Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, June 16, 2012

ဖခင်သည် ဖခင်သာ...


ဇွန်လ (၁၇) ရက်နေ့ဟာ ဒီတစ်နှစ်တာအတွက် တတိယမြောက်တနင်္ဂနွေနေ့ဖြစ်တာမို့ ဖခင်များနေ့အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ရက်ပုံသေမရှိဘဲ တစ်နှစ်တစ်ခါပြောင်းလဲနေတဲ့ အမှတ်တရနေ့လေးပါ။ ကျွန်တော့အတွက်တော့ သုံးနှစ်ကျော်ပါပြီ။ ဂုဏ်ပြုစရာ ဖခင်က လူ့လောကမှာ မရှိနေတော့တာမို့ ဒီနေ့လေးမှာ ရင်ထဲကပဲ အဖေ့ကို အောက်မေ့ ကျေးဇူးတင်ရပါတယ်။

ငယ်ငယ်ကတော့ ဖေဖေ့ကို အရမ်းမုန်းခဲ့ဖူးတယ်။ မိဘနှစ်ပါး ရန်ဖြစ်တိုင်း မိန်းမသား မေမေ ဘက်ကနေ နာခဲ့ဖူးတယ်။ အရက်အမြဲမူးနေတတ်တဲ့ ဖေဖေ့ကို နားမလည်ခဲ့ဘူး။ ခုချိန်မှာ အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ ဖေဖေ့ကို နားလည် ကိုယ်ချင်းစာစိတ်တွေ တိုးလာခဲ့တာ အမှန်ပါ။ ဒီအချိန်မှာ အမြဲသတိရမိနေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်။ ငယ်ငယ် ကလေး ဘဝမှာ ဖခင်ကို အားကိုးတတ်ခဲ့ပြီး တဖြည်းဖြည်း လူပျိုဖော်ဝင်လာချိန်မှာ ဖခင်ကို "ဒီလူကြီး ဘာမှ မသိပါဘူး" ဆိုပြီးထင်လာခဲ့တယ်... နောက်ပိုင်း အိမ်ထောင်တွေကျပြီး ဖခင်အရွယ်ရောက်လာချိန်မှာ... တချို့ကိစ္စတွေကို ဖခင်သာဆိုရင် ဘယ်လိုကိုင်တွယ်မလဲဆိုပြီး ဖခင်ကို တမ်းတတတ်လာတယ် ဆိုတဲ့ ဇာတ်လမ်းလေး။ အတိအကျတော့ ကျွန်တော့မမှတ်မိပေမယ့် ဇာတ်လမ်းသဘောက ဒီလိုလေး။


ဒီဇာတ်လမ်းလေးကို စဖတ်ရတုန်းက ဟုတ်ပါ့မလားလို့ တွေးခဲ့မိတယ်။ ခုတော့ အသက်အရွယ် ရင့်ကျက်လာလေလေ.. အဲဒီဇာတ်လမ်းလေးက တကယ့်သဘာဝနဲ့ နီးစပ်တဲ့ ဇာတ်လမ်းလေးပါလားလို့ သိလာလေလေပဲ။ ဖေဖေ မရှိတော့မှ ဖေဖေ့ကို ပိုသတိရလာတယ်။ ဖေဖေ့ကို ပိုပြီး နားလည်ချင်လာသလို နားလည်မှုတွေ ပေးချင်လာတယ်။ ဒါပေမယ့် အရာအားလုံးဟာ လွန်သွားခဲ့ပြီ။ ကျွန်တော်ဟာ သားဆိုး တစ်ယောက် မဟုတ်ခဲ့သည့်တိုင် အဖေ့ကို အချိန်အများကြီးပေးခဲ့တဲ့ သားလိမ္မာတစ်ယောက်တော့ မဟုတ်ခဲ့ပြန်ပါဘူး။ ဒါကြောင့် ခုချိန်မှာ နောင်တတွေပဲ ရှိနေတော့တယ်။ ကျွန်တော့ Blog Post လေးကို ဖတ်ရတဲ့သူတိုင်းလည်း ဖခင် လူ့လောကမှာ ရှိသေးရင် သေသေချာချာလေး အချိန်ပေးဂရုစိုက် ဂါရဝပြုပါလို့ ရင်ထဲက လေးလေးနက်နက် တိုက်တွန်းချင်တယ်။ ကျွန်တော့လို နောင်တ မရ ရအောင်ပါ။

ဖခင်များနေ့ကို ဂုဏ်ပြုလို့ ကျွန်တော် ရှာဖွေထားတဲ့ ဖခင်နဲ့ ပတ်သက်တဲ့ စကားလေးတချို့ကို တင်ပြချင်ပါတယ်။

FATHER ကို ဒီလို အဓိပ္ပါယ် ဖွင့်ဆိုကြသတဲ့...

F:    stands for Faith
A:    stands for Ability
T:     stands for Truth
H:    stands for Honesty
E:     stands for Enthusiasm
R:     stands for Responsibility

ဒီအဓိပ္ပါယ်လေးတွေပါဝင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဖေဖေ တစ်ယောက် ကောင်းကင်နိုင်ငံမှာ ကြားနိုင် ဖတ်နိုင်ဖို့ မျှော်လင့်ရင်း ဖခင်များနေ့မှာ ဖေဖေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါတယ်။ 

ချစ်တဲ့ဖေဖေ

သစ္စာ မေတ္တာ... ကြီးတဲ့အင်အား
စွမ်းရည်ပြည့်စုံ... သူ့စွမ်းပကား
မှန်ကန်ထောက်ညှာ... ချစ်သောမိသား
ရိုးဂုဏ်မပျက်... မျှော်တွေးတအား
ထက်သန်စိတ်မှန်... နှလုံးမှာထား
တာဝန်ကျေပွန်... ကျေးဇူးကြီးမား
ဂုဏ်ယူပါတဲ့... ဖေဖေ့ချစ်သား

သီဟလုလင်
 


1 comments:

Yin Sue said...

ကိုသီဟရဲ့ အဖေလည်း ဒီလိုသားမျိုးမွေးထားလို့ ဂုဏ်ယူနေမှာပါ.....အဖေများနေ့အတွက် ခုလိုစာတစ်ပုဒ် ကဗျာလေးတစ်ပုဒ်ရေးနိုင်လို့ ၀မ်းသာပါတယ် ကိုသီဟရေ.....