Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, June 03, 2012

အသစ်သော ခွန်အား (ဒေသနာတော်)


ဒီတနင်္ဂနွေနေ့လေးကလည်း ခါတိုင်းနေ့တွေလိုပဲ ဘုရားရဲ့ဘုန်းနဲ့ သာယာအေးချမ်းနေပါတယ်။ လောကီ အတွက် ပြီးခဲ့တဲ့ ခြောက်ရက်တာကာလလုံး ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရပြီး ဒီတနင်္ဂနွေ ဥပုသ်နေ့မှာတော့ ဘုရားအတွက် အချိန်နာရီလေး ပေးဖို့လို့ လောကုတ္တရာအမှုအတွက် ကြိုးစားကြရပါဦးမယ်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဝေမျှနေခဲ့တဲ့ ဒေသနာတော်တွေကို ဒီတစ်ပတ်မှာလည်း ထပ်မံဝေမျှခွင့်ပေးလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာကြီး ဦးကပ်ခန့်ခုပ် ရဲ့ ခွန်အားရစေတဲ့ တရားဒေသနာတော်ကို ဝေမျှပေးသွားပါ့မယ်။ ဒေသနာတော်ခေါင်းစဉ်ကိုတော့ “အသစ်သော ခွန်အား” လို့ အမည်တပ်ပေးလိုက်ပါတယ်။ ဆရာကြီးက ဒီဒေသနာကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ဝေငှခဲ့တာပါ။ ထပ်ဆင့်ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်း အသစ်သော ခွန်အားနဲ့ ဝိညာဉ်ရေးမှာ နိုးထနိုင်ကြသလို ဘဝအောင်မြင်မှုများနဲ့ ကောင်းကြီးမင်္ဂလာများ ရရှိနိုင်ကြပါစေ။ အာမင်။


နိဒါန်း
“ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ မြေကြီး စွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင် ဖြစ်ကြောင်းကို လည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော် မူခြင်း မရှိ၊ စစ်၍ မကုန်နိုင်သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း၊ သင်သည် မသိမကြားဘူး သလော။ ထိုဘုရားသည် မေသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” (ဟေရှာ၊ ၄၀:၂၈-၃၀)
အထက်ကျမ်းချက်ကို ဆင်ခြင်ပါက ထာဝရဘုရားသည် အဘယ်ကဲ့သို့သောဘုရားမျိုး ဖြစ်သည်ကို ဖော်ပြ ထားပါသည်။ တဖန် လူသည် အဘယ်ကဲ့သို့သောသူ ဖြစ်သည်ကိုလည်း သတိပေးထားပါသည်။ လူပျိုတို့သည် မောပန်းနိုင်သည်။ လုလင်တို့သည် ထိမိ၍ လဲနိုင်ပါသည်။ ထိုသို့ဖြစ်နိုင်သော်လည်း ထာဝရဘုရားကို မျှော်လင့်သောသူတို့သည် ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်၍ အားပြည့်မည် ဖြစ်ကြောင်း သတိပေး သွန်သင်ထားပါသည်။

ရွှေလင်းတ၏ သဘာဝ
ကျွန်ုပ်တို့သည် မောပန်းနိုင်သော လူသား၊ ထိမိ၍ လဲတတ်သောသူဖြစ်သော်လည်း ထာဝရဘုရား ကို မျှော်ကြည့်ပါက မည်သို့သော အကျိုးရနိုင်ကြောင်းကို ရွှေလင်းတ တည်းဟူသော တိရစ္ဆာန်နှင့် နှိုင်း၍ သွန်သင်ထားပါသည်။ ရွှေလင်းတကဲ့သို့ အသစ်ပြုပြင်ခြင်း ခံရပါက ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသော်လည်း မမောရသော ခွန်အား အစွမ်းနှင့် အသက်ရှင်ရမည့်အကြောင်း သွန်သင်ထားပါသည်။ ထိုရွှေလင်းတသည် မည်သို့သော အကောင် ဖြစ်ပါသနည်း။

ဟေဗရူးစာအရ ထိုအကောင်ကို နားရှားဟု ဖော်ပြထားပါသည်။ ထိုအဓိပ္ပာယ်က နှုတ်ခမ်းရှည်သော အကောင်ဟု ဆိုပါသည်။ နှုတ်ခမ်းရှည်သောအကောင်အမျိုးမျိုးကို လေ့လာသည့်အခါ အမျိုးပေါင်း သုံးသောင်းနှစ်ထောင်ခန့်ရှိသည်ဟု တွေ့ရပါသည်။ ထိုအထဲတွင် ကျီးကန်း၊ ကျီးအ၊ လင်းတ၊ ဇီးကွက် တို့မှ အစ ပါဝင်သည်။ ဆရာယုဒဿန်က ရွှေလင်းတဟု ဘာသာပြန်ထားသော်လည်း နောက်ပိုင်း ဘာသာပြန်သူများက ရွှေလင်းယုန် ဖြစ်မည်ဟုဆိုပြီး ဘာသာပြန်ကြသည်ကို တွေ့ရသည်။ ကျွန်ုပ် အမြင်အရ ဆရာယုဒဿန် ဘာသာပြန်ဆိုထားသော ရွှေလင်းတက ပို၍ ဆီလျော်မည်ဟု ယူဆပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့တိုင်းနိုင်ငံ၌ ရွှေလင်းတနှင့် ရွှေလင်းယုန်တို့ မရှိကြပါ။ အရှေ့တောင်အာရှ၌လည်း မရှိပါ။ ထိုအကောင်များ ရှိတတ်သောနေရာကို ပထဝီ အနေအထားအရ ကြည့်ပါက အရှေ့ အလယ်ပိုင်း နိုင်ငံနှင့် ရုရှနိုင်ငံအနောက်မြောက်ပိုင်းတို့တွင် တွေ့ရသည်ဟု သိရပါသည်။ ရှားပါးသော တိရစ္ဆာန်ဖြစ်သည့်အားလျော်စွာ ရွှေလင်းယုန်က အနည်းငယ်သေးပြီး ဆရာယုဒဿန်က ဘာသာပြန်သော ရွှေလင်းတက အနည်းငယ် ပို၍ ကြီးသည်ဟု ဆိုပါသည်။

ရွှေလင်းတတို့တွင် အထီးတက် အမက ပို၍ ကြီးပါသည်။ အထီးက သုံးပိဿခန့်ရှိလျှင် အမက သုံးပိဿခွဲ ခန့် ရှိတတ်ပါသည်။ အတောင်၌လည်း အထီးထက် အမက ပို၍ ကြီးသည်ဟု ဆိုပါသည်။ အထီးက အတောင်ဖြန့်လျှင် ၆ ပေခန့်ရှိပြီး အမက ၇ ပေခန့် ရှိပါသည်။ နှုတ်ခမ်းကလည်း ရှည်ပြီး အသက်ကြီးလေလေ တောက်ပလေလေ ဖြစ်ပြီး၊ အရောင်က မဲညိုရောင် ရှိပါသည်။ ရွှေလင်းတသည် သူ့အသက်တာ၌ တစ်ကောင်တည်းနှင့်သာ ပေါင်းသင်းတတ်သည်။ ထိုအကောင်သည် ဖျားပြီးသေသည် မရှိ၊ အိုပြီးသေသွားသည်သာ ရှိသည်။ ကောင်းကင်၌ ပျံသန်းသည့်အခါတွင်လည်း တောင်ပံ မခတ်ဘဲ၊ တောင်ပံကိုဖြန့်ပြီး ၂၄ နာရီ မရပ်မနား လေဟုန်စီးပြီး ပျံသန်းနိုင်သည်ဟု ဆိုပါသည်။ အမြင့်ပေ ခြောက်ထောက်လောက် ပျံနိုင်ပါသည်။ ထိုအမြင့်မှနေ၍ မြေကြီး၌ ရှိသော မိမိအစာကို မြင်နိုင်သော အစွမ်း ရှိပါသည်။ ထိုသို့အစွမ်းရှိသော အကောင်ကို သမ္မာကျမ်းစာ၌ ဖော်ပြ ထားပါသည်။ ရွှေလင်းတအမက မိမိ ကလေးများအား တိုက်ရေးခိုက်ရေးနှင့် ပျံသန်းခြင်းကို သင်ပေးသော တာဝန်ကို ယူသလို အထီးက အစာရှာဖွေခြင်းနှင့် အသိုက်ဆောက်လုပ်ခြင်းကို သင်ပေးကြောင်း သိရသည်။

ထိုသို့ အသိုက်လုပ်ရာ၌ ဆူးပင်များဖြင့် အသိုက်လုပ်တတ်သည်။ အကောင်ကလေးများ ပေါက်လာသော အခါ ထိုအသိုက်ထဲ၌ အကောင်ကလေးများ လှုပ်ရှားတိုင်း ဆူးများဖြင့် စူးမိပြီး သွေးထွက်လာသည်။ သို့သော် ထိုသွေးများက နေထွက်လာသည့်အခါ ပျောက်သွားပြီး တဖြည်းဖြည်း အရေထူလာကြသည်။ ထိုရွှေလင်းတများက ထိုသို့ အသက်ရှင်ရင်းနှင့် သက်တမ်းသည် လူ့သက်တမ်းနှင့် တူကြောင်း သိရသည်။ လူ့သက်တမ်း အနှစ် ၇၀ ရှိသည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ ပျံတတ်သော အကောင်များထဲ တွင် ကျီးကန်းက ခြောက်နှစ်၊ ခုနစ်နှစ်သာ အသက်ရှင်သည်။ ဂျိုးငှက်က လေး ငါးနှစ်သာ အသက်ရှင်သည်။ အခြားသော ငှက်များက အသက်သိပ်မရှည်ကြပေ။ ရွှေလင်းတတို့က အကောင် ပေါက်လာသည့်အခါတွင်လည်း တစ်ကောင်သာ ပေါက်ပါသည်။ သို့သော် ၁၉၇၀ ခုနှစ် နောက်ပိုင်းတွင် နှစ်ကောင်၊ သုံးကောင် မွေးကြကြောင်း သိရသည်။ ထိုအရာသည် ကျမ်းစာ ပြည့်စုံခြင်းဖြစ်သည်။ဟု ကျမ်းတတ်များက အဓိပ္ပာယ် ဖွင့်ကြသည်။ အကြောင်းမှာ တစ်နေ့၌ အာမဂေဒုန် စစ်ပွဲ ဖြစ်လာသည့်အခါ ထိုအကောင်များကိုသာ ဘုရားသခင်က အသုံးပြုမည်ဟု ဆိုကြပါသည်။ ယနေ့ ထိုသို့ ထူးဆန်းသောအကောင်ကို သမ္မာကျမ်းစာ၌ ဖော်ပြခြင်းသည် ယုံကြည်သူများက ဆင်ခြင်၍ ခွန်အားယူဖို့ရန် ဖြစ်ကြောင်း သိမှတ်ကြဖို့ ဖြစ်ပါသည်။

ခွန်အားအစွမ်းသတ္တိအသစ်နှင့်တကွ
ရွှေလင်းတတို့သည် အတောင်မခတ်ဘဲ ပျံဝဲသည့်အခါ တစ်နာရီ မိုင်လေးဆယ်ခန့် ပျံနိုင်ပြီး အတောင်ခတ်ပါက မိုင်ခြောက်ဆယ်ခန့် ပျံနိုင်ကြောင်း သိရသည်။ ရွှေလင်းတသည် အစာ စားသောက်ရာ၌ အခြားသော နှုတ်ခမ်းရှည်သော အကောင်များထက် ထူးခြားသည်မှာ မည်သည့်အခါမျှ ပုပ်နေသောအကောင်များကို မစားပါ။ အခြားအကောင်များ ဖမ်းထားသော အသေကောင်ကိုလည်း မစားပါ။ သို့သော်၊ မိမိတို့ အကောင်အချင်းချင်း ပေးသောအစာကိုမူ စားကြသည်။ ရွှေလင်းတ တို့သည် ထိုသို့ အသက်ရှင်လာကြရင်းနှင့် သက်တမ်း လေးဆယ့်ငါး၊ ငါးဆယ်ခန့် ရောက်လာသောအခါ၊ အတောင်များက ရှည်လာပြီး လေးလာသည်။ နှုတ်သီးများကလည်း ရှည်လာပြီး ကွေးလာကြသည်။ ထို့အပြင် ခြေသည်းများကလည်း တိုလာပြီး ကိုယ်ကလည်း လေးလာသည်။ ထို့ကြောင့် လှုပ်ရှားမှုက မသွက်လက်တော့ဘဲ လေးလံလာသည်။ ထိုသို့ဖြစ်လာရင်း အနှစ်ငါးဆယ်လောက်ရောက်သည့်အခါ ၎င်းနေရာ တောင်များထဲက အမြင့်ဆုံးတောင်အထက်သို့ တက်သွားပြီး လုံခြုံသောနေရာကို ရှာ၍ ထိုအရပ်၌ နေပါသည်။ ထိုသို့နေရင်းနှင့် ရွှေလင်းတသည် မိမိ၏ အတောင်များကို ကျွတ်ထွက်သွားအောင် ရိုက်ထုတ်ပါသည်။ သူ့ခြေသည်းများကိုလည်း တောင်စောင်းနှင့်ရိုက်ပြီး ကျိုးထွက်သွားအောင် လုပ်ပါသည်။ သူ့နှုတ်သီးများကိုလည်း ကျောက်ကမ်းပါးနှင့် ကျိုးပဲ့သွားအောင် ရိုက်ချိုးပါသည်။ ထိုအချိန်၌ ရွှေလင်းတ သည် တကိုယ်လုံး၌ ဒါဏ်ရာဒါဏ်ချက်များနှင့် သွေးထွက်နေပြီး ခန္ဓာကိုယ်ကလည်း တုန်ခါ၍ နေပါသည်။ ငှက်တစ်ကောင်၏ ထိုသို့သော အပြုအမူသည် အံ့သြစရာဖြစ်ပါသည်။ မိမိကိုယ်မိမိ ထိုအချိန်၌ ထိုသို့ ပြုရမည့်သဘာဝက သူ့၌ ပါလာပြီး ဖြစ်ပါသည်။

ထိုသို့ ခန္ဓာကိုယ်၌ ဒါဏ်ရာများဖြင့် ပြည့်နေချိန်တွင် ရွှေလင်းတသည် နေထွက်လာချိန်၌ နေဘက်သို့ မျက်နှာပြုပြီး နေကို စေ့စေ့ကြည့်လျက် နေပါသည်။ နေကိုသာ စူးစူးစိုက်စိုက်ကြည့်နေပါသည်။ ထိုသို့နှင့် နေဝင်သွားပြီး တဖန်နေထွက်လာသည့်အခါ နေကိုသာ စူးစိုက်၍ တဖန်ကြည့်ပြန်ပါသည်။ ဘေးမှ အခြေအနေများကိုမကြည့်၊ မိမိအဖော်ငှက်များကိုလည်း မကြည့်ပါ။ ထိုအချိန်၌ ရွှေလင်းတသည် အစာရှာထွက်ခြင်းလည်း မရှိ၊ ထိုသို့နေလာရင်းနှင့် ရက်ပေါင်း ၁၅၀ ကြာလာသည့်အခါ နေမှ သက်ရောက်လာသော ဓါတ်က ခန္ဓာကိုယ်၌ ဒါဏ်ရာဒါဏ်ချက်များ ပျောက်ကင်းသွားစေပြီး အတောင်များ အသစ်ထွက်လာသည်။ နှုတ်သီးကလည်း အသစ်၊ လက်သည်းများကလည်း အသစ်ထွက်လာကြပါသည်။ အတောင်က နှစ်ထပ် ဖြစ်ပြီး ခွန်အားကလည်း ယခင်ကထက် တစ်ဆတိုးလာကြောင်း သိရသည်။ ရက်ပေါင်း တစ်ရာ့ငါးဆယ်သည် ငါးလ ကြာမြင့်ပါသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များက ငါးလအကြာ၌ ခွန်အား အသစ်နှင့် ဖြစ်လာခြင်းသည် ငါးရက်မြောက်သောနေ့၌ ဖန်ဆင်းခံရသော အကောင်ဖြစ်၍ ထိုသို့ ဖြစ်သည် ဟု ဆိုပါသည်။ ထိုအချိန်၌ ပေခြောက်ထောင်ပျံနိုင်သောအကောင်သည် ပေ ခုနစ်ထောင် ပျံနိုင်ပြီး ပေခြောက်ထောင်အမြင့်မှ မြင်နိုင်သောမျက်လုံးသည် ပေခုနစ်ထောင်မှ သားကောင်ကို မြင်နိုင်စွမ်း ရှိလာပါသည်။ ရွှေလင်းတသည် ယခင်ထက် ခွန်အား အစွမ်းသာ၍ တိုးတက်လာပြီး လူများကဲ့သို့ အနှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်တိုင် အသက်ရှင်နိုင်ပါသည်။

ဘုရားသခင်ကို မျှော်ကြည့်ကြပါ
ဘုရားသခင်သည် ကျွန်ုပ်တို့အား ရွှေလင်းတ၏ အသက်တာကို သွန်သင်ဖွင့်ပြခြင်းအားဖြင့် မည်သည့်အရာ ကို သွန်သင်ပါသနည်း။ မည်သည့်အရာကို ခွန်အားယူစေလိုပါသနည်း။ ဘုရားသခင်၏ သားသမီးသည် လောက ပတ်ဝန်းကျင် အခြေအနေများ၊ လောကလူများကို မျှော်ကြည့်နေသည်ထက် ဘုရားသခင်ကို သာ စေ့စေ့မျှော်ကြည့်လျက် အသက်ရှင်ဖို့ရန် သွန်သင်နေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထာဝရဘုရားကို မျှော်ကြည့်ပြီး အသက်ရှင်ပါက ရွှေလင်းတကဲ့သို့ အသစ်သော ပြုပြင်ခြင်း ခံကြရမည် ဖြစ်ပါသည်။ ပတ်ဝန်းကျင် အခြေအနေများကို ကြည့်ပါက စိတ်ပျက်စရာများကိုသာ တွေ့ကြ ရမည် ဖြစ်ပါသည်။ အချို့သောအခြေအနေများက စိတ်ဆိုးစရာ၊ ငြူစူစရာများ တွေ့ရသည်။ ဘုရားသခင် ကို မျှော်ကြည့်ပါက ရွှေလင်းတသည် အသစ်သောအတောင်၊ အသစ်သောနှုတ်သီး၊ အသစ်သောခြေသည်း များ ရသကဲ့သို့ ဘုရားခင်ကို မျှော်ကြည့်သောသူသည် ဘုရားသခင် အထံတော်မှ အသစ်သော ခွန်အား၊ အသစ်သော တန်ခိုးများကို ရရှိမည် ဖြဟ်က့သည်။ အကြောင်းမှာ ဘုရားသခင်သည် အစဉ်အမြဲတည်သော ဘုရား၊ မြေကြီးစွန်းတိုင်အောင် အရာခပ်သိမ်းကို ဖန်ဆင်းသောဘုရား ဖြစ်သည်။ ဘုရားသခင်၌ မောတော် မူခြင်း၊ ပင်ပန်းတော်မူခြင်း မရှိပါ။ ဘုရားသခင်၌ စစ်၍ မကုန်နိုင်သော ဉာဏ်ပညာရှိတော်မူပါသည်။ ထို့ကြောင့် ဘုရားကို မျှော်ကြည့်ကြပါ။

လူ့အခြေအနေမူကား လူပျိုသည် မောပန်းနိုင်ပါသည်။ လုလင်သည် လည်း ထိခိုက်မိတတ်ပါသည်။ ထာဝရဘုရားကို မျှော်ကြည့်သောသူမူကား ရွှေလင်းတသည် အတောင်ကို အသစ်ပြုပြင်သကဲ့သို့ အသစ်သောပြုပြင်ခြင်းကို ဘုရားသခင်ထံတော်မှ ခံရမည် ဖြစ်သည်။ အသစ်သော ခွန်အားကိုလည်း ရမည် ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ ဘုရားသခင်ရှေ့တော်သို့ မည်သို့သော နှလုံးသား၊ မည်သို့သော အခြေအနေနှင့် လာကြသနည်း။ စိတ်ပျက်သော နှလုံးသားနှင့် ခက်ခဲသော အခြေအနေနှင့် လာကြသလား။ မည်သို့သော အခြေအနေမျိုး ကြုံတွေ့နေရလျက်လာပါစေ။ ဘုရားသခင်ကို မျှော်လင့် ကြပါက ရွှေလင်းတကဲ့သို့ အသစ်သော မစမှုကို ရလျက် ပြန်သွားရမည် ဖြစ်ပါသည်။ လူ့သဘော သဘာဝ က မောတတ်သည်။ လဲတတ်သည်။ စိတ်ပျက်တတ်ပါသည်။ မည်သို့ပင် ဖြစ်ပါစေ၊ ဘုရားသခင်က မိန့်တော်မူသည်မှာ ထာဝရဘုရားကို မျှော်ကြည့်ကြဖို့ ဖြစ်ပါသည်။ ဘုရားသခင်ဘက်သို့ လှည့်လာကြဖို့ လို ပါသည်။ ထိုသို့ ပြုပါက ရွှေလင်းတပင်လျှင် အသစ်သော ခွန်အားအစွမ်းကို ရသကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင့် ထံတော်မှ အသစ်သော ခွန်အား၊ အစွမ်းနှင့် ကောင်းကြီးမင်္ဂလာများကိုလည်း ခံစား ကြ ရမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

0 comments: