"သားရေ... ၅ နာရီခွဲတော့မယ်.. ထတော့လေ"
သွေးနားထင်ရောက်တယ်ဆိုတာ စာထဲမှာသာ ဖတ်ဖူးတာ။ ခုမှ တကယ်ကြုံတော့တယ်။ နားထင်မှာ ဒိတ်ခနဲပဲ။ မနေ့က အသေအချာ နှိုးစက်ပေးထားရက်နဲ့ ဘာဖြစ်လို့ မမြည်တာလဲ။ အမေပဲ နာရီအကြည့်မှားသလား တွေးပြီး နှိုးစက်ပေးထားတဲ့ ဖုန်းကို အမြန်ကောက်ယူကြည့်လိုက်တော့ တကယ်ပဲ ၅ နာရီ ၂၀ မိနစ် ရှိနေပြီ။ ကမန်းကတန်းထပြီး ဖုန်းနာရီရဲ့ Setting ထဲဝင်ကြည့်တော့မှ တနင်္ဂနွေနေ့အတွက် နှိုးစက်ပေးထားတာ မဟုတ်ဘဲ၊ တနင်္လာနေ့အတွက် ဖြစ်နေတယ်။ သေစမ်းဟ။
"ဟုတ် နှိုးပြီ မေမေ။"
စကားလေးပြန်ပြီး ကမန်းကတန်း ရေထချိုးရတယ်။ ရေချိုးရင်း နှုတ်ကလည်း မနေ့ညက Repeat နှိပ်ပြီး ဖွင့်ထားမိတဲ့ "နေ့သစ်များအတွက်" အောင်နိုင်ရေးသီချင်းလေးကို လွှတ်ခနဲ ဆိုဆိုမိသွားတယ်။ အဝတ်အစားလဲပြီး အမေ ဖျော်ပေးထားတဲ့ ကော်ဖီတစ်ခွက် ကောက်မော့လို့ သားအမိ နှစ်ယောက် မသွားခင် ယူရမယ့် ပစ္စည်းတွေကို အပြန်အလှန် သတိပေးဖြစ်ကြတယ်။
"သားရေ ဆန္ဒရှင်သက်သေခံကတ်ပြားက သား သိမ်းထားတာနော်။ မေမေ့ ကတ်ပြားပါ သားဆီမှာမို့လား။"
"ကတ်ပြား မဟုတ်ပါဘူး မေမေရယ်၊ စာရွက်ပိုင်းလေးပါ။"
ကျွန်တော် ရယ်ပြီးပြောတော့ အမေက..
"သိပါဘူးဟယ်... သူတို့ပြောတဲ့အတိုင်း လိုက်ပြောမိတာပါ။"
"နောက်တာပါ မေမေရယ်။ သားဆီမှာ သားတို့နှစ်ယောက်လုံးအတွက် ကတ်နှစ်ကတ် သိမ်းထားတယ်။ မှတ်ပုံတင်ပါယူခဲ့ဦးနော်မေမေ။ ပြောရတာမဟုတ်ဘူး မဲရုံထဲရောက်မှ လိုတယ်ဆို ပြန်ယူရခက်မယ်။ သန်းခေါင်စာရင်းလေးပါ ထည့်ခဲ့ပါဦး။"
"အင်း ထည့်လိုက်မယ်။ ရှုပ်နေတာပဲ။ သားက ထည့်စေချင်လို့သာ ထည့်ရမှာ။ မေမေက လုပ်ရမယ့်အဆင့်တွေကို စဉ်းစားရင်း စိတ်အရမ်းရှုပ်စရာကြီးလို့ထင်တယ်။"
"ထည့်ရမယ်မေမေ။ ဒီလိုမှ မဟုတ်ရင် ပြောင်းလဲဖို့အချိန် အရမ်းနောက်ကျသွားလိမ့်မယ်။ ခုတောင် အရမ်းနောက်ကျနေပြီ။ မေမေလည်း Facebook သုံးနေတာပဲ။ အဲဒီဟာလေးတွေကို ဖတ်ထား မှတ်ထားပေါ့။ အရင်ဆုံး ပြည်သူ့လွှတ်တော် အတွက်မဲထည့်မယ်။ ပြီးရင် အမျိုးသားလွှတ်တော်၊ ပြီးတာနဲ့ တိုင်းဒေသကြီးလွှတ်တော် ဒီ (၃) ခုပဲ။ လွယ်မှာပါ။"
"နေ့လည်မှသွားရင် လူရှင်းမလားမသိဘူး။"
"ခု မနက် ရေမချိုးခင် Facebook ကြည့်တာ တော်တော်များများက အားတက်သရော မနက် ၄ နာရီလောက်ကတည်းက စီနေကြပြီ။ ခုတောင် နောက်ကျနေပြီလား မသိဘူး။ သားတို့ ပေးရမယ့် မဲရုံမှာ လူဘယ်လောက်ထည့်ထားသလဲပေါ်မှာ မူတည်တယ်။ စောစောသွားထားတာ မမှားပါဘူး။ တစ်နေ့လုံး တခြားကိစ္စတွေလည်း စိတ်အေးအေး လုပ်လို့ရတာပေါ့။ ကားသော့လေး ပေးပါဦး။"
"ရတယ်။ မေမေပဲ မောင်းလိုက်မယ်။"
နေတဲ့နေရာနဲ့ ထည့်ရမယ့် မဲရုံက နည်းနည်းလှမ်းလို့ သားအမိနှစ်ယောက် ကားယူသွားရတယ်။ ကမာရွတ်မဲရုံ (၂) ကို ရောက်တဲ့အချိန်က ၆ နာရီခွဲ ရှိနေပြီ။ အ.မ.က (၁) ကမာရွတ် မူလတန်းကျောင်းကို မဲရုံအဖြစ် ဖန်တီးထားတာမို့ တန်းစီဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ ရှေ့မှာက လူ ၂၀၀ လောက် တန်းစီနေတဲ့သူနဲ့ ပြီးသွားတဲ့သူတွေနဲ့ ဖြစ်နေပြီ။ တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက် သတင်းစကားမေးတဲ့ သက်ကြီးပိုင်းတွေ တွေ့ရတယ်။ ရပ်မိရပ်ဖတွေပေါ့။
"ဦးသောင်းအောင် ပြီးသွားပြီလား။"
"ပြီးပြီ။ ကျွန်တော်က မနက်အစောကြီးထဲက ရောက်နေတာ။ ညက အိပ်မပျော်ဘူး။ မဲရုံကို အိမ်ကနေ လှမ်းမြင်ရတော့ ထထ ကြည့်နေတာ။ မနက် ၂ နာရီလောက်က ကြည့်သေးတယ်။ လူတွေများ ရှိနေပြီလားလို့။ မနက် ၄ နာရီကျတော့ မနေနိုင်တော့တာနဲ့ ထွက်လာပြီး ကျောင်းရှေ့လာစောင့်နေလိုက်တာ။"
"ကောင်းတယ်ဗျာ။ ကျွန်တော်တို့တော့ ခုမှရောက်တယ်။"
ကျွန်တော်တို့ရှေ့က တန်းစီနေတဲ့ ဦးလေးတစ်ယောက်က ဖြတ်ခနဲ ကွမ်းတံတွေးကို ဘေးကို ထွေးလိုက်ပြီး သူ့မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်နေတာ။ သူတို့လည်း မိသားစုလိုက်လာကြတာ ထင်ပါတယ်။ သူနဲ့ သူ့အမျိုးသမီးရယ်။ သမီးတစ်ယောက်ရယ်ပါလာတယ်။ ကွမ်းတံတွေးကို တစ်ချိန်လုံး လမ်းပေါ်ထွေးထွေးချနေတာတော့ ကြည့်ရင်း အလိုလို စိတ်ပျက်လာမိသား။ ပြောင်းလဲဖို့ တန်းစီကြပေမယ့် တကယ်ပြောင်းလဲတဲ့အခါ အဲဒီအပြောင်းအလဲအတိုင်း ကိုယ်တိုင်လိုက်ပါပြောင်းလဲဖို့ဆိုတာလည်း အရမ်းအရေးကြီးကြောင်း သိစေချင်လိုက်တာ။
"မောင်ကျော်ကျော် ပြီးလာပြီလားကွ"
"မပြီးသေးဘူး အန်ကယ်။ ကျွန်တော်တို့ ဒီမနက် အသုဘလိုက်ပို့စရာလေးရှိနေလို့ နေ့လည်မှ ပြန်လာတော့မယ်။ တန်းစီနေတာကြာနေပြီ။"
"မင့်ဟာက တော်တော်တောင် ရှေ့ရောက်နေပြီးမှကွာ။"
"မတတ်နိုင်ဘူး အန်ကယ်ရယ်။ ဟိုဘက်လည်း အသုဘဆိုတော့။ မနက် ၈ နာရီချမှာလေ။ နေ့လည်တော့ ပြန်လာမှာပါ။"
ဒါက ကျွန်တော်တို့နောက်က တန်းစီတဲ့ ကြားရတဲ့အသံ။ လူတိုင်းက သူ့ကိစ္စလေးတွေကြားက မဲထည့်ဖို့ အချိန်တွေပေးဆပ်ပြီး လာခဲ့ကြတာပါ။
"အစ်မ... သမီးတို့ သားအမိကို ဓါတ်ပုံလေး တစ်ပုံလောက် ရိုက်ပေးပါနော်။ လာ အမေ... လက်သန်းလေးထောင်လိုက်"
အဲ... ဒါက ဘယ်လိုတုန်း အသံလာရာလှမ်းကြည့်လိုက်တော့... ခပ်လှမ်းလှမ်းလေးမှာ တန်းစီနေတဲ့ ကောင်မလေးတစ်ယောက်ကို မဲထည့်ပြီး ပြန်လာတဲ့ ကောင်မလေးနဲ့ သူ့အမေတို့က ဓါတ်ပုံရိုက်ခိုင်းနေတာ။
"အော် သမီးကလည်း လူတွေတန်းစီနေတဲ့ဘက် လှည့်ရိုက်လေ။"
"အို အမေကလည်း အားနာစရာကြီး။"
ပြုံးစိစိလေး ဖြစ်သွားတဲ့ ကိုယ့်ဟာကိုယ် မနည်းသတိထားပြီး ရွေ့နေတဲ့လူတန်းအနောက် ဆက်လိုက်နေလိုက်တယ်။ မဲရုံနား တဖြည်းဖြည်းနီးလာတော့ သစ်သားဘုတ်ကြီးတွေနဲ့ ကတ်ထားတဲ့ မဲစာရင်းတွေ တွေ့ရတယ်။ ဘာရယ်မဟုတ် လိုက်ကြည့်နေတုန်း။ သစ်သားဘုတ်ကြီးတွေထိပ်မှာ မဲနံပါတ် ဘယ်လောက်ကနေ ဘယ်လောက် ဆိုပြီး ရေးထားတာတွေ သတိထားလိုက်မယ်တယ်။ နံပါတ် ၁ မှ ၃၀၀ ထိ၊ ၃၀၁ မှ ၈၀၀ ထိ။
ဘာရယ်မဟုတ် ပြီးခဲ့တဲ့ အပတ်က စောစောလေး သွားထုတ်ထားတဲ့ သက်သေခံကတ်ပြားအမှတ်လေးကြည့်လိုက်မိတော့ ၈၆၈ တဲ့။
"သားရေ မေမေတို့ နံပါတ်တွေလည်း မပါဘူး။ ဒီမဲရုံရော ဟုတ်ရဲ့လား။"
အမေ မေးလိုက်တော့မှ ကိုယ့်ဟာကိုယ်လည်း ရင်ထိတ်သွားတယ်။ မဲရုံ လွဲပြီးလားမသိဘူး။ ကတ်ပြားပေါ်မှာတော့ မဲရုံ (၂) လို့ရေးထားတယ်။ လိပ်စာမေးတုန်းကလည်း ဒီကျောင်းလို့ သေချာပြောလိုက်တာပဲ။ ကျောင်းမှာချိတ်ထားတဲ့ စာရွက်ပြားကလည်း မဲရုံ (၂) တဲ့ ဒါဆို မလွဲလောက်ပါဘူး။ မျက်ပြူးဆန်ပြာ နောက်ထပ် ဘုတ်တစ်ခု ရှိလို ရှိငြားလိုက်ရှာတော့မှ တစ်ဘက်ခြမ်း မြေကြီးပေါ်ချထားတဲ့ White Board တစ်ခုမှာ ရေးထားတာတွေ့လိုက်ရတယ်။ နံပါတ် ၈၀၁ မှ ၁၀၀၀ ထိ တဲ့။ သက်ပြင်းလေး ဖွဖွချနိုင်သွားတယ်။
"ဟိုမှာ သားတို့ နံပါတ်ပါတယ်။"
နာမည် တကယ်ပါ မပါလည်း သွားတိုက်ကြည့်လိုက်ပြီး ပါတယ်ဆိုတော့မှ စိတ်တကယ်အေးသွားတယ်။
"မခင်ကျော့ ရေ တို့ ဓါတ်ပုံရိုက်ကြရအောင်။ မဲရုံရှေ့ ရိုက်မယ်။"
"လာပြီ လာပြီ။ မသီတာ တို့ကိုပါ ခေါ်လိုက်လေ။ ကိုစိန် လာလေ။"
တစ်ရပ်ကွက်သားတွေ ရွယ်တူတွေမို့ထင်တယ် အရွယ်ဟိုင်းပေမယ့် ကလေးတွေလို အမှတ်တရ ဓါတ်ပုံတွေ ရိုက်ပြီး ပြောနေတဲ့ ဦးလေးအရွယ်၊ အဒေါ်အရွယ်တွေကိုလည်း သူတို့အသံတွေကြောင့် သတိထားမိတယ်။ ကိုယ်တွေရပ်ကွက်ကပဲ အေးတာလား မပြောတတ်။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် စည်းကမ်းတကျ။ လုံခြုံရေးနဲ့ မဲရုံတာဝန်ခံတွေကလည်း တကယ့်အတွင်းပိုင်းထဲမှာပဲ။
ကိုယ်လည်း Facebook ပေါ် အားကျမခံ Check-in လုပ်ရတယ်။ တန်းစီနေပါပြီပေါ့။ မဲရုံထဲဝင်ဖို့ကလည်း အရမ်းနီးလာပြီ။
"သားရေ ဖုန်းမသုံးနဲ့လေ။ မဲရုံနားမှာ ဖုန်းမသုံးရဘူးတဲ့ Facebook ပေါ်မှာ ရေးထားတာ တွေ့တယ်။"
"အင်းပါ မေမေရယ်။"
"ကျွန်တော့ နံပါတ် ရှာမတွေ့ဘူး။"
ဘာဖြစ်ပြန်တာလဲ မသိ။ တန်းစီနေတဲ့လူတွေအားလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်။ မဲရုံထဲကနေ အမျိုးသားတစ်ယောက် ထွက်လာပြီး အသည်းအသန် နံပါတ်ပျောက်လို့ ရှာနေတယ်။ မဲရုံစောင့်ကြည့်ရေး တာဝန်ရှိသူတစ်ယောက်ကလည်း အနီးကပ် လိုက်ပြီးကူပေးနေရှာတယ်။
"နံပါတ် ဘယ်လောက်လဲ"
"၁၀၁၆။ ဒီမှာက ၁၀၀၀ ထိပဲ ရှိတယ်။"
"ဒါဆို မဲရုံ (၃) နေမယ်။"
"စာရွက်ပေါ်မှာတော့ မဲရုံ (၂) လို့ပဲ ရေးထားတာ။"
"ခဏလေးနော်။ ကျွန်တော် သွာမေးပေးပါ့မယ်။"
တစ်ယောက်တစ်ပေါက်စီပြောသံတွေ၊ မဲရုံတာဝန်ခံကလည်း အကူအညီပေးဖို့ လုပ်ပေးနေတာတွေ တွေ့ခဲ့ရတယ်။ အားလုံးက လေသံလေးတွေနဲ့ စကားပြောသံတွေ ချက်ချင်းညံစီသွားပြီး သိပ်မကြာခင် ကျွန်တော်တို့နောက် နှစ်ယောက်ကျော်လောက်က ကောင်မလေးတစ်ယောက် စပြီးတော့ ဒေါပွပါလေရော။
"ကျွန်မလည်း ၁၀၈၆ တဲ့။ ကြည့်စမ်း ဒါဘယ်လိုလုပ်တာလဲ။ သူတောင် ၁၀၁၆ မပါရင် ကျွန်မရဲ့ ၁၀၈၆ ဆိုရင် ဘယ်ပါတော့မလဲ။ ခု အကြာကြီးတန်းစီပြီးမှ မပေးရဘူးဆိုရင် ကျွန်မ ကောင်းကောင်းပြောပစ်မယ်။ စာရွက်ပေါ်မှာ သူတို့ ရေးပေးထားတာလည်း မဲရုံ (၂) ပဲ။"
ရင်ဖွင့်လာတဲ့ ကောင်မလေးရဲ့ သက်သေခံကတ်ကို ကြည့်လိုက်တော့ ၁၀၈၆ တဲ့။ သူလည်း ဒေါပွမယ်ဆို ပွစရာပေါ့။ ကိုယ်သာဆိုလည်း အရမ်းစိတ်တိုမိမှာ။ ကျွန်တော်တို့ ဒီမဲရုံထိပ်ရောက်အောင် တန်းစီလာတာ နာရီဝက်ကြာနေပြီလေ။ မြန်မာတွေက အချင်းချင်းရိုင်းပင်းကူညီကြပါတယ်။ တန်းစီနေတဲ့သူတွေထဲက တချို့ ဘုတ်ကို ဝိုင်းကြည့်ပေးရင်း
"တွေ့ပြီ တွေ့ပြီ ဒီမှာ ၁၀၈၆ တဲ့။ မသူဇာလှိုင် ဆိုတာလား"
"ဟုတ်တယ်။ တော်သေးတာပေါ့။ မဟုတ်ရင် စိတ်တိုလွန်းလို့ ပြောမိတော့မယ်။"
"အဲဒါဆို ခုနက တစ်ယောက်လည်း ပါမှာပါ။"
"ဘုတ်အပေါ်မှာ ရေးထားတဲ့ နံပါတ်မှားနေတာ ၁၀၀၀ မဟုတ်ဘူး။ ဖျက်ထားလိုက်ဦး။ တော်ကြာ မှားပြီး ပြန်သွားကြဦးမယ်။"
ကိစ္စတစ်ခုတော့ ရှင်းသွားပြန်ပြီ။
"ဟဲလို... အေးဟဲ့.... ငါတို့ မဲရုံမှာ။ မဟုတ်ဘူးလေ ငါက မဲရုံ အပြင်မှာ တန်းစီနေတုန်း။ အထဲဝင်ရတော့မှာ။ ၄ ယောက် တစ်ဖြတ်ခေါ်တယ်ဟဲ့။ ဟယ် ၈၀၀ တောင် နင်တို့ရှေ့မှာလေ။ တို့ဆီမှာတော့ အေးဆေးပဲ။ ခဏနေတောင် ဝင်ရတော့မှာ။ ပုဂ္ဂိုလ်တွေဘာတွေတော့ မသိဘူး။ တို့က ပါတီကို မဲပေးမှာ ပုဂ္ဂိုလ်ကို မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီပါတီဖြစ်ရင်ပြီးရော။ အေးအေး ဒါပဲဟယ် ဝင်ရတော့မယ်။"
ကွမ်းတံတွေးတွေ ထွေးထွေးနေတဲ့ ဦးလေးရဲ့ မိန်းမက သူ့သူငယ်ချင်းနဲ့ လှမ်းပြောနေလေရဲ့။
"သားရေ အခန်း (၄) ခန်းထဲ ဝင်ရမှာ။ သားပြောတော့ (၃) ခန်းထဲဆို"
နံရံမှာ ချိတ်ထားတဲ့ မဲထည့်ပုံထည့်နည်းလမ်းညွှန်နဲ့ မြေပုံ ကာတွန်းနမူနာကို ကြည့်ပြီး အမေက လှမ်းမေးပါတယ်။
"သားတို့က တိုင်းရင်းသားကိုယ်စားလှယ်မဲ ပေးစရာမလိုဘူးလေ။ မေမေ ဒီပုံက အမှန်မဟုတ်လောက်ဘူးနော်။ အဲလိုအခန်းတွေ မရှိလောက်ဘူး။"
"လေးယောက်တစ်ဖြတ်ဝင်ပေးပါ။"
မဲရုံတာဝန်ခံတစ်ယောက်ရဲ့ အသံကြားတော့ မဲရုံထဲကို ခြေပြားထောက် လှမ်းကြည့်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ အခန်းထဲဝင်ရတာမဟုတ်ဘဲ၊ ရှိတဲ့နေရာလေးမှာ အဆင်ပြေပြေဖြစ်အောင် စီမံထားတာ။ သိပ်တော့ မလုံခြုံဘူးပေါ့။ လေးယောက်တစ်ဖြတ် ဆိုတော့ ဟို မိသားစုမှာ ကျွန်တော့ရှေ့က ဦးလေးကြီးက ကျွန်တော်တို့နဲ့ ကျန်ခဲ့တယ်။ မဲရုံမှူးက ကြိုပြီး သတိပေးပါတယ်။
"အထဲရောက်ရင် တံဆိပ်တုံးကြီးက အားနဲ့အရမ်းမဖိနဲ့နော်။ မင်ပြန့်သွားမယ်။ ဖွဖွလေးဆိုရပြီ။"
ရှေ့က ဦးလေးကတော့ ခေါင်းတညိမ့်ညိမ့်နဲ့။ ကျွန်တော်တို့လည်း အဲဒီကိစ္စကို Facebook ပေါ်ကနေ ပြောပြောနေလို့ သတိထားမိတယ်။ တံဆိပ်တုံးက မင်အရမ်းစိုနေရင် မင်ပြန့်နိုင်တယ်။ မင်မခြောက်သေးခင် စာရွက်ခေါက်ရင် မင်စွန်းသွားနိုင်တယ်။ ဒါတွေကြောင့် ပယ်မဲ ဖြစ်သွားနိုင်တယ်တဲ့။ ကျွန်တော်လည်း အမေ့ကို သေချာရှင်းပြထားရတယ်။ ဘယ်လိုတံဆိပ်တုံးကို စည်းမကျော်အောင် ထုဖို့၊ ထုပြီးရင် တံဆိပ်လေးကို လေနဲ့မှုတ် အခြောက်ခံဖို့နဲ့ ပြီးမှ ခေါက်ပြီး ပုံးထဲထည့်ဖို့ပေါ့။
"ရပြီ နောက်လေးယောက်ဝင်မယ်။ ဒီဘက်ကို အရင်သွားပါ။"
မဲရုံအဝင်က တာဝန်ခံတစ်ယောက်ရဲ့ လမ်းညွှန်မှုအတိုင်းသွားလိုက်တယ်။ ရှေ့လူတွေတောင် နည်းနည်းကျပ်နေတုန်း။ အဓိကက သူတို့မဲပေးရာမှာ သိပ်ပြီး မကျွမ်းဝင်လို့ရော၊ လုပ်ရမယ့်ကိစ္စတွေကို ဇဝေဇဝါ ဖြစ်နေတာရောကြောင့် အူတူတူလေးတွေ ဖြစ်နေကြတယ်။
"နံပါတ် ၈၀၀ ကနေ ၁၀၀၀ ကြားဆို ဒီကိုလာကြပါနော်"
တာဝန်ခံ ဆရာမတစ်ဦးက တစာစာအော်နေတာနဲ့ အတော်အဆင်ပြေသွားတယ်။ အမေနဲ့ ကျွန်တော်တို့ သူ့ရှေ့ဝင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲပေးဖို့ မဲလက်မှတ်ယူတယ်။ Facebook ပေါ်မှာ လေ့လာထားတဲ့အတိုင်း မဲရုံမှူးနာမည်နဲ့ လက်မှတ် ပါ မပါစစ်ဆေး၊ အမေ့အတွက်လည်း ကူစစ်။ ကော်မရှင်တံဆိပ်တုံး ပါ မပါစစ်ဆေးနဲ့ ပထမဦးဆုံးအကြိမ် မဲထည့်ဖူးတဲ့ ကျွန်တော့အတွက် နည်းနည်းတော့ ဗျာများသွားတယ်။ ကျွန်တော် စောစောက မြင်လိုက်တဲ့ အရှေ့ကလူတွေလိုပဲ အူတူတူလေး ဖြစ်သွားမယ်လို့ ကိုယ့်ဟာကိုယ် တွေးမိပါတယ်။ မဲလက်မှတ် ယူပြီး တံဆိပ်တုံးထုမယ့်နေရာအသွား ဘာရယ်မဟုတ် အမေ့ကို လှည့်ပြောမိလိုက်တယ်။
"မေမေရေ မမေ့နဲ့နော် တံဆိပ်တုံးကို အရင်စမ်းကြည့်ပြီးမှ ထု။ ထုပြီးရင်လည်း မှုတ်ဦး တော်ကြာ မင်ပြန့်သွားဦးမယ်။"
"အေးပါ သားရယ်"
ဒီစကားကြားလိုက်တဲ့ မဲပုံထဲ မဲထည့်နေတဲ့ ကောင်မလေးတစ်ယောက် တစ်ဝက်လောက် ဝင်နေတဲ့ မဲကို ချက်ချင်းဆွဲထုတ်ပြီး သူ့မဲလက်မှတ်ကို အတင်း မှုတ်ပါတော့တယ်။ ကျွန်တော်လည်း ရယ်ချင်သွားမိတယ်။ အမေက ကျွန်တော့ အနောက်မှာမို့ ကျွန်တော်က လျှို့ဝှက်မဲပေးတဲ့နေရာကို အရင်သွားရတယ်။ လျှို့ဝှက်မဲပေးဖို့ စားပွဲနှစ်ခု လုပ်ပေးထားတာမို့ နှစ်ယောက်တစ်ပြိုင်နက် မဲပေးနိုင်ပေမယ့် ကျွန်တော့ရှေ့က ဦးလေး တစ်နေရာယူထားတော့ အမေက ခဏ စောင့်ပေးရတယ်။ အဲဒီအချိန်မှာပဲ စောစောက ဦးလေးက ထအော်တယ်။
"တံဆိပ်တုံးက ထုလို့ မရဘူး။ ကျွန်တော့တံဆိပ်တုံးက ထုလို့မရဘူး။"
မဲရုံတာဝန်ခံတွေ အပြေးအလွှားဖြစ်ကုန်တယ်။ တံဆိပ်တုံးကို မင်ဖြည့်ဖို့အတွက် လိုအပ်တာတွေ ယူလာကြတယ်။ စမ်းသပ်ကြတယ်။ ကျွန်တော်လည်း နည်းနည်းကြောင်သွားတယ်။ ကျွန်တော် ထုမယ့် တံဆိပ်တုံးကို ဘေးက အစမ်းထုဖို့ပေးထားတဲ့ စာရွက်ထဲ ထုကြည့်လိုက်တယ်။ အိုခေပါတယ်။ မင်လည်း အရွှဲကြီး မဟုတ်လို့ ဆေးက သပ်သပ်ရပ်ရပ်လေးဖြစ်နေတယ်။ စိတ်အေးစွာနဲ့ ကျွန်တောထည့်မယ့် ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ တုံးထုလိုက်တယ်။
ဘေးက ဦးလေးကတော့ ပြာယာတွေခပ်နေရှာတယ်။ မေမေကတော့ ကျွန်တော်ထွက်တာနဲ့ တန်းဝင်တယ်။ ဘေးက ဦးလေးက မပြောမဆိုနဲ့ အမေ့ဆီက တံဆိပ်တုံးက လှမ်းယူပြီး သူအရင်ထုတယ်။ ထုပေမယ့် မထင်ပြန်ဘူး။ အဲဒီဦးလေးက ထ အော်ပြန်တယ်။
"ဒီဘက် တံဆိပ်တုံးလည်း မရဘူး"
"ရပါတယ်။ ကျွန်တော်တောင် ထုပြီးပြီ။"
ကျွန်တော်လည်း မနေသာတော့ ဝင်ပြောရတယ်။ မဲရုံတာဝန်ခံဆရာမတစ်ယောက် လာစမ်းပေးတယ်။
"ရပါတယ်။ ဒီမှာ ထင်ပါတယ်။"
အဲဒီ ဦးလေး သူ့နေရာသူ ပြန်နေပြီး တံဆိပ်တုံးစမ်းတယ်။ အမေက ကျွန်တော့နေရာ ပြန်ဝင်ပြီး တံဆိပ်တုံး ထုနေတယ်။ အဲဒီ ဦးလေးလည်း တစ်ခါထုပြီး သိပ်စိတ်တိုင်းမကျတော့ နောက်တစ်ခါ အားရပါးရ ပြန်ထုဖို့ လုပ်နေတာ အမေက မြင်သွားပြီး လှန့်အော်တယ်။
"အမလေး နှစ်ခါ မထုနဲ့နော်။ နှစ်ခါ ထုရင် ပယ်မဲဖြစ်သွားမယ်။"
အဲဒီ ဦးလေးလည်း ကြောက်လန့်တကြားနဲ့ မထုတော့ဘဲ စာရွက်ကြီးကိုင်လို့ ပုံးနားရောက်လာတယ်။ ကျွန်တော်က ပုံးထဲ ထည့်ဖို့ လုပ်နေပြီ။ ပုံးရှေ့ရောက်တာနဲ့ သတိတရ မဲစာရွက်ကြီးကို ဖြန့်ပြီး အားရပါးရ မှုတ်နေတယ်။ အဲဒီနောက်က ဦးလေးကလည်း လိုက်မှုတ်တယ်။ အမေကလည်း တုံးထုပြီးတာနဲ့ ကျွန်တော့အနားလာပြီး မဲစာရွက်ကို မှုတ်နေတော့ ဘေးက ကြည့်နေတဲ့ စောင့်ကြည့်ရေးအဖွဲ့က တစ်ယောက်က ပြုံးနေတော့တယ်။
ဒါပြီးတာနဲ့ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အစဉ်အတိုင်း မဲပေးဖို့ လုပ်တယ်။ မဲပုံးထဲ ထည့်ခါနီးတိုင်း စာရွက်လေးကို အတင်းမှုတ်ကြပြီး မဲဆန္ဒရှင်အချင်းချင်း ဘာရယ်မဟုတ် ပြုံးမိသွားကြတယ်။ အဲဒီအပြုံးတွေမှာ ကျွန်တော်တို့ ဘယ်လိုဆန္ဒမဲပေးအပ်ခဲ့ပြီး၊ ဘာတွေကို မျှော်လင့်တောင့်တနေသလဲဆိုတဲ့ အဖြေက ပါသွားပြီးသားပါ။ တူညီတဲ့ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေနဲ့မို့ အချင်းချင်း ပြုံးမိတဲ့ အပြုံးတွေက အဓိပ္ပါယ်တွေ အများကြီးနဲ့ နှစ်လိုချစ်ခင်ဖွယ်ရာအတိဖြစ်နေပါတယ်။
ပြီးတော့ လက်သန်းလေးကို မင်တို့ခံပြီး သားအမိနှစ်ယောက် ကားပေါ်ပြန်ရောက်မှ ဓါတ်ပုံရိုက်ဖြစ်လိုက်ကြတယ်။
ကျွန်တော့ဘဝရဲ့ ပထမဦးဆုံး မဲပေးခြင်းအတွေ့အကြုံက ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ရယ်မောပြုံးပျော်စရာတွေနဲ့ အတိဖြစ်ခဲ့တယ်။ တစ်ခုပဲ ပြောင်းလဲချင်စိတ်နဲ့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကျွန်တော်တို့ကိုယ်တိုင် ဒီပြောင်းလဲခြင်းမှာ ကိုယ်တိုင်ပြောင်းလဲမှုတစ်ခု တည်ဆောက်နိုင်ပြီလားဆိုတာ စဉ်းစားသုံးသပ်ဖို့ အချိန်တစ်ခု ရောက်နေပြီဆိုတာ နားလည်လက်ခံသင့်ပြီလို့ ဆိုချင်တာပါပဲ။
သီဟလုလင်
၉ နိုဝင်ဘာလ ၂၀၁၅
၃း၄၄ ညနေ
0 comments:
Post a Comment