Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 15, 2014

တစ်ခါက အိပ်မက်

အိပ်မက်ဆိုတာ လူတိုင်း မက်ဖူးကြပါတယ်။
ဒါပေမယ့် အဲဒီ အိပ်မက်ဆိုတာ အိပ်နေစဉ်ခဏပဲ မျောလွင့်ရခြင်းမျိုးပါ။
နိုးထလာချိန်မှာတော့ လက်တွေ့ဘဝကို ရင်ဆိုင်ရုန်းကန်ကြရတော့တာပဲ။
ဘာပဲဖြစ်ဖြစ် အိပ်စက်နေချိန်ခဏမှာ ခံစားမှုရသအဖုံဖုံပေးတဲ့ အိပ်မက်တွေကတော့ လူ့လောကမှာ အသက်ရှင်နေသမျှ ကြုံဆုံနေကြရဦးမှာပါပဲ။

အဆိုတော် နောနော်နဲ့ ရေဒီယိုအင်တာဗျူးတစ်ခု
တစ်ချိန်တုန်းကပေါ့...
ကျွန်တော့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားတက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ကျေနပ်ဝမ်းမြောက်ရခြင်း၊ ဂုဏ်ယူရခြင်း စတဲ့ ခံစားမှုမျိုးစုံ ပေးစွမ်းခဲ့တဲ့ အိပ်မက်တစ်ခုကို တော်တော်လေး ကြာအောင် မက်ခဲ့ဖူးလေရဲ့။

အဲဒီအိပ်မက်လေးက... ရေဒီယိုဒီဂျေ လို့ခေါ်ကြတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ခွင့်ရခြင်းပါ။
ကျွန်တော်ဟာ ရန်ကုန်မြို့မှာ တစ်ချိန်က အထင်ကရ ဖြစ်ခဲ့ဖူးတဲ့ မြို့တော်အသံလွှင့်ဌာန (သို့မဟုတ်) City FM ရဲ့ လေလှိုင်းပေါ်က ချိုလွင်တဲ့အသံပိုင်ရှင် တစ်ဦးဖြစ်ခဲ့ဖူးတယ်ဆိုတာ ခုဆို တော်တော်ပြန်ပြီး စဉ်းစားပြန်ဖော် ရတဲ့ အိပ်မက်ဟောင်းတစ်ခု ဖြစ်လို့နေပါပြီ။ City FM သာမက ရွှေ FM ရဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရတာလည်း ဂုဏ်ယူစရာ တစ်ခုပါပဲ။


ကျွန်တော့အိပ်မက်လေး ရဲ့ အစက...
             City FM ကို ကျွန်တော် စသိတာ City FM စလွှင့်ကတည်းကပါ။ အဲဒီတုန်းကလည်း အသည်းအသန် ရေဒီယိုဖမ်းစက်တွေ ပြေးဝယ်ခဲ့တာကို မှတ်မိသေးတယ်။ အဲဒီချိန်တုန်းက ခုချိန်လို FM စက်လှလှလေးတွေ၊ MP3 Player တွေ အတွေ့ရနည်းသေးသလို၊ ဖုန်းတောင်မှ Handset လှလှနဲ့ Function စုံစုံမရှိသေးတာမို့ ကျွန်တော့မှာ လူကြီးတွေ နားထောင်တဲ့ ဟိုးတုန်းက ရေဒီယို စက် အသေးလေး ရှာဝယ်ခဲ့ရတာ မှတ်မိသေးတယ်။ ဒီ Radio DJ အလုပ်ကိုတော့ ၂၀၀၂ ခုနှစ်မှာ စလုပ်ခဲ့ပါတယ်။ ပေါ်ပြူလာ ဂျာနယ်ကနေ City FM Studio က Announcer လျှောက်ဖို့ခေါ်တဲ့ ကြော်ငြာတွေ့ပြီး လုပ်ဖြစ်ခဲ့တာပါ။ အမှန်က အဲဒီအချိန်ကတော့ ကိုယ့်ဟာကိုယ် ယုံကြည်မှု မရှိခဲ့ဘူး။ သူငယ်ချင်းတစ်ယောက်က အတူလျှောက်ကြရအောင်လို့ ခေါ်လို့ အဖော်ရပြီဆိုပြီး လုပ်ဖြစ်ခဲ့တာ မှတ်မှတ်ယယ အင်တာဗျူး ၄ ခါ တောင်ဝင်ခဲ့ရတယ်။ ကျွန်တော် ရေဒီယိုအစီအစဉ်တင်ဆက်သူ လုပ်ခဲ့တာ စုစုပေါင်း ၈ နှစ်လောက် ရှိခဲ့ပါတယ်။



ကျွန်တော် မက်ခွင့်ရချင်ခဲ့တဲ့ တကယ့်အိပ်မက်...
             ကျွန်တော်က ငယ်ငယ်ကတည်းက VJ ဖြစ်ချင်နေခဲ့တာပါ။ MTV Asia တို့၊ Channel V တို့ကို ကြိုက်တယ်။ ကြည့်တယ်။ အဲဒီက VJ တွေရဲ့ ပြောပုံဆိုပုံ လှုပ်ရှားပုံတွေကို အရမ်းသဘောကျတယ်။ သူတို့လိုဖြစ်ချင်ခဲ့တယ်။ အဲဒီချိန်တုန်းကတော့ ကျွန်တော်တို့ဆီမှာက TV Program ဆိုလည်း ခုချိန်လောက် လူငယ်မဆန်သေးဘူး။ ဒီမှာ ကျွန်တော်လုပ်ရင် သတင်းကြေငြာတဲ့ ပုံစံနဲ့ပဲ လုပ်လို့ရမယ်။ လူငယ်ပုံဝတ်စားပြီး စကားကို လွတ်လွတ်လပ်လပ် လူငယ် type ပြောခွင့်မရဘူး။ အဲလိုမျိုးဆိုတော့ ကျွန်တော့အတွေးတွေ ကျွန်တော် သိမ်းထားခဲ့ရတယ်။ City FM Radio စပြီးပေါ်လာတော့ စကားပြောတွေက သိပ်သွက်တယ်။ ကျွန်တော် လုပ်ချင်နေတဲ့ ပုံစံဆိုတော့ ကျွန်တော် ဒီ အလုပ်ခေါ်စာ တွေ့တာနဲ့ကို တော်တော် ပျော်သွားတာ။ TV မှာ မလုပ်ရလည်း နေပါစေတော့ပေါ့။ ဒီ FM မှာ ကျွန်တော် အဆင်ပြေပါတယ် ဆိုပြီး ရွေးချယ်လုပ်ဖြစ်သွားတာ။ နောက်ပိုင်းတော့လည်း အဆက်အသွယ်ကောင်းတွေ ရပြီးတော့ MRTV-4 စဦးပိုင်းတုန်းက VJ အနေနဲ့ စမ်းသပ်ရိုက်ကူးခွင့်ရခဲ့ပါတယ်။ တော်တော်လေး ပျော်ဖို့ကောင်းခဲ့ပါတယ်။ Forever June မိသားစု နဲ့ အဆိုတော် ကိုမင်းသူရ တို့အဖွဲ့ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ အဆိုတော် နဲ့ VJ ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့ငယ်ငယ်က အိပ်မက်က တစ်ထပ်တည်းမဟုတ်တောင်၊ တော်တော် တန်တန်လေးတော့ ထပ်တူညီ ပါတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော့ဝါသနာစစ်စစ်က...
            ကျွန်တော်က သီချင်းဆိုရတာတော့ တော်တော်လေးသဘောကျတယ်။ စာတွေကဗျာတွေ ရေးရတာကိုလည်း အရမ်းကြိုက်တယ်။ ကျွန်တော် စာတွေရေးဖြစ်နေတယ်။ မဂ္ဂဇင်းတွေမှာပေါ့။ Facebook နဲ့ Blog သုံးရတာကြိုက်ပေမယ့် Chatting တော့ ပျင်းတယ်။ ပြီးတော့ ကျွန်တော်က သီချင်းနားထောင်တာ၊ ကွန်ပျူတာနဲ့ ဒီဇိုင်းဆွဲတာတွေကိုလည်း စိတ်ဝင်စားတယ်။ လုပ်လည်းလုပ်ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ သောကြာ၊ စနေ ညဘက်တွေ လျှောက်သွားရတာလည်း ကြိုက်တယ်။ Clubbing တော့ မကြိုက်တော့ဘူး။ Bar တစ်ခုခု ထိုင်ပြီး သူငယ်ချင်းတွေနဲ့ ရီစရာမောစရာ ပြောနေရရင် ကျေနပ်ပြီ။

ကျွန်တော့ရဲ့ Idol တွေက...             
               ကျွန်တော် ငယ်ငယ်ကတည်းက အားကျခဲ့တဲ့ VJ တစ်ယောက်ရှိပါတယ်။ သူက MTV Asia က VJ Utt ပါ။ ကျွန်တော် အရမ်းအားကျပါတယ်။ နောက်ပိုင်းတော့ ကျွန်တော် City FM Studio မှာ အလုပ်မဝင်ခင်က ကြိုရောက်နေပြီးတဲ့ ကျွန်တော့ရဲ့ စီနီယာ အစ်ကိုကြီး ကိုဆန်းထွဋ်၊ အတူတူ အလုပ်ဝင်တာ ဖြစ်ပေမယ့် ကျွန်တော့ထက် ဝါရှိတဲ့ ကိုငဲငယ်တို့ကို သဘောကျပါတယ်။ ဟန်နီ နဲ့ သုသု တို့ရဲ့ အသံလေးတွေလည်း ကြိုက်ပါတယ်။ ကျွန်တော် ခုချိန်မှာ အပြည့်စုံကြီး မဟုတ်ပေမယ့် တော်တော် ကောင်းမွန်တဲ့ ရေဒီယိုအစီအစဉ်တွေဖန်တီးနိုင်ဖို့ သင်ပြခဲ့ လက်ဦးဆရာတွေရှိသေးတယ်။ တေးရေး ကိုဧထက် ကတော့ အဓိကပေါ့။ သူက တော်တော်ကို လေ့ကျင့်ပေးခဲ့တာပါ။ ကျေးဇူးတင်ပါတယ်။ နောက်ထပ် ကျေးဇူးတင်ရတာက ဦးကြည်မင်းသိန်း နဲ့ ဦးမင်းချစ်သူ တို့ပါ။ ကျွန်တော်တို့ကို တော်တော် စိတ်ရှည်လေ့ကျင့်ပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေပါပဲ။

ကျွန်တော် ဖန်တီးခဲ့တဲ့ အစီအစဉ်လေးတွေ...
              ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့ အစီအစဉ်တွေထဲက အကြိုက်ဆုံးကို ပြောပါဆိုရင် ပြောရခက်တယ်။ International Hits ကတော့ ကျွန်တော့ကို လူသိများစေခဲ့သလို၊ Flying Songs အစီအစဉ်၊ Star & Style အစီအစဉ် ၊ ဗီစီဒီကတ်သလော့ အစီအစဉ် တွေကိုလည်း လူသိများတယ်။ ရွှေ FM အတွက် လုပ်ပေးဖြစ်ခဲ့တဲ့ Youth Corner ၊ လေလှိုင်းသဝဏ်ရွှေဆုမွန်၊ သူ့အတွေးတစ်စ အစီအစဉ်တွေဆိုလည်း ကျွန်တော် အရမ်းအားရခဲ့တဲ့ အစီအစဉ်တွေပါ။ ဒါပေမယ့်လည်း ကိုယ့်ဟာကိုယ် အကောင်းဆုံးလို့ထင်ထားတဲ့ဟာတွေက ခုချိန်ပြန်နားထောင်ရင် တော်တော် အဆင်မပြေတာလေးတွေလည်း ရှိနေတယ်။ ဟိုးအရင်က ကျွန်တော်ပြောခဲ့ဖူးတဲ့ မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး တေးအယ်လ်ဘမ်ကြော်ငြာကို တော်တော်များများက သဘောကျကြတယ်။ ကျွန်တော်ကတော့ အဲဒီကြော်ငြာကို ဘယ်အချိန် နားထောင်နားထောင် မကြိုက်ဘူး။ ဒါပေမယ့် ကျွန်တော် ဒီလိုပြောရဆိုရ ဖန်တီးရတာမျိုးကို သိပ်သဘောကျခဲ့ဖူးပါတယ်။

ကျွန်တော်မကြိုက်တဲ့ အိပ်မက်ထဲက ဇာတ်ကောင်အသွင်အပြင်...
                ကျွန်တော့ကိုယ် ကျွန်တော် မကြိုက်တဲ့၊ အားမရတဲ့ အချက်တွေကတော့ အများကြီးပဲ။ ကျွန်တော့အသံ အရမ်းကြီး ချိုနေတာ မကြိုက်ဘူး။ ကျွန်တော်က အသံလုံးကြီးကြီးမားမား ခံ့ခံ့ငြားငြားကြီး ဖြစ်ချင်တာ။ သရုပ်ဆောင်၊ အဆိုတော် ကိုရန်အောင် တို့လို၊ ဦးကျော်စိုးဦး တို့လို အသံလုံးမျိုးကြီး ကြိုက်တယ်။ ဘယ်သံကြီးတွေပေါ့။ အရင်ကဆို ကျွန်တော့အသံကို ကိုဆန်းထွဋ် နဲ့ တူတယ်ဆိုလို့ တော်တော်ကြီး မတူအောင်ကြိုစားပြောင်းလဲခဲ့ရဘူးတယ်။ ကျွန်တော်ကတော့ မတူဘူးထင်တာပါဘဲ။ ခုကျတော့လည်း ကျွန်တော့ရဲ့ ဂျူနီယာ ညီအစ်ကိုတွေရဲ့ အသံကို ကျွန်တော့ အသံနဲ့တူတယ် ပြောကြပြန်တော့မှ စဉ်းစားမိတာက ကျွန်တော့တို့ရဲ့ အစီအစဉ်တင်ဆက်ပုံ အသံ Flow ကြောင့်ဖြစ်မယ်လို့ စဉ်းစားမိလာပါတယ်။ ဒါကြောင့် ကျွန်တော့ရဲ့ ပြောပုံဆိုပုံလေးတွေကို အဲဒီနောက်ပိုင်းတော့ ကိုယ်ပိုင်ဟန်လေး ပီပီသသပေါ်လာအောင်တော့ ဂရုတစိုက်ပြောမိဖြစ်သွားတယ်။

ကျွန်တော့လို အိပ်မက်မျိုးမက်ချင်တယ်ဆိုရင်တော့...
                 အင်း… သေချာတာကတော့ မြန်မာနိုင်ငံမှာ Radio DJ အလုပ်က ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခု မဟုတ်သေးဘူးဆိုတာတော့ သိထားဖို့ပါပဲ။ တော်ရုံဝါသနာပါတာနဲ့ မဖြစ်နိုင်ဘူး။ ငွေရှာချင်ရင်တော့ ဒီအလုပ်ကို အစကတည်းက မစဉ်းစားနဲ့။ အချိန်ကုန်တယ်။ ဒီမှာ နှစ်အများကြီး ပေးဆပ်လုပ်ကိုင်နေရပြီးတော့မှ ဝင်ငွေနည်းလို့ဆိုပြီး အလုပ်ပြောင်းမယ်ဆိုရင်တော့ ဒီအလုပ်ကရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံက ဘယ်လောက်နှစ်များများ သိပ်အသုံးမတည့်ဘူး။ ဝါသနာလည်း နည်းမယ်ဆိုရင်တော့ ငွေရနိုင်မယ့် တခြားအလုပ်တစ်မျိုးမျိုးကို အစကတည်းက ရှာလုပ်ပါ။ ဝါသနာအရမ်းပါနေရင်၊ နောက် ဝင်ငွေအတွက်လည်း စိတ်မပူရတဲ့အနေအထားတစ်ခုမျိုးမှာ ဆိုရင်တော့ လုပ်ပါ။ လူငယ်ဆန်ပြီး တကယ်ကို တက်ကြွပျော်စရာကောင်းတဲ့ အလုပ်လေးတစ်ခုလို့ ပြောချင်ပါတယ်။ အနုပညာ အရင်းခံစိတ်လေးတော့ လိုပါတယ်။ အသံကလည်း အရမ်းကြီးကောင်းဖို့ မလိုပါဘူး။ သင့်တင့်ပြီး အသံမှာ ထူးခြားတဲ့စွဲဆောင်မှုလေးတစ်ခု ရှိနေရင် ကျန်တာက သူ့ဟာသူ အဆင်ပြေသွားပါလိမ့်မယ်။

ကျွန်တော်ကတော့ ခုဆိုရင် အိပ်မက်ကို လက်တွေ့မဟုတ်ဘူးဆိုတာ သိလာတာနဲ့အမျှ လက်တွေ့ဘဝထဲမှာ ပိုပြီး နှစ်မြုပ်ထားရင်း အိပ်မက်နဲ့ ဝေးသထက် ဝေးလို့နေပါပြီ။ တစ်ခါတရံတော့လည်း အိပ်မက်ကောင်းဆိုတာမျိုးက ပြန်သတိရနေတတ်တယ်လေ။ ပြန်မက်ချင်နေတတ်မိတယ်။ သို့ပေမယ့်လည်း လက်တွေ့မဆန်တဲ့ ဘဝမျိုးမှာ ရှင်သန်နေထိုင်ဖို့ ကျွန်တော် ဝန်လေးနေမိပြန်တယ်။ ဒီတော့လည်း အိပ်မက်ကို အိပ်မက်လို သဘောထားပြီး တစ်ခါတရံလောက်ပဲ သတိရလိုက်တာ ပိုကောင်းပါတယ်လေ။ အိပ်မက်က ဘဝ မှ ဖြစ်မလာဘဲကိုး။

သီဟလုလင်
၁၅ ဖေဖော်ဝါရီ ၂၀၁၄

1 comments:

a2m2007blogspot.com said...

"အိပ်မက်က ဘဝမှ ဖြစ်မလာပဲ"... အဲ့စကားလေးကြိုက်တယ်... :)