကြာတာရော၊ အရင်တုန်းက မသိရ မလည်ရတဲ့ နေရာတွေကို အရောက်သွားချင်တာရော ရှိပေမယ့်လည်း အဆင်မပြေဖြစ်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါနဲ့ ချောင်းသား ငွေဆောင် သွားမယ်လို့ တွေးမိပြီး ကား စုံစမ်းတော့ ညကားတွေ မရှိတော့ဘူး။ မနက်ကားတွေကလည်း လိုင်းကားတွေပဲဆိုတော့ တစ်ရွာတက် တစ်ရွာဆင်းနဲ့ ဘတ်စ်ကားကြီးလို သွားရမယ်။ ပစ္စည်းတွေလည်း တင်ဦးမယ်ဆိုတော့ အဆင်မပြေပြန်ဘူး။ တခြားသွားဖို့ကလည်း အားလုံးနောက်ကျနေပြီ။ နောက်ဆုံးတော့ ကိုယ့်အတွက် အဆင်ပြေမယ့် မန္တလေး ကိုပဲ ရွေးလိုက်တော့တယ်။ မနက်ကားလေးနဲ့ ညနေရောက်ပေါ့။

Sunday, March 09, 2014

လမ်းခွဲဖြစ်ဖို့ အကြောင်းများ


ချစ်သူတွေ မထင်မှတ်ဘဲ လမ်းခွဲဖြစ်သွားကြတာတွေ များပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် တကယ်ကို ဘာမဟုတ်တဲ့ ကိစ္စရပ်လေးတွေပါ။ အသေးအဖွဲလေးတွေကို ဂရုမပြုမိလို့ ခုတော့ လမ်းခွဲဖို့အထိ ဖြစ်သွားရပြီ။ ဒါဆို ဒီလို အဖြစ်အပျက်လေးတွေကို ရှောင်လွှဲနိုင်ခဲ့ရင် ချစ်သူတွေကနေ မုန်းသူတွေ ဖြစ်သွားစရာ မရှိတော့ဘူးပေါ့။

ဘာတွေကို ရှောင်လွှဲနိုင်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

(၁) ချစ်သူဟောင်းတွေနဲ့ အဆက်အဆံ ကင်းကင်း ရှိပါစေ။
ချစ်သူရည်းစားဟောင်းအချို့က လက်ရှိတွဲဖက်နေတာ မဟုတ်ပေမယ့် သူငယ်ချင်းအနေအထားမျိုး ရှိနေတတ်ပါတယ်။ ခုလို ပွင့်လင်းလွတ်လပ်တဲ့ခေတ်၊ အမြင်ကျယ်တဲ့ခေတ်မှာ ဒီကိစ္စမျိုးက အလိုလို နားလည်လက်ခံရမှာမျိုး ဖြစ်ပေမယ့်လည်း ချစ်သူဆိုတာက ရင်ထဲမှာ ဝန်တိုစိတ်လေး ရှိကို ရှိနေတုန်းပဲ။ ဒါကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်ဖို့ မလွယ်ကူပါဘူး။ အရမ်းနားလည်ပါတယ်ဆိုတောင် သူ့စိတ်ထဲမှာ ထိတ်ခနဲ ကျင်ခနဲ ဖြစ်သွားတတ်ပါသေးတယ်။ ဒါကို နားလည်ပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ ချစ်သူဟောင်း (သို့မဟုတ်) ရည်းစားဟောင်းနဲ့ အဆက်အဆံ ကင်းကင်း ဖြစ်သင့်ပါတယ်။ Facebook တို့ Gtalk တို့လိုမျိုးမှာတောင် စကားအပြောအဆို နည်းနိုင်ရင် အကောင်းဆုံးပါပဲ။ လက်ရှိချစ်သူအကြောင်း ပြောပြနေတာမျိုး၊ အရင်က ချစ်သူကို ခုလက်ရှိချစ်သူနဲ့ နှိုင်းယှဉ်ပြနေတာမျိုးလည်း ရှောင်သင့်တာပေါ့။ တစ်ဖက်သားရဲ့ ယုံကြည်မှုကို နည်းပါးသွားစေတယ်လေ။

(၂) ချစ်သူကို အပြစ်တင်ခြင်း ကင်းပါစေ။
တစ်ခါတလေ ကိုယ်က ချစ်သူချင်းမို့ ပက်ပက်စက်စက်တွေ ပြောမိသွားတတ်တယ်။ အသေးအဖွဲ အပြစ်တင်စကားလေးကအစ များလာရင် လူကို နာကြည်းစိတ်ဝင်သွားစေတတ်တယ်။ ဒါလေးတွေ ရှောင်နိုင်ရင် ကောင်းတာပေါ့။ ချစ်သူဆိုတာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အရင်းနှီးဆုံး တစိမ်းပါ။ ကိုယ်တောင် သူများက ကိုယ်လုပ်သမျှ အပြစ်ချည်းပြောနေရင် ဘယ်လိုခံစားရမလဲ။ သူလည်း ဒီလိုပဲပေါ့။ ချစ်တဲ့စိတ်ကြောင့် အတိုင်းအတာတစ်ခုထိ သည်းခံနိုင်ပေမယ့်လည်း ပုထုဇဉ်ဆိုတော့ အရမ်းအကြာကြီးတော့ ဟုတ်မယ်မထင်။

(၃) ချစ်သူအတွက် အချိန်လေးတွေ ချန်ထားနိုင်ပါစေ။
အချိန်မပေးနိုင်ဘူးဆိုရင် အချစ်ဆိုတာ အေးခဲသွားလိမ့်မယ်။ သွေးအေးသွားရင် ပြန်နွှေးရတာဟာ အရင် ချစ်သူမဖြစ်ခင်က ကြိုးစားရတဲ့ အခြေအနေထက် ပိုပြီး ရှုပ်ထွေးပါတယ်။ ခေတ်က အလုပ်မှာ နွံနစ်ရမယ့် သဘော ရှိကိုရှိနေတော့ အလုပ်အတွက် အချိန်တွေ အများကြီး ပေးနေရတဲ့တိုင် ရတဲ့အချိန်လေးအတွင်းမှာ ချစ်သူကို ကြင်နာစွာ ဂရုပြုခြင်းကလည်း ချစ်သူသက်တမ်းကို ပိုရှည်လို့ အချစ်တိုးစေတာပေါ့။ သူငယ်ချင်းတွေကို အချိန်ပေးတတ်သလို၊ ချစ်သူကိုလည်း အချိန်ပိုဖို့ လိုသေးတယ်ဆိုတာ မမေ့ပါနဲ့။

(၄) အလိုက်သိတတ်ပါစေ။
ချစ်သူအလိုက်သိတတ်တာ အရမ်းကောင်းပါတယ်။ အလိုက်သိတတ်တာ ဘယ်နေရာမဆို ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အလုပ်မှာ၊ ကျောင်းမှာ၊ အချစ်ရေး အိမ်ထောင်ရေးမှာ အလိုက်သိတတ်တာကြောင့် ပိုပြီး ကောင်းမွန်သွားစေပါတယ်။ ချစ်သူချင်း မုန့်ထွက်စားလို့ ဒီတစ်ခါကိုယ်ရှင်း၊ နောက်တစ်ခါမင်းရှင်း ဆိုတာမျိုး စဉ်းစားမနေပါနဲ့။ ပွင့်ပွင့်လင်းလင်းလည်း ရှိပါစေပေါ့။ ကိုယ်မှာ ရှင်းဖို့ ငွေ မလုံလောက်ရင်တောင် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကလည်း ကောင်းပါတယ်။

(၅) အထိမ်းအမှတ်နေ့လေးတွေလည်း သတိရတတ်ပါစေ။
စတွေ့တဲ့နေ့၊ ချစ်သူဖြစ်တဲ့နေ့၊ သူ့မွေးနေ့ စသဖြင့် အထိမ်းအမှတ်နေ့လေးတွေကို မှတ်ထားတတ်ရင်လည်း အချစ်တိုးစေပြန်တယ်။ မှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ မမှတ်မိတတ်ရင်လည်း ကိုယ့်ဖုန်းထဲ၊ ကွန်ပြူတာထဲက ပြက္ခဒိန်ထဲမှာ မှတ်သားထားပြီး Alert လုပ်ခိုင်းထားလို့ရနေပြီပဲ။ ဒါလေးတွေက ချစ်ခြင်းကို မြဲမြံခိုင်ခံ့စေတဲ့အကြောင်းတွေမို့ လွယ်ပေမယ့် မလုပ်ဖြစ်တာမျိုး မဖြစ်သင့်ဘူးလေ။

ကဲ... ဒီအချက်တွေကိုသာ လိုက်နာလုပ်ဆောင်နိုင်ရင် မထင်မှတ်တဲ့ အသေးအဖွဲလေးတွေကြောင့် လမ်းခွဲရတဲ့အထိ ဖြစ်သွားစရာမရှိတော့ဘူးပေါ့။ အတိုင်းအတာ တစ်ခုအထိ ချစ်သူတွေကို အကူအညီ ပေးနိုင်မယ့် အချက်တွေဖြစ်ပါတယ်။ ချစ်သူတိုင်း ချစ်သက်တမ်းရှည်ရှည် ချစ်နိုင်ကြပါစေ။


သီဟလုလင်
၉ မတ်လ ၂၀၁၄

Saturday, February 15, 2014

တစ်ခါက အိပ်မက်

အိပ်မက်ဆိုတာ လူတိုင်း မက်ဖူးကြပါတယ်။
ဒါပေမယ့် အဲဒီ အိပ်မက်ဆိုတာ အိပ်နေစဉ်ခဏပဲ မျောလွင့်ရခြင်းမျိုးပါ။
နိုးထလာချိန်မှာတော့ လက်တွေ့ဘဝကို ရင်ဆိုင်ရုန်းကန်ကြရတော့တာပဲ။
ဘာပဲဖြစ်ဖြစ် အိပ်စက်နေချိန်ခဏမှာ ခံစားမှုရသအဖုံဖုံပေးတဲ့ အိပ်မက်တွေကတော့ လူ့လောကမှာ အသက်ရှင်နေသမျှ ကြုံဆုံနေကြရဦးမှာပါပဲ။

အဆိုတော် နောနော်နဲ့ ရေဒီယိုအင်တာဗျူးတစ်ခု
တစ်ချိန်တုန်းကပေါ့...
ကျွန်တော့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားတက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ကျေနပ်ဝမ်းမြောက်ရခြင်း၊ ဂုဏ်ယူရခြင်း စတဲ့ ခံစားမှုမျိုးစုံ ပေးစွမ်းခဲ့တဲ့ အိပ်မက်တစ်ခုကို တော်တော်လေး ကြာအောင် မက်ခဲ့ဖူးလေရဲ့။

အဲဒီအိပ်မက်လေးက... ရေဒီယိုဒီဂျေ လို့ခေါ်ကြတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ခွင့်ရခြင်းပါ။
ကျွန်တော်ဟာ ရန်ကုန်မြို့မှာ တစ်ချိန်က အထင်ကရ ဖြစ်ခဲ့ဖူးတဲ့ မြို့တော်အသံလွှင့်ဌာန (သို့မဟုတ်) City FM ရဲ့ လေလှိုင်းပေါ်က ချိုလွင်တဲ့အသံပိုင်ရှင် တစ်ဦးဖြစ်ခဲ့ဖူးတယ်ဆိုတာ ခုဆို တော်တော်ပြန်ပြီး စဉ်းစားပြန်ဖော် ရတဲ့ အိပ်မက်ဟောင်းတစ်ခု ဖြစ်လို့နေပါပြီ။ City FM သာမက ရွှေ FM ရဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရတာလည်း ဂုဏ်ယူစရာ တစ်ခုပါပဲ။


ကျွန်တော့အိပ်မက်လေး ရဲ့ အစက...
             City FM ကို ကျွန်တော် စသိတာ City FM စလွှင့်ကတည်းကပါ။ အဲဒီတုန်းကလည်း အသည်းအသန် ရေဒီယိုဖမ်းစက်တွေ ပြေးဝယ်ခဲ့တာကို မှတ်မိသေးတယ်။ အဲဒီချိန်တုန်းက ခုချိန်လို FM စက်လှလှလေးတွေ၊ MP3 Player တွေ အတွေ့ရနည်းသေးသလို၊ ဖုန်းတောင်မှ Handset လှလှနဲ့ Function စုံစုံမရှိသေးတာမို့ ကျွန်တော့မှာ လူကြီးတွေ နားထောင်တဲ့ ဟိုးတုန်းက ရေဒီယို စက် အသေးလေး ရှာဝယ်ခဲ့ရတာ မှတ်မိသေးတယ်။ ဒီ Radio DJ အလုပ်ကိုတော့ ၂၀၀၂ ခုနှစ်မှာ စလုပ်ခဲ့ပါတယ်။ ပေါ်ပြူလာ ဂျာနယ်ကနေ City FM Studio က Announcer လျှောက်ဖို့ခေါ်တဲ့ ကြော်ငြာတွေ့ပြီး လုပ်ဖြစ်ခဲ့တာပါ။ အမှန်က အဲဒီအချိန်ကတော့ ကိုယ့်ဟာကိုယ် ယုံကြည်မှု မရှိခဲ့ဘူး။ သူငယ်ချင်းတစ်ယောက်က အတူလျှောက်ကြရအောင်လို့ ခေါ်လို့ အဖော်ရပြီဆိုပြီး လုပ်ဖြစ်ခဲ့တာ မှတ်မှတ်ယယ အင်တာဗျူး ၄ ခါ တောင်ဝင်ခဲ့ရတယ်။ ကျွန်တော် ရေဒီယိုအစီအစဉ်တင်ဆက်သူ လုပ်ခဲ့တာ စုစုပေါင်း ၈ နှစ်လောက် ရှိခဲ့ပါတယ်။

Friday, February 15, 2013

Samsung GALAXY GRAND (သို့မဟုတ်) အားလုံးကြိုက်မယ့် မျက်နှာပြင်ကျယ်ကျယ်


“Samsung ဖုန်းတွေကို သုံးချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတယ်။”
 
“လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကတော့ တကယ့်ကို အားရစရာ၊ သဘောကျစရာကြီး။ ခက်တာ အဲဒီ Samsung ဖုန်းဝယ်ဖို့ ပိုက်ဆံအများကြီး စုရဦးမယ်။”

“ဈေးကြီးတဲ့ဖုန်းကျပြန်တော့လည်း ဝယ်ကိုင်ရမှာ နှမြောတယ်။ သူများတွေ ဟိုဟာ ဒီဟာလေးတွေ အဆန်းအပြား လုပ်ကြတော့လည်း လုပ်ကြည့်ချင်ပြန်ရော။ ဈေးသက်သာတာလေး ဝယ်ပြန်တော့လည်း ဖုန်းသေးသေးလေးပဲရတယ်။ တရုတ်ဖုန်းတွေပဲ ကိုင်နေရတယ်။ ကိုင်ချင်တာပေါ့ Samsung ကို။”

နေ့စဉ်လိုလို ဘာရယ်မဟုတ် ဟိုနား ဒီနားသွားရင် ကြားနေရတဲ့ အသံအပိုင်းအစလေးတွေက ကျွန်တော့ အတွေးထဲက မထွက်နိုင်ဘူး။ Samsung ဖုန်းတွေက ဈေးအနည်းငယ် ကြီးတယ်လို့ ထင်ရပေမယ့်၊ တကယ်တော့ ဈေးကြီးတယ်ဆိုတဲ့ အထဲမှာ မပါပါဘူး။ ကိုယ် ပေးဝယ်လိုက်ရတာနဲ့ ထိုက်တန်တဲ့ အရည်အသွေး၊ စွမ်းဆောင်ချက်နဲ့ စိတ်လှုပ်ရှားစရာ လုပ်ဆောင်နိုင်စွမ်းတွေ ပါရှိနေပါတယ်။ Samsung ရဲ့ တကယ့်သဘောထားက လူတိုင်းလက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ အဆင့်မြင့်အသိဉာဏ်ကြွယ်တဲ့ ဖုန်းတွေ အသုံးပြုနိုင်စေချင်တာပါ။

Samsung ကနေလည်း မကြာခဏဆိုသလို ဆန်းသစ်တဲ့ နည်းပညာသစ်တွေ ပေါင်းစပ်လို့ စမတ်ဖုန်း ချစ်သူတွေအတွက် ဖုန်းအသစ်အဆန်းလေးတွေ ထုတ်လုပ်ပြနိုင်ခဲ့ပါတယ်။ ခုလည်း Samsung GALAXY Grand ကို ပြည်တွင်းဈေးကွက်မှာ အောင်မြင်စွာရောင်းချနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြန်မာပြည်ဈေးကွက်ထဲကို ရောက်ရှိလာခဲ့တာပါ။ ဈေးနှုန်းအားဖြင့်လည်း အံ့အားသင့်စရာ ချိုသာသလို၊ ပုံစံလေးကလည်း သွက်ပါတယ်။ ခု ပုံမှမြင်ရတဲ့အတိုင်း၊ GALAXY Grand ဟာ Note II အသေးစားလေးလို ချစ်စဖွယ် လှပနေတာပါ။ ခုခေတ်က ဖုန်းမျက်နှာပြင်ကျယ်ကျယ်၊ ဖုန်းကြီးကြီးတွေ ကိုင်မှ ခေတ်အကြိုက် ဖြစ်တာလေ။ လူတိုင်းက ဖုန်မျက်နှာပြင်ကျယ်ကျယ် ကို သူတို့ရဲ့ အင်တာနက်ချိတ်ဖို့၊ အီးမေးလ်သုံးဖို့၊ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေ သုံးဖို့အတွက် သဘောကျနေကြတာကိုး။ ဒီတော့လည်း Samsung ရဲ့ GALAXY Grand က ခေတ်အကြိုက် ၅ လက်မ မြင်ကွင်းကျယ်နဲ့ ဈေးကွက်ထဲ ရောက်လာတာပါ။

Note II နဲ့ SIII တို့လိုပဲ Multi Window အသုံးပြုနိုင်တာကလည်း ထူးခြားချက်ပါပဲ။ အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်တယ်လေ။ အီးမေးလ်ကြည့်ရင်း မက်ဆေ့ခ်ျပို့မလား၊ လူမှုကွန်ယက်ဆိုက်ဒ် တစ်ခုခု သုံးနေရင်း ဓါတ်ပုံရှာမလား။ မျက်နှာပြင်ကျယ်ကျယ်မှာ တစ်ပြိုက်နက် လုပ်ဆောင်နိုင်နေပြီ။ ဒီလို သွက်သွက်လက်လက် လုပ်ဆောင်နိုင်ဖို့ကို 1.2 GHz Dual Core CPU က အကောင်းဆုံး ပံ့ပိုးပေးထားပြီး နောက်ဆုံးပေါ် Android OS version ဖြစ်တဲ့ Jelly Beam 4.1.2 ကြောင့်လည်း အစစ အရာရာ ပိုပြီး အဆင်ပြေ သုံးရလွယ်ကူစေပါတယ်။ ဘက်ထရီကလည်း ၂၁၀၀ mAh မို့ အသုံးခံတာလည်း သဘောကျစရာ တွေ့ရမှာပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက SIM card နှစ်ခုကို တစ်ပြိုင်နက် ထည့်သွင်းနိုင်တာပဲ။ သိပ်မကြာခင်ဆို SIM Card ဈေးတွေကလည်း ကျဦးမယ်လို့ ကြားနေရတော့ SIM card နှစ်ခုထည့်ပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားထားနိုင်ပြီ။ ဒါမှမဟုတ်လည်း ပြည်တွင်းမှာ သုံးနေတဲ့ SIM card နဲ့ နိုင်ငံခြားတိုင်းပြည် တွေ ရောက်လို့ ဝယ်သုံးတဲ့ SIM card နှစ်ခုကို တစ်ပြိုင်နက် သုံးနိုင်လို့ ကိုယ့် SIM card ကို နိုင်ငံခြားရောက်ရင် ဖြုတ်သိမ်းထားရတဲ့ ဒုက္ခလည်း ငြိမ်းပြီပေါ့။

မှတ်တမ်းတင်ဖို့ကတော့ ကင်မရာ 8MP အကောင်းစားနဲ့မို့ သာမန် ဒီဂျစ်တယ်ကင်မရာတွေလောက်တော့ အသာလေးပါပဲ။ လူမှုကွန်ယက်တွေမှာ ဝေမျှဖို့ ကိုယ်ပုံအလန်းစားလေး ရိုက်မယ် ဆိုလည်း ရှေ့မျက်နှာစာမှာ 2MP ကင်မရာထပ်ပါသေးတာမို့ ကိုယ့်ရဲ့ အလှပဆုံးမျက်နှာ အနေအထားကို ကိုယ်တိုင်ချိန်ဆရှာဖွေလို့ သိမ်းဆည်းထားနိုင်ပြီ။ သိမ်းဆည်းထားနိုင်ဖို့အတွက် Internal Memory က 8GB ပါဝင်ပြီး microSD card ကို 64 GB ထိ ဆိုက်နိုင်တယ်ဆိုတော့ ထူးခြားတာပေါ့။ RAM ကတော့ 1GB မို့ မြန်ချက်ပဲဗျို့။ ဗီဒီယို ရိုက်ကူးမယ်ဆိုလည်း 1080p 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

အင်တာနက်အတွက်တော့ Data နဲ့ လည်းသုံးနိုင်သလို Wi-Fi နဲ့လည်း အသုံးပြုနိုင်မှာပါ။ အသင့်ထည့်သွင်းပေးထားတဲ့ Application တွေကလည်း များမှများပါပဲ။

ဈေးနှုန်းကလား… အံ့သြသွားမယ်ထင်တယ်… ဘယ်လောက်ချိုသာသလဲဆိုတာ…

ကိုယ်တိုင်ပဲ ကျွန်တော်တို့ Samsung Mobile Brand Shop တွေဆီမှာ လာရောက်မေးမြန်းစုံစမ်း ဝယ်ယူလှည့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

သြော်… မတ်လ (၁၀) ရက်နေ့မတိုင်ခင် ဝယ်ထားမယ်ဆိုရင် Samsung ရဲ့ GALAXY Lucky Draw Festival မှာ ပါဝင်လို့ရမှာမို့ တန်ဖိုးကြီး Samsung Electronics နဲ့ Mobile ပစ္စည်းတွေနဲ့ ကိုးရီးယားခရီးစဉ်တွေ ရရှိနိုင်မယ့် အခွင့်အရေးတွေ လက်တကမ်းမှာ ရှိနေပါတယ်လို့ ကြေငြာမောင်းခတ်လိုက်ပါရစေခင်ဗျာ။

သီဟလုလင်
၁၄ ဖေဖော်ဝါရီ ၂၀၁၃

Saturday, December 15, 2012

ခရစ်စမတ် ဆိုသည်မှာ...


ခရစ်ယာန်တို့၏ နှစ်စဉ်ကျင်းပသည့် ပွဲတော်တစ်ရပ်ဖြစ်သည်။ မိမိတို့ကို အပြစ်မှ ရွေးနှုတ်တော်မူသော ကယ်တင်ပိုင်ရှင် ခရစ်တော်ယေရှု၏ ဖွားမြင်ခြင်းကို အောက်မေ့သတိရလျက် ကျင်းပခြင်း ဖြစ်ပါသည်။ ကျင်းပရာတွင် မွေးနေ့တော်နှင့်ဆိုင်သော ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ နိပတ်တော် ပြသခြင်း၊ ကျွေးမွေးဧည့်ခံဝတ်ပြုခြင်း၊ မေတ္တာနှင့် လက်ဆောင်ပေးခြင်းများ ပြုကြသည်။ ရပ်နီး ရပ်ဝေး မိတ်တွေသင်္ဂဟတို့ထံ ခရစ်စမတ်ကဒ်များ ပို့လျက် ဆုမွန်ကောင်းတောင်းကာ သတိရနှုတ်ဆက်ကြသည်။ မိမိတို့ အိမ်များတွင်လည်း အလှတန်ဆာများဆင်လျက် မီးများထွန်းညှိကာ ပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် ပြင်ဆင်ကြသည်။

ခရစ်စမတ်အခါသမယသည် ခရစ်ယာန်တို့၏ မေတ္တာပြသည့် ထူးမြတ်သော အခါသမယဖြစ်သည်။ မိမိတို့ ကိုးကွယ်ယုံကြည်သော ထာဝရဘုရားသခင်၏ ကြီးမားသောမေတ္တာတော်အတွက် ကျေးဇူးတင်လျက်၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် မေတ္တာပြသော အချိန်အခါဖြစ်ပါသည်။

Wednesday, November 14, 2012

Samsung ရဲ့ စိတ်ဝင်စားဖွယ် Galaxy Camera အသစ် ပြည်တွင်း ရောက်ရှိတော့မည်


Galaxy Series တွေကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့တဲ့ Samsung ရဲ့ အိုင်ဒီယာသစ်လေးက တကယ်ကို အလန်းစားလို့ ပြောနိုင်ပါတယ်။ သတင်းက ကြားနေရတာကြာပြီ။ Camera ကို OS နဲ့ သုံးလို့ရတယ်မယ်တဲ့။ ကျွန်တော့အထင်တော့ လက်ကိုင်ဖုန်းလေးလိုပဲ နေမှာလို့ ထင်ထားပါတယ်။ ရိုးရိုး ဒီဂျစ်တယ် ကင်မရာလေး ဖြစ်မယ်ပေါ့။ ဒါမျိုးတွေကို တချို့ တရုတ်ကလာတဲ့ MP4 Player တွေမှာ တွေ့နေရတာပဲ။ ဆွဲဆောင်မှုမရှိဘူးလို့ထင်ပါတယ်။ ဒါပေမယ့်...

ဒါပေမယ့် Samsung Galaxy Camera လေး ကျွန်တော့လက်ထဲ ရောက်လာချိန်မှာတော့ လိုချင်စိတ်က ဘယ်လိုမှ ထိန်းမရအောင်ပါဘဲ။ ကျွန်တော်တို့ အရွယ်တွေ ခုတလော သိပ်ရူးနှမ်းနေကြတဲ့ အရာက Professional Camera တစ်လုံး ရှိချင်တာပါ။ ခရီးလေးတွေ သွားပြီး ဗဟုသုတလေးတွေရှာချင်၊ အပျော်တမ်းထက် သာလွန်တဲ့ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာလေးနဲ့ ဟိုရိုက် ဒီရိုက်လုပ်ချင်နေတတ်ကြ တယ်လေ။ ပရော်ဖက်ရှင်နယ် ကင်မရာတွေရဲ့ အားနည်းချက်ဆိုရမှား တစ်ခုက နည်းပညာပိုင်း လေ့လာဖို့ လိုအပ်သလို၊ ကင်မရာနဲ့ စပ်ဆက်ပစ္စည်းတွေရဲ့ ဈေးကလည်း အင်မတန်မြင့်မားတာပါပဲ။ ဒါတွေကို ကျွန်တော် ကိုင်တွယ်ထားတဲ့ Galaxy Camera လေးက အတိုင်းအတာ တစ်ခုထိ ဖြေရှင်းပေးနိုင်ပါတယ်။

အကြောင်းကတော့ သူ့မှာပါဝင်တဲ့ ထူးခြားချက်လေးတွေကြောင့်လို့ ဆိုရပါမယ်။

Monday, October 01, 2012

သက်ကြွယ်သူတို့အကြောင်း


ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ လို့ သိရပါတယ်။ International Day of Older Persons လို့ အရင်က ခေါ်ခဲ့ကြပြီး ခုနောက်ပိုင်းတော့ Older Persons ဆိုတဲ့ နေရာမှာ Seniors ဆိုတဲ့ စကားလေးနဲ့ အစားထိုး ခေါ်ဆိုလာခဲ့ကြတာကို တွေ့ရ ကြားရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အစား နားဝင်ချိုမယ်လို့ ကျွန်တော် ထင်တဲ့ သက်ကြွယ်သူများ ဆိုတဲ့ စကားလေးနဲ့ ဖြည့်ဆည်းကြည့်လိုက်ပါတယ်။ ဒီနေ့ကိုတော့ အားလပ်ရက်အဖြစ် အချို့နိုင်ငံများမှာ သတ်မှတ်ထားကြပါတယ်။

ဒီနေ့လေးဖြစ်ပေါ်လာဖို့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က United Nations General Assembly မှာ မဲပေးထောက်ခံခဲ့ကြရပြီး ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ အထိမ်းအမှတ်နေ့ အဖြစ် ပထမဆုံးအကြိမ် တရားဝင်ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီ အထိမ်းအမှတ်နေ့လေးရဲ့ ရည်ရွယ်ချက်ကတော့ သက်ကြွယ်သူတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာနာနိုင်ပြီး ဖေးမကူညီနိုင်ဖို့ နဲ့ ညဉ်းပန်းနှိပ်စက်ခံ သက်ကြွယ်သူများကို ကူညီထောက်မနိုင်ဖို့ စတဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်လေးတွေ များစွာ ပါဝင်ပါတယ်။

Sunday, September 30, 2012

အဆိုး အရင်၊ အကောင်း နောက်


ကျွန်တော့ရဲ့ နေ့စဉ်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကြားမှာ မကြာခဏဆိုသလို ကြားရတတ်တဲ့ ညည်းညူသံလေးတွေ ရှိပါတယ်။

"ဒီနေ့ ဈေးရောင်းမကောင်းဘူး။"
"အလုပ်မဖြစ်ဘူး။ ကြွေးတင်တယ်။"
"အထက်က စီနီယာတွေက မတရားဘူး။ အလုပ်မှာ ဒီလောက် စေတနာထားလုပ်ပေးတာတောင် ငါ့ကို နားမလည်ကြဘူး။"

ဒီစကားလေးတွေကို ဟိုတစ်စ ဒီတစ်စ ကြားနေရတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဘယ်သူမှ၊ ဘယ်အရာမှ ပြည့်စုံကောင်းမွန်တယ်ဆိုတာမှ မရှိနိုင်ဘဲ။ ဒီအထဲကမှ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးဆိုတာမျိုးနဲ့ ကျွန်တော်တို့တွေ ကျေနပ်ရောင့်ရဲ ကြရတာပဲ မဟုတ်ပါလား။

Sunday, September 23, 2012

The Idol of Celebrity (မိစန္ဒီ)


“Fancy Idol of Celebrity” ကဏ္ဍလေးကနေ Fancy စာဖတ်ပရိတ်သတ်များအတွက် အနုပညာရှင်တွေ ရင်ထဲက လေးစားချစ်ခင်ရတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေအကြောင်း တင်ဆက်ပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးနဲ့ ပတ်သက်လို့ အကြံပေးချက်တွေကိုလည်း ကျွန်တော်တို့ Fancy ကို ပေးပို့နိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ လူငယ်တေးပရိတ်သတ်တွေ နှစ်သက်သဘောကျနေကြတဲ့ အမျိုးသမီးတေးသံရှင်လေး မိစန္ဒီ နဲ့ တွေ့ဆုံလို့ သူမရင်ထဲက ချစ်မြတ်နိုး လေးစားအားကျ ရတဲ့ ကမ္ဘာကျော်အနုပညာရှင်က ဘယ်သူဖြစ်မလဲဆိုတာ မေးမြန်းထားသလို၊ သူမရဲ့ လတ်တလော လှုပ်ရှားမှုလေးတွေ ကိုလည်း မေးမြန်းစကားပြောဖြစ်ခဲ့ပါတယ်။