Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, May 18, 2012

ဒီနေ့တွေးတဲ့ အတွေးတစ်စ (၂)


မနေ့က ဖြစ်ပျက်တဲ့ အကြောင်းအရာလေးတစ်ခုက ဒီနေ့ ခေါင်းထဲကို ဖြတ်ခနဲ ပြန်ပေါ်လာတယ်။ ဒီနေ့ အလုပ် နည်းနည်းပါးနေတာလည်းပါတော့ ခေါင်းထဲ အတွေးတွေက ဟိုတစ်စ ဒီတစ်စ ရောက်ရောက် လာတယ်။ ဒီလိုရယ်။ ကျွန်တော်နဲ့ အင်္ဂလိပ်စာဒီပလိုမာသင်တန်းမှာ ခင်ခဲ့ရတဲ့ သူငယ်ချင်း တစ်ယောက် ရှိလေရဲ့။ သူက လူတစ်မျိုး။ စာရေးတာတော့ ဝါသနာပါသလို၊ နောက်ထပ် ဝါသနာတစ်ခုက ကိုးရီးယားဇာတ်လမ်းတွဲတွေကို အသေအလဲကြည့်တာမျိုးပေါ့။ မိဘအသိုင်းအဝိုင်းကလည်း စီးပွားရေး အဆင်ပြေတော့ အိမ်စီးပွားရေးလေးကူရင်း သူလုပ်ချင်တာလေးတွေ လုပ်နေနိုင်တဲ့ အခြေအနေပါ။ ဒီတော့လည်း သင်တန်းလေးတွေတက်၊ ဇာတ်ကားလေးတွေကြည့်နဲ့ အချိန်တွေက လှနေပါတယ်။ ကျွန်တော်မသိတဲ့ အခက်အခဲတွေတော့လည်း ရှိချင် ရှိနေမှာပါ။ ကျွန်တော် မဂ္ဂဇင်းတွေမှာ စာတွေ စရေးနေချိန်မှာ သူက ကျွန်တော့ကို ချိတ်ဆက်ပေးဖို့ အကူအညီတောင်းတယ်။ ကျွန်တော်လည်း ကူညီပေးခဲ့ပါတယ်။ နောက်ပိုင်းတော့ သူလည်း အဲဒီ မဂ္ဂဇင်းနဲ့ ချိတ်ဆက်လို့ ကိုးရီးယားဇာတ်လမ်းတွဲလေးတွေနဲ့ ကိုးရီးယား မင်းသား မင်းသမီးလေးတွေအကြောင်း စရေးဖြစ်လာတယ်ပေါ့။ အဲဒီအချိန်မှာ ကိုးရီးယားကားတွေကို လူတွေက စစိတ်ဝင်စားစ ပြုလာပြီဆိုတော့ သူက အချိန်ကိုက် အောင်မြင်သွားပါတယ်။ ဒါနဲ့ ခုနောက်ပိုင်းတော့ စာတွေရေးအားကောင်းလာပြီး မဂ္ဂဇင်းတွေမှာ ဟင်းချက်နည်းတို့အပါအဝင် ကျွန်တော် သိပ်မသိတဲ့ အခြားအကြောင်းအရာလေးတွေပါ မဂ္ဂဇင်းတော်တော်များများမှာ ရေးလာနိုင်တယ်လေ။ တကယ် ကြိုးစားခဲ့ပြီး ဒီဘက်ပိုင်းမှာ အရမ်းနစ်မြုပ်ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေပါ။ တော်ပါတယ်။


လွန်ခဲ့တဲ့ ၆ နှစ်ဝန်းကျင်လောက်က ကျွန်တော် သူ့ကို Gmail သုံးဖို့ပြောတော့ သူက ခါးခါးသီးသီး ငြင်းခဲ့တာ ကို မှတ်မိသေးတယ်။ နောက်တော့လည်း Gmail ကို သူ ဂျပန်ကို ရောက်သွားတဲ့အချိန်မှာ ဖွင့်သုံးရတော့ တာပေါ့။ အဲဒီနောက်တော့ ကျွန်တော်က Facebook သုံးသင့်တယ်လို့ လျှာရှည်မိပြန်ပါတယ်။ တကယ်လည်း သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိပြီး သူတို့ရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို သူတို့နဲ့တွေ့မှ သူတို့ ပြန်ပြောရတာထက် Facebook ကနေ အလွယ်တကူ သိနိုင်နေတော့ ကျွန်တော်က ဒီလို သိချင်တဲ့ အတွက် အကြံပေးလိုက်တာပါ။ ထုံးစံအတိုင်း ခါးခါးတူးတူး ငြင်းပါတယ်။ သူ့မှာ အချိန်တွေ အဲ့လောက် အားမနေပါဘူးတဲ့။ အော် ဟုတ်မှာပါ။ ကျွန်တော်ကတော့ သူ့ထက် အားနေနိုင်ပါတယ်လေ။

ကျွန်တော်ကတော့ သူ့ကို တွေ့တိုင်းပြောဖြစ်ပါတယ်။ တလောက သူ ဂျပန်ကနေ ဒီကို ခဏပြန်လာတုန်းက တစ်ရက်တွေ့ဖြစ်ကြတော့လည်း ဒီအကြောင်း ထပ်ပြောဖြစ်ပါသေးတယ်။ ဒါပေမယ့်လည်း သူ့ထုံးစံအတိုင်း ခါးခါးတူးတူးပေါ့။ ဒီလို Social Network တွေက ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ သူ့ကို သူရေးတဲ့စာတွေကို ဘယ်လို တင်နိုင်ပါတယ်။ ဘယ်လိုလုပ်ရင်ဖြင့် ရနိုင်ပါတယ် စသဖြင့်တော့ ပြောပြပေးခဲ့ပါတယ်။ သူလည်း ဒီမှာ မဂ္ဂဇင်းကိစ္စတွေလုပ်ပြီးတော့ ဂျပန် ပြန်သွားတယ်လို့ သိရတာပဲ။ ထပ်တော့ မဆုံဖြစ်တော့ပါဘူး။

နောက်တော့ သိပ်မကြာခင်လပိုင်းမှာ သူ့ရဲ့ Facebook Account လုပ်လိုက်ပြီလို့ ပြောပါတယ်။ သူ့ကို Friend Request ပို့ပေးပါလို့ ပြောပါတယ်။ ကျွန်တော့ရဲ့ ပုံမှန်အားဖြင့်တော့ သူများကို Request စလုပ်ရဖို့ ဝန်လေးပါတယ်။ ကိုယ်နဲ့ အရင် တစ်နေရာရာမှာ သိထား ကျွမ်းထားတာ မရှိရင်ပေါ့။ ကျွန်တော်ကလည်း သူ့ကို စ Add ထားလိုက်ပါလားလို့ ပြောတော့၊ သူက မလုပ်တတ်ဘူးတဲ့။ မင်းဘက်က စလုပ်ပေးပါလို့ ပြောတယ်။ ကျွန်တော်ကတော့ သူလည်း စလုပ်ခါစဆိုတော့ တကယ်ပြောတာလို့ပဲ ထင်ပါတယ်။ လုပ်ပေးဖြစ်လိုက်ပါတယ်။ နောက်တော့ သူ့ Profile လေးကို လူတွေစိတ်ဝင်စားလာစေဖို့ သူတင်တဲ့ ပုံတွေ စာတွေကို Like တို့၊ Comment တို့ လုပ်ပေးဖြစ်တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း တိုက်ဆိုင်ရင် Like တို့ Comment တို့လုပ်ပေးလိုက်နေရင်းက တစ်နေ့က သူတင်တဲ့ Note တစ်ခု ကျွန်တော့ News Feed မှာ တက်လာတယ်။ Fan 100 ပြည့်အမှတ်တရတဲ့။ ကျွန်တော်လည်း ကြောင်သွားတယ်။ ဘာဆိုလိုတာလဲ ဆိုပြီး သိချင်လာလို့ ဖွင့်ဖတ်လိုက်တော့... သူ့ရဲ့ Fan Page ကို (အမှန်က သူ့ရဲ့ Personal Profile ပါ) Fan Request တွေ လာလုပ်တာ အယောက်တစ်ရာ ပြည့်လို့တဲ့၊ ဒီလောက် အချိန်တိုတိုအတွင်းမှာ ဒီလိုဖြစ်လာမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး ဘာညာနဲ့ စာလေး တော်တော်ရှည်ရှည် ရေးထားပါတယ်။ ကျွန်တော်လည်း ဘာဆက်ပြောရမလဲမသိတော့ဘူး။

Facebook သုံးတဲ့သူတိုင်း သိကြပါတယ်။ ကျွန်တော်တို့ ရက်ပိုင်း လပိုင်းအတွင်းမှာ စာတင်တာတို့ ပုံတင်တာတို့ ကောင်းကောင်းလုပ်နိုင်ရင် သူငယ်ချင်း အယောက် တစ်ရာ မက ကိုယ့်ဆီကို ရောက်လာတတ်ပါတယ်။ Facebook ကလည်း Suggestion လုပ်ပြီး ထောက်ပံ့ပေးလို့ တစ်နည်းနည်းနဲ့ ရောက်လာဖို့ လွယ်ပါတယ်။ ဒီလောက်လေးကို လူတိုင်းရဖို့ လွယ်တာ မဆန်းတာကို သူက ထူးထူးဆန်းဆန်းလေး ဖြစ်အောင် ရေးလိုက်တော့ အံ့အားသင့်သွားပါတယ်။ ကျွန်တော်ကလည်း မနေတတ် မထိုင်တတ် ဝင်အကြံပေးမိပါတယ်။ သူငယ်ချင်းရေ.. မင်း Fan Page လေးလုပ်လိုက်ရင် ဒီလိုရေးတာ ပိုသင့်လျော်မယ်ပေါ့။ ပြီးတော့ ကျွန်တော်က ကျွန်တော်လုပ်ထားတဲ့ Page ကို သူ သဘောပေါက်အောင် Share လုပ်ပေးလိုက်မိပါတယ်။ ကျွန်တော့ကို ချက်ချင်း ပြန်ပြောပုံက အံ့သြသွားရတယ်။ သူပြောတာက ငါက အဲလို အားမနေဘူးတဲ့။ မင်းက ငါ့ Page လာပြီး မင်းကိုယ်မင်း ကြော်ငြာနေတာလားတဲ့။ ကျွန်တော် တော်တော်လေး အောင့်သက်သက် ခံစားလိုက်ရတယ်။ Facebook ပေါ်မှာ သူငယ်ချင်း Request အယောက်တစ်ရာ ရဖို့ဆိုတာ ဒီခေတ်မှာ ဘယ်လောက်လွယ်တဲ့အလုပ်လည်းဆိုတာ စာဖတ်သူတိုင်း သိကြပြီး ဖြစ်မှာပါ။ ကျွန်တော့ရဲ့ ကိုယ်ပိုင် Profile မှာတောင် သူငယ်ချင်း အယောက် ၄,၈၀၀ ကျော် ရှိပါတယ်။ ဘာအကြောင်းနဲ့မှတော့ သူ့ Profile မှာ ကျွန်တော့ Page ကို တင်ပြီး ကြော်ငြာစရာ အကြောင်းမရှိပါဘူး။ ကိုယ့် Profile မှာ ကိုယ် Share ရင်တောင်မှ ပိုသင့်လျော်မယ့် အနေအထားပါ။ မဟုတ်လဲ Blogger သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ Profile မှာ သွား Share ရင်တောင် ပို အဆင်ပြေပါတယ်။ တော်တော်ကြီးခံစားလိုက်ရတယ်။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီးဘဲ ထားလိုက်ပါတယ်။ နောက်တော့သူက ကျွန်တော့ရေးထားတဲ့ Comment တွေကို အကုန်ဖျက်လိုက်တယ်။ ကျွန်တော်ကတော့ စေတနာနဲ့ လူရီစရာ မဖြစ်စေချင်လို့ သူငယ်ချင်းကို ပြောတာသက်သက်ပါပဲ။

ထပ်ပြောသေးတဲ့စကားက တွေ့ကရာလူကို လိုက် Request နေတာမဟုတ်ဘူးတဲ့။ ဘာကို ရည်ညွှန်းပြီးပြောသလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း ဒီလူတွေ အများကြီးကို လိုက် Request ထားတာ မဟုတ်ပါဘူး။ ရင်းနှီးတဲ့ လူတချို့ကိုပဲ လုပ်ထားတယ်။ သူတို့ဘက်က အဆင်ပြေလည်း သူတို့လုပ်တယ်။ ကိုယ့်ဘက်က အဆင်ပြေလည်း ကိုယ်လုပ်တယ်။ ဒီလောက်ပါပဲ။ အရင်ကဆို လာသမျှ Request တွေ လက်ခံမိထားလို့ ကိုယ်တင်တဲ့စာနဲ့ ပုံတွေအောက်မှာ ပေါက်ကရ အပြောအဆို ခံနေရလို့ ခုဆို ပြန်ဖြုတ်နေတာ တော်တော်များနေပါပြီ။ ပြီးတော့ Facebook ရဲ့ Limit ပေါ့။ Personal Profile က လူ ၅,၀၀၀ ထိပဲ လက်ခံတာဆိုတော့ ၅,၀၀၀ ပြည့်သွားရင် လက်မခံနိုင်တော့မှာစိုးလို့ ကိုယ်နဲ့ သိပ်အဆက်အဆံမလုပ်ဘဲ လာ Add ထားသူတွေကို စိစစ် ပြန်ဖြုတ်နေရတယ်။ လူတိုင်းလည်း ဒီလိုမျိုး ရှိကြပါတယ်။ သိပ်ထူးဆန်းတာကြီးတော့ မဟုတ်တော့ဘူးထင်ပါတယ်။ ဒါပေမယ့် လူတစ်ဖက်သား ပြောတဲ့စကားကို သေသေချာချာ နားထောင်တတ်ဖို့ သင်ယူရမယ့်အကြောင်းတော့ ကျွန်တော် သင်ခန်းစာ ထပ်ရပါတယ်။ သူများပြောသမျှကို အတင်း ဘူးခံငြင်းပြီး နောက်ကျတော့ လိုက်လုပ်။ လူရီစရာ ဖြစ်ရတဲ့ အကြောင်းပါပဲ။ ခုလည်း ကျွန်တော် နောက်ထပ် ပြောမိတဲ့ စေတနာစကားအတွက် ကျွန်တော် စိတ်ပျက်လောက်အောင် ထပ်ဖြစ်မိပါတယ်။ ထပ်တော့ မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

စာရေးနေတဲ့သူတွေဟာ စာရေးနေတာ တစ်ခုတည်း သိနေလို့မရတော့တဲ့ ခေတ်ဆိုတာကို နောက်ထပ် အတွေးထပ်ရလိုက်သေးတယ်။ ကျွန်တော်တို့ စာတွေကို ဝါသနာပါလို့ပဲ ရေးရေး၊ ဝမ်းစာအတွက် ရေးရေး၊ ကိုယ်ရေးဖွဲ့လိုက်တဲ့ အကြောင်းအရာနဲ့ ကိုယ်စဉ်းစားတဲ့အကြောင်းအရာတွေဟာ ခေတ်နဲ့ အမီလိုက်နိုင်မှ ပီပြင်အသက်ဝင်နိုင်မယ်။ မဟုတ်ရင် ကိုယ်လုပ်လိုက်တဲ့ အပြုအမူတစ်ခု၊ ကိုယ်ပြောလိုက်တဲ့ စကား တစ်ခွန်း၊ ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ တတ်သိနားလည်ကြတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်အထုပ် ကိုယ်ဖြေပြသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အကြောင်းအရာ တစ်ခုခုကို သုံးနှုန်း ရေးသားမယ် ဆိုရင် ဒီကိစ္စနဲ့ပတ်သက်လို့ လေ့လာမှုကို သေချာပြုနိုင်ရမယ်။ ဒါမှလည်း ပိုပြီး အကျိုးရှိတဲ့၊ လူတိုင်း ဖတ်လို့ သင့်လျော်မယ့် စာကောင်းတွေ ရလာမှာပါ။ အဓိက က ခေတ်နဲ့၊ လူတွေနဲ့ သဟဇာတ ဖြစ်နေဖို့ပါ။ ကိုယ့်ကို အကြံပြုလာသမျှ၊ ဝေဖန်လာသမျှကိုလည်း ကောင်းစွာ နားထောင်တတ်ဖို့ နဲ့ ကိုယ်မှားရင်လည်း အမှားကို ဝန်ခံတတ်ဖို့ လိုအပ်ပါတယ်။

ဒီနေ့အတွက် ထပ်တွေးလို့က ဆုံးတော့ မဆုံးသေးဘူး။ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့မှာ မီးကလည်း ပျက်တုန်း၊ မိုးလေးကလည်း အုံ့ဆိုတော့ နောက်ထပ်အတွေးလေးတွေကို ထပ်ပြီး နယ်ချဲ့ရဦးမယ်လေ။ ခုလောလောလတ်လတ် တွေးမိတဲ့အတွေးတစ်စအတွက်တော့ ကျွန်တော့ကိုယ်ကျွန်တော် ဆင်ခြင်သုံးသပ် စရာ သင်ခန်းစာလေးတချို့သိလိုက်ရပါတာတော့အမှန်ပါပဲ။

ချစ်ခင်စွာဖြင့်
သီဟလုလင်

0 comments: