သားအဖနှစ်ယောက် ရှိပါတယ်။ ဇနီးသည်ဖြစ်သူ မရှိတော့ပေမယ့် ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင် မပြုဘဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလာခဲ့တာ သူ့သားရဲ့ တစ်သက်ပါပဲ။ အကြွယ်ဝ အချမ်းသာကြီး မဟုတ်တဲ့တိုင်အောင် အတော်အတန် ပြေလည်မှုရှိတာကြောင့် အပူအပင်လည်း မများလှပါဘူး။ ဒါကြောင့် သားဖြစ်သူရဲ့ နေထိုင်မှုဘဝအတွက် လိုလေသေးမရှိ ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။ ပညာရေးအရလည်း သားဖြစ်သူရဲ့ ရွေးချယ်မှုကိုလိုက်ပြီး အကောင်းဆုံး ဖြည့်စွမ်းပေးခဲ့တာချည်းပါပဲ။
ဒီလိုနဲ့ သားဖြစ်သူဟာ အချိန်တန်အရွယ်ရောက်လို့ သူများနည်းတူ ကားကောင်းကောင်းလေး စီးချင်တယ်လို့ ဖခင်ကို ပူဆာခဲ့ပါတယ်။ သူတို့အနေနဲ့ ကားတစ်စီးကို ဝယ်ယူတယ်ဆိုတာ အလွန်လွယ်တဲ့ကိစ္စ မဟုတ်ပေမယ့် ခြစ်ခြုတ်ပြီး ဝယ်မယ်ဆိုရင်တော့ ရနိုင်တဲ့ အနေအထားပါ။ အဲဒီတော့ သားဖြစ်သူဟာ ဖခင်ဖြစ်သူ ဝယ်ပေးပါ့မလားလို့ စိုးရိမ်ပူပန်မိပါတယ်။ ဒါပေမယ့် ဖခင်ရဲ့ မေတ္တာအတိုင်း "ငါ့သား ဘွဲ့ရတဲ့အခါ ဝယ်ပေးမယ်" လို့ ဖခင်က ကတိစကားဆိုပါတယ်။ ဘွဲ့ရဖို့ကလည်း သိပ်မလိုတော့တဲ့အတွက် သားအဖနှစ်ယောက် သဘောတူညီမှု ရသွားခဲ့ပါတယ်။ သားဖြစ်သူကတော့ ကားအရောင်းပြခန်းတွေ မြင်တိုင်း ကားအသစ်လေးတွေ မြင်တိုင်း စိတ်ကူးယဉ်နေမိတော့တာပါပဲ။
ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာပြီး သူမျှော်လင့်ထားတဲ့ ဘွဲ့ယူရမယ့် အချိန်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒါကြောင့် ဖခင်ဖြစ်သူကို
"ကျွန်တော်တော့ ဘယ်ကားအရောင်းပြခန်းက ကားကို ရွေးရမလဲ မသိလောက်အောင် ပျော်နေမိတယ်" လို့ သတိလည်းပေးရင်း ဖခင်ကို ပျော်ရွှင်မှုတွေအကြောင်း ပြောလိုက်ပါတယ်။ အဲဒီအခါ ဖခင်ဖြစ်သူက သူ့ကို ပြုံးလို့သာ ကြည့်နေပါတော့တယ်။ နောက်ဆုံးတော့ ကောင်လေး မျှော်လင့်ထားတဲ့ ဘွဲ့ယူတဲ့နေ့ကို ရောက်လာခဲ့ပါပြီ။ သားဖြစ်သူက ဘွဲ့ယူရမယ့်အတွက်လည်း ပျော်သလို၊ ကားတစ်စီးပိုင်ဆိုင် ရတော့မယ့်အတွက်လည်း ပျော်နေပါတော့တယ်။ ဒါပေမယ့် ဖခင်ဖြစ်သူက အေးတိအေးစက်ဖြစ်နေတယ်လို့ သူ့စိတ်ထဲမှာ ထင်နေမိတယ်။ ကားလက်ဆောင်ပေးမယ်သာဆိုတယ် ခုချိန်ထိ သူဘယ်လိုကားမျိုး ကြိုက်လဲ၊ ကားအရောင်က ဘာလဲဆိုတာမျိုးကို သူ့ကို တစ်ခွန်းမှ မမေးတဲ့အတွက် သူ့စိတ်ထဲ ဘဝင်မကျလှပါဘူး။
ဒီလိုနဲ့ ဘွဲ့ယူပြီး ပြန်လာတဲ့အချိန်မှာ ဖခင်ဖြစ်သူက "အရမ်းကို လိမ္မာတဲ့ ငါ့သားလေး၊ သားရဲ့ အောင်မြင်မှု အတွက်" ဆိုပြီး လက်ဆောင်ဘူးလေး တစ်ဘူး လာပေးပါတယ်။ သားဖြစ်သူက ဒါဟာ ကားသော့နဲ့ ကားနဲ့ သက်ဆိုင်တဲ့စာရွက်စာတမ်းတွေဖြစ်မယ်လို့ပဲ တထစ်ချ ယုံကြည်လိုက်ပါတယ်။ ဒါကြောင့် ဝမ်းသာအားရ လက်ဆောင်ဘူးကို ဖွင့်လိုက်ချိန်မှာတော့ လိမ္မာယဉ်ကျေးစေရန် ဆိုမိန့်ထားတဲ့ ပညာရှိတွေရဲ့ အဆိုအမိန့် စာအုပ် ဖြစ်နေပါတော့တယ်။ ဒါဟာ ကတိကို ချိုးဖောက်တာ၊ မျှော်လင့်ချက်ကို ရိုက်ချိုးတာပါပဲ။ သူ့ဘဝ တစ်လျှောက်လုံး လိမ်လိမ်မာမာ နေထိုင်ခဲ့တာ။ မိခင်မရှိတော့တဲ့နောက် တတ်သိနားလည်မှုတွေနဲ့ ဖခင် အနားနေခဲ့တာ၊ ဒါတွေကို တန်ဖိုးမထားတာလို့ ခံစားလိုက်ရတယ်။ ဒါကြောင့် ဖခင်ရှေ့မှာပဲ အဲဒီစာအုပ်ကို လွှင့်ပစ်ပြီး
"အဖေ့အနေနဲ့ ကားတစ်စီးဝယ်ဖို့ သိပ်ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ပါဘဲ ဘာလို့ အဲလောက်ထိ ကျွန်တော့အပေါ် စေတနာနည်းတာလဲ။ တော်ပါပြီ ကျွန်တော်လိုချင်တဲ့ကားကို ကျွန်တော်ဘာသာပဲ ဝယ်နိုင်အောင် ကြိုးစားတော့မယ်။" လို့ဆိုပြီး အိမ်ကနေ ကမူးရှူးထိုး ထွက်သွားပါတယ်။
အဲဒီအချိန်ကစလို့ သူဟာ ဖခင်အိမ်မှာလည်း မနေတော့သလို ပြည်ပမှာ ပညာဆက်သင်ရင်း ဖခင်နဲ့ ကင်းကွာ သွားပါတော့တယ်။ ဖခင်ကို သတိရပေမယ့် နာကြည်းတဲ့စိတ်ကိုတော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ အခုဆိုရင် သူဟာ သူကိုယ်တိုင် ဖခင်တစ်ယောက်ဖြစ်လာခဲ့သလို အတော်အတန်မြင့်တဲ့ ရာထူးနဲ့ ကြွယ်ဝမှုတွေလည်း ရှိနေပါပြီ။ တစ်ချိန်က သူကြုံးဝါးခဲ့သလို ကိုယ်ပိုင် မော်တော်ကား တစ်စီးကိုလည်း သူ့ဝင်ငွေနဲ့ ဝယ်နိုင်ခပြတာလည်း ကြာပါပြီ။ တစ်နေ့မှာတော့ သူ့ရဲ့ ဇာတိမြို့ကနေ ကြေးနန်းတစ်စောင် ရောက်လာခဲ့ပါတယ်။ စိတ်မကောင်းစရာကြေးနန်းပါပဲ။ သူ့ဖခင် ဆုံးပါးသွားပြီလို့ အကြောင်းကြားတဲ့စာပါ။ ဒီစာရတော့ သူ့စိတ်ထဲမှာ အံ့သြရမလို၊ နောင်တရ ရမလို ဘာတွေမှန်းမသိတဲ့ စိတ်ခံစားချက်တွေ လွန်ဆွဲနေပါတယ်။ သေချာတာတစ်ခုကတော့ ဖခင်ရဲ့ ဈာပနကို သွားဖို့ပါပဲ။
သူငယ်ငယ်က နေခဲ့တဲ့ အိမ်လေးကို ပြန်ရောက်သွားတော့ ကလေးဘဝက အမှတ်ရစရာတွေ၊ ဖခင်နဲ့ သူနဲ့ ပျော်ရွှင်ကြည်နူးခဲ့တာတွေ၊ သူ့အပေါ် ဖခင်ရဲ့ ကြင်နာမှုတွေ၊ သူကျောင်းဆင်းတိုင်း ခြံပေါက်ဝကနေ ရပ်စောင့်နေတဲ့ ပုံရိပ်တွေ၊ အများကြီး အများကြီး ပါပဲ။ သူ အောက်မေ့မိပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ စာဖတ်ခန်းထဲကို ရောက်သွားတယ်ဆိုရင်လည်း ငယ်ငယ်က ဖခင်ဖြစ်သူက စာပြခဲ့ဖူးတာတွေ၊ အိမ်စာတွေ ဝိုင်းကုခဲ့တာတွေ မြင်ယောင်ပြီး အရမ်းကို တုန်လှုပ်ချောက်ချားစွာ ဝမ်းနည်းမိပါတယ်။
အဲဒီအချိန်မှာပဲ သူ့စားပွဲပေါ်မှာ တရိုတသေ တင်ထားတဲ့ သူ ဘွဲ့ရစဉ်က ဖခင်ပေးခဲ့တဲ့ ပညာရှင်တွေရဲ့ အဆိုအမိန့်စာအုပ်လေးကို တွေ့လိုက်ရပါတယ်။ ဒီစာအုပ်ကတော့ သူနဲ့ ဖခင်ကို ဝေးကွာစေခဲ့တဲ့ အကြောင်းရင်းတစ်ရပ်မို့ သူ့အနေနဲ့ သူ့လုပ်ရပ်အတွက် မှန်သလား၊ မှားသလား မသဲကွဲတော့ပါဘူး။ ဒါကြောင့် ဒီစာအုပ်လေးကို သိမ်းထားသင့်တယ်ဆိုတဲ့စိတ်နဲ့ စာအုပ်ကို လှန်လှောစဉ်မှာတော့ စာအုပ်ကြား သေချာညှပ်ထားတဲ့ စာအိတ်ညိုလေးတစ်လုံး တွေ့ပါတယ်။ ဟိုစဉ်ကတော့ သူဟာ စာအုပ်ကို မြင်တာနဲ့ လွှင့်ပစ်ခဲ့တဲ့အတွက် ဒါတွေကို မမြင်ခဲ့ရပါဘူး။ ဒီစာအိတ်လေးပေါ်မှာ သူဘွဲ့ရတဲ့ ရက်စွဲကို တပ်ထားတဲ့အတွက် ဖွင့်ကြည့်စဉ်မှာတော့ တစ်ချိန်က သူမျှော်လင့်ခဲ့တဲ့ ကားသော့နဲ့ ကားနဲ့သက်ဆိုင်တဲ့ စာချုပ်စာတမ်းတွေပါပဲ။ ဖခင်ဟာ သူ့ကတိအတိုင်း သားဖြစ်သူကို ကားလက်ဆောင် ပေးခဲ့တာမှန်ပေမယ့် သားဖြစ်သူက နားလည်မှု လွဲမှားသွားခဲ့တာဖြစ်ပါတယ်။ အချိန်တွေအားလုံး လွန်မှ သိရတာ့ သားဖြစ်သူအနေနဲ့ ယူကျုံးမရ ဖြစ်ပြီး ကျန်ခဲ့ရပါတော့တယ်။
ဒီစာစုလေးကတော့ မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ ပြဿနာကို မီးမောင်းထိုးပြထားတာပါ။ သားသမီးတွေရဲ့ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုကြောင့် မဖြစ်သင့်ဘဲ ပျက်ရတဲ့ အဖြစ်အပျက်တွေကို ပေါ်လွင်ထင်ရှားစေပါတယ်။ အားလုံးပဲ ဒီစာစုလေးထဲကနေ တွေးတောဆင်ခြင်စရာ ရစေဖို့ မျှော်လင့်ပါတယ်။
W A I
2 comments:
ဟုတ်တယ်... အဲ့လို ကိုယ့်ရဲ့ တစ်ဇောက်ကန်းမှု တစ်ခုကြောင့် လွဲမှားမှုတစ်ခုဟာ ဘ၀တစ်ခုလုံးအတွက် နောင်တဖြစ်သွားတတ်တယ်။
အဆင်ပြေပါစေ။
တစ်ဇောက်ကန်းမှု...တစ်ဇောက်ကန်းမှု..........
Post a Comment