Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, October 01, 2012

သက်ကြွယ်သူတို့အကြောင်း


ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ လို့ သိရပါတယ်။ International Day of Older Persons လို့ အရင်က ခေါ်ခဲ့ကြပြီး ခုနောက်ပိုင်းတော့ Older Persons ဆိုတဲ့ နေရာမှာ Seniors ဆိုတဲ့ စကားလေးနဲ့ အစားထိုး ခေါ်ဆိုလာခဲ့ကြတာကို တွေ့ရ ကြားရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အစား နားဝင်ချိုမယ်လို့ ကျွန်တော် ထင်တဲ့ သက်ကြွယ်သူများ ဆိုတဲ့ စကားလေးနဲ့ ဖြည့်ဆည်းကြည့်လိုက်ပါတယ်။ ဒီနေ့ကိုတော့ အားလပ်ရက်အဖြစ် အချို့နိုင်ငံများမှာ သတ်မှတ်ထားကြပါတယ်။

ဒီနေ့လေးဖြစ်ပေါ်လာဖို့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က United Nations General Assembly မှာ မဲပေးထောက်ခံခဲ့ကြရပြီး ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ အထိမ်းအမှတ်နေ့ အဖြစ် ပထမဆုံးအကြိမ် တရားဝင်ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီ အထိမ်းအမှတ်နေ့လေးရဲ့ ရည်ရွယ်ချက်ကတော့ သက်ကြွယ်သူတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာနာနိုင်ပြီး ဖေးမကူညီနိုင်ဖို့ နဲ့ ညဉ်းပန်းနှိပ်စက်ခံ သက်ကြွယ်သူများကို ကူညီထောက်မနိုင်ဖို့ စတဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်လေးတွေ များစွာ ပါဝင်ပါတယ်။


တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ၊ သက်ကြွယ်သူများနေ့အကြောင်း ရေးနေရင်းနဲ့ အရင်က ကျွန်တော့ Blog လေးမှာ တင်ခဲ့ဖူးတဲ့ စာရေးဆရာ Wai ရဲ့ စိတ်ခွန်အားဖြည့် ပုံပြင်လေးတစ်ခုကို သတိရမိသွားတယ်။ အသက်ကြွယ်လာလို့ အစားအစာတွေ ကောင်းကောင်းမစားနိုင်တော့ဘဲ၊ ဖိတ်စင်တတ်လို့ သားသမီးတွေနဲ့ အတူ ထမင်းစားခွင့်မရတဲ့ သက်ကြွယ်သူဖခင် တစ်ယောက်အကြောင်းပါ။ ထမင်းစားချိန်မှာ သီးခြားခွဲစားရသလို စားသောက်ရတဲ့ ပန်းကန်ခွက်ယောက်တွေကိုလည်း အတန်းအစားနှိမ့်ချ ကျွေးမွေးခဲ့ ရတဲ့ အဘိုးဖြစ်သူကို မြင်တွေ့ပြီး ဖခင်ကိုလည်း ကြီးလာရင် ဒီလိုကျွေးမယ်လို့ဆိုလိုက်တဲ့ သားဖြစ်သူရဲ့ စကားကြောင့် နောင်တရသွားရတဲ့သူတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

မိဘအရင်းဖြစ်တဲ့ သက်ကြွယ်သူကိုတောင် စိတ်မရှည်နိုင်ရင် အခြားသော သက်ကြွယ်သူတွေကို ဘယ်လို စာနာနားလည် စိတ်ရှည်ပေးနိုင်ပါ့မလဲ။ 

ကျွန်တော်တို့တွေရဲ့နေ့စဉ်ဘဝတွေထဲမှာ ဖြတ်သွားဖြတ်လာ တွေ့မြင်နေကြ အဘိုးအို၊ အဘွားအိုတွေရဲ့ အသနားခံ တောင်းရမ်းစားသောက်နေရမှုတွေဟာ ကျွန်တော်တို့တွေ သက်ကြွယ်သူတွေကို ပိုပြီး တန်ဖိုး ထားရဖို့အကြောင်းပါ။ သူတို့မှာလည်း ဒီအသက် ဒီအရွယ်ရောက်မှ ပင်ပန်းကြီးစွာနဲ့ နေပူမရှောင်၊ မိုးရွာမရှောင် တောင်းရမ်းစားသောက်နေရတဲ့ အကြောင်းခံတော့ ရှိကြမှာချည်းပါ။ ကျွန်တော် တနင်္ဂနွေ အပတ်စဉ်တိုင်း တက်ရောက်တတ်တဲ့ ဘုရားရှိခိုးကျောင်းမှာလည်း မိဘမရှိရှာတော့တဲ့ မြေးနှစ်ယောက်ကို ဘုရားကျောင်းတက်လာသူတွေဆီ ငွေစလေးတွေ တောင်းရမ်း ကျွေးမွေးနေရတဲ့ သက်ကြွယ်သူ အဘွားအို တစ်ဦးကိုလည်း မကြာမကြာ မြင်မိပါတယ်။ သူ့ခမြာလည်း မျက်နှာငယ်လေးနဲ့ သူ့ကို အလှူငွေပေးနေကျ မျက်နှာတွေကို တစ်ပတ်တစ်ပတ် ဘုရားကျောင်း အရှေ့နဲ့ အနောက် အပြေးအလွှား ရှာဖွေရတာ အမော။ တစ်ခါတလေကျ တရားဟောချက်တွေတောင် သူ နားထောင်ဖြစ်ရဲ့လားလို့ တွေးမိပါတယ်။

သက်ကြွယ်သူဆိုတာဟာ ကျွန်တော်တို့လူသားတိုင်း လောကမှာ အသက်ရှင်ခွင့်ရခဲ့ရင် တစ်နေ့ ကြုံဆုံရမယ့် အချိန်တစ်ခုပါ။ ကိုယ်တိုင် သက်ကြွယ်သူတွေကို စိတ်မရှည်ခဲ့ဘူးရင် ကိုယ့်အလှည့်ကျရင် ဘယ်သူစိတ်ရှည်နိုင်မလဲလို့ တွေးမိဖူးပါသလား။ အသက်ကြွယ်လာတာနဲ့အမျှ စိတ်မရှည်ခြင်း၊ အားမရခြင်း၊ အစာစားချိန်မှာ ပါးစပ်က ထွက်ကျခြင်း၊ ကိုယ်နံ့နံလာခြင်း၊ ရူပအဆင်း တင့်တယ်မှု နည်းလာခြင်း၊ စတဲ့ ဒုက္ခတွေ ခံစားလာကြရပါမယ်။ ဒါ့အပြင် မိမိဘဝရဲ့ အနိမ့်အမြင့်ပေါ်မူတည်ပြီး ခံစားရတဲ့ အခြားဆိုးကျိုးလေးတွေလည်း ရှိလာပါဦးမယ်။ ကိုင်း... ဒါဆို ကျွန်တော်တို့တွေရဲ့ တစ်နေ့ ရောက်လာမယ့် နေရာတစ်ခုအတွက် အသင့်ဖြစ်နေပြီလားလို့ စဉ်းစားဖို့လိုလာပါပြီ။

ကိုယ့်အလှည့်မှာ အကောင်းဆုံးအနေအထားဖြစ်နိုင်ဖို့ဆိုရင်တော့ ခုချိန်မှာ သက်ကြွယ်သူတွေကို တန်ဖိုးထား ချစ်ခင်လေးစားဖို့လိုပါတယ်။ အခြားသက်ကြွယ်သူတွေကို ခဏထားပါဦး။ အရင်ဦးဆုံးပဲ ကိုယ့်ရဲ့ အဘိုးအဘွားနဲ့ မိဘတွေကို ပြန်လို့ လေးစားချစ်ခင် ဂရုပြုပေးဖို့ ပြင်ဆင်ကြရမှာပါ။ အသက်အရွယ် ရလာတာနဲ့ အထီးကျန်လာကြမယ့် သက်ကြွယ်သူတွေရဲ့ ဘဝကိုလည်း စာနာထောက်ရှုပေးဖို့ လိုအပ်ပါသေးတယ်။

ဆည်းဆာနေဝင်ချိန်ဟာ တစ်နေ့တာလုံးမှာ အလှဆုံးအချိန်တစ်ခုအဖြစ် ကျွန်တော်တို့တွေ ငေးမော ကြည့်ရှုခဲ့ရတယ်မို့လား။ ခုလည်း ဘဝမီးစာကုန်ခါနီးလို့ ဘဝသင်ခန်းစာတွေအပြည့် နာယူစရာရှိနေတဲ့ သက်ကြွယ်သူတို့ရဲ့ဆည်းဆာချိန်ဟာလည်း ကျွန်တော်တို့အတွက် ထင်မှတ်မထားတဲ့ ရင်သပ် ရှုမောစရာ ဖြစ်ရပ်တွေ အများကြီးရှိနေဦးမှာပါ။ ကိုယ့်အလှည့်ကျရင်လည်း သူတစ်ပါးအတွက် အလှပဆုံး ရင်သပ်ရှုမောဖွယ်ရာ နေဝင်ဆည်းဆာလေးဖြစ်ဖို့ ဘယ်လို အလင်းပေးမလဲဆိုတာ စဉ်းစားရင်းနဲ့ပဲ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့မှာ သက်ကြွယ်သူတိုင်းကို တန်ဖိုးထားချစ်ခင်ဖို့ လေးစားစွာ အသိပေးနှိုးဆော်လိုက်ရပါတယ်။

သီဟလုလင်
အောက်တိုဘာလ ၁၊ ၂၀၁၂

4 comments:

စံပယ်ချို said...

အောက်တိုဘာလ ၁ ရက်နေ့ အကြောင်းလေး
မှတ်သားခဲ့ရတယ်သီဟရေ

စံပယ်ချို said...

အောက်တိုဘာလ ၁ ရက်နေ့ အကြောင်းလေး
မှတ်သားခဲ့ရတယ်သီဟရေ

ဝိ၀ိ said...

အခုလိုမျိုးဗပာုသုတရစရာလေးတွေအကြောင်းကိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

အလင်းသစ် said...

ဗဟုသုတတစ်ခု တိုးလို့ ကျေးဇူးပါညီ... နေ့ရက်တွေအကြောင်း အမှတ်နည်းတတ်လွန်းလို့... :P