Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, June 18, 2012

နိုင်ငံတကာ တေးစုအညွှန်း


ကျွန်တော် The Chic မဂ္ဂဇင်းမှာ To Listen ဆိုတဲ့ နိုင်ငံခြားတေးစုအညွှန်းကဏ္ဍလေးကို ရေးလာတာ နှစ်နှစ် နီးပါး ရှိလာပါပြီ။ ဒီကဏ္ဍလေးကို အရင်က မဂ္ဂဇင်းနှစ်စောင် သုံးစောင်လောက်မှာလည်း ရေးခဲ့ဖူးပါတယ်။ ခု ကျွန်တော့ ကိုယ်ပိုင် Blog လေး ရှိလာတော့ ကျွန်တော်ရေးလေ့ရှိတဲ့ ဒီကဏ္ဍလေးကို ကျွန်တော့ Blog မှာလည်း သိမ်းထားချင်လာလို့ ပုံမှန်လိုလို တင်ဖြစ်နေတာပါ။

ဒီတစ်ခါ ညွှန်းဆိုပေးသွားချင်တဲ့ နိုင်ငံတကာတေးစုလေးတွေကတော့...


Angels & Gentlemen (CODY SIMPSON)

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရနေတဲ့ တေးသံရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အမျိုးသား လူငယ် တေးသံရှင် Cody Simpson ရဲ့ နာမည်ကြီးနေတဲ့ Mixtape တေးအယ်လ်ဘမ် ပါ။ ပြန်ဆိုတေးလေးတွေ ပါဝင်တာမို့လည်း လူငယ်ပိုင်းက ပိုစိတ်ဝင်စားကြတာ လည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်နေတဲ့သီချင်းတချို့ကို Cody က ပြန်ပြီး ပုံစံပြောင်းလဲ သီဆိုထားတာကို နားဆင်ကြရမှာပါ။ တချို့သီချင်းတွေကိုတော့ ဂီတပိုင်း အပြောင်းအလဲလေးလုပ်လိုက်သလို၊ တချို့ သီချင်းတွေမှာတော့ စာသားလေးတွေ အပြောင်းအလဲလုပ်ထားပါတယ်။ သီချင်းလေးတွေ ကောင်းပါတယ် ဆိုမှ အပုဒ်ရေက တစ်ခွေလုံးပေါင်းမှ (၉) ပုဒ်တည်း ပါ ပါတယ်။ ဒါတောင် ပထမဆုံးကြားရတဲ့ Angels ၊ အလယ်တည့်တည့်မှာ ထည့်ထားတဲ့ Interlude နဲ့ နောက်ဆုံးပိတ်မှာ နားဆင်ရမယ့် Gentlemen ဆိုတာတွေက စကားပြော အတိုလေးတွေ ဖြစ်နေသေးတော့ သီချင်း စုစုပေါင်းမှ (၆) ပုဒ်တည်း ပါတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် (၆) ပုဒ်လုံးက တကယ့်ရွှေတွေချည်းမို့ အားရကျေနပ်စရာတော့ ဖြစ်စေပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ Cody က Chris Brown ရဲ့ Beautiful People, Rihanna ရဲ့ You Da One, Drake ရဲ့ Evenings In London, The Weekend ရဲ့ What You Want နဲ့ Jack Johnson ရဲ့ Better Together သီချင်းတွေကို ပြန်လည်ခံစားသီဆိုထားပါတယ်။ Feel So Good သီချင်းကိုလည်း Remix အနေနဲ့ ပြောင်းလဲခံစားနားဆင်ရဦးမှာပါ။ ဒီလို ပြန်ဆိုတေးတွေထဲမှာ အကြိုက်ဆုံးကတော့ Rihanna ရဲ့ You Da One ကို ပြန်ဆိုထားတာပါပဲ။ Rihanna ဆိုတာလည်း ကောင်းခဲ့သလို Cody ရဲ့ ပုံစံလေးကလည်း ယောက်ျားလေးဟန်နဲ့ နားထောင်ရ ဆန်းသစ်နေပါတယ်။ လက်လွတ်မခံဘဲ နားဆင်သင့်တဲ့ တေးအယ်လ်ဘမ်လေးမို့ ညွှန်းဆိုပေးပါရစေ။ 

Angels & Gentlemen (CODY SIMPSON) Album Mini-Info
ဂီတအမျိုးအစား
Pop, Remix
လူကြိုက်များသည့်သီချင်းများ
1. You Da One
2. Better Together
3. Beautiful People

You Da One သီချင်းလေးကို မြည်းစမ်းခံစားနိုင်ဖို့အတွက်ပါ။

MDNA (MADONNA)

Pop ဘုရင်မကြီး ရာထူးကနေ လုံးဝကို ချမရလောက်နိုင်အောင် ပါရမီကောင်းလွန်းလှတဲ့ Madonna ရဲ့ တေးအယ်လ်ဘမ်သစ်ကြီးက ထွက်ရှိလာပါပြီ။ အားလုံးမျှော်နေကြတဲ့ (၁၂) ခုမြောက်သော တေးအယ်လ်ဘမ်မှာ Madonna က ငယ်ရွယ်နုသစ်တဲ့စိတ်ကူးအတွေးအရေးနဲ့ ဂီတဖန်တီးမှုတွေကို ပြုလုပ်ထားပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့က ဖြန့်ချိခဲ့တဲ့ ဒီတေးအယ်လ်ဘမ်ထဲမှာ သီချင်းပုဒ်ရေ (၁၇) ပုဒ်ပါဝင်ပြီး မြူးကြွတဲ့ Electro Dance သီချင်းတွေ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက အရင့်အရင်တေးအယ်လ်ဘမ်တွေတုန်းက Madonna ဟာ Warner Bros Records နဲ့ လက်တွဲခဲ့ရာက ဒီတေးအယ်လ်ဘမ်ဟာ ပထမဆုံး အဲဒီ Records နဲ့ ခွဲထွက်ပြီး Interscope Records နဲ့ စတင်လက်တွဲထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ဂီတဝေဖန်ရေးဆရာကြီးတွေဆီကလည်း အကောင်းပြောခြင်းခံရတဲ့ တေးအယ်လ်ဘမ်တစ်ချပ် လည်း ဖြစ်လို့ စိတ်ဝင်စားစရာတော့ အတော်လေး ကောင်းပါတယ်။ ခု အရွယ်ထိတိုင် နုပျိုလှပနေဆဲ ရုပ်သွင်နဲ့ ဂီတဗီဒီယိုတွေကလည်း ဒီတေးအယ်လ်ဘမ်ကို ဝယ်ယူနားဆင်ဖို့ ပိုပြီး အားပေးနေသလိုပါပဲ။ ခေတ်ကို မပြတ်ဘဲ လိုက်နိုင်နေတဲ့ ပါရမီထူးကြောင့် ခုချိန်ထိတိုင်အောင် လူငယ်တွေကြားလည်း ရေပန်းစား အောင်မြင်နေဆဲဖြစ်ကြောင်းကို ဒီတေးအယ်လ်ဘမ်က သက်သေထူလိုက်ပြန်ပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ Nicki Ninaj နဲ့ M.I.A တို့က ပါဝင်သီဆိုပေးထားပြီး ဒီသုံးဦးပေါင်း သီဆိုထားတဲ့ သီချင်း Give Me All Your Luving ဟာလည်း လတ်တလော ရေပန်းစားနေတဲ့ သီချင်းဖြစ်နေပါတယ်။ နောက်ထပ်အောင်မြင်နေတဲ့ သီချင်းက Girl Gone Wild ပါ။ သူ့ရဲ့ ဂီတဗီဒီယိုရိုက်ချက်တွေကတော့ Lady GaGa ရဲ့ Born This Way နဲ့ ဆင်သလိုလိုပါပဲ။ သီချင်းကောင်းလေးများစွာနဲ့မို့ Pop ဘုရင်မကြီးရဲ့ တေးအယ်လ်ဘမ်အသစ်ဟာ မိုးတွင်းပေမယ့် မြူးတူးပျော်ရွှင်စေမယ့် ခံစားချက်ကို ကောင်းကောင်းကြီး ပေးစွမ်းနိုင်ပါလိမ့်မယ်။

MDNA (MADONNA) Album Mini-Info
ဂီတအမျိုးအစား
Pop, Electronic Dance, Dubstep
လူကြိုက်များသည့်သီချင်းများ
1. Give Me All Your Luving
2. Girl Gone Wild
3. Turn Up The Radio

Madonna ရဲ့ Girl Gone Wild သီချင်းကို မြည်းစမ်းခံစားနိုင်ဖို့ပါ။


သီဟလုလင်

5 comments:

Unknown said...

ကိုသီဟ
Mp3 File လေးတွေပါတင်ပေးပါလား..။
သားက ဒီအတိုင်းပဲ ကလော်စားတတ်လို့ပါ..။

:D
phyosakee

Thiha Lu Lin said...

MP3 File လေးတွေ တင်ချင်ပေမယ့် Sponsor ပေးထားတဲ့ CD II ကို ငဲ့ကွက်သော အားဖြင့် မလုပ်တော့ပါဝူး ကိုဖြိုး ရယ်။
အဆင်ပြေအောင်တော့ You Tube လေးတချို့တော့ ထပ်ဆောင်း တင်ပေးလိုက်ပါတယ်။ :)

လွင်ပြင်လှိုင်းငယ် said...

ပို့လေးအတွက် ကျေးဇူးပါ သီဟရေ

စံပယ်ချို said...

ဖတ်ရင်းနဲ့သီချင်းလဲနားထောင်ခဲ့တယ်
သီချင်းတွေကြိုက်တယ်

mstint said...

ကွန်နက်ရှင်ကို အံတုရင်း သီချင်းပါ နားထောင်သွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်