Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, May 14, 2012

ပင်လယ်ပျော်နေ့ရက်များ သို့



ခရီးတစ်ခုသွားဖြစ်တိုင်း ခရီးသွားဆောင်းပါးရေးမယ် ရေးမယ်နဲ့ အပျင်းကြီးတဲ့ကျွန်တော် တစ်ခုမှ မရေးဖြစ်ဘူး။ ဒီတစ်ခါတော့ သွားခဲ့တဲ့ခရီးလေးကလည်း ကိုယ့်အတွက်တော်တော်လေး အမှတ်တရဖြစ်ပြီး အတွေ့အကြုံအသစ်တွေ ရခဲ့လို့ မဖြစ်ဖြစ်အောင် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

မလေးရှားကို training နဲ့ ရောက်နေတုန်း ခရီးသွားရတာဝါသနာပါတဲ့ ကျွန်တော် အားလပ်ချိန်လေးရတာနဲ့ ခရီးသွားဖို့ကို ချောင်းနေတော့တာပါဘဲ။ ခရီးတစ်ခုသွားတာကလည်း ၀ါသနာတူတဲ့ သူတွေနဲ့သွားမှ ပိုပျော်ဖို့ကောင်းတာဆိုတော့ တစ်ခါတစ်လေ ကိုယ်က သွားချင်ပေမယ့် အဖေါ်မကောင်းလို့ တစ်မျိုး၊ ငွေရေးကြေးရေး ကြည့်ရတာတစ်မျိုးနဲ့ ဆိုတော့ မသွားဖြစ်ပြန်ဘူး။ ဒီတစ်ခါပိတ်ရက်လေးရတော့ ဘယ်သူသွားသွား၊ မသွားသွား ငါတော့ သွားမယ်ဆိုပြီး သူငယ်ချင်းတွေကိုလိုက်မေးပါတယ်။ တော်တော်များများက အဆင်မပြေဘူး။ သူငယ်ချင်းတစ်ယောက်ကတော့ သူလည်းသွားမယ် လိုက်မယ် ဆိုတာနဲ့ အိုကေ ဒါဆို ငါတို့ နှစ်ယောက် မဖြစ်ဖြစ်အောင်သွားကြမယ်ဆိုပြီး အစီအစဉ် စဆွဲတော့တာပါပဲ။

ဒီတစ်ခေါက်သွားမယ်လို့ ဆုံးဖြတ်လိုက်တဲ့နေရာက ကျွန်တော် နေတဲ့မြို့နဲ့လည်း သိပ်မဝေးတဲ့ Redang Island ကိုပေါ့။ ဒီကျွန်းလေးအကြောင်းကိုက မလေးရှားကိုမလာခင်ကတည်းက အကိုတစ်ယောက်ကပြောလို့ အရမ်းစိတ်ဝင်စားနေခဲ့တာ။ မလေးရှားရဲ့ အလှဆုံးကျွန်းလို့ ပြောကြတယ်လေ။ ဒါနဲ့ အရင်ဆုံး ဘယ်ရက် ဘယ်ရက်သွားမယ်ဆုံးဖြတ်ပြီး အင်တာနက်ကနေ စုံးစမ်းရေး စတင်တော့တာပါပဲ။ သွားဖူးတဲ့သူငယ်ချင်းတွေကိုလည်း မေးရမြန်းရပေါ့။ 

အင်တာနက်ကနေ ကိစ္စအားလုံးပြီးနိုင်ပေမယ့် ပထမဆုံး ခရီးဆိုတော့ အမှားဖြစ်မှာဆိုးတယ် ဆိုပြီး ကျွန်တော် ခရီးသွား အေဂျင်စီ တစ်ခုနဲ့ ချိတ်ြပီး သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အေးဂျင့် အစ်မကြီးကလည်း တော်တော်လေးသဘောကောင်းပါတယ်။ နိုင်ငံခြားသားကျောင်းသားတွေမှန်းသိတော့ သေသေချာချာလေးကို ရှင်းပြပေးတယ်။ အဲဒီတော့မှ ကျွန်တော်တို့သိတာက Redang Island trip တွေက package trip transportation, food, hotel, snorkeling, diving အားလုံးအပြီးအစီးပေါ့။ တော်တော်လေး အဆင်ပြေပြေ စီစဉ်ထားကြတာကို တွေ့ရတယ်။ ကိုယ်က ရော့ အင့် ဆြိုပီးပိုက်ဆံပေးလိုက်ရုံပေါ့။ 
  
Package price တွေက ကိုယ်တည်းတဲ့ ဟိုတယ် အပေါ်မူတည်ပြီး ဈေးကွာတာတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ခေါင်းချင်းဆိုင် ဆုံးဖြတ်ရပြီပေါ့။ သွားမယ့်သွားတော့လည်း ကောင်းကောင်းလေးပဲ နေကြမယ်ပေါ့။ ဖြစ်သလိုကြီးတော့ မလုပ်ချင်ဘူးပေါ့။ အဲလိုနဲ့ နောက်ဆုံး ဟိုတယ် နှစ်ခု ရွေးရတဲ့ အနေအထားဖြစ်လာတယ်။ တစ်ခုက 5 stars ပြီးတော့သူငယ်ချင်းကလည်း recommend ပေးထားတယ်။ တစ်ခုက International Resort association ကနေ “Gold Palm A 5 star Padi Resort” ဆုရထားတဲ့ Redang Beach Resort။ ဆုံးဖြတ်ရခက်နေတယ်။ နောက်ဆုံးတော့ ဆုရထားတဲ့ ဟိုတယ်က 3 days 2 nights package ကိုရွေးဖြစ်သွားတယ်။ အကြောင်းကတော့ တစ်ကျွန်းလုံးက ဟိုတယ်တွေထဲမှာ ဒီဟိုတယ်မှာပဲ DJ နဲ့ beach party ရှိလို့ပါပဲ။ ကျွန်တော် ကရခုန်ရတာ ဝါသနာပါတယ်လေ။

ဒီလိုနဲ့ သွားမယ့်နေ့မနက်ကိုရောက်လာတယ်။ Kuala Terengganu ဆိုတဲ့ကျွန်တော်နေတဲ့ ဆိပ်ကမ်းမြို့လေးရဲ့ Jetty ကနေ Redang Main Isand ကို ပို့ဆောင်ပေးမယ့် Ferry ကို သွားစီးရမှာလေ။ Ferry က မနက် ၉ နာရီ တိတိမှာ ထွက်တာမို့ ကျွန်တော်တို့ Jetty ကို ၈ နာရီခွဲ အရောက်သွားခဲ့ကြတယ်။ သွားမယ့်နေ့ မနက်ကျမှ မိုးတွေရွာတော့ စိတ်တထင့်ထင့်နဲ့ပေါ့။ ဟိုရောက်လို့မိုးရွာနေရင်တော့ ဒုက္ခပဲပေါ့။ ဘုရားကိုလည်း ဆုတောင်းတာအမော။ ပင်လယ်ပြင်ခရီးကို မသွားဘူးတဲ့ကျွန်တော် စိတ်လှုပ်ရှားတာရော ကြောက်တာရောနဲ့ လူက တော်တော်လေးကို ရင်တွေခုန်နေခဲ့တာပေါ့။ 

Jetty ကနေ စပြီး ဟိုတယ်ရဲ့ Package Plan က စတင်ပါတယ်။ Jetty မှာ ဟိုတယ်တွေရဲ့ ကောင်တာတွေ ရှိပါတယ်။ ကိုယ်ဝယ်ထားတဲ့ ဟိုတယ်ရဲ့ ကောင်တာသွားပြီး ဘိုကင်နံပါတ်ပြောလိုက်တာနဲ့ သူတို့က ferry စီးဖို့ Ticket နဲ့ boarding pass ထုတ်ပေးပါတယ်။ ၈ နာရီ ၄၅ မိနစ်မှာ ferry ပေါ်ကို ခရီးသည်တွေ စတက်ပါတယ်။ Ferry က နှစ်ထပ်ရှပ်ပြေးယာဉ်ပါ။ အပေါ်ထပ်ကတော့ VIP ဖြစ်ပြီး အောက်ထပ်ကတော့ economic class ပေါ့။ ကျွန်တော် အဲဒါကိုတွေ့တော့ အော်… လေယာဉ်စီးသလိုပါပဲလားပေါ့။ ကျွန်တော်တို့ကတော့ ရိုးရိုးတန်းကပဲဆိုတော့ အောက်ထပ်မှာပဲ နေရာ ယူရပါတယ်။ Ferry ပေါ်ကိုတက်တော့ မိုးကလည်းရွာထားတော့ crew တွေက ခရီးသည်တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည် တွဲပြီး ခေါ်တာကိုတွေ့ရတယ်။ ခရီးသည်တွေကလည်း လုမတက်ဘဲ စည်းကမ်းရှိရှိ တန်းစီပြီး တက်ကြတယ်။ အော် အတုယူစရာလေးတွေပါလားလို့ ကျွန်တော် မှတ်သားထားလိုက်မိတယ်။

Ferry က ကိုးနာရီတိတိမှာ စထွက်ပါတယ်။ သူများတွေကတော့ မိုးကလည်းရွာထား၊ Ferry ထဲက air con ကလည်း အေးလွန်းတော့ အနွေးထည်တွေဝတ်ပြီး အိပ်ဖို့ပြင်နေကြပါတယ်။ ပင်လယ်ပြင် ခရီးမထွက်ဘူးတဲ့ ကျွန်တော်ကတော့ ကလေးတွေလို ပြတင်းပေါက်ကနေ အပြင်ကိုပဲ ကြည့်နေမိတယ်။ တဖြည်းဖြည်းကမ်းနဲ့ ဝေးလာတော့ တောင်တရုတ်ပင်လယ်ရဲ့ ရေပြင်ကြီးက ပြာလဲ့လာတယ်။ မိုးကလည်း တိတ်သွားပြီမို့ နေရောင်ဖျော့ဖျော့လေးအောက်မှာ ပင်လယ်ပြာပြာကြီးရဲ့ အလှကို ကျွန်တော် စတင်တွေ့လိုက်ရတယ်။ အော် လှလိုက်တဲ့ သဘာဝအလှတရားတွေပါလား လို့ စဉ်းစားမိတယ်။

ပင်လယ်ခရီးအတွေ့အကြုံမရှိလို့လားမသိဘူး၊ ကျွန်တော် နည်းနည်းမူးလာတာနဲ့ ခဏမျက်လုံးမှိတ်ပြီး နားနေလိုက်တယ်။ အဲဒီအချိန်မှာ မလေး ဘာသာစကားနဲ့ crew တစ်ယောက်က စကားပြောတယ် ဘာတွေပြောနေလည်းတော့ နားမလည်ဘူး။ ဒါနဲ့ အဖြူမတစ်ယောက်က English Please လို့ အော်လိုက်တဲ့ အသံ ကြားတော့ အားလုံးဝိုင်းရီကြတယ်။ crew ကလည်း ရီပဲပြပီး သူပြောနေတာကို မလေး လိုပဲ ဆက်ပြောတယ်။ အော် ထူးဆန်းပါပေ့ပေါ့။ ferry ပေါ်မှာ အများစုက တရုတ်တွေ အဖြူတွေနဲ့ တခြားနိုင်ငံခြားသားတွေလေ။

ဒီလိုနဲ့ တစ်နာရီခွဲလောက်ကြာတော့ ကျွန်းကြီးအကြီးကြီးတစ်ခုကို စပြီးတွေ့တော့ ရောက်ခါနီးပြီလို့ သိလိုက်ပါတယ်။ Resort တွေကိုလည်း မြင်ရပြီး ကမ်းခြေကိုလည်းတွေ့နေရပါပြီ။ ခရီးသည်တွေအားလုံးလည်း စိတ်တွေလှုပ်ရှားနေကြပြီး ရွစိရွစိ ဖြစ်နေကြပြီလေ။ ကျွန်တော်တို့ Ferry က ကမ်းခြေအထိ ကပ်လို့မရပါဘူး။ ကမ်းခြေက ရေတိမ်တော့ Ferry က ကမ်းနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်လိုက်ပါတယ်။ ခရီးသည်တွေအားလုံး ကမ်းခြေထိသွားလို့ရအောင် ဇက်တစ်စီးက လာစောင့်နေပါတယ်။ Ferry ပေါ်ကနေ ဇက်ပေါ်ကို အားလုံး ပြောင်းကြရပါတယ်။ ဇက်ပေါ်ရောက်တော့ ပင်လယ်ကြီးရဲ့အလှ၊ ကျွန်းရဲ့အလှ ကို မျက်ဝါးထင်ထင် တွေ့ရပါတော့တယ်။ ဖြူနုနေတဲ့ သောင်ပြင်ကမ်းစပ်နားမှာ စိမ်းပြီး အဝေးမှာ ပြာနေတဲ့ တောင်တရုတ်ပင်လယ်ကြီး။ Resort လှလှ လေးတွေ တန်းစီနေတဲ့ Redang Island.. လှလိုက်တာ ဗျာ။ 

ကမ်းခြေရောက်တော့ သက်ဆိုင်ရာဟိုတယ်တွေက ဧည့်ကြိုတွေကလာကြိုနေကြတော့ ကိုယ် booking လုပ်ထားတဲ့ဟိုတယ်ကိုအလွယ်တကူ သွားလို့ရတာပေါ့။ ကျွန်တော်တို့က Redang Beach Resort ဆိုတော့ လာကြိုတဲ့ ဧည့်ကြိုလေးနောက်ကို လိုက်သွားပြီး check – in လုပ်ပါတယ်။ သက်ဆိုင်ရာ အခန်းသော့ နဲ့ every meal time အတွက် ticket ပေးပါတယ်။ check in time ခရီးသည်တွေအားလုံးအတွက် တစ်နာရီပေးထားပါတယ်။ ကျွန်တော်ကတော့ check in လုပ်ပြီးတာနဲ့ သူများတွေကို စောင့်နေတုန်း အထုတ်ကိုချပြီး ကမ်းခြေကို ပြေးပြီး ဓါတ်ပုံရိုက်တော့တာပါပဲ။ ခရီးသည်တွေအားလုံး check in လုပ်ပြီးတော့ package plan မှာ ပါတဲ့ အစီအစဉ်တွေ အတွက် briefing ပေးပါတယ်။ အဲဒီနေရမှာလဲ ထူးဆန်းတာတစ်ခုကို တွေ့ရပါတယ်။ briefing ကို အင်္ဂလိပ်လိုနဲ့ တရုတ်မန်းဒရင်းလို နှစ်မျိုးပြောပါတယ်။ မလေး ဘာသာစကားနဲ့ မပြောပါဘူး။ အဲဒီတော့ ပါလာတဲ့ မလေးတွေက ကျွန်တော်တို့လို နိုင်ငံခြားသားတွေနဲ့ရောပြီး English briefing ကို နားထောင်ရပါတယ်။ တချို့သေချာနားမလည်တဲ့သူတွေက နောက်တော့မှ မလေးလို သွားမေးကြတာ တွေ့ရပါတယ်။ ၀န်ထမ်းတော်တော်များများက တရုတ်လူမျိုးတွေများပြီး အားလုံးနီးပါး English စကားကို ပီပီသသ ရေရေလည်လည် ပြောတတ်တာ တွေ့ရပါတယ်။ Singlish အသံထွက်နေတာမျိုးလည်း မရှိပါဘူး။ Briefing ပြီးတော့ ၁၂ နာရီထိုးခါနီးပြီဆိုတော့ အခန်းကို မသွားသေးဘဲ plan အစီအစဉ်အရ Buffet Lunch စားဖို့ သွားပါတယ်။

Dining hall ရောက်တော့ ဧည့်ကြိုဝန်ထမ်း ကို အခုစားမယ့် Lunch အတွက် ticket ပေးရပါတယ်။ သူက ticket မှာ tick လုပ်ပြီးမှတ်ပါတယ်။ ပြီးတာနဲ့ ကျွန်တော်တို့လည်း ဗိုက်ကတော်တော်လေး ဆာနေတာမို့ ဟိုတယ်ကကျွေးတဲ့ ပထမဆုံး Lunch ကို အားရပါးရ တွယ်ပါတော့တယ်။ Buffet မို့လို့ ကိုယ်စားချင်သလောက် စားချင်တာကို အ၀စားလို့ရပါတယ်။ Buffet ဆိုတဲ့အတိုင်း အစားအသောက်တွေက တော်တော်လေးကို စုံပါတယ်။ များသောအားဖြင့် တရုတ်အစားအစာ များပါတယ်။ တော်တော်လေးလည်း စားကောင်းပါတယ်။  ၀န်ထမ်းတွေကလည်း လိုလေးသေးမရှိအောင် ဂရုစိုက်ကြပါတယ်။ ဟင်းတွေကိုလဲ အလျှော့မခံဘဲ refill ကို တစ်ချိန်လုံးဖြည့်နေပါတယ်။ စားနေတုန်းမှာလည်း စားပွဲတစ်ခုချင်းစီကို ဘာလိုအပ်ပါသလဲဆိုပြီး လိုက်မေးပါတယ်။ မမေးခင် တရုတ်လိုပြောရမလား၊ English လိုပြောရမလား အရင်မေးပါတယ်။ ကျွန်တော်တို့ အလှည့်ရောက်တော့ ထုံးစံအတိုင် ဘယ်နိုင်ငံကလဲလို့ မေးပါတယ်။ ကိုယ်တွေကလည်း ထုံးစံအတိုင်း We are from Myanmar ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ပြောပါတယ်။ ကိုယ့်နိုင်ငံဘာဖြစ်ဖြစ် သူများနိုင်ငံမှာ ဘယ်ကလဲလို့ အမေးခံရတိုင်း I am from Myanmar လို့ ပြောရတာကို အရမ်းဂုဏ်ယူပါတယ်။ 

ဝန်ထမ်းအစ်မကြီးက သူတို့ဆီမှာ မြန်မာဝန်ထမ်းတွေ အများကြီးရှိတယ်လို့ ပြန်ပြောတော့ ငါတို့ ဘယ်နေရာသွားသွား ငါတို့လူမျိုးရှိတယ်ဆိုပြီး ကြံဖန် ဂုဏ်ဆာလိုက်ပါသေးတယ်။ စားသောက်ပြီးတော့ အခန်းကို သွားပြီး အနားယူပါတယ်။ နေ့လည် ၂ နာရီခွဲမှ first snorkeling စမှာမို့ တစ်နာရီခွဲလောက် နားချိန်ရပါတယ်။ လေးခန်းတွဲနှစ်ထပ်ဘန်ဂလိုလေးတွေမှာ ကျွန်တော်တို့ အခန်းက ၀င်ဝင်ချင်းအောက်ထပ်မှာ ဆိုတော့ လှေခါးတက်ရတာပျင်းတဲ့ ကျွန်တော် တော်တော်လေးကျေနပ် သွားပါတယ်။  ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က  ကျယ်ကျယ်ဝန်းဝန်းနေချင်လို့ သုံးယောက်ခန်းကို ယူထားတော့ အခန်းက တော်တော်လေး ကျယ်ပါတယ်။

ပစ္စည်းတွေနေရာချပြီးတော့ စိတ်စောနေတဲ့ကျွန်တော် အခန်းထဲမှာ မနေချင်တော့ပါဘူး။ အပြင်ထွက်ပြီး ပင်လယ်လေကို တစ်ဝကြီးရှူပြီး သဘာဝအလှတရားတွေကို ကြည့်ချင်နေပြီလေ။ ဒီလိုနဲ့ အပြင်ထွက် snorkeling လုပ်ဖို့ snorkeling accessories တွေကို အရင်ဆုံးငှားပါတယ်။ package မှာ ဒီ accessories တွေမပါတဲ့အတွက် ငှားရတာပါ။ Life jacket နဲ့ mask နှစ်မျိုးကို ၃ရက်စာအတွက် ရင်းဂစ် ၃၀ ပေးရပါတယ်။ ပစ္စည်းတွေငှားပြီးတော့ ကမ်းခြေလေးမှာ ဟိုတယ်ကချထာပေးတဲ့ ခုံလေးပေါ် ထိုင်ပြီး ကျွန်တော် လူတွေကိုကြည့်လိုက် ပင်လယ်ကြီးကိုကြည့်လိုက်နဲ့ အချိန်တွေကို မေ့သွားပါတယ်။

ခဏကြာတော့ snorkeling point ကနေ ခရာမှုတ်ပါတယ်။ first snorkeling အတွက်လူစုတာပါ။ လူစုံတော့ snorkeling briefing စပြောပြတယ်။ ထုံးစံအတိုင်း တရုတ်လိုပဲပြောပါတယ်။ ကျွန်တော်လည်း နားလည်တစ်ချက် နားမလည်တစ်ချက်နဲ့ လိုက်နားထောင်ရပါတယ်။ တရုတ်လိုပြောပြီးတော့ ကျွန်တော်က English Please လို့ပြောတော့မှ သူတို့က English Briefing နားထောင်မယ့်သူဘယ်နှစ်ယောက်ရှိလဲ မေးပါတယ် ကျွန်တော်တို့ နှစ်ယောက်အပါအ၀င် ကိုးယောက်ရှိပါတယ်။  Rules and Regulations ကို အရင်ဆုံးပြောပါတယ်။ ပြီးတော့ safety ပြောပါတယ်။  နောက်ထပ် ကျွန်တော် သဘောကျတာ တစ်ခုထပ်တွေ့ရပါတယ်။ snorkeling instructor ရဲ့ အရည်အချင်းပါ။ သူတို့တွေ ဘာသာစကား ၄ မျိုးလောက်ကို ပီပီပြင်ပြင် ပြောနိုင်ပါတယ်။ ပြီးတော့ စိတ်ရှည်ရှည်နဲ့ ရီစရာ နှောပြီး နားလည်အောင် ပြောပါတယ်။ ဧည့်သည်တွေကလည်း နားမလည်မချင်းမေးပါတယ်။ ကျွန်တော်တို့က ပင်လယ်ထဲမှာ snorkeling လုပ်ရမှာဆိုတော့ သူတို့ဘယ်လောက်ပြောပြော ကိုယ်က မလိုက်နာတာနဲ့ ကိုယ်ဒုက္ခရောက်မှာပါ။ ကျွန်တော်လည်း မကြုံဘူးသေးတဲ့ အတွေ့အကြုံအသစ်အတွက် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။

Briefing ပြီးတော့ snorkeling လုပ်မယ့် နေရာကိုသွားဖို့ အုပ်စုသုံးခုခွဲပြီး သက်ဆိုင်ရာ Boat ပေါ်ကို တက်ကြပါတယ်။ Boat စထွက်တော့ ကျွန်တော့ စိတ်တွေ အရမ်းလွတ်လပ်ြပီး လှုပ်ရှားနေပါတယ်။ ပင်လယ်ထဲမှာ အခုလို boat နဲ့ သွားတာ ရုပ်ရှင်တွေထဲမှာပဲမြင်ဘူးတာဆိုတော့ ခု တော်တော်လေးကို ပျော်နေမိပါတယ်။ ပင်လယ်ပြင်ကြီးကလည်း ပြာလဲ့ပြီး ကြည်လင်နေပါတယ်။ ပင်လယ်ပြင်ကို တိုက်လာတဲ့လေကလည်း သန့်ရှင်းလတ်ဆတ်နေပါတယ်။ နာရီဝက်လောက် သွားအပြီးမှာ ကျွန်တော်တို့ snorkeling လုပ်မယ့် နေရာ ကျွန်းကို ရောက်ပါတယ်။ snorkeling မလုပ်ခင် safety rules and regulations ကို ထပ်ပြောပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ရေထဲကို ခုန်ချကြပါတယ်။

ရေထဲရောက်ရောက်ချင်းပဲ စမြင်ရတာက သန္တာကျောက်တန်းတွေနဲ့ ကျောက်ခက်တွေပါပဲ။ လှလိုက်တာ။ အိမ်တွေမှာ အလှထားတဲ့ ငါးကန်အကြီးကြီးထဲကို ရောက်နေသလို ခံစားလိုက်မိတယ်။ ခဏနေတော့ ရောင်စုံငါးလေးတွေကို တွေ့ရပါတယ်။ သဘာဝအလျှောက် သူတို့ နေထိုင်သွားလာ လှုပ်ရှားနေတာတွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့မှ အော် ငါတို့ ဒီသဘာဝအလှတရားတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိ ပိုဝင်လာပါတယ်။ ပင်လယ်အောက်ထဲမှာ လှပတဲ့ သဘာဝအလှတရားတွေနဲ့ အတူတွေ့ရတာက ကြောက်စရာကောင်းတဲ့ ပလက်စတစ်အပိုင်းအစတွေပါ။ ဒီအရာတွေက ကမ္ဘာတည်သရွေ့ရှိနေမှာ ဖြစ်ပြီး eco system ကိုပျက်စီးစေမယ့်အန္တရာယ်တွေပါ။ ကျွန်တော်တို့ အားလုံး ဒီပလက်စတစ်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ လိုပါတယ်။

ပင်လယ်ရေအောက်မှာရှိတဲ့ သဘာဝတရားတွေကို တမေ့တမော ကြည့်နေရလို့ အချိန်တွေ ကုန်သွားတာတောင် မသိလိုက်ပါဘူး။ နားထဲမှာ ခရာမှုတ်သံကြားတော့မှာ instructor တွေ ဟိုတယ်ဆီပြန်ဖို့ အချက်ပေးနေပြီဆိုတာ သတိရလိုက်ပါတယ်။ ဒါနဲ့ပဲ Boat ပေါ်ပြန်တက်ပြီး ဟိုတယ်ဆီကိုပြန်ခဲ့ကြပါတယ်။ Boat ပေါ်ရောက်တော့ တစ်ယောက်တစ်မျိုး တွေခဲ့ကြတာတွေ ကို ပြန်ပြောနေကြတာ ဆူညံနေတာပါပဲ။ ညနေ ၄နာရီခွဲမှာ ဟိုတယ်ကိုပြန်ရောက်ြပီး ဟိုတယ်က ဧည့်ခံတဲ့ ကော်ဖီ နဲ့ မုန့် ကို ဆာဆာနဲ့ တ၀တပြဲ စားကြပါတယ်။ ၅ နာရီနောက်ပိုင်း ညနေတစ်ခင်းလုံးကတော့ ခရီးသည်တွေရဲ့ ကိုယ်ပိုင်အချိန်ဖြစ်သွားပါပြီ။ ကမ်းခြေမှာပဲရေကူးကူး ကျွန်းတစ်လျှောက်လမ်းပဲလျှောက်လျှောက် ကိုယ်နှစ်သက်ရာကို လုပ်နိုင်တဲ့ အချိန်ပေါ့။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ခရီးပင်ပန်းတာရယ်၊ snorkeling လုပ်ထားတာကြောင့် ပင်ပန်းနေတာရယ်နဲ့ အခန်းပြန်ပြီး အနားယူခဲ့ကြပါတယ်။

ညနေ ၇ နာရီမှာ ညစာစားရမှာမို့ ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဓါတ်ပုံလည်း ရိုက်ချင်တာကြောင့် ၆ နာရီလောက်မှာ အပြင်ပြန်ထွက်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်ကြပါတယ်။ အဲဒီမှာလည်း ထူးဆန်းတာတစ်ခုတွေ့ရပါတယ်။ ကျောက်ဆောင်တစ်ခုမှာ မြန်မာစာနဲ့ ငါးမမျှားရ ဆိုပြီးရေးထားတာကိုပါ။ ကျွန်တော်လည်း အမှတ်တရအနေနဲ့ အဲဒီစာသားနဲ့ ဓါတ်ပုံရိုက်ရင်း အော် ငါတို့ မြန်မာတွေ ဘယ်နေရာသွားသွားရှိနေပါလား ဆြိုပီး စဉ်းစားမိပါတယ်။ ၇ နာရီထိုးတော့ ညစာ စားပါတယ်။ အဲဒီမှာ ဟိုတယ်က မြန်မာဝန်ထမ်းအကိုကြီးတစ်ယောက် လာနှုတ်ဆက်ပါတယ်။ ကျွန်တော်တို့လည်း ၀မ်းသာအားရ စကားတွေပြောကြပေါ့။ သူ့ကိုလည်းမေးစရာတွေ မေးပေါ့။ သူရောက်နေတာ ၅ နှစ်ရှိပြီ ဒီကျွန်းပေါ်ကလွဲပြီး ဘယ်မှ မရောက်ဖူးဘူးတဲ့။ မော်လမြိုင်ဘက်က လို့ ပြောပါတယ်။ သူ နောက် တစ်လ နှစ်လလောက်နေပြီးရင် အပြီးပြန်တော့မယ်။ ဒီမှာ နှိမ်ခံရတယ်လို့ ပြောပါတယ်။ ကျွန်တော် တစ်ခုစဉ်းစားမိတာက ငါတို့ မြန်မာတွေက လူတကာနဲ့ ရင်ဘောင်တန်းနိုင်တယ်။ သူများတွေထက် သာအောင် အလုပ်လုပ်နိုင်တယ်။ ဒါနဲ့များတောင် နိုင်ငံခြားတိုင်းပြည်တွေရောက်ရင် ဘာလို့ မြန်မာလို့ပြောလိုက်တာနဲ့ နှိမ်ချင်ရတာလဲ၊ အထင်သေးချင်ရတာလဲ၊ ဘာကြောင့်လဲပေါ့။ ကျွန်တော်ကတော့ နိုင်ငံခြားတိုင်းပြည်တွေ ရောက် တိုင်း နိုင်ငံခြားသားတွေနဲ့တွေ့တိုင်း မြန်မာလို့ ရဲရဲဝင့်ဝင့်ပြောပြီး သူတို့ အရင်တုန်းက သိထား ကြားထား မြင်ဘူးထားတဲ့ မြန်မာတွေဆိုတာ အမှန်မဟုတ်ဘူးဆိုပြီး သက်သေပြနိုင်အောင် ကြိုးစားခဲ့တယ်။ အခုလည်း သူကအဲလိုပြောလိုက်တော့ ကျွန်တော် သွေးနည်းနည်း ဆူသွားတယ်။ အလုပ်လုပ်ကြတာချင်း တူတူ ဘာလို့နှိမ်ချင်ရတာလဲပေါ့။ ဒါပေမယ့် အော် ငါ အပျော်ခရီးထွက်လာတာ စိတ်ညစ်ခံလို့ မဖြစ်သေးပါဘူးဆြိုပီး စိတ်လျှော့လိုက်ပါတယ်။ ဟိုတယ်က ကျွေးတဲ့ Buffet dinner က ကောင်းလွန်းတာကြောင့် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် unplugged နားထောင်ရင် ဘီယာသောက်မယ့် အစီအစဉ်ကို ဖျက်ပြီး dinner ကို တ၀စားခဲ့ကြပါတယ်။  ခဏနေတော့ မိုးတွေလဲရွာလာတာနဲ့ လူက ဗိုက်တင်းပြီး အိပ်ချင်လာလို့ စောစောစီးစီးပဲ အိပ်ယာဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Redang Isand trip ရဲ့ ပထမနေ့ ကတော့ အမှတ်တရများစွာနဲ့ ကုန်လွန်သွားခဲ့ပါတယ်။

နောက်နေ့ မနက် ၅ နာရီခွဲလောက်ကျတော့ ကျွန်တော့သူငယ်ချင်းက နှိုးပါတယ်။ စောစောစီးစီး ကမ်းခြေမှာ လမ်းလျှောက်ရအောင်တဲ့။ ဒါနဲ့ မျက်နှာသစ် အ၀တ်အစားလဲပြီး Breakfast စားဖို့ပါ တစ်ခါတည်းထွက်ခဲ့ပါတယ်။ မနက်ခင်း ပင်လယ်ပြင်ရဲ့အလှဟာလည်း ရှုမငြီးဘွယ်ရာပါပဲ။ ဟိုးအရှေ့ဘက် မိုးကုတ်စက်ဝိုင်းကြီးကနေ နေလုံးကြီးထွက်လာတာကို ကြည့်ရတာ ဘာနဲ့မှ မတူတဲ့ သဘာဝအလှတရား တစ်ခုပါပဲ။ ဒီလိုနဲ့ လမ်းလျှောက်ပြီး ၇ နာရီခွဲတော့ Breakfast စားပါတယ်။ Breakfast Buffet ကလည်း စားစရာအမယ်တွေ စုံလွန်းတာကြောင့် ဘာစားရမှန်းကို မသိနိုင်အောင်ပါပဲ။ မြန်မာဝန်ထမ်း အကိုကြီးကတော့ ကျွန်တော့ကို ကြက်ဥ omelet စားဖို့ ပြောပါတယ်။ အရမ်းကောင်းတယ်တဲ့။ သူကတော့ မြန်မာပီပီ စေတနာကောင်းကောင်းနဲ့ ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ် စား စားဆိုပြီး ပြောရှာပါတယ်။ ကျွန်တော့စိတ်ထဲမှာတော့ အစ်ကိုရယ် ကောက်ညှင်းပေါင်းကို ငါးခြောက်ဖုတ်လေးနဲ့ စားလိုက်ချင်တာပါပဲ။ ဒီဟာတွေမစားရလည်း ဘာမှ မဖြစ်ပါဘူး လို့ ပြန်ပြောနေမိတယ်။ အော် ဘယ်နေရာရောက်ရောက် ဘာတွေပဲ စားရစားရ ကိုယ့်မြန်မာ အစားအစာတွေလောက်ကို စားမကောင်းပါလားနော်လို့ စဉ်းစားမိပါသေးတယ်။

မနက်စာစားပြီးတော့ ၉ နာရီခွဲမှာ ဒုတိယနေ့ snorkeling စမှာမို့ snorkeling point ကို တန်းသွားခဲ့တယ်။ ဒီနေ့ မနက်ပိုင်းအစီအစဉ်က Redang Island ရဲ့ Marine park ကိုသွားရမှာလို့သိရပါတယ်။ ပင်လယ်ရေအောက် သဘာဝအလှတရားတွေကို သဘာဝအတိုင်း ထိန်းသိမ်းထားပြီး လူတွေကြည့်နိုင်အောင် သဘာဝငါးပြတိုက်ကြီးလို လုပ်ထား တဲ့နေရာတဲ့။ ကြားရာတာနဲ့တင် စိတ်ဝင်စားသွားပြီး အရမ်းကို သွားချင်စိတ်တွေ စောလာပါတယ်။ ဒီလိုနဲ့ ၉ နာရီခွဲတော့ အုပ်စု ၃ စုခွဲပြီး စက်လှေ ၃ စင်းနဲ့ စတင် ထွက်ပါတော့တယ်။  ပင်လယ်ခရီးကို စက်လှေနဲ့သွားရတဲ့ ခံစားချက်ကို တော်တော်လေး ကြိုက်နှစ်သက်သွားပါတယ်။ ကိုယ့်ကိုကိုယ်လည်း ပင်လယ်ပျော်ရေလုပ်သားလို ခံစားမိသေးတယ်။

Maring Park လုပ်ထားတဲ့ကျွန်းကို စက်လှေနဲ့ ၄၅ မိနစ်လောက်သွားရပါတယ်။ ကျွန်းကိုရောက်တော့ သက်ဆိုင်ရာဟိုတယ်တွေအတွက် စုရပ်နေရာလေးတွေကို သီးသန့်စီ လုပ်ပေးထားတာတွေ့ရပါတယ်။ ကျွန်တော်တို့လဲ ကိုယ့်ဟိုတယ်စုရပ်ဆီသွားပြီး instructor တွေရဲ့ briefing ကိုနားထောင်ရပါတယ်။ Briefing အစကို ဒီ Marine park ရဲ့ Rules and Regulations နဲ့ဘဲစပါတယ်။ ကျွန်တော်တို့ရေအောက်ထဲက ကျောက်တုန်းလေးတစ်တုံးကိုတောင် ယူခွင့်မရှိပါဘူး။ အဲဒီမှာ နောက်တစ်ခုကျွန်တော်သွား သတိရပါသေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ ချောင်းသာလိုနေရာမျိုး သွားရင် အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ အများဆုံးတွေ့ရတာ ကျောက်ခက်တွေ သန္တာကျောက်တွေပါ။ ဒီမှာ သူတို့က ကျောက်ခက်မပြောနဲ့ကျောက်တုံးတောင် ယူလို့မရ ပါဘူး။ ရေအောက်ထဲက သန္တာကျောက်တန်းတစ်ခုဖြစ်ဖို့ နှစ်တွေအများကြီး အချိန်ယူရတာလေ။ သူတို့ကတော့ ဒီလိုအရာတွေကို ဥပဒေနဲ့ကိုတားမြစ်ထားတာပါ။ ကျွန်တော်တို့ဆီမှာလဲ ဒီလိုဥပဒေတွေရှိလားမရှိလားတော့မသိပါဘူး။ လုံခြုံရေးရဲတွေကလည်း ကျွန်းတစ်လျှောက်မှာ ရှိနေပါတယ်။ ငါးတွေကိုအစားကျွေးလို့မရပါဘူး။ တချို့ဧည့်သည်တွေက ငါးတွေကိုယ့်နား လာအောင် ပေါင်မုန့်တွေ ယူလာပြီးကျွေးကြပါတယ်။ ရေထုကိုညစ်ညမ်းစေတာမို့ ခွင့်မပြုပါဘူးတဲ့။ instructor တွေက တားမြစ်ထားတဲ့နေရာတွေကို မသွားဖို့ နဲ့ ရေအောက်ထဲမှာ ဘယ်နေရာကိုသွားရင် ဘာရှိတယ်ဆိုတာကို ပြောပြပါတယ်။ briefing ပြီးတာနဲ့ ကျွန်တော်တို့ အားလုံး ရေထဲ စဆင်းကြ ပါတယ်။ ရေထဲရေတာနဲ့ တစ်ပြိုင်နက်တည်း ငါးလေးတွေကို တန်းမြင်ရပါတယ်။ ကမ်းစပ်နဲ့ နီးတဲ့ နေရာမှာတွေ ငါးလေးတွေက အစုံရှိပါတယ်။ ကျွန်တော်တို့စားတဲ့ ငါးမုန့်ငါးလို ငါးပြားပြားလေးတွေကို အများဆုံးတွေ့ရပါတယ်။ အရောင်တွေကတော့ စုံနေတာပါဘဲ။ တစ်ချို့ငါးလေးတွေက မိန်းကလေးတွေ မျက်လုံးမှာ အိုင်းရှဲဒိုးကာလာစုံ ဆွဲထားသလို သူတို့မျက်လုံးတေးတွေမှာလည်းအရောင်စုံလေးတွေနဲ့။ ငါးလေးတွေနဲ့ အတူတွေ့ရသေးတာက ပြည်ကြီးငါးလေးတွေပါ။ တော်တော်လေး လှပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ပြည်ကြီးငါးက အဖြူရောင်လေးတွေပါ။ အခုမြင်ရတာက အပြာလေးတွေ လည်းပါတယ်။ အညိုလေးတွေရော။ ချစ်စရာလေးတွေပါ။ ရေအောက် ကျောက်ခက်တွေ ရယ်၊ ကျောက်တန်းတွေရယ်ကတော့ ရှုမငြီးနိုင်အောင်ကို အရောင်စုံလှပါတယ်။

 အဲဒီအချိန်မှာခေါင်းထဲရောက်လာတာက ဓါတ်ပုံရိုက်ဖို့ပေါ့။ ရေအောက်ထဲက အလှတရားတွေနဲ့ ဓါတ်ပုံရိုက်ဖို့ အတူပါလာတဲ့ ဟိုတယ်က ရေအောက် ဓါတ်ပုံစရာကိုရှာရပါတယ်။ သူ့နားမှာလည်း ကျွန်တော်တို့လို ဓါတ်ပုံရိုက်တဲ့သူတွေ ၀ိုင်းဝိုင်းကိုလည်နေတာပါပဲ။ ကိုယ့်အလှည့်ရောက်ဖို့ ကို တော်တော်လေးစောင့်လိုက်ရပါတယ်။ သူကလည်း စောင့်ရကျိုးနပ်အောင် စိတ်ရှည်လက်ရှည်နဲ့ ကိုယ် ရေအောက်ထဲမှာ အိုက်တင်အမျိုးမျိုးကိုပါ လုပ်ပြရင်းရိုက်ပေးပါတယ်။ အော် သူတို့ဆီက လူတွေက ကိုယ်လုပ်တဲ့အလုပ်ကို တန်းဖိုးထားပြီး အလုပ်မှာလဲကျွမ်းကျင်ကြပါလားလို့ သတိပြုမိပါတယ်။

ဒီလိုနဲ့ ငါးတွေကိုကြည့်လိုက် သန္တာကျောက်တန်းတွေကိုကြည့်လိုက်နဲ့ ကုန်းပေါ်က time up time up လို့ အော်သံကြားတော့မှ အချိန်တွေ ကုန်သွားတာကို သတိထားမိပါတယ်။ အော်မြန်လိုက်တာလို့။ ဒီလိုနဲ့ စက်လှေပေါ်ပြန်တက်ပြီး Main Island ကို ပြန်ခဲ့ကြပါတယ်။ နှစ်နာရီလောက် ရေငုပ်ခဲ့တာကြောင့် ဗိုက်ကလည်း တော်တော်လေးကို ဆာနေပါပြီ။ ဟိုတယ်ရောက်တော့ အကုန်လုံးအခန်း မပြန်ကြဘဲ ရေစိုတွေနဲ့ နေ့လည်စာ Buffet ကို အားရပါးရ စားကြပါတယ်။ ဟိုတယ်ကကျွေးသမျှ အစားအစာတွေက တော်တော်လေး လတ်လတ်ဆတ်ဆတ်ရှိပြီး စားကောင်းလှပါတယ်။ စားပြီးသောက်ပြီးလို့ အချိုပွဲစားနေတုန်း Instructor တွေကလာပြောပါတယ်။ နေ့လည် ၂ နာရီခွဲမှာ last snorkeling စမယ်တဲ့။ ဒီတစ်ခါ NEMO ငါးလေးတွေရှိတဲ့နေရာကိုသွားရမှာလို့ပြောပါတယ်။ ကျွန်တော် ရင်တွေခုန်သွားပါတယ်။ NEMO လေးတွေကို အပြင်မှာ အလှမွေးငါးကန်ထဲမှာသာမြင်ဘူးတာလေ။ ဒီလိုသဘာဝအလျှောက်မြင်ရမယ်ဆိုတော့ အရမ်းပျော်သွားပါတယ်။

သူငယ်ချင်းကတော့ ခဏနားချင်တယ်တဲ့ ကျွန်တော်ကတော့ အခန်းထဲမှာမနေချင်တာကြောင့် ကမ်းခြေမှာ ရှိတဲ့ ပိုက်ပုခက်ပေါ်မှာပဲ အနားယူရင်း နေခဲ့ပါတယ်။ ကျွန်တော့လိုပဲ အခန်းမပြန်ဘဲ ကမ်းခြေမှာနေခဲ့တဲ့ တစ်ဖွဲ့ရှိပါတယ်။ သူတို့ကတော့ အုပ်စုတောင့်တော့ ရီကြမောကြနဲ့ ဆူညံနေတာပါပဲ။ ကျွန်တော်လည်း သူတို့ကိုမြင်တော့ ငါလည်း ငါ့သူငယ်ချင်းတွေသာပါလာရင်သူတို့လိုပဲနေမှာ ဆိုပြီး ရန်ကုန်က သူငယ်ချင်းတွေကို သတိရသွားပါတယ်။

ဒီလိုနဲ့ နှစ်နာရီခွဲတော့ နေ့လည်ပိုင်း snorkeling ထွက်ခဲ့ကြပါတယ်။ ဒီတစ်ခါ သွားတဲ့ကျွန်းက ရေနက်ပိုင်းမှာရှိလို့ စက်လှေတွေကို ကျွန်းကို ၀ိုင်းထားပြီး ကျွန်းနဲ့ စက်လှေကြားမှာရှိတဲ့ ရေပြင်မှာသာ snorkeling လုပ်ခိုင်းပါတယ်။ ရေထဲဆင်းလိုက်တာနဲ့ မတူညီတဲ့ သဘာဝအလှတရားတွေက စောင့်နေပါတယ်။ ငါးကောင်ရေအများကြီးပါတဲ့ငါးအုပ်တွေကလည်း ကိုယ်နဲ့အတူရေလိုက်ကူးကြပါတယ်။ ငါးလေးတွေက အရမ်းချစ်စရာကောင်းပါတယ်။ သူတို့အတူရေလိုက်ကူးနေတော့ ကိုယ့်ကိုကိုယ်လည်း ငါးလေးတစ်ကောင်လိုပဲ ခံစားမိပါတယ်။ ခဏနေတော့ instructor တစ်ယောက်ရဲ့ အချက်ပေးတာကို ကြားတော့ သူ့ဆီကိုအားလုံးက ရေကူးသွားပါတယ်။ NEMO.. instructor က NEMO ငါးလေးတွေကို ရှာတွေ့သွားလို့ကျွန်တော်တို့အားလုံးကို အချက်ပေးတာပါ။ လှလိုက်တာ နီမိုလေးတွေ သူတို့တွေက ရေအောက်ထဲမှာရေကူးနေကြတာမဟုတ်ဘဲ ရေမှော်လေးတွေကြားထဲမှာပါ နေကြတာပါ။ ခေါင်းလေးတွေထွက်လာလိုက်ပြန်ဝင်သွားလိုက်နဲ့ ကြည့်ရတာ အရမ်းချစ်စရာကောင်းပါတယ်။ သူတို့လေးတွေရဲ့ အရောင်တောက်တောက်လေးက လည်း ရေအောက်ထဲမှာတော်တော်လေး တောက်ပပြီးဆွဲဆောင်မှုရှိလှပါတယ်။ ကျွန်တော်လည်း သဘောကျလွန်းတာကြောင့် တခြားနေရာတွေမသွားတော့ဘဲ NEMO လေးတွေနားမှာပဲ ပြန်တဲ့အထိ နေခဲ့ ပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်တော့ ကျွန်တော်လည်း NEMO လေးတွေကိုနှုတ်ဆက်ပြီး စက်လှေ ဆီ ပြန်ခဲ့ပါတယ်။

ဟိုတယ်ပြန်ရောက်တော့ tea time ဟိုတယ်က ဧည့်ခံတဲ့ မုန့်တွေစားပြီး အနားယူပါတယ်။ လူက နှစ်ရက်ဆက်တိုက် လေ ရေ နေ နဲ့ထိထားတော့ အသားတွေလည်း တော်တော်လေး ကိုလောင်နေပါပြီ။ လူလည်းနည်းနည်းတော့ ပင်ပန်းတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ဒီနေ့ည DJ ရှိတယ်လို့ သိလိုက်ရတော့ ကရခုန်ရတာ ကြိုက်တဲ့ကျွန်တော် ၀မ်းသာသွားပါတယ်။

ညကျရင် ကဲနိုင်အောင် အခုတော့ ခဏနားမှ ဖြစ်မယ်ဆိုပြီး အခန်းကိုပြန် တရေးတမောအိပ်ပြီး အနားယူပါတယ်။ ည ၇ နာရီထိုးတော့ သူငယ်ချင်းနှစ်ယောက် ညစာစားဖို့ ထွက်ခဲ့ပါတယ်။ ဒီနေ့ DJ ရှိတော့ ညစာသိပ်မစားဘဲ နည်းနည်းပါးပါးသောက်ကြမယ်လို့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ထားကြ ပါတယ်။ 

ညစားစားမယ့်နေရာရောက်တော့ ဒီနေ့ ညစာက BBQ party ပါတဲ့ ကိုယ်ကြိုက်တာကိုယ်ယြူပီး ကင်စားရမှာပေါ့။ BBQ ကြိုက်တဲ့ကျွန်တော့အတွက် တော်တော်လေးအဆင်ပြေသွားပါတယ်။ BBQ တွေနဲ့ အတူ pasta ကိုပါ တွဲထားတော့ Pasta သရဲကျွန်တော့အတွက် ဒီည ညစာလျှော့စားဖို့ မဖြစ်နိုင်တော့ပါဘူး။

ညစာစားပြီးတော့ ဟိုတယ် ရဲ့ unplugged live show အစီအစဉ်က စနေပါပြီ။ ကျွန်တော်တို့ နှစ်ယောက်လည်း vodka iced one basket မှာပြီး live show အစီအစဉ်နဲ့ အတူကျွန်တော်တို့နှစ်ယောက်ရဲ့ သောက်တဲ့ အစီအစဉ်ကိုလည်း စတင်လိုက်ပါတယ်။ unplugged အဆိုတော်တွေက English သီချင်း တရုတ်သီချင်းတွေကို တစ်လှည့်စီ ဆိုကြပါတယ်။ အသံတွေတော်တော်လေးကောင်းပြီး English သီချင်းတွေ ဆိုတော့လည်း တော်တော်လေး ပီပီသသနဲ့ ဆိုနိုင်ကြပါတယ်။ အဆိုတော်တွေက တရုတ်လုပ်လူမျိုးတွေပါပဲ။

ဒီလိုနဲ့ ည ၁၀ နာရီခွဲတော့ Unplugged အစီအစဉ်ပီးဆုံးပြီး DJ စပါတယ်။ လူတွေတော်တော်များများလည်း ကောင်းနေကြပါပြီ။ စဖွင့်ခါစမှာ Dancing floor မှာလူသိပ်မရှိပေမယ့် DJ ကိုယ်တိုင်ဆင်းလာပြီးကတဲ့အခါမှာတော့ Dancing floor မှာလူပြည့်သွားပါတော့တယ်။ ကျွန်တော်လည်း မနေနိုင်တော့ဘဲ အားလုံးနဲ့ အတူ dancing floor မှာ သွားကပါတယ်။ သူငယ်ချင်းကတော့ သောက်ရင်းနဲ့ ထိုင်ကြည့်တာပဲကြိုက်တယ်ဆိုလို့ နေခဲ့ပါတယ်။

ည ၁၂ နာရီကျော်တော့ ငါတို့ မနက် ပြန်မှာ နားမှဖြစ်တော့မယ်၊ လူကလည်း တော်တော်လေး မူးနေပြီဆိုတော့ အခန်းပြန်ခဲ့ပါတယ်။ နောက်နေ့မနက် Breakfast စား ၁၀ နာရီထိုးတော့ check out လုပ် အမှတ်တရပစ္စည်းဆိုင်မှာ သူငယ်ချင်းတွေအတွက် အမှတ်တရ သော့ချိတ်လေးတွေ ၀ယ်ပြီး ၁၁ နာရီထိုးတော့ Redang Island ကနေပြန်ခဲ့ပါတော့တယ်။

ကျွန်တော့အတွက် ဒီတစ်ခါ Redang Island trip က တော်တော်လေးအမှတ်တရများစွာနဲ့ အချိန်ကုန်ငွေကုန် လူပင်ပန်းရကျိုးနပ်တဲ့ ခရီးတစ်ခုပါပဲ။ နောက်တစ်ခါကျရင် သူငယ်ချင်းတွေအားလုံးနဲ့ အတူတူသွားမယ်လို့လည်း ဆုံးဖြတ်မိပါတော့တယ်။
 
ဖိုးသား

2 comments:

Moe Htet Nyan said...

တကယ်ရောက်သွားသလိုပါဘဲ..တကယ်ကောင်းပါတယ်...နောက်ထပ်အဲလိုအတွေ့ ကြုံလေးတွေရေးဖို့ အကြံပြုချင်ပါတယ်...PT ရေ... :)))

စံပယ်ချို said...

သေချာရေးပြထားလို့ကျေးဇူးတင်ပါတယ် မကြီးဂျက်ကဒီမှာ
နေတာကြာပြီ အဲဒီနေရာကိုမရောက်ဖူးသေးပါဘူး
ပုံတွေ မတင်လို့စိတ်ထဲမှာတခုခုလိုနေတယ် နောက်တခါပုံလေးတွေပါတင်ပေးပါသီဟရေ