ကမ္ဘာက တစ်နေ့တခြား သေးလာတယ်။ မနေ့တစ်နေ့တုန်းက ရှိမှန်းတောင် မသိခဲ့တဲ့ ပွဲလမ်းသဘင်တွေက ဒီနေ့မှာ နေရာအနှံ့ ဆင်နွှဲနေကြတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခုရဲ့ ယဉ်ကျေးမှုချင်းက ထိယှက်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က မလုပ်ဘူး၊ မကြားဘူးခဲ့တဲ့ တခြားနိုင်ငံက ယဉ်ကျေးမှုပွဲတော်တွေနဲ့ ထုံးတမ်းစဉ်လာတွေ ကျင်းပလာကြတယ်။ ဒီတော့ ကိုယ်အရင်က သိထားတဲ့ အသိလောက်လေးနဲ့ မလုံလောက်တော့ဘူးဆိုတာ တဖြည်းဖြည်းထင်ရှားလာတယ်။ အမြင်ကျယ်ဖို့ လိုလာတယ်ပေါ့။ ဗဟုသုတတွေ ရှာဖွေဖို့ လိုအပ်လာတာတော့ အမှန်ပဲ။
တလောက သူငယ်ချင်းတွေရဲ့ ရုံးက ပွဲတစ်ခုကို အားပါးတရ ပျော်ပျော်ကြီး ဆင်နွှဲနေကြတယ်။ ဘာတဲ့ Oktoberfest ပါလား။ ကျွန်တော်လည်း အသည်းအသန် google ရတယ်။ ဘာကြီးလဲပေါ့။ ကိုယ်ကလည်း အောက်တိုဘာလ မွေးတဲ့သူဆိုတော့ အဲလို အသံလေးတွေပါလာရင် ပိုစိတ်ဝင်စားတယ်လေ။
လူတွေ ရိုးရာဝတ်စုံတွေနဲ့ ပျော်ရွှင်မြူးတူးနေကြတာ၊ သူတို့ခေါင်းထက်ကြီးတဲ့ ဘီယာခွက်ကြီးတွေ ကိုင်သောက်နေကြပြီး ကခုန်ပျော်ပါးနေကြတာ ဒါတွေဟာ Oktoberfest ရဲ့ ပုံရိပ်စစ်တွေပါပဲ။ ဒါဆို Oktoberfest ရဲ့ သမိုင်းကဘာလဲ။ ဒီပွဲမှာ ပျော်ရွှင်ပါဝင်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲ။ ဒါတွေကလည်း ကျွန်တော်တို့ ဗဟုသုတ အနေနဲ့ သိထားဖို့ ကောင်းတယ်ထင်တာပေါ့လေ။
Oktoberfest သမိုင်းကြောင်း
Oktoberfest ပွဲကြီးက ဂျာမဏီနိုင်ငံတောင်ပိုင်း Munich မြို့ကနေ စတင်ပေါက်ဖွားလာပါတယ်။ Munich က Bavaria ဒေသမှာရှိပြီးတော့ လယ်ယာတွေ၊ ဒဏ္ဍာရီဆန်ဆန် တော်ဝင်ရဲတိုက်တွေ၊ ဂျုံဘီယာချိုချိုတွေ ရှိတဲ့ ဒေသကြီးပေါ့။ Bavaria ရဲ့ အလံက အဖြူနဲ့ အပြာ စိန်ပွင့်တွေ ချယ်မှုန်းထားတဲ့အသွင်နဲ့ပါ။ ဒါကြောင့်မို့လည်း ဒီ Oktoberfest ပွဲမှာ တွေ့ရတဲ့ အပြင်အဆင်တွေ စားပွဲခင်းတွေဆိုရင် အမြဲလိုလို အပြာ နဲ့ အဖြူ တွေချည်း ဖြစ်နေတတ်တာပေါ့။
၁၈၁၀ ခုနှစ်လောက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုအချိန်ကြီးမှာ King Ludwing I က ကြင်ယာဖက် Sachsen-Hildburghausen နဲ့ လက်ဆက်တဲ့ တော်ဝင်မင်္ဂလာပွဲကြီး ကျင်းပနေတဲ့အချိန်။ ဒီလိုအချိန်မှာ ပျော်ရွှင်ခြင်းအထိမ်းအမှတ်အဖြစ်နဲ့ "ဘာလို့ မြင်းပွဲလေး မလုပ်တာလဲ" ဆိုတဲ့ နိုင်ငံတော်အစောင့်စစ်သား တစ်ဦးရဲ့ စကားကနေ စလို့ ဒီပွဲကြီးက ပေါ်ပေါက်လာစေတာ ဖြစ်ပါတယ်။ ဒီစကားကိုကြားတဲ့ သူ့အထက်အရာရှိတွေနဲ့ တော်ဝင်အကြင်လင်မယားကလည်း အရမ်းကောင်းတဲ့စိတ်ကူးလို့ ယူဆပြီး အောက်တိုဘာလ (၁၇) ရက်နေ့မှာ မြင်းပြိုင်ပွဲကို စပြီး ကျင်းပခဲ့တယ်။ မြင်းပွဲသာမကဘူး၊ ဂီတဖျော်ဖြေပွဲတွေနဲ့ ဘီယာသောက်တာတွေကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ကြတယ်။ ဒီပွဲက ပြည်သူတွေ အရမ်းကို စိတ်ချမ်းသာ ပျော်ရွှင်တဲ့ပွဲတစ်ခုဖြစ်ခဲ့ပြီး နောက်နှစ် ဒီလိုအချိန်မှာလည်း ဒီပွဲမျိုးထပ်လုပ်ဖို့ တောင့်တလာကြတာကနေ အစပြုခဲ့ပြီး နောက်နှစ်တွေမှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အစီအမံနဲ့ သီးသန့်ပွဲလေးအဖြစ် ကောက်ရိတ်သိမ်းပွဲလိုလို၊ ကောက်သစ်စားပွဲလိုလို ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၁၉ ခုနှစ်ရောက်တော့ Munich ရဲ့ မြို့တော်ကောင်စီက ဒီပွဲကို ဦးဆောင်ဦးရွတ်ပြုလိုက်ပြီး ပြည်သူအားလုံးပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲတော်ကြီးအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တယ်။ ဒီလိုနဲ့ပဲ နောက်တော့ လူဦးရေ တိုးပွားလာတာနဲ့အမျှ ပွဲတော်ရဲ့ ပုံစံလည်း ပြောင်းလာပြီး ဘီယာစင် အသေးစားလေးကနေ ရွက်ဖျင်တဲကြီးတွေထိုး၊ ထိုင်ခုံရှည်ကြီးတွေခခင်းကျင်းပြီး ကြက်ကောင်လုံးကင်တွေ တည်ခင်းဧည့်ခံတဲ့ပွဲတော်မျိုး ၁၈၈၁ ခုနှစ်လောက်ကစလို့ ပြောင်းလဲသွားပါတယ်။ အကြောင်းကတော့ တစ်နေ့တာလုံး ပွဲတော်ထဲရောက်နေတဲ့ ဧည့်သည်တွေကို ကျွေးမွေးဖို့ ရည်ရွယ်တာပါ။ ဒီလိုနဲ့ ၁၉၄၅ ခုနှစ်အရောက်မှာတော့ မြင်းပွဲလုပ်တဲ့အစဉ်အလာကို ရပ်တန့်လိုက်ကြပါတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်တုန်းက ၁၅၀ အကြိမ်မြောက် Oktoberfest နှစ်ပတ်လည်ပွဲ နဲ့ ၂၀၀ အကြိမ်မြောက် နှစ်ပတ်လည်ပွဲတွေမှာပဲ မြင်းပွဲကို ယခင်မူလအစက ဘယ်လိုဆင်နွှဲခဲ့သလဲဆိုတာ သိအောင်လို့ သက်သက်ပဲ ပြန်ထည့်ခဲ့ကြပါတယ်။
Oktoberfest ကို ဆင်နွှဲမယ်ဆို...
Oktoberfest ပွဲတော်ကို စက်တင်ဘာလလောက်ကနေ စလုပ်ကြပြီး အောက်တိုဘာလကုန်အထိပဲ ကျင်းပကြတယ်။ Munich မှာတင်မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံးမှာပါ ကျင်းပဆင်နွှဲလာကြပါတယ်။
၁၉၅၀ ခုနှစ်မှာတော့ တစ်ယောက်က Oktoberfest ပွဲတော်ကို ဖွင့်ပွဲအဖြစ် စည်ဘီယာကို ဖောက်ဖွင့်တဲ့ စိတ်ကူးလေး လုပ်ခဲ့တယ်။ အဲဒီမှာ Bavaria သားတစ်ယောက်ရဲ့ "O'zapft is!" ဆိုတဲ့ စကားလေး (အဓိပ္ပါယ်ကတော့ "ဘီယာစည်ဖောက်ပြီဟေ့") က သမိုင်းဝင်သွားပြး နောက်ပိုင်းမှာတော့ ဒီစကားလေးကို ပွဲတော်အစပြုတဲ့အနေနဲ့ အမြဲပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
Oktoberfest ပွဲတော်က တကယ့်ကို ပျော်စရာအတိနဲ့ ကခုန်မြူးတူးနေတဲ့ပွဲတော်ပါ။ Munich တစ်နေရာတည်းမှာတင် ဆင်နွှဲသူပေါင်း တစ်နှစ်ကို ၆ သန်းခန့်ရှိပါတယ်။ ဘီယာပေါင်း လီတာ ၇ သန်းလောက် သောက်သုံးကြပါတယ်။ သူတို့က တစ်လီတာဝင် ကိုင်းခွက်ကြီးတွေနဲ့ အားပါးတရ သောက်သုံးကြတာပါ။ တစ်ခွက် တစ်ခွက်ကို တော်တော်လေး မ ယူရပါတယ်။ အံ့အားသင့်စရာကောင်းတာက သူတို့ဆီက စားပွဲထိုး ကောင်လေး၊ ကောင်မလေးတွေကတော့ ကျင့်သားရနေလို့လားမသိဘူး၊ ဆယ်ခွက်လောက်ကို အသာလေး ဗန်းနဲ့ သယ်သွားနိုင်ကြတယ်။ စားပွဲပေါ်တက်ကတဲ့ အလေ့အထလည်း ရှိသလို ရိုးရာပလွေသံတွေ၊ ပေါ့ပ်သီချင်းချိုချိုမြူးမြူးတွေနဲ့ ကလို့ ကောင်းမှကောင်းပဲ။
ကဲ ဒီတော့ ကျွန်တော်တို့ဆီမှာလည်း ဒီလို Oktoberfest ပွဲလေးတွေ ကြုံလာရင် အားရပါးရ ဝင်နွှဲကြတာပေါ့။ ဂျာမန်လို ဘီယာကို "Bier" လို့ ပြောပါတယ်။ အသံထွက်က တူတူပါပဲ။ တကယ်လို့ ပွဲတော်နဲ့ ကြုံမယ်ဆိုရင် "ဘီယာတစ်ခွက်ပေးပါ" လို့ ပြောချင်ရင် "ein Bier, bitte!" လို့ ပြောလိုက်ပါနော်။ အားလုံးပဲ Oktoberfest ပွဲတော်ရဲ့ အံ့မခန်းမှုတွေနဲ့ ဆုံစည်းနိုင်ကြပါစေ။
သီဟလုလင်
၁၆ အောက်တိုဘာလ ၂၀၁၅
၉း၃၅ ည
0 comments:
Post a Comment