Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, November 19, 2015

ချင်း ရိုးရာ စားစရာ ပြောင်းဖူးစွပ်ပြုတ် (သို့မဟုတ်) ဆာဗူးသီး


အဘွား အိမ်ကို လာလည်ရင် တစ်ခါတလေ ချင်းရိုးရာ အစားအစာလေးတွေ သူက ဦးဆောင်ပြီး လုပ်ကျွေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်အစားအစာတွေကို အမြဲထိတွေ့နေရတာ ကြာတော့ ချင်းရိုးရာ အစားအစာတွေက ကျွန်တော့ကို သိပ်ပြီးတော့ မဆွဲဆောင်နိုင်တာ မှန်ပေမယ့်၊ ကျန်းမာရေးအရရော၊ ရိုးရာထိန်းသိမ်းသင့်တဲ့ အစဉ်အလာတစ်ခုအရရော စားသင့်တယ်လို့တော့ ကျွန်တော် လက်ခံထားပါတယ်။

ဒီ “ဆာဗူးသီး” လို့ခေါ်ကြတဲ့ အစားအစာကို ချင်းတိုင်းရင်းသားတွေရဲ့ သရေစာ အစားအသောက်တစ်မျိုးအဖြစ် စားသုံးကြတယ်လို့ ပြောကြပေမယ့် အိမ်မှာတော့ အဘွားတို့က ထမင်းနဲ့လည်း စားလေ့ရှိပါတယ်။ “ဆာ” ဆိုတာ ချင်းစကားအရ အသား လို့ ဆိုလိုတာပါ။ “ဗူးသီး” ကတော့ ပြောင်းဖူးပြုတ်ရည်ပေါ့။ ဒီ ဆာဗူးသီး လေးများ စားပြီးရင် တစ်ပန်းကန်စားရုံနဲ့ တစ်နေ့လုံးအလုပ်လုပ်နိုင်စွမ်းအားတွေ ပြည့်သွားလောက်အောင်ကို အဟာရဓာတ်ကြွယ်တယ်လို့ ဆိုပါတယ်။ ဝေးလံသီခေါင်ပြီး အပင်စိုက်ရခက်ခဲတဲ့ ချင်းပြည်နယ်ဘက်တွေမှာ အစားအသောက်ဟာ ကျွန်တော်တို့ ဒီဘက်တွေလို ပေါများမနေပါဘူး။ ရှိတာလေး ရတာလေးကိုပဲ အဓိကအစာ၊ သရေစာ လုပ်စားကြရတာကနေ ပေါက်ပွားလာတယ်လို့ ဆိုရမယ် ထင်ပါတယ်။

ဆာဗူးသီး လုပ်စားမယ်ဆိုရင် လိုအပ်တာက ပြောင်းဖူးစေ့ တစ်ပြည်နဲ့ ပဲရင်း နို့ဆီဗူး နှစ်ဗူး လိုပါမယ်။ ဒီနှစ်မျိုးကို ရေနဲ့ ရောပြုတ်ပြီး စားခါနီးလောက်မှာ အဲဒီ ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်ထဲကို နွားနောက်သားပြုတ်ရည်၊ နွားနောက်သားကြော်၊ ပူဒီနံ၊ ဆား၊ ဆီချက်တွေ ထည့်ပြီး ပြင်ဆင်စားသောက်နိုင်ပါတယ်။ ဆီချက်ထည့်တယ်လို့သာ ဆိုတာပါ။ တကယ်က ချင်းပြည်ဘက်မှာက ဆီ ကို အတော်လေး အသုံးနည်းပါတယ်။ ရှားပါးတာလည်း ပါတာပေါ့။ ဆီကို မကြိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေ (ချင်းလူမျိုးတွေကတော့ အစပ်အရမ်းကြိုက်ကြပါတယ်။) အတွက် ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ဆား ထောင်းထားတာလေးကို လိုသလိုထည့်စားနိုင်ပါတယ်။ တချို့ကတော့ ငါးပိ ထည့်တယ်လို့ သိရပါတယ်။ အရင်ကတော့ ငါးပိ ဆိုတာလည်း ချင်းတောင်မှာ ရှားပါးတဲ့ အရာတစ်ခုလို့ ကျွန်တော် သိထားပါတယ်။ အချဉ်ကြိုက်တတ်ရင်တော့ သံပရာသီးညှစ်ထည့်ပြီး စားလို့ရတာပေါ့။

ဘယ်လိုပဲပြောပြော ဒီလို အစားအသောက်မျိုးကို ချင်းပြည်နယ်ဘက် သွားရင် လွယ်လွယ်စားရဖို့တော့ အရမ်း မမျှော်လင့်ပါနဲ့တော့။ ရိုးရာအစားအစာတွေကို ဆိုင်ဖွင့်ရောင်းချတာ ချင်းပြည်နယ်ဘက်မှာ သိပ်မရှိတော့ဘူးလို့ ကြားပါတယ်။ ရိုးရာအစားအစာတွေကို အိမ်မှာပဲ ပွဲတော်ရက်မျိုး၊ ဒါမှမဟုတ် စားချင်စိတ်လေးပေါ်လာမှ လုပ်စားလေ့ရှိတော့တာမို့ သွားရင်းလာရင်း ကြုံခဲ့ရင်တော့ ကံထူးတယ်လို့ ဆိုနိုင်လောက်ပါတယ်။ ရောင်းတဲ့ ဆိုင်တွေ ကြုံခဲ့ရင်လည်း လွယ်လင့်တကူ ငွေကျပ် ၄၀၀ နဲ့ ဝယ်စားနိုင်တယ်လို့ စာရေးဆရာ မန်းသိကြား ရေးတဲ့ ဆောင်းပါးမှာ ဖတ်ဖူးပါတယ်။

ကျွန်တော်လည်း ကြုံရင်တော့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ချင်းရိုးရာ အစားအစာလေးနဲ့ ခေါင်ရည်လေး ဧည့်ခံချင်ပါသေးတယ်။ တောင်ဇလပ်တွေပွင့်တဲ့ ဖုန်ထူလမ်းလေးကို အလည်ရောက်ခဲ့ရင်ပေါ့ဗျာ။

သီဟလုလင်
၂၁ ဧပြီ ၂၀၁၃

0 comments: