ဤနေ့ရက်သည် ကမ္ဘာ့အဖွဲ့အစည်းကြီးများက အရေးတယူ အသိအမှတ်ပြုလျက် "ဖခင်များနေ့" အဖြစ် သတ်မှတ်သည့်နေ့ပင် ဖြစ်ပါသည်။ သို့သော် "ဖခင်" ဟူသော ဂုဏ်ပုဒ်သည် မူလအစက ဘုရားသခင် ဖန်ဆင်းသည့်အဆင့်ထဲတွင် မတွေ့ရပါ။ သို့သော်လည်း ဘုရားသခင်၏ သဘောတော်နှင့် အကြံအစည်တော် ထဲတွင် ရှိကြောင်း တွေ့ရပါသည်။
"ဖခင်" ဆိုသည့် ဂုဏ်ပုဒ်သည် ယောက်ျားဖြစ်ရုံနဲ့ မရပါ။ ထိုမျှမက "လင်ယောက်ျား" ဖြစ်လျှင်လည်း မရနိုင်သေးပါ။ "ဖခင်" ဆိုသည့် အမည်နာမသည် ကာယကံရှင်၏ သဘာဝသတ္တိနှင့် ဝိရိယအင်အားဖြင့် အစွမ်းကုန်အားထုတ်ခြင်းကြောင့် မရနိုင်သော ဂုဏ်ပုဒ် ဖြစ်ကြောင်း နားလည်သင့်ပါသည်။ ဖခင် ဆိုသည့် ဂုဏ်ပုဒ်သည် ဘုရားသခင် ကိုယ်တော်တိုင် ချီးမြှင့်မှသာ ရနိုင်သော အရည်အချင်း ဖြစ်ပါသည်။ ဤ ဂုဏ်ရည်ကို ရရှိနိုင်စေအံ့သောငှာ ဘုရားသခင်သည် ယောက်ျား ဟူသော လူပုဂ္ဂိုလ်ကို ရှေးဦးစွာ သီးခြား ဖန်းဆင်းရလေသည်။ ဤသို့ ယောက်ျားအဖြစ် အသက်ရှင်ရရုံမျှဖြင့် မဖြစ်နိုင်သော ဖခင်ဘိသိက် ကို ထိုက်တန်စွာ ချီးမြှင့်ခြင်းအခွင့် ရရှိနိုင်ရန်အတွက် တော်လျော်သော အထောက်အမကို စီစဉ်ဖန်တီးပြီးမှ ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ လင်ယောက်ျားအဖြစ်သို့ ရောက်စေ အံ့သောငှာ လူမိန်းမကို ဖန်ဆင်းပြီးမှ ယောက်ျားနှင့် တစ်သားတစ်ကိုယ်တည်း ပေါင်းဖက်စေဖို့ ထိမ်းမြှား ဆောင်နှင်းစေခြင်းဖြင့် လင်မယားအဆင့်သို့ ဆက်လက်ဖြစ်မြောက်စေပါသည်။ ထိုမှတဆင့် (ကမ္ဘာဦး၊ ၁:၂၈) တွင် "အချင်းတို့ များပြားစွာ မွေးဖွားကြလော့" ဟူ၍ အမိန့်တော်ပေးပြီး အလိုတော်နှင့်အညီ စီစဉ်ပေးခဲ့ရပါသည်။ အချိန်ကာလစေ့သောအခါ မိဘဂုဏ်ဖြစ်မြောက်လာစေအံ့သောငှာ သားဦးကို ချီးမြှင့် ပေးသနားပြီးမှ ဖခင်ဘိသိက် ကို ရရှိစေပြန်ပါသည်။ ထို့ကြောင့် မယား မရသေးသော အမျိုးသားတိုင်း သည် လင်ယောက်ျား မဖြစ်သေးသောကြောင့် သားသမီး မရနိုင်ပါ။ ထို့ကြောင့် ဖခင်များနေ့တွင် ဂုဏ်ပြုခံရခြင်းသည် မိမိတို့ အရည်အချင်းနှင့် အစွမ်းသတ္တိဖြင့် ကြိုးစားအားထုတ်ခြင်းကြောင့် မရနိုင်သည့်အရာ "ဖခင်ဂုဏ်ရည်" နှင့် ပြည့်သော ဘိသိက်ကို ယနေ့တွင် ရရှိကြသော ကျွန်ုပ်တို့၏ ညီအစ်ကိုတို့သည် ဘုရားသခင်အား အဘယ်မျှလောက် ကျေးဇူးတင်သင့်သည်ကို အထူးပြောရန် လိုအပ်မည်ဟု မထင်ပါ။
သို့ရာတွင် ဘုရားသခင်ထံတော်မှ ထပ်ဆင့်၍ ချီးမြှောက်ဂုဏ်ပြုစရာ ရလာဒ်များ ရှိပါသော်လည်း ကောင်းကြီးမင်္ဂလာ ရှုံးနိမ့်စရာအကြောင်းများလည်း ရှိနေသေးသည့်အတွက် ဖခင်များ သတိပြုရပါမည်။ ဖခင်တို့သည် ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ရုံနဲ့ ကိုယ်တော်က အားရ နှစ်သက်မည် မဟုတ်ပါ။ ကိုယ်တော်ဘုရား နှစ်သက်အားရသော ဖခင်ကောင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ လိုနေသေးကြောင်းကို ဂလာတိ (၆း၇-၈) တွင် သတိပေးထားပါသည်။ ဖခင်တို့အား သားသမီးရတနာများ ပေးအပ်ထားခြင်း၏ ရည်ရွယ်ချက်မှာ မျိုးစေ့ပမာဖြစ်သောကြောင့် ဤထာဝရမျိုးစေ့ များကို ဇာတိဂုဏ်မောက်ရန်အတွက် မဟုတ်၊ ဝိညာဉ်အသက်များ ဖြစ်စေရုံမျှမက ဆက်လက်၍ တိုးပွားလာသည်အထိ လုပ်ဆောင်ကြရန်လိုကြောင်း သတိပြုရပေမည်။ ဆာလံ (၁၂၇း၃-၄) တွင် ကြည့်ပြန်သော် သားသမီးတို့သည် ထိုက်တန်သော ဖခင်နှင့် မိခင်တို့ကို ဆုအဖြစ်သာပေးအပ်ခြင်း မဟုတ်။ အမွေလည်းဖြစ်ကြောင်း သတိပြုဆင်ခြင်သင့်ပါသည်။ အမွေပေးရခြင်း၏ ရည်ရွယ်ချက်မှာ သေပြီးနောက် ထားရစ်ခဲ့ရသော ပစ္စည်းရတနာကို မိမိသားသမီးအား ဆက်ခံစေခြင်းဖြင့် တိုးပွားရလေအောင် လုပ်ဆောင်ဖို့ ဖြစ်သည်။ ကျွန်ုပ်တို့အား ဘုရားသခင် အပ်နှင်းထားသော သားသမီးရတနာတို့သည် ထာဝရ သဘာဝနှင့် ကောင်းကင်အိမ်တော်တွင် အတူတကွ စံမြန်းရမည့်ရလာဒ် မင်္ဂလာများ ရှိပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် လောကတွင် ဘုရားသားသမိး ပီသစွာ လူသတ္တဝါများ၏ ဝိညာဉ်အသက်များကို မွေးဖွား လျက် တိုးပွားရမည့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်စွမ်းခြင်းလမ်းစဉ်လည်း ရှိကြောင်း တွေ့နိုင်ပါသည်။ (လုကာ၊ ၁၆း၉)။
ထို့ကြောင့် ဖခင်တိုးသည် မိမိတို့၏ ဇီဝဗေဒသဘာဝအားဖြင့် ရရှိသော သားသမီးတိုင်း၏ ဝိညာဉ်အသက်ကို ကောင်းကင်သို့ ပို့ဆောင်ရန် ကြိုးစားအားထုတ်ခြင်းဖြင့် ကောင်းကင်နိုင်ငံတွင် ဆုံဆည်းရခြင်း မင်္ဂလာကို ရရှိခံစားနိုင်ကြဖို့လိုသည်။ ထို့အပြင် မိမိတို့အား ဘုရားသခင်ပေးထားသော မတည်မြဲသည့် ကောင်းကြီးမင်္ဂလာ လောကီဘဏ္ဍာအားဖြင့် ဝိညာဉ်သားသမီးများစွာ မွေးဖွားနိုင်သည့် ဝိဉာဏဖခင်ကောင်းများလည်း ဖြစ်နိုင်ကြပါစေကြောင်း ဆုတောင်းလျက် မေတ္တာပို့သအပ်ပါသည်။
သိက္ခာတော်ရဆရာ ဦးတင်မောင်ထွန်း
သင်းအုပ်ကြီး
ဟေဗြုန်ညီအစ်ကိုများအသင်းတော်
0 comments:
Post a Comment