Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, June 24, 2012

လျစ်လျူမရှု... ယုံကြည်လက်ခံ (ဒေသနာတော်)


ပြည်တွင်းပြည်ပ က ယုံကြည်သူညီအစ်ကို မောင်နှမများ အကြောင်းအမျိုးမျိုးကြောင့် အသင်းတော် နဲ့ ဝေးကွာနေစဉ်မှာ ဝိညာဉ်ခွန်အား ရယူနိုင်ရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆရာတော်ကြီးများ ရဲ့ ဒေသနာတော်များကို ကျွန်တော့ရဲ့ Blog ကနေ ထပ်ဆင့်ဝေငှပေးလျက် ရှိပါတယ်။ ဒီတစ်ပတ်မှာလည်း ဆရာကြီး ဦးကပ်ခန့်ခုပ် ရဲ့ "လျစ်လျူမရှု... ယုံကြည်လက်ခံ" ဒေသနာကို ဝေမျှပေးသွားချင်ပါသေးတယ်။ ဒီ ဒေသနာတော်ကို ဆရာကြီးက ပြီးခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့က ရန်ကုန်၊ ညီအစ်ကိုများ အသင်းတော်မှာ တင်ပြဟောပြောခဲ့တာပါ။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား အသစ်သော ကောင်းကြီးမင်္ဂလာများ ဘုရားသခင် ပြင်ဆင်ပေးပါစေ။ Amen!


နိဒါန်း

ကျွန်ုပ်တို့သည် တရားဒေသနာများကို မကြားမနာ၊ မစဉ်းစား မဆင်မခြင်မီ ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော အခြေအနေများကို ဆင်ခြင်ပါက တရားကို သိမြင်ကြမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်း ပထမနေ့၊ ဒုတိယနေ့၊ စတုတ္ထနေ့တို့တွင်  ဖြစ်တည်လာသည့် အလင်းအမှောင်၊ နေ့နှင့်ညဉ့်၊ နေနှင့် လကြယ် တို့ကို ဆင်ခြင်ပြီး သိပ္ပံပညာရှင်တို့က နက္ခဗေဒဟု သမုတ်သည်။ ထိုအရာတို့ကို အကြောင်းပြုပြီး မည်သူ တစ်ဦးတစ်ယောက်ကမျှ တရားမဟောသော်လည်း ထိုအရာတို့ကို ကြည့်ပြီး ဖန်ဆင်းရှင် ဘုရားရှိကြောင်း ယုံသွားသောသူအများ ရှိပါသည်။ စတုတ္ထနေ့တွင် ဖန်ဆင်းသော တောတောင် ရေမြေ သဘာဝ နှင့် အသီးအနှံပင်တို့ကို ကြည့်ပြီး တရားကို သိမြင်ဆင်ခြင်မိသူများ ရှိကြသည်။ ထိုသို့ လေ့လာခြင်းနှင့်ဆိုင်သော အသိပညာကို ရုက္ခဗေဒဟု ခေါ်ကြပါသည်။ ထိုသို့ ဘုရားသခင် ဖန်ဆင်းထားသော တောတောင်၊ ရေမြေ သဘာဝနှင့် နက္ခတ သဘာဝများကို ကြည့်ပြီး ဖန်ဆင်းရှင် ဘုရားသခင်နှင့် အဆက်ဖြစ်သွားသော သူတစ်ဦး အာဗြဟံကို သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့ တွေ့နိုင်ပါသည်။ အာဗြဟံကို မည်သူမျှ တရားမဟောပါ။ မည်သူမျှ ဝေစာ မပေးပါ။ ဘုရားသခင် ဖန်ဆင်းထားသော အရာများကို ကြည့်ရှုဆင်ခြင်ပြီး ဖန်ဆင်းရှင် ရှိကြောင်းကို သိပြီး ယုံကြည်သွားခဲ့ပါသည်။ ထို့ကြောင့်လည်း ယခုခေတ် ကျမ်းတတ်ပုဂ္ဂိုလ်များက အာဗြဟံကို နက္ခတ်ဗေဒ၊ ရုက္ခဗေဒပညာရှင်ဟု ခေါ်ဆို သမုတ်ကြသည်။
"အာဗြဟံသည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မှတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။" - (ကမ္ဘာ၊ ၁၅း၆)
ဘုရားသခင်သည် အာဗြဟံ၏ ယုံကြည် ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူကြောင်း ဖော်ပြထားပါသည်။ အာဗြဟံသည် ဖြောင့်မတ်သူအဖြစ် မှတ်ယူခံရဖို့ရန် မည်သည့်အဖိုးအခမျှ မပေးရပါ။ ဘုရားသခင်သည် ဓမ္မဟောင်းကာလကပင် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ် မှတ်ယူနိုင်သော အခွင့်ကို ပြင်ဆင်ပေး ခဲ့ပါသည်။


စာတန်မာရ်နတ်အတွက် ဖြစ်သည်

"ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။" (ယော၊ ၁း၁၈)
ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၍ အဘယ်သူမျှ မမြင်စဖူးပါ။ ဘုရားသခင် ဖန်ဆင်းထားသော အရာများကို ယုံကြည်ပြီး လူသည် အခြားဘက်သို့ အာရုံမလွဲသွားစေဖို့ရန် မမြင်နိုင်သော နာမ်ဝိညာဉ် ဘုရား ကို မြင်နိုင်ဖို့ရန် သားတော်ယေရှုခရစ်ကို လူ့ဇာတိကို ခံယူစေ၍ လောကသို့ စေလွှတ်လိုက်ပါသည်။ ထို့ကြောင့် သခင်ယေရှုခရစ်က သင်တို့သည် ငါ့ကိုမြင်လျှင် ခမည်းတော်ကိုမြင်ပြီ။ ငါ့ကို ယုံလျှင် ခမည်းတောကို ယုံကြပြီဟု မိန့်ဆိုပါသည်။ သခင်ဘုရား လောကသို့ ကြွလာခြင်းသည် တရားကို ချပြဖို့ရန် ဖြစ်ပါသလား။ ခရစ်တော်ဘုရား လောကသို့ မကြွလာမီကပင် ဘုရားဟု ခေါ်ခံသော ပုဂ္ဂိုလ်များစွာက တရားများစွာကို ချပြခဲ့ပြီး ဖြစ်ပါသည်။ ခရစ်တော် လောကသို့ ကြွလာခဲ့ခြင်းအဓိကသည် ဘုရားဖြစ်ကြောင်း သက်သေထူဖို့ရန်နှင့် လူတို့အား ငရဲမှ လွတ်ပြီးအတိအလ ကယ်တင်ခြင်းသို့ ရောက်စေဖို့ ရန် ဖြစ်သည်။ သခင်ယေရှု မကြွလာမီအချိန်ထိ မည်သည့် ပုဂ္ဂိုလ်ကမျှ လူတို့အား အပ္ပါယ်ငရဲမှ လွတ်စေဖို့ရန် မလုပ်ဆောင်ပေးခဲ့ပါ။

သခင်ယေရှုသည် လူတို့ကို အပ္ပါယ်ငရဲမှ လွတ်ဖို့ လုပ်ဆောင်ပေးသည်ဟု ဆိုရာတွင် ဘုရားသခင်သည် ငရဲကို အဘယ်ကြောင့် ဖန်တီးရခြင်း ဖြစ်ပါသနည်း။ ဘုရားသခင်သည် လူသားများအတွက် အပ္ပါယ်ငရဲကို လုပ်ခြင်း မဟုတ်ပါ။ ငရဲသည် စာတန်မာရ်နတ်၏ ဖောက်ပြန်ခြင်းပြစ်ဒါဏ်ဖြစ်ပါသည်။  ဘုရားသခင် ဖန်ဆင်းတော်မူခြင်း ခံရသော ကောင်းကင်တမန်မင်း လူစီဖာ ဟူသည် ကောင်းကင်ပေါ်၌သူ၏ အမည်နာမ ဖြစ်သည်။ တစ်နေ့ သူသည် ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်လာပါသည်။ လူစီဖာသည် ဘုရားသခင်ကို ခုနစ်ကြိမ်တိုင်တိုင် ဆန့်ကျင်၍ ဘုရားသခင်၏ နေရာကို ယူဖို့ရန် ပြင်ဆင်ကြောင်း သမ္မာကျမ်းစာ၌ အတိအလင်း ဖော်ပြထားပါသည်။ ထိုအချိန်၌ ဘုရားသခင်သည် စာတန်အား သူ၏ အောက်၌ရှိသော ကောင်းကင်တမန် မိက္ခေလ နှင့် စစ်ခင်းခွင့်ပေးပါသည်။ ထိုစစ်ပြိုင်၍ ရှုံးပါက ကောင်းကင်နိုင်ငံမှ ဆွဲချပြီး တစ်နေ့ ငရဲသို့ ပို့ခြင်း ခံရမည် ဖြစ်ပါသည်။ ဘုရားသခင်က ထိုသို့ အတိအလင်း မိန့်တော်မူပါလျက် စာတန်သည် အလျော့မပေး။ မိက္ခေလနှင့် စစ်တိုက်၍ နောက်ဆုံး၌ ရှုံးသွားပြီး ကောင်းကင်မှ ဆွဲချခြင်း ခံခဲ့ရပါသည်။ ထိုသို့ ဆွဲချခြင်း ခံရချိန်တွင် သူနှင့်အတူ ကုဋေသင်္ချေ မကသော ကောင်းကင်တမန်များ၏ သုံးစု တစ်စုကို သူနှင့်အတူ ဆွဲချခေါ်ဆောင်သွားကြောင်း တွေ့ရသည်။

"သူ၏ အမြီးသည် ကောင်းကင် ကြယ်သုံးစု တစ်စုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်လေ၏။" (ဗျာဒိတ်၊ ၁၂း၎)
ဖော်ပြပါ ကျမ်းချက်မှာ ကောင်းကင်ကြယ်သုံးစု တစ်စုသည် ကောင်းကင်တမန်များ ဖြစ်သည်ဟု ကျမ်းတက်သုတေသီများက အနက်ဖွင့်ကြပါသည်။ ထိုကောင်းကင်ကြယ် သုံးစုတစ်စုတို့သည် မိက္ခေလနှင့် စာတန်စစ်တိုက်ချိန်၌ ဘုရားသခင်ဖက်၌ မနေဘဲ၊ စာတန်ဖက်၌ ကူ၍ စစ်တိုက်ကြသော ကောင်းကင်တမန် ပျက်များ ဖြစ်ကြပါသည်။ စာတန်မာရ်နတ်သည် နောက်ဆုံးသောနေ့၌ မိမိ ငရဲကျမည်ကို သိပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် ငရဲသည် လူသားများအတွက် ဘုရားသခင်က လုပ်ထားခြင်း မဟုတ်ပါ။ သို့သော် ဘုရားဖန်ဆင်းခြင်း ခံရသော လူအာဒံနှင့် ဧဝတို့သည် ဘုရားသခင်၏ စကားနှင့် စာတန်၏ စကားကို ကြားသိရာမှာ စာတန်စကားကို နားထောင်မိသဖြင့် လူသားများ စာတန်နောက်ပါသွားခြင်း ဖြစ် ပါသည်။ ထို့ကြောင့် ခရစ်တော် ဤလောကသို့ ကြွလာခဲ့ခြင်းသည် စာတန်၏ လှည့်စားမှုကို ခံ၍ စာတန်နောက် ပါသွားပြီး ငရဲ ကျရမည့်သူများကို ရွေးနှုတ်ကယ်တင်ခြင်းအမှုကို ပြုပေးဖို့ ကြွလာခြင်း ဖြစ် ပါသည်။
"အစဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည် ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် အပြစ်ဒါဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။" (ဟေဗြဲ၊ ၂း၃)
အပြစ်ဒါဏ်ဟူသည် စာတန်ကို ဒါဏ်ခတ်မည့် ငရဲကို ညွှန်းဆိုနေခြင်း ဖြစ်ပါသည်။ စာတန်သည် ဘုရားစကား နားမထောင်၍ ငရဲကို သွားရမည် ဖြစ်သလို စာတန်နောက်ပါသွားသော ဖောက်ပြန် သည့် ကောင်းကင်တမန်ပျက်အားလုံးသည်လည်း ငရဲသွားရမည် ဖြစ်သည်။ ထို့အတူ စာတန်စကား ကို ယုံပြီး ဘုရားစကားကို ပယ်မိသည့် လူသားအားလုံးသည်လည်း ငရဲသွားကြရတော့မည် ဖြစ်ပါသည်။


ကြီးစွာသော ကယ်တင်ခြင်းတရား ခံစားဖို့

သခင်ယေရှုခရစ်သည် လောကသို့ ကြွဆင်းလာရာ၌ ဘုရားဖြစ်ကြောင်း သက်သေများစွာ ပြခဲ့ပြီး ဖြစ် ပါသည်။ ထိုသို့ ပြခဲ့ပြီးနောက် ကျွန်ုပ်တို့ အပ္ပါယ်ငရဲလမ်းသို့ ဆက်ပြီးလျှောက်မသွားရစေဖို့ရန် ကျွန်ုပ်တို့ ကိုယ်စား ကားတိုင်၌ အပြစ်ဒါဏ်ကို ခံယူခဲ့ပါသည်။ ကားတိုင်သည် လောက၌ ကြီးလေးသော ပြစ်မှုကို ကျူးလွန်သူများ ပြစ်ဒါဏ်ခံစေသောနေရာ ဖြစ်သည်။ လူသားများသည် စာတန်စကားကို နားထောင်၍ ဘုရားသခင်ကို ကျောခိုင်းခဲ့သဖြင့် ကားတိုင်၌ ပြစ်ဒါဏ်ခံထိုက်သူများ ဖြစ်ကြပါသည်။ သို့သော် ဘုရားသခင်၏ သားတော်ယေရှုခရစ်သည် ကျွန်ုပ်တို့၏နေရာ ကားတိုင်သို့ ဝင်၍ ကိုယ်စား အပြစ်ဒါဏ် ခံယူခဲ့ပါသည်။ ထိုသို့ ပြုခြင်းသည် ကျွန်ုပ်တို့ကို ချစ်၍ ကယ်တင်နေခြင်း ဖြစ်ပါသည်။ ချစ်သော မိတ်ဆွေ၊ သခင်ယေရှုခရစ်သည် သင်နှင့် ကျွန်ုပ်တို့ကို ချစ်င ထင်ရှားစွာ ဤသို့ မေတ္တာကို သက်သေ ထူခဲ့ပြီး ဖြစ် ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ဤမျှလောက် ကြီးစွာသော ကယ်တင်ခြင်း ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။

အကြောင်းမှာ အဘယ်လူသားတစ်ယောက်မျှ ဤသို့သော ကယ်တင်ခြင်းအမှုကို မလုပ်ဆောင်နိုင် ၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့အပေါ်၌ ချစ်သော ဘုရားသခင်၏ မေတ္တာနှင့် ပြုပေးခဲ့သော ကယ်တင်ခြင်းအမှုကို ကျွန်ုပ်တို့သည် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်ကြွေးကို လက်ဝါးကပ်တိုင်၌ ဆပ်ပေးသည်သာမက သင်္ဂြိုလ်ပြီး သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူခဲ့ပါသည်။ ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်၍ ပြုပေးခဲ့သော မေတ္တာကို မည်သို့ ယနေ့ တုန့်ပြန်ကြမည်နည်း။ ဘုရားသခင်က မည်သို့ တုန့်ပြမန်စေချင်ပါသနည်း။ ထိုခရစ်တော်ကို ယနေ့တစ်ဦးစီက ကျွန်ုပ်တို့ ပြစ်ကြွေးဆပ်သော ကယ်တင်ရှင်ဘုရားဟု ယုံကြည်လက်ခံကြဖို့ ဖြစ်ပါသည်။ ဘုရားသခင်ကို မမြင်ရဘဲလျက် ယုံကြည်သော အာဗြဟံ၏ ယုံကြည်ခြင်းကိုပင် ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူပြီးပါပြီ။ ယနေ့ ကျွန်ုပ်တို့ကို ချစ်၍ ကားတိုင်၌ ကိုယ်စားဝင်အသေခံပေးသော အရှင်၏ မေတ္တာကို မျက်ဝါးထင်ထင် မြင်ရသော ကျွန်ုပ်တို့သည် ထိုအရှင်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခါံက ဖြောင့်မတ်သူအဖြစ် မှတ်ယူခြင်း ခံရမည်အမှန်ဖြစ်သည်။ သမ္မာကျမ်းစာက
"သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။" (ယော၊ ၃:၁၈)
ဟု ဆိုထားသည်ဖြစ်၍ အတိတ်က မသိ၍ စာတန်နောက် လိုက်မိခဲ့သော်လည်း ယေရှုခရစ်ကို ယုံကြည် လက်ခံသောအခါ စာတန်ရောက်ရမည့် ငရဲကို မရောက်တော့ပါ။ အပြစ်စီရင်ခြင်းကို ခံစရာ မလိုတော့ပါ။ ယုံကြည်လက်ခံသူတိုင်းအတွက် အပ္ပါယ်တံခါးပိတ်သွားပြီဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် လွတ်ခြင်းအခွင့်ကို ကယ်တင်ရှင် ယေရှုအားဖြင့် ရကြပြီ ဖြစ်ပါသည်။


အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ

သမ္မာကျမ်းစာ၌ နတ်ဆိုးတို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြကြောင်း ကို ဖော်ပြထားပါသည်။ သို့သော် ယင်းနတ်ဆိုးများ၌ ကယ်တင်ခြင်း ခံစားခွင့် မရှိပါ။ အကြောင်းမှ ဘုရား ပြုပေးတော်မူသော ကယ်တင်ခြင်းကို မယုံကြည်ကြလို့ ဖြစ်သည်။ ယုံကြည်သော ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပါသည်။ သခင်ယေရှုခရစ်ကို ယုံကြည်လက်ခံသောသူသည် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏ ဟု (ယော၊ ၅း၂၄) တွင် ဖော်ပြထားပါသည်။ လောက၌ ကြုံတွေ့ရမည့် သေခြင်းကို ပြောနေခြင်းမဟုတ်ပါ။ ငရဲ၌ အပြစ်ဒါဏ်ခံရမည့်အခြေမှ လွတ်မြောက်ခြင်းကို ပြောနေခြင်း ဖြစ်ပါသည်။ လောကသေခြင်းသည် ယုံကြည်သူအတွက် အိပ်ပျော်ခြင်းဟု ဖော်ပြထားပါသည်။ အိပ်ပျော်သောသူသည် ပြန်၍ ထလာဦးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ပြီး အိပ်ပျော်သူ ဖြစ်ပါက တစ်နေ့၌ ထမြောက်မည် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့သည် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ ဖြစ်လိုပါက ကယ်တင်ခြင်းအမှုပြုပေးသော ယေရှုခရစ်ကို မိမိ၏ ကယ်တင်ရှင် အဖြစ် ယုံကြည်လက်ခံပါ။ ထိုသို့ ယုံကြည်လက်ခံသောသူတိုင်းသည် ဘုရားသားသမီး ဖြစ်ရသော အခွင့် သာမက အပြစ်စီရင်ခြင်း ခံစရာ မလိုတော့ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ပြုတော်မူခဲ့သည့် ဤမျှ ကြီးစွာသော ကယ်တင်ခြင်းကို လျစ်လျူရှုမိပါက လူဖြစ်ရကျိုးမနပ်ပါ။ 

ယနေ့ ကျွန်ုပ်တို့သည် ယေရှုခရစ်ကို ယုံကြည်လက်ခံပါက ဘုရားသခင်၏ သားသမီးတစ်ယောက်အနေနှင့် မွေးဖွားဖြင်း ဖြစ်ပါသည်။ ထိုသို့ မွေးဖွားခြင်းကို သမ္မာကျမ်းစာက ဒုတိယမွေးခြင်းဟု ဆိုပါသည်။ ပထမမွေးခြင်းက အမိအဖနှစ်ဦးမှ မွေးဖွားခြင်းဖြစ်ပြီး ထိုမွေးဖွားခြင်းက ဇာတိပကတိအားဖြင့် အပြစ်သား တစ်ဦးအနေနှင့် ဝိညာဉ်ရေးရာ၌ မွေးဖွားခြင်းခံရမည် ဖြစ်ပါသည်။ ယနေ့များပြားစွာ မွေးဖွားကြလော့ဟု ဘုရားသခင် မိန့်တော်မူသည့်အတိုင်း များစွာသောသူတို့ကို ဘုရားသခင်၏ သားသမီး ဖြစ်စေနိုင်ဖို့ရန် ဦးစွာ ကျွန်ုပ်တို့က ဤသို့ ဝိညာဉ်ရေး ဒုတိယမွေးခြင်းရရှိဖို့လိုပါသည်။ ကျွန်ုပ်တို့က ဝိညာဉ်လူတည်းဟူသော ဘုရားသခင်၏ သားသမီး ဦးစွာ ဖြစ်ပြီးမှသာ အခြားသူများစွာကိုလည်း ဘုရားသခင်၏ သားသမီးဖြစ်စေဖို့ရန် ပါဝင်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်၍ ဤကြီးစွာသော ကယ်တင်ခြင်းကို ယနေ့လျစ်လျူရှုသောသူများ မဖြစ်ကြဘဲ၊ သခင်ယေရှုခရစ်ကို ယုံကြည်လက်ခ့ခြင်းအားဖြင့် အပြစ်စီရင်ခြင်းနှင့် လွတ်သောသူများ ဖြစ်ကြပါမည့် အကြောင်း မေတ္တာနှင့် အသိပေး ဝေငှလိုက်ရပါသည်။

0 comments: