Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, June 10, 2012

ဝမ်းမြောက်ခြင်း မဆုံးရှုံးစေနှင့် (ဒေသနာတော်)


ဒီတနင်္ဂနွေနေ့လည်း ဒေသနာတော်ကို ဝေမျှခွင့် ရပြန်ပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော် သက်သက်ကြောင့် ခုလို ဝေမျှခွင့်ရနေလို့လည်း ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ စာရေးသူ ကျွန်တော့အတွက်ကတော့ ဘုရားကျောင်း တစ်ရက်ပျက်သွားရင် လောကုတ္တရာအားထုတ်မှုပိုင်းမှာ ချက်ချင်း အားနည်းလျော့ကျ သွားတတ်လို့ ကိုယ့်ကိုကိုယ် အမြဲ သတိနဲ့ ဆင်ခြင်နေရပါတယ်။ ဒါကြောင့်လည်း အသင်းတော်နဲ့ ဝေးကွာနေရတဲ့ ပြည်တွင်း ပြည်ပ က ညီအစ်ကိုမောင်နှမတွေကို လောကုတ္တရာအမှုအရာမှာ မမေ့မလျော့ရလေအောင် ကြိုးစားလို့ ဒီလို ဆရာတော်ကြီးတွေရဲ့ ဒေသနာတွေကို ရိုက်တင်ပေးနေရတာပါ။ စိတ်ပျက်စိတ်ညစ်စရာ များတဲ့ ဒီခေတ်ကြီးမှာ စာတန်သွေးဆောင်ရာနောက် အချိန်မရွေး ပါသွားတတ်ကြလို့ ဝိညာဉ်ခွန်အား ယူဖို့၊ တရားဒေသနာတွေ အမှန်ကြားနာဖို့လိုအပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော် ဗီဒီယိုတွေ တင်ပေးချင်ပေမယ့် အခြေအနေ မပေးသေးလို့ စာလေးတွေပဲ တင်ပြဝေမျှပေးနေပါတယ်။

ဒီတစ်ပတ်တော့ ဆရာကြီး ဦးတင်မောင်ထွန်း ရဲ့ "ဝမ်းမြောက်ခြင်း မဆုံးရှုံးစေနှင့်" ဆိုတဲ့ အရမ်း ခွန်အားရပြီး ဆင်ခြင်စရာဖြစ်စေတဲ့ ဒေသနာကို ဝေမျှပေးလိုက်ပါတယ်။ ဒီဒေသနာတော်ကို ဆရာကြီးက ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ဝေငှခဲ့တာပါ။ ဖတ်ကြားနာသူ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ အာမင်။


နိဒါန်း

လောကကြီးထဲ၌ သတင်းကောင်းရှိသလို သတင်းဆိုးလည်း ရှိပါသည်။ လူတိုင်းသတင်းကောင်းကိုသာ ကြားလိုကြမည် ဖြစ်သည်။ သတင်းကောင်းကား အဘယ်နည်း။ မျှော်လင့်ခြင်း ကင်းမဲ့နေသည့် ခေတ်ကာလထဲ၌ မျှော်လင့်စရာ ရှိနေခြင်းသည် သတင်းကောင်းဖြစ်သည်။ ရောဂါဝေဒနာသည်များအတွက် ဆေးကောင်း ရှိသည်ဆိုသော သတင်း၊ စားစရာမရှိသောသူများအတွက် အလှူရှင်ရှိသည်ဆိုသောသတင်းက သတင်းကောင်း ဖြစ်သည်။ မိမိတို့ လိုအပ်မှုနှင့် တိုက်ဆိုင်ပါက သတင်းကောင်း ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး လိုအပ်မှုက မတူကြပါ။ အကြွေးရှိပြီး ခေါင်းမထောင်နိုင်သောသူများ ရှိကြသလို၊ နေစရာမရှိ၍ စိတ်ပူနေသူများ၊ စားစရာမရှိ၍ မွတ်သိပ်နေသူများ စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး လိုအပ်မှု မတူကြပါ။ သို့သော် အားလုံးအတွက် သတင်းကောင်းက သူ့နေရာနှင့်သူ ရှိပြီး ဖြစ်သည်။ သတင်းကောင်းကို ကြားတတ်ဖို့နှင့် ခံယူပြီး တုံ့ပြန်တတ်ဖို့သာ လိုပါသည်။ သတင်းကောင်းကြားသည့်အခါ ဝမ်းသာစရာ ရှိသော်လည်း တုံ့ပြန်ပြီး လုပ်ဆောင်သူသာ အကျိုးရှိသွားမည်ဖြစ်သည်။

သတင်းကောင်းကိုသာ ကြားချင်သောသူများ ရှိကြသလို၊ သတင်းဆိုးကိုသာ ကြားချင်သောသူများလည်း ရှိနိုင်သည်။ အချို့က သတင်းဆိုးကိုကြားပြီး အိပ်မပျော်သည်လည်း ရှိတတ်သည်။ သတင်းဆိုးကိုသာ ကြားချင်သူက မည်မျှကောင်းသော သတင်းကို ကြားရပါစေ၊ ဒါလေးဘဲလားဟု ဆိုတတ်သည်။ အချို့သော သူက ထိုသို့မဟုတ်၊ ကြားရသောသတင်းက မိမိအတွက် မဟုတ်စေကာမူ အခြားသောသူများ အတွက်ဖြစ်ပါက ပြေး၍ ကြားပြောပေးတတ်ပါသည်။ ရောဂါတစ်ခုအတွက် ဆေးကောင်းရှိကြောင်း ကြားရသည်။ မိမိက ကျန်းမာသည့်အတွက် မလိုသော်လည်း ထိုရောဂါ ခံစားနေရသူအတွက် ပြေး၍ ကြားပြောတတ်သည်။ တစ်ဖက်လူက လက်မခံလျှင်နေစေ၊ ထိုသို့ကြားပြောရသည်ကိုပင် ကျေနပ်နေသူများ ရှိပါသည်။

လက်တွေ့အကျိုးခံစားရဖို့

ရေဒီယိုအားဖြင့် ဧဝံဂေလိတရားစကားကို ကြားရပြီး ခရစ်တော်ကို ယုံကြည်သော်လည်း မည်သို့ ဆက်၍ လုပ်ဆောင်ရမည်ကို မသိဖြစ်နေချိန်တွင် ထိုနေရာသို့ ဧဝံဂေလိဆရာ ရောက်ရှိသွားပြီး နှုတ်ကပတ်တော် ကြားရသည့်အခါ အဆက်ဖြစ်သွားပြီး မိဿဟယအတွင်းသို့ ရောက်ရှိလာသူများ ရှိကြသည်။ ယနေ့တွင်လည်း သမ္မာကျမ်းစာအုပ် ရသည့်အခါ ပထမမဖတ်ဘဲ တစ်အုပ်လုံးကို ဆေးလိပ် လိပ်သောက်ပစ်သူ တစ်ယောက်အကြောင်း ကြားရသည်။ နောက်မှ ထိုကျမ်းစာအုပ်က ဆေးလိပ် လိပ်သောက်ဖို့ မဟုတ်ဟု ဆိုသည်ကို သိပြီး နောက်ထပ် ကျမ်းစာအုပ် တစ်အုပ် ထပ်ရသည့်အခါ တစ်အုပ်လုံး ကုန်အောင် ဖတ်ရှုပြီး အသက်တာပြောင်းလဲသွားသူ တစ်ယောက်အကြောင်း ကြားရပါသည်။

အကျိုးရရှိစေဖို့ရန်မှာ သတင်းကောင်းကြားသောသူက တုံ့ပြန်မှုပြုဖို့ လိုပါသည်။ ထို့အတူ သတင်းကောင်း ကြားပြောသူရှိဖို့လည်း လိုအပ်ပါသည်။ ဆုတောင်းခြင်းသည် ယုံကြည်သူတို့၏ အသက်တာတွင် အရေးကြီး သလို ဆုတောင်းခြင်းအားဖြင့် အကျိုးထူးကိုလည်း ခံစားဖို့လိုပါသည်။ ယနေ့အခြားသူတို့အတွက် ဆုတောင်းပေးခြင်းအားဖြင့် ထိုသူများ အကျိုးရရှိသွားသလို၊ ဆုတောင်းခြင်း၏ အကြောင်းကို ကိုယ်တိုင် ကြားပြီး လက်တွေ့ဆုတောင်းခြင်းအားဖြင့် အကျိုးခံစားသွားကြသူများလည်း များစွာ ရှိပါသည်။

ယုံကြည်သူများက အားလုံးအတူတကွစုဝေးကာ ဘုရားသခင့် ထံတော်၌ ဆုတောင်းပဌနာပြုခြင်း အမှုကို ပြုကြပါသည်။ ဆုတောင်းခြင်း၏ အဓိကအချက်တစ်ခုမှာ ပြောင်းလဲသွားဖို့ရန် ဖြစ်သည်။ အခြေအနေ တစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲသွားဖို့ရန် ဖြစ်သလို၊ အသက်တာများ ပြောင်းလဲလာဖို့ ဆုတောင်းကြပါသည်။ တေပေပြီး ဆိုးသွမ်းနေသောသူတစ်ဦး အတွက် ဆုတောင်းပေးခြင်းအားဖြင့် ထိုသူ အသက်တာပြောင်းလဲသွားနိုင်သလို၊ ရောဂါဝေဒနာ ခံစားနေရသူ တစ်ယောက်အတွက် ဆုတောင်းပေးပြီး ကျန်းမာသွားပါက ထိုအရာသည် ပြောင်းလဲသွားခြင်း၊ အသက်တာ သစ်လွင် သွားခြင်း ဖြစ်ပါသည်။ ထိုသို့သော ပြောင်းလဲသွားခြင်းကို သမ္မာကျမ်းစာ၌ များစွာ ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။ ဘုရားသခင်သည် ကတိတည်သောဘုရား ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ဆုတောင်း ပဌနာပြုပြီး အကျိုးကို မြင်ရပြီးမှ ဝမ်းမမြောက်သောသူများ လည်း ရှိတတ်ခြင်းပင် ဖြစ်သည်။ 

(တမန်တော် အခန်းကြီး ၁၂) တွင် တမန်တော်ကြီး ရှင်ပေတရုကို နောက်တစ်နေ့၌ သတ်ပစ်မည်ဟု ဆိုကာ အာဏာပိုင်များက ထောင်တွင်း၌ ချုပ်ထား ပါသည်။ ထိုအချိန်၌ သင်းဝင်သူတို့သည် သူ့အဘို့ ကြိုးစား၍ ဆုတောင်းကြသည်ကို တွေ့ရသည်။
"ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဘို့ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းပဌနာ ပြုကြ၏။" (တမန်၊ ၁၂:၅)
တမန်တော်ကြီးသည် ထောင်တွင်း၌ အချုပ်ခံနေရပြီး နောက်တစ်နေ့၌ သေရတော့မည် ဖြစ်သည်။ လူ့အနေနှင့် ဘာမျှ မတတ်နိုင်တော့ပါ။ မျှော်လင့်စရာလည်း မရှိတော့ပါ။ ထိုအချိန် သင်းဝင်သူများက  သူ့အတွက် ဘုရားသခင်ထံ၌ ဆုတောင်းကြကြောင်း ဖော်ပြထားပါသည်။ သင်းဝင်သူတို့၏ ဆုတောင်းခြင်းကြောင့် မည်သည့်အကျိုး ရပါသနည်း။ မည်သည့်အံ့သြစရာအမှု ဖြစ်ပါသနည်း။
"ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဥ့်အချိန်တွင် သံကြိုးနှစ်စဉ်းနှင့် ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍ အစောင့်များတို့သည် ထောင်တံခါး ရှေ့မှာ စောင့်နေကြ၏။" (တမန်၊ ၁၂:၆)
နောက်တစ်နေ့မှာ အသတ်ခံရမည် ဆိုပါက လူသည် ထိုည၌ မည်သို့မျှ အိပ်ပျော်နိုင်မည် မဟုတ်ပါ။ သို့သော် သင်းဝင်သူတို့၏ ဆုတောင်းပေးခြင်းကြောင့် တမန်တော်ကြီး ရှင်ပေတရုသည် စစ်သူရဲ နှစ်ယောက်တို့ အလယ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်၍ နေကြောင်းကို ဖော်ပြထားပါသည်။ ဤသည်ကား ဆုတောင်းပေးခြင်းကြောင့် ခံစားရသည့် ပထမသက်သေ ဖြစ်ပါသည်။ သို့သော် ပေတရု ထောင်ထဲ၌ အိပ်ပျော်နေကြောင်း အပြင်မှ ယုံကြည်သူများ မတွေ့ကြရပါ။ ဆုတောင်းပေးနေသူများလည်း မမြင်ရ၊ မသိရကြပါ။ သို့သော် သင်းဝင်သူတို့၏ ဆုတောင်းခြင်းအမှု အပေါ်၌ ဘုရားသခင် အလုပ်လုပ်နေတော်မူသည်ကို တွေ့ရပါသည်။ ယနေ့လည်း ထိုနည်းတူ ဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင်အလုပ်လုပ်နေသည်ကို သိမှတ်ကြပါ။ ထိုသို့သောသက်သေကို ကိုယ်တွေ့ ခံစားကြရသောသူများ လောကကြီးထဲ၌ များစွာ ရှိကြပါသည်။

ဆုတောင်းပြီး မျှော်လင့်ပါ

သင်းဝင်သူတို့၏ ဆုတောင်းခြင်းအပေါ် ဘုရားသခင်သည် အဖြေပေးရာ၌ တမန်တော်ကြီးသည် အချုပ်အနှောင်မှ ကောင်းကင်တမန်၏ မစမှုအားဖြင့် လွတ်ပြီး ထောင်ထဲမှ လွတ်မြောက်သွားပါသည်။ ထိုသို့ လွတ်မြောက်လာပြီး နောက် တမန်တော်ကြီးသည် သင်းဝင်သူတို့ ရှိရာ အိမ်ရှေ့သို့ ရောက်လာပြီး အိမ်တံခါးကို ခေါက်ပါသည်။ (တမန်၊ ၁၂:၁၁-၁၄) တံခါးခေါက်သံ ကြားသောအခါ ရောဒေအမည်ရှိသော မိန်းမငယ်တစ်ယောက်သည် တံခါးနားရောက်လာပြီး မည်သူဖြစ်သည်ကို သိဖို့ တံခါးနား၌ နားထောင်ခြင်း ငှာ ရောက်လာပြီး ပေတရု၏ စကားသံကို ကြားလျှင် ဝမ်းမြောက်သောစိတ်ကြောင့် တံခါးကို မဖွင့်သေးဘဲ အိမ်တွင်းသို့ ပြေးဝင်၍ ပေတရုသည် တံခါးနားမှာ ရပ်နေသည်ဟု ကြားပြောပါသည်။
"ပေတရု၏ စကားသံကို သိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ ပြေးဝင်၍ ပေတရု သည် တံခါးရှေ့မှာ ရပ်နေသည်ဟု ကြားပြော၏။" (တမန်၊ ၁၂:၁၄)
ဆုတောင်းပြီး ဘုရားသခင်၏ မစမှုကို မျှော်လင့်နေသူသည် အရိပ်ကလေးကို တွေ့ရလျှင်ပင် ဝမ်းမြောက် ပါသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဆုတောင်းသော်လည်း ဘုရားသခင်၏ အံ့သြဘွယ်အမှုကို မမျှော်လင့်၊ ဝတ်ကျေတန်းကျေ ဆုတောင်းသောသူတို့က အံ့သြဘွယ်မစမှုခံရသည့်အခါ မယုံနိုင်ကြ၊ လောကီရုပ်သဘာဝစိတ်က လွှမ်းမိုးနေကြသည်။ ရံဖန်ရံခါ လာရောက်ဆုတောင်းသော သူတို့ ကျေနပ်အောင် ဆုတောင်းပေးသော်လည်း၊ ရမည်ဟု မထင်ကြ၊ ရလာလျှင်လည်း လက်ခံဖို့ ခက်ခဲကြသည်။ မဖြစ်နိုင်ပါဟု ဆိုတတ်ကြသည်။

ဤနေရာတွင်လည်း ပေတရု လွတ်လာပြီး၊ အိမ်ရှေ့၌ တံခါးခေါက်နေသည်ဟု လာ၍ ကြားပြောသော သူ ရောဒေကို သင်သည် အရူးဖြစ်သည်ဟု ဆိုကြပါသည်။ ရောဒေပြောသော စကားကို သူတို့ မယုံနိုင်ကြပါ။ ရောဒေက ပေတရု အမှန်ဖြစ်သည်ဟု ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန် သာ ဖြစ်လိမ့်မည်ဟု ဆိုကြပါသည်။ ဆုတောင်းပြီး ရမည်ဟု ယုံကြည်ပြီး မမျှော်လင့်ပါက အဖြေရလျှင်ပင် မပျော်နိုင်ပါ။ ယနေ့ ကျွန်ုပ်တို့အထဲ၌ ဘယ်နှစ်ယောက်သည် ရောဒေလာပြောသည်ကို မယုံဘဲ ရှိနေသော သင်းဝင်သူတို့ကဲ့သို့ ဖြစ်နေကြပါသနည်း။ အချို့သော ခရစ်ယာန်များသည် မိမိတို့ ပြဿနာ၊ အခက်အခဲ များအတွက် ဆုတောင်းနေကြပါသည်။ သို့သော် ဘုရားသခင် မစမည်ဟု မယုံကြ။ အခြေအနေက ဆိုးလွန်းပါက သာ၍ ယုံကြည်ဖို့ ခက်ကြသည်။ ထိုသို့သော အခြေအနေ၌ ဘုရားသခင် အဖြေပေးပါက ဟုတ်မှဟုတ်ရဲ့လားဟု ဆိုတတ်ကြသည်။ ထိုသူများသည် မိမိတို့ စိတ်ခံစားမှု ဆင်ခြင်တုံတရားအပေါ်၌သာ အခြေပြု၍ အသက်ရှင်နေကြသောသူများ ဖြစ်ကြသည်။

ဝမ်းမြောက်ခြင်း မဆုံးရှုံးပါစေနှင့်

ယနေ့အများသော ခရစ်ယာန်များက ဆုတောင်းရမည်ကို သိကြသည်။ ဆုလည်း တောင်းနေကြပါသည်။ သို့သော် ဘုရားသခင် ယနေ့ မစမည်။ ယနေ့အဖြေပေးမည်ဟု မယုံပါ။ ထို့ကြောင့် အဖြေရဖို့ရန် မမျှော်လင့် ကြပါ။ ထိုသို့သော ခရစ်ယာန်များက ဆုတောင်းနေကြသော်လည်း ဝမ်းမြောက်ခြင်း ရှုံးနေကြသော သူများ ဖြစ်ကြပါသည်။

ရောဒေက ဆုတောင်းပြီးချိန်ကပင် ဘုရားသခင် မစတော့မည်ဟု ယုံကြည်ပြီး မျှော်လင့်နေပါသည်။ ထိုအဖြေနှင့် ပတ်သက်၍ လူကိုမမြင်သေး အသံကြားရုံနှင့် ဝမ်းမြောက်သောစိတ်နှင့် သင်းဝင်သူ လူကြီးများ ကို ပြေးပြောပါသည်။ သို့သော် လူကြီးများက မယုံနိုင်ကြ။ သတင်းကောင်း လာပြောသူကိုပင် အရူးဟု ဆိုကြပါသည်။ ယနေ့ အချို့သော အခက်အခဲဖြစ်နေသူများက ဆုတောင်းပေးပါသည်။ သို့သော် အမှန်တကယ် အဖြေရမည်ဟု မယုံကြည်ကြ။ ထို့ကြောင့် အဖြေကိုလည်း မမျှော်လင့်ကြ။ ဆုတောင်းခြင်း အမှုကို အလုပ်တစ်ခုအနေနှင့်၊ တာဝန်တစ်ခုအနေနှင့် သဘောထားကြသည်။ ထိုသူများက ဝမ်းမြောက်ခြင်း ရှုံးနေသောသူများ ဖြစ်သည်။

ယနေ့ ကျွန်ုပ်တို့အသက်တာ၌ ဝမ်းမြောက်ခြင်း မရှုံးကြပါစေနှင့်။ မြန်မာပြည်သည် ယနေ့ ကျေးဇူးတော် ခံစားရသော နိုင်ငံဖြစ်သည်။ မြန်မာပြည်၌ ယုံကြည်သူအများ ပြုံးနိုင်ကြပါသည်။ ကမ္ဘာကြီးပေါ်၌ လူအများ မပြုံးနိုင်ကြပါ။ ဘဏ်တိုက်ထဲ၌ ငွေများသိုထားနိုင်ပြီး မပြုံးနိုင်ကြပါ။ အဘယ်ကြောင့်နည်း။ ငွေကြေးများစွာ ရှိနေပါလျက် မိမိလုပ်သော စီးပွားရှုံး၍ စိတ်ပျက်ပြီး မိမိကိုယ်ကို သတ်သေနေသောသူများလည်း ရှိကြသည်။ မြန်မာပြည်၌ တနိုင်တပိုင် စီးပွားလုပ်နေသောသူများ ပြုံးနေနိုင်ကြသေးသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်း သက်သေကို ခံစားနေသူများက ပြုံးနေနိုင်ကြပါသည်။ သခင်ဘုရားက သင်တို့သည် ငါ၏သက်သေဖြစ်မည်ဟု မိန့်တော်မူပါသည်။ ဆုတောင်းပြီးပါက ယုံကြည်ပါ။ ယုံကြည်သောသက မျှော်လင့်ပါသည်။ မျှော်လင့်နေသောသူကို ဘုရားသခင်က အဖြေပေးပါသည်။

လက္ခဏာတစ်ခုခုရလျှင်ပင် ဝမ်းမြောက်ပါသည်။ မည်သည့်အခြေအနေ၌ ရှိနေပါစေ စိတ်ဓါတ်မကျပါနှင့်။ အရေအတွက်အားဖြင့် ဘယ်နှစ်ယောက် ဆုတောင်းနေသည်ဆိုခြင်းက အရေးမကြီးပါ။ ဘယ်နှစ်ယောက် ယုံကြည်ခြင်းနှင့် ဘုရားသခင်အဖြေပေးဖို့ မျှော်လင့်နေပါသနည်း။ မြေကြီးပေါ်၌ နှစ်ဦးတို့သည် သဘောတူပြီး ဆုတောင်းလျှင် တောင်းသမျှသောဆုကို ငါပေးမည်ဟု ဘုရားသခင် ကတိတော် ရှိပါသည်။ ထိုသို့သောအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ရန် ဘုရားသခင် အလိုတော်ရှိသည် ဖြစ်၍ ကျွန်ုပ်တို့သည် ဆုတောင်းနေသောသူများသာ မဖြစ်ကြဘဲ တောင်းသောဆုကို ရမည်ဟု ယုံကြည်ခြင်းနှင့် မျှော်လင့်နေသောသူများ ဖြစ်ကြရန် မေတ္တာနှင့် အသိပေး ဝေငှလိုက်ရပါသည်။

0 comments: