ရွှေကျင်မီးမျောပွဲ ညခင်း (ဓါတ်ပုံ Space Warrior Travel) |
မြန်မာနိုင်ငံရဲ့ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးမှာ မှေးတင်ရှိနေကြတဲ့ မြို့ရွာအချို့မှာ မြစ်ထဲ ချောင်းထဲ မီးမျှောပြီး ဘုရား၊ နတ် ပူဇော်တဲ့ အလေ့အထတွေ ဒေသအလိုက် ရှိတတ်ပါတယ်။ ထုံးစံအစဉ်အလာ အနည်းငယ် ကွဲပြားနိုင်ပေမယ့် ရည်ရွယ်ရင်းကတော့ တူကြပါတယ်။ အိမ်နီးချင်းနိုင်ငံတချို့မှာလည်း ဒီလို ဓလေ့လေးတွေ ရှိပါတယ်။ အထူးသဖြင့် သီတင်းကျွတ် နဲ့ တန်ဆောင်တိုင်လပြည့်ညတွေမှာ ပြုလုပ်လေ့ရှိကြပါတယ်။ မီးမျှောတဲ့ဓလေ့ကို မြန်မာနိုင်ငံမှာ ကုန်းဘောင်ခေတ်ကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မီးမျှောတဲ့ ဓလေ့ရှိတဲ့ ဒေသတွေထဲမှာမှ နာမည်အကျော်ဆုံးကတော့ ပဲခူးတိုင်းထဲက ရွှေကျင်မြို့ရဲ့ သီတင်းကျွတ်မီးမျှောပွဲပဲ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားလည်းဖူးရင်း မီးမျှောပွဲကို ပါဝင်ဆင်နွှဲဖို့ ရောက်လာတတ်ကြသလို၊ နိုင်ငံခြားသားတွေလည်း လေ့လာဖို့ လာရောက်လေ့ရှိပါတယ်။
ရွှေကျင်မီးမျှောပွဲတော်က ဘယ်ရက်လဲ?
မီးမျှောပွဲကို ကျင်းပရက် သတ်သတ်မှတ်မှတ်လေးထားပါတယ်။ နှစ်စဉ် မြန်မာပြက္ခဒိန်နဲ့ သီတင်းကျွတ်လဆန်း ၇ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်အထိ ပြုလုပ်ကြတာပါ။ ဘုရားဖူးတွေကတော့ လပြည့်ညနဲ့ လပြည့်ကျော်တစ်ရက်ညတွေမှာ ပိုပြီး ရောက်လာတတ်ကြလို့ အဲဒီနှစ်ညကတော့ ကြက်ပျံမက စည်ကားတယ်လို့ ဆိုကြပါတယ်။ရွှေကျင်မြို့ကို သွားဖို့ လွယ်သလား?
အရင်ကတော့ သွားရခက်ခဲပြီး ရွှေကျင်မြိုကို ရောက်ဖို့ ကုန်းတတန် ရေတတန်နဲ့ ကားစီး၊ ရထားစီး၊ လှေစီး သွားခဲ့ကြရပေမယ့် ခုတော့ အဆင်အတော်လေးပြေနေပါပြီ။ ပဲခူးမြို့ကနေ ညောင်လေးပင်မြို့ကတဆင့် မဒေါက်မြို့ကို ဖြတ်။ မဒေါက်မြို့ကနေ တစ်ဖက်ကို လှေတွေ သမ္ဗာန်တွေနဲ့ ကူးစရာ မလိုတော့ဘဲ တံထားကနေ အဆင်ပြေပြေသွားနိုင်ပါတယ်။ နေ့ချင်းပြန်တောင် သွားလို့ရတဲ့ မြို့လေးမို့ ဒီလို ပွဲတော်ရက်တွေဆိုရင် လူအတော်စည်ကားပါတယ်။ဘာလို့ ရွှေကျင်မီးမျှောပွဲက ပိုထူးတာလဲ?
ဘာကြောင့်လဲဆိုတော့ ပွဲတော်ရက်အတွင်း တစ်နေ့လုံး ယှဉ်ကျေးမှုအကအလှ ပြိုင်ပွဲတွေ၊ ဖျော်ဖြေမှုတွေနဲ့ ပြည့်နေလို့ပါ။ ရိုးရာအစဉ်အလာတစ်ခုကို ခုချိန်ထိ ထိန်းသိမ်းလုပ်ဆောင်လာနိုင်တာလည်း အတော်လေး အားရစရာကောင်းပါတယ်။ တက်ခုတ်၊ တက်ပျံယိမ်းတွေနဲ့ တစ်နေ့တာလုံး အံ့မခန်း ငေးမောကြည့်ရှုကြရသလို၊ ညနေမှောင်စပျိုးရင် ကရဝိတ်ဖောင်တော်က ချောင်းကြီးတစ်လျှောက် မီးကြာခွက်မျော ပူဇော်တဲ့ ဓလေ့က ရာသီဥတု သာယာစ အောက်တိုဘာလမှာ ခံစားရသူကို လွမ်းမောဖွယ် ဖြစ်စေပါတယ်။ ရွှေကျင်ချောင်းထဲမှာ ရှင်ဥပဂုတ္တမထေရ်ကို တင်ဆောင်ပြီး ကရဝိတ်ဖောင်တော်ကြီးနဲ့ မီးမျှောချနေသလို ဒေသခံတွေ၊ အခြားကလာတဲ့ ဧည့်သည်ဘုရားဖူးတွေကလည်း လှေလေးတွေနဲ့ တစ်နိုင်တစ်ပိုင် မြစ်ချောင်းထဲဆင်းပြီး မီးမျှောကြပါတယ်။ တချို့ကတော့ ကမ်းနားကနေ မျှောကြပါတယ်။ ဒီလိုနဲ့ပဲ ချောင်းကြီးမှာ ညပိုင်းဆို မီးကြာခွက်လေးတွေပေါ်က မီးပွင့်လေးတွေစီစီရီရီ ရေကူးနေကြတာ ချောင်းထက်က ကြယ်ပွင့်လေးတွေအလား ပါပဲ။တက်ခုတ်၊ တက်ပျံယိမ်း ဆိုတာက?
အရမ်းထူးခြားတဲ့ ရိုးရာအကတွေပေါ့။ ပြိုင်ပွဲဝင်ကြရတာမျိုးလည်းဖြစ်ပါတယ်။ ရေပေါ်မှာ လှေကြီးပေါ်မှာ အဖွဲ့လိုက် ကခုန်ယှဉ်ပြိုင်ရတာ ဘယ်လောက် ကြည့်လို့ကောင်းလိုက်သလဲ။ လှေကြီးတွေပေါ် ဖောင်ထိုးပြီး တက်ခုတ်ယိမ်းမှာဆိုရင် အမျိုးသမီးချည်း လူ ၂၀ က ၂၄ ဦးလောက် ပါဝင်ယှဉ်ပြိုင်ကခုန်ကြသလို၊ တက်ပျံယိမ်းမှာဆိုရင် အမျိုးသား အမျိုးသမီးရောရာ လူ ၂၀ ကနေ ၂၄ ဦးထိ ပါဝင်ယှဉ်ပြိုင်ကခုန်ကြတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းလေးတွေလည်း ရှိတယ်။ တက်ခုတ်မှာဆို စည်းကမ်းချက် (၉) ချက်နဲ့ တက်ပျံမှာဆို စည်းကမ်းချက် (၁၁) ချက်ရှိတယ်လို့ သိရပါတယ်။ အရင်ကတော့ ကြည့်တဲ့လူတွေကလည်း လှေလေးတွေပေါ်ကနေ ကြည့်ခဲ့ကြရတာ မှတ်မိနေပါသေးတယ်။ ညနေဆုပေးပွဲကြရင်လည်း အရမ်းလူစည်ကားပြီး ဆုရတဲ့အဖွဲ့တွေရဲ့ ပျော်ရွှင်မှုတွေက အားပေးနေတဲ့သူတွေကို ကူးစက်သွားစေတယ်။စာရေးသူရဲ့ ဖခင် မွေးရပ်မြေလေးဖြစ်လို့ ငယ်ငယ်ကလည်း အကျွမ်းတဝင်ဖြစ်ခဲ့တဲ့ မီးမျှောပွဲတော်လေးက ဟိုးအရင် ကလေးတစ်ယောက်အဖြစ်နဲ့ တက်ကြွစွာ ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ဖြတ်ခနဲ သတိရစေခဲ့တယ်။ မီးမျှောပွဲဓလေ့လေးနဲ့အတူ ခုထိတိုင် မပျောက်မပျက် ကခုန်ယှဉ်ပြိုင်နေကြဆဲ ရိုးရာအကပြိုင်ပွဲလေးတွေက ရောက်လာသူတိုင်းကို ထူးခြားတဲ့ခံစားမှုလေးတွေ ပေးနေမှာတော့ အမှန်ပဲ ဖြစ်ပါတော့တယ်။
သီဟလုလင်
၃ နိုဝင်ဘာလ ၂၀၁၅
၉း၂၀ ည
0 comments:
Post a Comment