Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, September 23, 2012

The Idol of Celebrity (မိစန္ဒီ)


“Fancy Idol of Celebrity” ကဏ္ဍလေးကနေ Fancy စာဖတ်ပရိတ်သတ်များအတွက် အနုပညာရှင်တွေ ရင်ထဲက လေးစားချစ်ခင်ရတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေအကြောင်း တင်ဆက်ပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးနဲ့ ပတ်သက်လို့ အကြံပေးချက်တွေကိုလည်း ကျွန်တော်တို့ Fancy ကို ပေးပို့နိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ လူငယ်တေးပရိတ်သတ်တွေ နှစ်သက်သဘောကျနေကြတဲ့ အမျိုးသမီးတေးသံရှင်လေး မိစန္ဒီ နဲ့ တွေ့ဆုံလို့ သူမရင်ထဲက ချစ်မြတ်နိုး လေးစားအားကျ ရတဲ့ ကမ္ဘာကျော်အနုပညာရှင်က ဘယ်သူဖြစ်မလဲဆိုတာ မေးမြန်းထားသလို၊ သူမရဲ့ လတ်တလော လှုပ်ရှားမှုလေးတွေ ကိုလည်း မေးမြန်းစကားပြောဖြစ်ခဲ့ပါတယ်။
 
မေး-      ညီမလေး မိစန္ဒီရဲ့ တစ်ကိုယ်တော်တေးစု “မိုနိုပိုလီ” ကို ဘယ်အချိန်လောက် VCD ထွက်မယ်လို့ မှန်းထားပါလဲ။
ဖြေ-      ညီမ… စက်တင်ဘာလကုန်လောက် မှန်းထားပါတယ် အစ်ကို။

မေး-      ဒီ “မိုနိုပိုလီ” အယ်လ်ဘမ်လေးကရော ဘယ်လောက်အတိုင်းအတာထိ သွားလဲ။ ညီမလေးရော အားရကျေနပ်မှု ရှိရဲ့လား။
ဖြေ-      အားရကျေနပ်ပါတယ်။ ဒီထက်တော့ ပိုဖြစ်စေချင်ပါတယ်။ အဓိကကတော့ ရောင်းအားတွေထက် ညီမကို ပရိတ်သတ်က ပိုသိကြတယ်ပေါ့နော်။ ရောင်းအားကြတော့ ညီမအခွေက နည်းနည်းလေး ဈေးကြီးတယ်။ ၂၀၀၀ နဲ့ ရောင်းတာဆိုတော့။ Cost များတယ်ဆိုတော့ ညီမက သီချင်းစာအုပ်လည်း ပါတယ်။ သီချင်းစာအုပ်က တကယ့်အထူကိုမှ ညီမရဲ့ ဓါတ်ပုံတွေရော၊ သီချင်းစာသားရောဆိုတော့ ကာဗာဖိုးနဲ့တင် တော်တော်ကျတယ်။ ညီမလည်း အတတ်နိုင်ဆုံးတော့ လျှော့တာပဲ။ ၂၀၀၀ နဲ့ရောင်းတယ်ဆိုတော့ မူရင်းခွေသွားတာက အရမ်းကြီးတော့ မများဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပဲ အားပေးအားပေး၊ အဲဒီထဲက သီချင်းလေး သုံး လေး ပုဒ်က တော်တော်လေး အပြင်မှာ အောင်မြင်တဲ့အတွက် ကျေနပ်ပါတယ်။

မေး-      ညီမလေးက အတွဲခွေတွေကနေ နာမည်ရလာတဲ့အခါကျတော့ နောက်တက်လာကြမယ့် အဆိုတော်အသစ်လေး တွေအနေနဲ့ အတွဲခွေလေးတွေနဲ့ အရင်နာမည်ယူသင့်တယ်ထင်လား။ တစ်ကိုယ်တော်ခွေ စလုပ်သင့်တယ်လို့ အကြံပြုချင်လား။
ဖြေ-      ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့နော်။ တချို့လူတွေကျတော့ ဥပမာ - အေသင်ချိုဆွေတို့ ဆိုတေးတို့ကျတော့ တစ်ကိုယ်တော်ခွေက စတယ်။ အဲလိုလူတွေလည်းရှိသလို၊ ညီမတို့လို ဖြည်းဖြည်း ဖြည်းဖြည်းချင်း တစ်လှမ်း တစ်လှမ်းချင်း လှမ်းတဲ့သူတွေလည်း ရှိတာပေါ့။ ညီမတို့ကျတော့ ငယ်ငယ်တုန်းက Underground ကနေစလုပ်တယ်။ ကိုယ့်သီချင်းလေးတွေ ကိုယ်လုပ်ပြီး အင်တာနက်ကနေ ဝေတယ်။ အခွေတွေ Show ပွဲတွေမှာ လျှောက်ဝေတယ်။ Show ပွဲတွေမှာ မိုက်စမ်းတဲ့အနေနဲ့ သီချင်းတွေ တက်ဆိုတယ်။ အဲလိုမျိုးကနေ တစ်ဆင့်ချင်း လာတာပေါ့။ တစ်ယောက်နဲ့တစ်ယောက်က ကံကြမ္မာချင်းလည်း မတူသလို၊ သူတို့ ရွေးချယ်တဲ့ လမ်းကြောင်းလည်း မတူဘူးပေါ့။ အဲလိုမျိုး ဟိုလိုသွား၊ ဒီလိုသွား ဆိုတာထက် အဓိကက သေသေချာချာလေး ကိုယ်ကလည်း အနုပညာနဲ့ပတ်သက်ပြီးတော့ ပါရမီအခံလေးလည်းရှိနေမယ်။ အရမ်းလည်း ကြိုးစားမယ်ဆိုရင်တော့ ဘာမဆို ဖြစ်ပါတယ်။

မေး-      ညီမလေးအနေနဲ့ နိုင်ငံတကာအဆိုတော်တွေထဲမှာ အားကျအနှစ်သက်ဆုံးက ဘယ်သူလဲ သိချင်ပါတယ်။
ဖြေ-      အားကျတာကတော့ ညီမကြိုက်တာပေါ့နော်။ Rihanna ကြိုက်တယ်။ Beyonce ကြိုက်တယ်။ ပြီးတော့ 2NE1 ကြိုက်တယ်။ Nicki Minaj ကြိုက်တယ်။ တစ်ယောက်တည်း ရွေးပါဆိုရင်တော့ 2NE1 ပေါ့။

မေး-      ကိုးရီးယားအဆိုတော်တွေကို နောက်ပိုင်း လူငယ်တွေ အရမ်းကြိုက်လာကြတယ်။ ခု ညီမလေးကလည်း ကိုးရီးယားအဖွဲ့ကို ကြိုက်တာဆိုတော့ ဒါဟာ လူငယ်တစ်ယောက်ဖြစ်လို့ ခေတ်အလိုက် ကြိုက်တာမျိုးလား။ ဒါမှမဟုတ် သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို သိပြီးမှ ကြိုက်သွားတာမျိုးလား။
ဖြေ-      လူငယ်ဖြစ်နေလို့ ကြိုက်တာမျိုးမဟုတ်ပါဘူး။ ညီမ အရင်က မကြိုက်တတ်ဘူး။ ညီမက အရင်တုန်းကရှိတယ်။ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ဆိုထားတာဆိုရင် ဘယ်တုန်းကမှ မကြိုက်တတ်ဘူး။ အင်္ဂလိပ်သီချင်းဆိုရင် ကိုယ်က သိပ်နားမလည်ဘူးဆိုတာတောင် နားလည်သေးတယ်လေ။ ကိုးရီးယားသီချင်းဆိုရင် သူများတွေက ဘယ်လောက်ကောင်းပါတယ် ပြောပြော လုံးဝ မကြိုက်ခဲ့ဘူး။ နောက်ပိုင်းမှ 2NE1 ကို ဘာလို့ကြိုက်လာသလဲ ဆိုတော့ သူတို့ အားသာချက်ပေါ့။ ကိုးရီးယားအဆိုတော်တွေရဲ့ အားသာချက်က တချို့ဆိုရင် အသက် (၁၁) နှစ်လောက် ကတည်းက ဒီဟာအတွက်ပဲ လေ့ကျင့်နေတာ။ တချို့ဆိုရင် (၁၀) နှစ်လောက်ကတည်းက ဒါအတွက်ပဲ လုပ်နေတာ။ Entertainment ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်တယ်။ သူတို့ တစ်နိုင်ငံပဲရှိတယ် ဒါမျိုးလုပ်တာ ကမ္ဘာပေါ်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မွေးမြူထားတာ။ အရမ်းလည်း Professional ဆန်တယ်။ သူတို့ရဲ့ Life က ဒါအတွက်ပဲသွားတာ၊ ဒါအတွက်ပဲ လုပ်တာ။ 2NE1 ကို ညီမကြိုက်တာက ကိုးရီးယားအဖွဲ့တွေက အရမ်းကို cute cute လုပ်တဲ့ အဖွဲ့တွေကြီးပဲ။ အရမ်းကို cute ဘက်သွားကြတယ်။ သူတို့ကျတော့ သူတို့ Music Style နဲ့ သူတို့လိုက်ဖက်အောင်လုပ်တယ်။ သူများတွေနဲ့ လုံးဝမတူဘူး။ ပြီးတော့ သူတို့ Music Video တွေကအစ တစ်ပုဒ်နဲ့ တစ်ပုဒ်က လုံးဝ မတူဘူး။ မထပ်ဘူး။ ဆံပင်ပုံစံကအစ ဂေါ်တယ်။ ညီမက Hip Hop နဲ့ပတ်သက်တဲ့သူဆိုတော့ သူတို့က ညီမနဲ့ လိုင်း ခပ်ဆင်ဆင်ပေါ့။ အဲဒါကြောင့်မို့ အရမ်း ကြိုက်တယ်။

မေး-      ညီမလေး ကရော သူတို့ရဲ့ သီချင်းတွေကို ကိုယ့်ရဲ့ အခွေထဲမှာ ပြန်ဆိုဖြစ်ပြီးသွားပြီလား။
ဖြေ-      အဲလိုတော့ မဆိုဖြစ်ပါဘူး။ အရင်က “သင်္ကြန်မှာရင်တွေခုန်တာပေါ့” အခွေထဲမှာတော့ 2NE1 ရဲ့ Chorus လေးကို Reference လေးယူပြီးလုပ်ဖူးတယ်။ ဒါပေမဲ့ အဲဒါကျတော့ ကိုဒိုဒိုး G Family က အစ်ကိုကြီး တစ်ယောက်ပဲ Hip Hop ပုံစံလေးရေးပေးတာ။ ဒါပေမယ့် လုံးဝဥဿုံကြီး တူတာမျိုးတော့ မဟုတ်ဘူး။ Reference အနေနဲ့ ယူတာမျိုးပဲ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့သီချင်းတွေက အရမ်းနာမည်ကြီး လွန်းတယ်။ နာမည်ကြီးတဲ့သီချင်းတွေကျတော့ ကိုယ်က Copy ကွက်တိကြီးကျတော့ အဆင်မပြေဘူး။

မေး-      ညီမရဲ့ တစ်ကိုယ်တော်တေးစု “မိုနိုပိုလီ” ထဲမှာရော သီချင်းဘယ်နှစ်ပုဒ်လောက် Cover လုပ်ထားတာ ပါလဲ။
ဖြေ-      “နှစ်ယောက်မရှိဘူး” တစ်ပုဒ်ပါတယ်။ Cover အနေနဲ့ပြန်လုပ်ထားတာဆိုလို့ ဒီတစ်ပုဒ်ပဲ။ နောက်တစ်ပုဒ်က “ကိုယ့်ရဲ့သက်တန့်ငယ်” ဆိုတဲ့ ညီမကို လူစသိခဲ့တဲ့သီချင်းလေးကို R&B Version လေးအနေနဲ့ ပြန်လုပ်ထားတာပေါ့ အမှတ်တရအနေနဲ့။ အဲဒီနှစ်ပုဒ်ပဲ Cover လုပ်ထားတာပါတယ်။ ကျန်တာတွေကတော့ အသစ်တွေပဲ။

မေး-      “နှစ်ယောက်မရှိဘူး” သီချင်းကျတော့ မူရင်းသီချင်းကိုနားထောင်တာလား။ မခိုင်ကြီး သီချင်းကိုပဲ နားထောင်ပြီး ပြန်ဆိုခဲ့တာလား။
ဖြေ-      မခိုင်ကြီးကိုပဲ နားထောင်ခဲ့တယ်။ မူရင်းအင်္ဂလိပ်သီချင်းတောင် ညီမ မသိဘူး။ ဦးစိုးလင်း ရေးထားတာမို့လို့၊ ဦးစိုးလင်းနဲ့လည်း ခင်လို့၊ ပြီးတော့ အဲဒီသီချင်းကို ငယ်ငယ်ကတည်းကလည်း ကြိုက်လို့။ ညီမက Chorus လေးကို ယူလိုက်ပြီးတော့ Rapping တွေကျတော့ ညီမ ကိုယ့်ဟာကိုယ်ပဲဖြည့်ရေးလိုက်တယ်ပေါ့နော်။ ကိုယ့်ပုံစံလေးပဲ ဖြစ်ချင်တော့လေ။ ဦးစိုးလင်းကလည်း အဲဒီသီချင်းကြီးအတိုင်း ပြန်မဆိုပါနဲ့လို့ ညီမကို ပြောတယ်။ ညီမကလည်း Hip Hop Version ပြောင်းချင်တယ်ဆိုပြီးတော့ အဲလို ပြောင်းလိုက်တာ။

မေး-      2NE1 အဖွဲ့ကို ညီမက သူတို့ရဲ့ စာသားအကြောင်းအရာကို ခံစားလို့ နားမလည်ပေမယ့် သံစဉ်လေးတွေကိုတော့ ခံစားလို့ရတယ်ပေါ့။ ပြီးတော့ သူတို့ရဲ့ ဖက်ရှင်ကိုရော ဘယ်လိုမြင်လဲ။ ညီမလေး ကိုယ်တိုင်ရော သူတို့ရဲ့ ဖက်ရှင်ပုံစံကို မှီငြမ်းယူပြီး ဝတ်ဆင်ခဲ့တာမျိုး ရှိဖူးလား။
ဖြေ-      ရှိပါတယ်။ ညီမ Show ပွဲတွေမှာ ဝတ်သမျှ တော်တော်များများက မှီငြမ်းတာတွေပါပဲ။ ညီမက လူတစ်ယောက်ကို ကြိုက်ပြီဆို အဲဒီလူရဲ့ ရှိသမျှအရာကအစ လိုက်ကြည့်တော့တာပဲ။ Nicki Minaj ကြိုက်ပြီဆို Nicki Minaj ဆိုပြီး Google မှာရှာတယ်။ သူရဲ့ သီချင်းတွေ သူ့ရဲ့ ဗီဒီယိုတွေ အကုန်လုံးကို Download လုပ်တယ်။ 2NE1 ဆိုလည်း သီချင်းစာသား သူတို့ဆိုတာ နားမလည်ဘူးမဟုတ်လား။ အဲဒါဆို အင်္ဂလိပ်လိုဘာသာပြန်ထားတာကို ညီမ လုပ်တယ်။ နောက်ပြီး သူတို့ဖက်ရှင်တွေ ဘယ်နေ့မှာ ဘာဝတ်ခဲ့တာကအစ အကုန် အစအဆုံးလိုက်ပြီး ကြည့်တယ်။ အဲလိုမျိုးကို ဒီဇိုင်နာတွေကို ပြပြီးတော့ နည်းနည်း ကိုယ်နဲ့လိုက်မယ့်ပုံမျိုးလုပ်တယ်။ 2NE1 က အရမ်းမဖော်ဘဲ ဝတ်တာ။ အဲဒါကို ညီမ သဘောကျတယ်။ ညီမ အခုဆိုရင် လည်ပင်းမှာ ဖဲပြားစည်းတာ ကြိုက်တယ်။ အဲဒါကျတော့ အင်္ဂလန်က အသစ်ထွက်တဲ့ ညီမအရမ်းကြိုက်တဲ့ Rapper မလေး Sherlock ဆိုတာ။ သူက ကြိုးသိုင်းတွေနဲ့ အဲဒါမျိုးဝတ်တယ်။ ညီမက အဲဒါမျိုး ကြိုက်တဲ့အတွက် လိုက်ဝတ်ဖြစ်တယ်။

မေး-      2NE1 ကိုသာအပြင်မှာတွေ့ရမယ်ဆိုရင် ညီမလေး ဘာပြောဖြစ်မလဲ။
ဖြေ-      အမလေး ဘာပြောဖြစ်မှာလဲ။ သေတောင်သေသွားမယ် ရူးပြီးတော့။ 2NE1 မြန်မာနိုင်ငံလာရင်တော့ လေး ငါးသိန်းပေးရလည်း သွားကြည့်မယ်။ ဘာပြောဖြစ်မလဲဆိုတော့ သူတို့ကလည်း ကိုယ့်ကို အဖက်လုပ်ဦးမှကိုး။ အဖက်လုပ်ခဲ့ရင်တော့ အရမ်းကြိုက်တယ်။ အရမ်း Crazy ပေါ့နော်။ သူတို့ပုံတွေ ဘယ်လောက်တောင်စုခဲ့ရသလဲ၊ သူတို့သီချင်းတွေ ဘယ်လောက်တောင်စုခဲ့ရသလဲ ပြမှာပေါ့။

မေး-      ခုလို အချိန်ပေးဖြေကြားပေးတဲ့ ညီမလေး မိစန္ဒီကို ကျေးဇူးအများကြီး တင်ပါတယ်။
ဖြေ-      ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် အစ်ကို။

လူငယ်တေးသံရှင် မိစန္ဒီရဲ့ အနှစ်သက်ဆုံးတေးဂီတအဖွဲ့ဟာ လူငယ်တွေအများဆုံးနှစ်သက်နေတဲ့ 2NE1 အဖွဲ့ပါ။ ဒီအဖွဲ့လေးဟာ ကိုးရီးယားဂီတလောကရဲ့ တခြားသော မိန်းကလေးအဖွဲ့တွေနဲ့ တစ်မျိုးတစ်ဘာသာ ကွဲပြားနေပြီး ဆွဲဆောင်မှုကောင်းတဲ့ အဖွဲ့လေးလည်း ဖြစ်ပါတယ်။ မိစန္ဒီပြောသလိုပဲ အဝတ်အစားဝတ်တာကအစ တခြားမိန်းကလေး အဖွဲ့တွေလို ညှို့အားပြင်းတဲ့ပုံစံတွေ သိပ်မဝတ်ဘဲ ပရိတ်သတ်ကို ရိုးရိုးလေး ဖမ်းစားသွားနိုင်ပါတယ်။ သူတို့အဖွဲ့ဟာ ခုဆို အနောက်နိုင်ငံတွေကတောင် အားပေးလာတဲ့အထိ အောင်မြင်လာပြီဖြစ်ပါတယ်။ ဒါကြောင့် တေးသံရှင် မိစန္ဒီ ကြိုက်တဲ့ 2NE1 အဖွဲ့အကြောင်းလေးကိုလည်း တစေ့တစောင်းလေ့လာကြည့်လိုက်ရအောင်ပါဗျာ။


2NE1 အဖွဲ့ ရဲ့ အကြောင်း တစေ့တစောင်း

ကိုးရီးယားသီချင်းလေးတွေအများဆုံးသီဆိုတတ်ပြီး ပြီးခဲ့တဲ့ လပိုင်းကမှ အင်္ဂလိပ်ဘာသာနဲ့ သီဆိုတဲ့ သီချင်းသစ်တွေ ထွက်ရှိထားတဲ့ 2NE1 အဖွဲ့ဟာ ဒီနေ့ဆို ကမ္ဘာကျော် ဂီတအဖွဲ့တစ်ခု ဖြစ်နေပါပြီ။ အဖွဲ့ဝင် လေးဦး ပါဝင်တဲ့ ဒီအဖွဲ့မှာ CL, Bom, Dara နဲ့ Minzy ဆိုတဲ့ နာမည်တွေ  ပေးထားကြပါတယ်။ သီဆိုလေ့ရှိတဲ့ သီချင်းအမျိုးအစားတွေကတော့ Pop, R&B, Hip Hop, Electro-pop, Dance-pop, Pop-rock, Electronic-dance, K-pop အမျိုးအစားတွေပါ။ သူတို့အဖွဲ့ စတင်လှုပ်ရှားခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကမှဆိုတော့ သက်တမ်းအားဖြင့် (၄) နှစ်လောက် ရှိပါပြီ။ ဒီအချိန်တိုလေး အတွင်းမှာ ကမ္ဘာကျော်ဖြစ်သွားနိုင်တာလည်း တောင်ကိုးရီးယားအနုပညာလောကအတွက် ဂုဏ်ယူစရာပါ။ တောင် ကိုးရီးယား ဂီတအဖွဲ့ဖြစ်တဲ့ 2NE1 ကို ၂၀၀၉ ခုနှစ်မှာ YG Entertainment က စတင်ဖွဲ့စည်း စင်တင်ခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့သူတွေထဲမှာ CL ကတော့ အဖွဲ့ ခေါင်းဆောင် ပါ။

ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုစတင်ကြောင်းကိုတော့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတည်းက သတင်းဂျာနယ်တွေမှာ YG Entertainment က ကြေငြာခဲ့ပြီးဖြစ်ပေမယ့် တရားဝင်ဖွဲ့စည်းကြောင်းနဲ့ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုအစစ်တွေ ကိုတော့ ၂၀၀၉ ခုနှစ်မှသာ စတင်ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

2NE1 အဖွဲ့အနေ သီးသန့်သီဆိုတဲ့ ဂီတအမျိုးအစားရယ်လို့ မရှိဘဲ Pop နဲ့ Dance ကို အခြေခံတဲ့ ဂီတပုံစံစုံကို သီဆိုနေခဲ့ကြပါတယ်။ ဖက်ရှင်အပြင်အဆင်အနေနဲ့ကျတော့ Hip Hop ပုံစံဘက် ကို ရောက်နေပြန်ပါတယ်။ တစ်ခါတရံမှာလည်း သူတို့ရဲ့ Music Video တွေမှာ လိုအပ်လျှင် လိုအပ်သလို Gothic ပုံစံမျိုး ဝတ်စားဆင်ယင်တတ်ကြ ပြန်ပါတယ်။ အဖွဲ့သူတွေက ထူးခြားတဲ့ ဆံပင်ပုံစံတွေ နဲ့ ဆံပင်တုပုံစံတွေကို တပ်ဆင်ရတာ နှစ်သက်ကြပြန်ပါတယ်။

Pop ပုံစံ လူငယ်ကြိုက် သီဆိုတတ်ကြပေမယ့် သူတို့ကို တကယ်လွှမ်းမိုး ဆွဲဆောင်ထားကြတဲ့ အနုပညာရှင်တွေက Destiny’s Child အဖွဲ့အပါအဝင် Mariah Carey, Beyonce, Madonna, Lady GaGa, Michael Jackson နဲ့ Jennifer Lopez တို့ကို နှစ်သက်သဘောကျကြတယ်လို့ ဆိုပါတယ်။ 

တောင်ကိုးရီးယား အနုပညာရှင်တွေရဲ့ အစဉ်အလာအတိုင်း စွယ်စုံရဖြစ်ဖို့ရာ 2NE1 ဟာလည်း ရုပ်ရှင်နဲ့ တီဗီအစီအစဉ်အချို့မှာ သရုပ်ဆောင်အဖြစ်လည်း ပါဝင်ဖူးကြပါတယ်။ လက်ရှိမှာတော့ သူတို့အဖွဲ့ဟာ ကိုးရီးယားလို သီဆိုထားတဲ့ Studio Album (၂) ချပ် - To Anyone (2010), TBA (2011), EP Album (၂) ချပ် - 2NE1 (2009), 2NE1 2nd Mini Album (2011) တို့ကို ထုတ်ဝေထားသလို၊ ဂျပန်ဘာသာဖြင့်လည်း Studio Album (၁) ချပ် - Collection (2012), EP Album (၁) ချပ် - NOLZA (2011), Singles (၂) ချပ် - Go Away (2011), Scream (2012) နဲ့ အင်္ဂလိပ်လို သီဆိုထားတဲ့ Studio Album (၁) ချပ် - Blackjack (2012), Singles (၁) ချပ် - Take The World On (feat. Will.I.Am) (2012) တို့ကို အသီးသီး ထုတ်ဝေထားပြီးဖြစ်ပါတယ်။

2NE1 အဖွဲ့အနေနဲ့ သူတို့တောင်ကိုးရီးယား မီဒီယာတွေနဲ့ ပရိတ်သတ်က ချီးမြှင့်တဲ့ ဂီတဆုပေါင်းများစွာကို လက်ခံရရှိပြီး ဖြစ်ပါတယ်။ ခုလက်ရှိမှာလည်း နိုင်ငံခြားအဆိုတော်တွေဖြစ်တဲ့ Will.I.Am, Akon စတဲ့ နာမည်ကျော်တွေနဲ့ ပူးပေါင်းလို့ အင်္ဂလိပ်သီချင်းအသစ်တွေ သီဆိုချပြနေပြီမို့ သိပ်မကြာခင်ဆိုရင် ကမ္ဘာအဝှမ်းမှာ ပိုပြီး ပရိတ်သတ်အင်အား တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။


2NE1 အဖွဲ့ ရဲ့ အောင်မြင်ကျော်ကြား သီချင်းများ

စဉ်
သီချင်းအမည်
ပါဝင်သော တေးစု
၁။
I Don’t Care
2NE1
၂။
Go Away
To Anyone
၃။
Lonely
2NE1 2nd Mini Album
၎။
I Am The Best
I Am The Best (Single)
၅။
Scream
Scream

အသက်အရွယ်အားဖြင့် (၂၀) ဝန်းကျင်သာ ရှိကြသေးပြီး လွတ်လပ်ပွင့်လင်းတဲ့ ခေတ်စတိုင်လ် နဲ့ ချောမောလှပတဲ့ တောင်ကိုးရီးယားသမီးပျိုလေးတွေရဲ့ ထူးချွန်တဲ့ အဆို၊ အက ပါရမီကို 2NE1 အဖွဲ့မှာ စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ တလောလေးကမှ  ထွက်ရှိလာတဲ့ Lonely သီချင်းဟာ ကမ္ဘာအဝှမ်းက ပရိတ်သတ်တွေရဲ့ ရင်ကို ထိရှသွားစေလောက်အောင် အဆိုပါရမီရော၊ ခံစားသက်ဝင်မှုပါ ကောင်းလွန်း လှတဲ့ သီချင်းဖြစ်ပါတယ်။ ဒီ ချစ်စရာကောင်းအောင် တမင်လုပ်ယူဖန်တီးလေ့မရှိပေမယ့် သဘာဝကိုက ချစ်စရာကောင်းနေကြတဲ့ 2NE1 အဖွဲ့ကို ဆက်သွယ်မယ်ဆိုရင် http://www.yg-2ne1.com ကနေ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ သူတို့ ကိုယ်ပိုင် Website မရှိတာကတော့ YG Entertainment နဲ့ စာချုပ်ရှိနေသေးလို့ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် Facebook Page ကနေ ဆက်သွယ်ချင်ရင်တော့ http://www.facebook.com/2NE1 ကနေ ဆက်သွယ်နိုင်ကြောင်း 2NE1 အဖွဲ့ ပရိတ်သတ်တွေကို သတင်းကောင်းလေး ပေးလိုက်ရပါတယ်ဗျာ။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်ရဲ့ သူတို့နှစ်သက်မြတ်နိုးသူ အနုပညာရှင်အကြောင်း ဖတ်ရှုရမလဲဆိုတာ စောင့်မျှော်ပေးပါဦး။ ရွှင်လန်း ချမ်းမြေ့ကြပါစေ ခင်ဗျာ။

သီဟလုလင်
 
(Fancy Journal တွင် ဖော်ပြခဲ့သော စာမူအား ပြန်လည် သိမ်းဆည်းဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။)

0 comments: