"အိုမင်းသူများကို ကြင်နာခြင်းသည်
သူတို့၏
ဘဝနေဝင်ချိန်ကို ထွန်းတောက်စေသည်။"
ဘာရယ်ကြောင့်လည်း မသိ၊ စက်တင်ဘာလ အစောပိုင်းကတည်းက ကြံရွယ်ထားတာတစ်ခုက ဒီနှစ်မွေးနေ့တော့ အလှူတစ်ခုလုပ်မယ်၊ လုပ်ရင်လည်း ဘိုးဘွားရိပ်သာ တစ်ခုခုမှာ လုပ်မယ်လို့ စဉ်းစားထားခဲ့တယ်။ စဉ်းစားခဲ့တဲ့အတိုင်းလည်း ဆွေမျိုးမိတ်ဆွေတွေနဲ့ တိုင်ပင်ရင်း လှည်းကူးမြို့နယ်ဘက်မှာ ဘိုးဘွားရိပ်သာ တစ်ခု ရှိတယ်လို့ သတင်းလေးကြားရတော့ ဒီနှစ်ကို ရန်ကုန်မြို့အပြင်တစ်နေရာက ဘိုးဘွားရိပ်သာကို သွားပြီး ဒါနပြုတာ ပိုပြီး ကြည်နူးစရာ ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ကြိုတင်အကြောင်းကြား အစီအစဉ်ဆွဲထားလိုက်တယ်။
နောက်သိပ်မကြာခင် သူငယ်ချင်းမိတ်ဆွေတွေထဲက အောက်တိုဘာလဖွားတွေ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဘိုးဘွားရိပ်သာတွေမှာ သွားလှူနေကြတာ တွေ့ရတော့ အရမ်းအံ့အားသင့်သွားရတယ်။ အော် ဒါကြောင့်လည်း မွေးလတူတဲ့သူတွေ စိတ်တူနေကြတာကိုး လို့ တွေးမိသွားတယ်။ ကျွန်တော်လည်း အောက်တိုဘာလဖွားတစ်ယောက်ပါပဲ။ နောက်ထပ် တိုက်ဆိုင်မှုတစ်ခုက အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ ဖြစ်နေတာပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော် အရင်တုန်းက ရေးခဲ့ဖူးပါတယ်။ ဒီ Blog မှာလည်း တင်ထားသလို၊ ကျွန်တော့ Facebook မှာလည်း ဝေမျှထားခဲ့ဖူးပါတယ်။
တချို့စာလေးတွေ ပြန်ကောက်နုတ်ပြီးတင်ပြရရင် ဒီနေ့ကို အရင်က International Day of Older Persons လို့ ခေါ်ဆိုကြပေမယ့် နောက်ပိုင်းတော့ Older Persons အစား Seniors လို့ ပြောင်းလဲခေါ်ဆိုလိုက်ကြပါတယ်။ ပိုပြီး နားဝင်ချိုတယ်ပေါ့။ မြန်မာလိုဆို အပြည်ပြည်ဆိုင်ရာ အသက်ကြီးသူများနေ့ အစား သက်ကြွယ်သူများနေ့ လို့ ကဗျာဆန်လိုက်တဲ့သဘောပေါ့။ တကယ်လည်း အသက်အရွယ်က တန်ဖိုးတစ်ခုပါပဲ။ အသက်အရွယ်မှာ ဘဝရဲ့ အတွေ့အကြုံတွေ၊ လောကဓံနဲ့ လူတွေအကြောင်းတွေ ဒီလိုတန်ဖိုးရှိတဲ့ အကြောင်းအရာတွေ တန်ဖိုးတစ်ခုအနေနဲ့ စွဲထင်နေတယ်လို့ ကျွန်တော်တော့ မြင်မိတယ်။ ဒီလို သက်ကြွယ်သူများနေ့ ဖြစ်ပေါ်လာဖို့ဆိုတာကလည်း လှုံဆော်တဲ့သူ၊ ထောက်ခံတဲ့သူရှိဦးမှပါ။ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က United Nations General Assembly မှာ မဲပေးထောက်ခံခဲ့ကြလို့ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ အထိမ်းအမှတ်နေ့အဖြစ် ပထမဆုံးအကြိမ် တရားဝင် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သက်ကြွယ်သူတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာနာနိုင်ပြီး ဖေးမကူညီနိုင်ဖို့ နဲ့ ညဉ်းပန်းနှိပ်စက်ခံ သက်ကြွယ်သူများကို ကူညီထောက်မနိုငဖို့ စတဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်လေးတွေအများကြီး ပါဝင်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒီနေ့လေးကို အားလပ်ရက်အဖြစ် သတ်မှတ်တယ်တော့ ပြောပါတယ်။
ဒါက တိုက်ဆိုင်သွားလို့ အရင်တုန်းက တင်ခဲ့တဲ့ စာလေးထဲက အကြောင်းအရာလေးတွေ ပြန်ကောက်နုတ်တင်ပြလိုက်တာပါ။ ပြောချင်တာက ဒီနှစ်မွေးနေ့မှာ သွားပြီး လှူဖြစ်ခဲ့တဲ့ ဘိုးဘွားရိပ်သာ အကြောင်း။ "လူသာအို၊ လူပိုမဖြစ်စေရ" ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ အမေ့မေတ္တာသက်ကြွယ်ရိပ်မွန် ကို ကျွန်တော်တို့ ရောက်သွားတော့ နေ့လည် ၁၀ နာရီစွန်းစွန်း ရှိပြီ။ နေ့လည်စာကို ၁၁ နာရီမှာ ကျွေးတယ်ဆိုလို့ ထမင်းစားချိန် အမီလာခဲ့ကြတာ။ အဲဒီရောက်မှ သိရတာက တစ်နေ့လုံး မနက်စာ၊ နေ့လည်စာ၊ မွန်းလွဲစာ နဲ့ ညစာဆိုပြီး အားလုံးလှူလို့ရတယ်တဲ့။ သေချာမမေးလိုက်မိတော့ နေ့လည်စာ လောက်ပဲ လှူရသလို ဖြစ်သွားတယ်။ အပိုဆောင်းပြီး ဆန် (၂) အိတ်လောက် ထည့်ယူသွားတော့ အဆင်ပြေသွားတယ်။ ရိပ်မွန်က ဝန်ထမ်းတွေက ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုနေကြတယ်။ ဆန်အိတ်တွေဝိုင်းသယ်ပေးကြပြီး ရိပ်မွန်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို စိတ်လိုလက်ရ ရှင်းပြပေးကြပါတယ်။
အမေ့မေတ္တာသက်ကြွယ်သူရိပ်မွန်မှာ လောလောဆယ်တော့ သက်ကြွယ်သူအဖွား (၁၈) ဦးကို ကြည့်ရှုစောင့်ရှောက်ပေးထားပါတယ်။ နှစ်ထပ်ဆောင်အကျယ်ကြီးမို့ နေရတာ ကျယ်ကျယ်ဝန်းဝန်းလုံလုံလောက်လောက် ရှိပါတယ်။ ပြတင်းပေါက်များလို့ လေကောင်းလေသန့်ဝင်နိုင်ပြီး လူအိုနံ့လည်း ကင်းနေအောင် သန့်သန့်ရှင်းရှင်းထားပါတယ်။ အိမ်သာ ရေချိုးခန်းကအစ အတော်လေး သန့်ရှင်းနေပါတယ်။ အဘိုးဆောင်ကိုတော့ မကြာခင် ဆောက်လုပ်ဖို့ လျာထားပြီး မြေနေရာပြင်ထားတာ တွေ့ရပါတယ်။ ရန်ကုန် - ပဲခူးလမ်းမကြီးကနေ လမ်းသွယ်လေးထဲကို တော်တော်လေးတော့ဝင်သွားရတယ်။ အဲဒီထဲမှာမှ ခြံကျယ်ကြီး တစ်ခုထဲ ဆောက်လုပ်ထားတာ ဖြစ်လို့ စိတ်ကြည်နူးစရာ အပြောင်းအလဲလေး တစ်ခုဖြစ်စေပါတယ်။
အရင်ကတည်းက ဖုန်းအချိတ်အဆက်နဲ့ အဲဒီရိပ်မွန်က တာဝန်ကျဆရာမတွေရဲ့ အကြံပေးမှုကြောင့် အဘွားတွေ စားချင်နေတယ်ဆိုတဲ့ Tango တံဆိပ်ချောကလက်တွေကို တခြားကိုယ်ထပ်ဖြည့်ပေးချင်တဲ့ ပေါင်မုန့်တွေ၊ အိုဗာတင်းအချိုရည်ဗူးတွေ နဲ့ လက်ဘက်၊ အကြော်စုံတွေ ထုပ်ပိုးပြင်ဆင်ယူလာခဲ့တယ်။ ရောက်ပြီး ခဏကြာတော့ တာဝန်ကျဆရာမက လာခေါ်ပါတယ်။ အဘွားတွေစုံနေပြီ။ တွေ့လို့ရပြီလို့ ပြောပါတယ်။ အဘွားတွေနေတဲ့အဆောင်အောက်ဘက်က နေရာကျယ်လေးတစ်ခုမှာ ပလတ်စတစ်ခုံလေးတွေ အစီအရီနဲ့ အဘွားတွေထိုင်စောင့်နေကြပါတယ်။ အဲလိုမြင်လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းအားနာဖြစ်သွားရပြီ၊ ချက်ချင်းတောင် စကားမပြောလိုက်နိုင်အောင်ပါပဲ။ ဆရာမက အဘွားတစ်ဦးချင်းနဲ့ မိတ်ဆက်ပေးပါတယ်။ တချို့အဘွားတွေက ကျန်းမာသန်စွမ်းကြပေမယ့် တချို့အဘွားတွေက ကိုယ့်အိပ်ရာထက်ကနေပဲ လှမ်းနှုတ်ဆက်နိုင်တာတွေ့ရပါတယ်။ အဘွားတစ်ယောက်ကတော့ သူ ငယ်ငယ်တုန်းက ပုံလား၊ သူ့ သမီးပုံလား မသဲကွဲတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံကြီးချဲ့ဓါတ်ပုံဘောင်ကြီးတစ်ခုကို သူ့ရဲ့ ကုတင်ထိပ်အပေါ်မှာ တင်ထားတာ တွေ့လိုက်ရတော့ စိတ်မကောင်းလိုက်တာ။ အဘွားတစ်ယောက်ချင်းစီကို မုန့်ထုတ်လိုက်ဝေပေးပြီး စကားပြောကြည့်ဖြစ်တယ်။ တချို့က နားလေးစ ပြုနေပါပြီ။
အဘွားတွေနဲ့ စကားလက်ဆုံခဏကျပြီးတော့ တာဝန်ကျဆရာမက အဘွားတွေစားဖို့ ချက်ပြုတ်တဲ့ မီးဖိုဆောင်နဲ့ စားသောက်ခန်းကို လိုက်ပြမယ်ဆိုတာနဲ့ ထွက်လာကြပါတယ်။ မီးဖိုခန်းနဲ့ ထမင်းစာခန်းက တွဲရက်လေးဖြစ်ပြီး အတော်လေး သပ်ရပ်ပါတယ်။ အဘွားအဆောင်နဲ့ဆိုရင် နည်းနည်းလေးပဲ လမ်းလျှောက်ရပါတယ်။ နေ့လည် ၁၁ နာရီအတိမှာ ထမင်းစားခန်းကနေ ခေါင်းလောင်းတီး အချက်ပေးတာနဲ့ အဘွားတွေ လျှောက်လမ်းလေးအတိုင်း ဘေးက လက်တန်းလေးတွေကို ကိုင်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာပါတယ်။ ထမင်းစားခန်းအဝင်ဝမှာ ထားထားတဲ့ ရေဘုံဘိုင်မှာ လက်ဆေးပြီး သတ်မှတ်ထားတဲ့ စားပွဲခုံတွေမှာ ဝင်ထိုင်ကြပါတယ်။ ပြီးတော့ အလှူရှင်အတွက် ဆုတောင်းပေး၊ အစားအစာအတွက် ကျေးဇူးတော်ချီးမွမ်း စားသုံးကြပါတယ်။ ဒီရိပ်မွန်မှာ ရောက်နေတဲ့ အဘွားတွေဟာ ဘာသာစုံပါ။ ရိပ်မွန်ကို အဓိက အုပ်ချုပ်စောင့်ရှောက်ပေးနေတာကတော့ ခရစ်ယာန်အသင်းတော်တစ်ပါးက ဖြစ်ပေမယ့် ဘယ်ဘာသာဝင် အဘွားပဲ ဖြစ်ဖြစ် သတ်မှတ်ထားတဲ့အချက်တွေ ညီညွတ်ရင် လက်ခံပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာဝင် အဘွားတွေအပြင် ဗုဒ္ဓဘာသာဝင် အဘွားတွေပါ ရှိပါတယ်။ ဆုတောင်းပေးအပြီးမှာ ထမင်းစားကြပါတယ်။ ခါတိုင်းဆိုရင်တော့ ငါးဟင်းနဲ့ ကျွေးတာများတယ်လို့သိရပါတယ်။ အလှူရှင်ရှိတဲ့နေ့မှ ကြက်သား၊ ဝက်သားတွေ စားရတယ်လို့ ဆရာမက ရှင်းပြတယ်။ အဲဒီနေ့ကတော့ အသားဟင်း ၂ မျိုး၊ အရွက်ကြော် နဲ့ အချိုပွဲ ငပျော်သီးတွေ စီစဉ်ပေးပါတယ်။ မကျန်းမာတဲ့ အဘွားတွေကိုတော့ သက်ဆိုင်ရာ ကုတင်နားထိ ထမင်းနဲ့ဟင်းကို ပို့ပေးကြပါတယ်။ ရိပ်မွန်က ဆရာမက ဧည့်မှတ်တမ်းစာအုပ်လေးမှာ အမှတ်တရ ရေးခိုင်းလို့ မွေးနေ့အမှတ်တရ စကားလေးရေးပြီး ရိပ်မွန်ကနေ နေ့လည် ၁၂ နာရီလောက် ပြန်ထွက်ခဲ့ကြပါတယ်။
ကျွန်တော် သွားရောက်ခဲ့တဲ့ အမေ့မေတ္တာသက်ကြွယ်သူရိပ်မွန်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မြို့ကြီးကုန်း မှာ ရှိပါတယ်။ အဘွားတွေက ၂၀၀၇ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့မှာ စတင်နေထိုင်ကြပြီး ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ တရားဝင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ပထမအဆင့် အသိအမှတ်ပြု ရိပ်မွန်တစ်ခုအဖြစ် ရောက်ရှိနေပါပြီ။ ဒါပေမယ့် စောင့်ရှောက်ထားတဲ့ ဘိုးဘွားအရေအတွက်က ၂၀ အောက် ဖြစ်နေသေးလို့ နိုင်ငံတော်ထောက်ပံ့မှုတွေ လုံလုံလောက်လောက် မရသေးဘူးလို့ သိရပါတယ်။ အသင်းတော်ရဲ့ မတည်မှု၊ အလှူရှင်များရဲ့ ပေးလှူမှုတွေနဲ့ ရပ်တည်နေကြရတာလို့ ဆရာမက ပြောပါတယ်။
ဒီရိပ်မွန်လေး ဖြစ်ပေါ်လာတာကတော့ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်တွေထဲက မိခင်များ (The Mothers' Union) က မတည်ပြီး မိခင်တစ်ဦးကို အုပ် (၁၀) ချပ်နှုန်း ပေးလှူစုဆောင်းမှုနဲ့အတူ အခြားအလှူရှင်များရဲ့ ပါဝင်လှူဒါန်းမှုတွေနဲ့ ၂၀၀၂ ခုနှစ်က စတင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှာတော့ အငြိမ်းစား သာသနာပိုင်ကြီးရှမွေလ မန်းစံစီဌေးက ပင်မဆောင်ကို အုတ်မြစ်ချပေးနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှာတော့ နာယကကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ (အငြိမ်းစား) က ထမင်းစားဆောင်၊ ခန်းမဆောင် နဲ့ (၆) ခန်းတွဲ ဝန်ထမ်းဆောင်ကို အုတ်မြစ်ချပေးခဲ့ပါတယ်။ အဲဒီအချိန်က စလို့ အခုအခြေအနေထိတိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီဌာနက ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ကစလို့ ပထမအဆင့် ဘိုးဘွားရိပ်သာအဖြစ် အသိအမှတ်ပြုခဲ့တာပါ။
လှူဒါန်းလိုတဲ့အလှူရှင်တွေအနေနဲ့က မတည်ရန်ပုံငွေကစလို့ အမျိုးမျိုးသောအလှူတွေ ထည့်ဝင်ပါဝင်နိုင်ကြပါတယ်။ မူလက "The Mothers' Union" မိခင်တွေကနေ အစပြုပြီး တစ်ဦးကို တစ်လ ငွေကျပ် ၁၀၀၀ စီ ထည့်ဝင်လို့ လစဉ်၊ နှစ်စဉ်၊ ရာသက်ပန် အလှူရှင်တွေ စုဆောင်းကာ စတင်ခဲ့ကြပါတယ်။ ခုချိန်ထိလည်း မတည်ငွေ လှူဒါန်းလိုသူတိုင်း ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် လစဉ်/နှစ်စဉ် အလှူငွေတွေ ထည့်ဝင်နိုင်ပါသေးတယ်။ ကျပ် ၁၀၀၀ နှုန်းနဲ့ တစ်နှစ်စာကို ကျပ် ၁၂၀၀၀ ထည့်ဝင်နိုင်ပါတယ်။ ဆေးဝါးလှူဒါန်းချင်သူတွေလည်း ပေးလှူနိုင်သလို၊ ကျွန်တော့လို မွေးနေ့အမှတ်တရ အဟာရလှူဒါန်းလိုသူတွေအတွက် နံနက်စာ၊ နေ့လည်စာ၊ မွန်းလွဲစာ နဲ့ ညနေစာ တွေ လှူဒါန်းနိုင်ပါသေးတယ်။ လူသုံးကုန်၊ စားသောက်ကုန်တွေ လှူဒါန်းလို့ရသလို၊ ပရိဘောဂ၊ အသုံးအဆောင်တွေလည်း လှူဒါန်းနိုင်ပါတယ်။ အဆောက်အဦ ဆောက်လုပ်လှူဒါန်းလိုသူတွေအတွက်လည်း လှူဒါန်းနိုင်ပါတယ်။ တလောလေးကမှ ရေပူချိုးစက်တစ်ခု လာလှူထားလို့ အဘွားတွေအတွက် အရမ်းအဆင်ပြေကြောင်း ဆရာမလေးက ပြောပြပါတယ်။ လှည်းကူးက သူတို့ရိပ်မွန်ဟာ သစ်ရိပ်ဝါးရိပ်နဲ့မို့ အေးမြနေပါတယ်။ မိုးရွာရင်၊ ဆောင်းဝင်ရင် တော်တော်လေးအေးလို့ အဘွားတွေကို ခုလို အရမ်းလိုအပ်တာ လှူလို့ ကျေနပ်နေပုံပါပဲ။ လှူချင်တဲ့သူတွေအနေနဲ့ ရိပ်မွန်ဖုန်း - ၀၁ ၆၂၈၀၇၆ ကိုဆက်သွယ်စုံစမ်းနိုင်သလို၊ ဒေါ်သီသီလွင် (အတွင်းရေးမှူး) ဖုန်း - ၀၉ ၅၀၀၆၁၈၆၊ ၀၉ ၈၆၁၅၃၀၃၊ ဒေါ်အေးအေးသိန်း (ဘဏ္ဍာထိန်း) ဖုန်း - ၀၁ ၅၇၈၀၉၅၊ ဒေါ်ယဉ်ယဉ်မော် (ဌာနမှူ။၊ မိခင်များအသင်း) ဖုန်း - ၀၉ ၈၆၂၆၂၅၈၊ ၀၁ ၃၉၅၂၇၉၊ ဒေါ်စည်စည်လျာဘိုးကဲ (အုပ်ချုပ်ရေးမှူး) ဖုန်း - ၀၉ ၈၆၄၀၃၉၃ တို့ကို ဆက်သွယ်နိုင်ပါတယ်။
ကျွန်တော်က အရင်မွေးနေ့တွေတုန်းက မိဘမဲ့ကလေးတွေအတွက် လှူဒါန်းတာတွေ လုပ်ခဲ့ဖူးပေမယ့် ခုလို သက်ကြွယ်သူတွေအတွက် အလှူ တစ်ခါမှ မလုပ်ခဲ့ဘူးသေးတာကြောင့် ဒီနှစ်ကျွန်တော့အလှူခရီးစဉ်အတွက် အရမ်းပီတိ ဖြစ်ရပါတယ်။ အဘွားတွေဟာ တစ်ခါတလေ သူငယ်ပြန်ချင်သလိုလို ဖြစ်နေတာမို့ ရန်ဖြစ် ပြန်ချစ်နဲ့ ဖြစ်နေကြတာကို ကြည့်ရတာလည်း ကြည်နူးဝမ်းနည်းရသလို၊ နေမကောင်းတဲ့ကြားက မုန့်ထုတ်လေးကို ကျေးဇူးတင်အပြုံးလေးနဲ့ လှမ်းယူရင်း ပါးစပ်ကနေ ကျေးဇူးတင်ကြောင်း တဖွဖွ ပြောနေတာကလည်း မျက်ရည်ဝဲသွားစေပါတယ်။ အဘွားတွေနဲ့ စကားမပြောရဲတော့ဘူး။ စာရေးသူတစ်ယောက်အနေနဲ့ သူတို့အကြောင်း ဖွဲ့သီချင်တာတောင် မမေးရက်လို့ မမေးဖြစ်ခဲ့ဘူး။ သူတို့ ဘာကြောင့် ဒီနေရာရောက်နေတယ် ဆိုတာကို ကိုယ်တိုင်လည်း မကြားချင်တော့သလို သူတို့ကိုလည်း အနာတွေ ပြန်မဆွချင်တော့လို့ တိတ်တိတ်လေးပဲ နေရင်း သူတို့ကို နှုတ်ဆက် ပြန်ထွက်ခဲ့လိုက်ပါတော့တယ်။ ပွဲသိမ်းကန့်လန့်ကာကို ဆွဲဖွင့်မကြည့်ရက်လို့ ကိုယ်နိုင်သလောက်လေးကူပေးရင် ကိုယ်သာ ဒီနေရာမှာ တစ်နေ့ ရှိခဲ့မယ်ဆိုရင်ဆိုတဲ့ အတွေးတစ်စက ရင်ကို တမြေ့မြေ့လောင်ကျွမ်းရင်း ကျွန်တော့အပြန်ခရီးက စဉ်းစားစရာတွေနဲ့ ပြည့်နေပါတော့တယ်။
သီဟလုလင်
၁၉ အောက်တိုဘာလ ၂၀၁၅
၉း၁၅ ည
0 comments:
Post a Comment