Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, May 05, 2012

Radio ရင်ခုန်သံများ ပြန်လည်အသက်သွင်းတဲ့ည


မေလ (၄) ရက်၊ သောကြာနေ့၊ ၂၀၁၂ ခုနှစ်

ဒီနေ့ကို ထူးထူးခြားခြား ကျွန်တော့ရုံးက ကျွန်တော့တို့ကို အားလပ်ရက် သတ်မှတ်ပေးထားတယ်။ အကြောင်းကတော့ မေလ (၅) ရက်နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပြီး စနေနေ့နဲ့ တစ်ထပ်တည်းကျနေလို့ အားလပ်ရက်ကို ရှေ့တစ်ရက်တိုးပြီး သောကြာနေ့ ပေးလိုက်တာပါ။ အင်မတန်မှ သဘောကောင်းတဲ့ အလုပ်လို့ ဆိုရမလားဘဲ။ ဒါကြောင့်မို့ အလုပ်သမားနေ့ ပြီးကတည်းက သုံးရက်ဆက်တိုက်ပိတ်မယ့် အားလပ်ရက်လေးကို မျှော်ပြီး တက်ကြွနေခဲ့ပါတယ်။ ဒီကြားတည်းမှာ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ Just Music Radio အဖွဲ့က ဘယ်သူတွေက ရန်ကုန်ပြန်ရောက်နေပြီး၊ မဆုံတာကြာတာမို့ ဆုံချင်ကြောင်းနဲ့ ရှေ့အနာဂတ် စီမံကိန်းတွေ တိုင်ပင်မယ် စသဖြင့် ကြီးကြီးမားမား အကြောင်းအရာများနဲ့ သောကြာနေ့ ညနေ (၄) နာရီကို စီစဉ်ထားတယ်လို့ အကြောင်းကြားတာလေး လက်ခံခဲ့ရပါတယ်။ ကျွန်တော်လည်း သောကြာနေ့က အားလပ်ရက် ရနေတာမို့ လာမယ့်အကြောင်းလေး ပြောခဲ့လိုက်တယ်။ တိုက်ဆိုင်ချင်တော့ ကြာသပတေးနေ့ ညနေပိုင်းမှာ ကျွန်တော်တို့ အထက်လူကြီးက အလုပ်ပိတ်ပေးလိုက်ပေးမယ့် အလုပ်သစ်တွေ ရှိနေတာမို့ အီးမေးလ်စစ်ဆေး ဖြေကြားပေးဖို့ ကိစ္စတွေရှိလို့ နေ့တစ်ပိုင်းတော့ လာပေးဖို့ကို အကြောင်းကြားလာတော့ ကျွန်တော်လည်း အလုပ်ကို သောကြာနေ့မှာ အပြေးအလွှား စိတ်မပါဘဲ သွားခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက လူတွေနဲ့ လုပ်ရတဲ့အလုပ်မို့ စာဝင်စာထွက်အချိန်မမှန်ရင် အလုပ်တွေ လွဲကုန်မှာစိုးလို့ စိတ်က အားလပ်ရက် ဖြစ်နေပေမယ့် ကိုယ်ကတော့ ရုံးမှာ အီးမေးလ်တွေ ထိုင်စစ်၊ ထိုင်ပြန်နေရတယ်။ အဲဒီ အလုပ်က ဆက်သွားလိုက်တာ ညနေ (၃) နာရီထိုးမှာ ရုံးဆင်းရတဲ့အဖြစ်။ အဲဒီအချိန်မှာ Just Music Radio က ညီလေး ရဲကို (Blogger ချောကလက်ကျူးပစ်လေး) က ဖုန်းတဂွမ်ဂွမ် ဆက်နေပြီ။ အဲဒီကို သူနဲ့ အတူသွားဖို့ ချိန်းထားခဲ့တာကိုး။ သူ့ကိုတော့ ညနေ (၄) နာရီ မမီနိုင်တဲ့အကြောင်းပြောပြီး အိမ်ပြန် ရေမိုးချိုး လိုက်ပါတယ်။ (၄) နာရီ ၁၅ မိနစ်လောက်တော့ ပြီးသွားတာမို့ သူနဲ့ ချိန်းချက်ပြီး ပွဲလုပ်မယ့် ရန်ကင်း၊ ဘောက်ထော် က JMR မိဘတွေ ရှိတဲ့ အိမ်ကို ထွက်ခဲ့ကြပါတယ်။


ဟိုရောက်တော့ ရန်ကုန်အဖွဲ့ရဲ့ Admin ဖြစ်တဲ့ Dragonfly နဲ့ JMR Yangon Team ရဲ့ Member အသစ် နှစ်ယောက်က ရောက်နှင့်နေပြီ။ DJ Phoenix ကိုလည်း အိမ်ထဲမှာ ဘေးက ဖြတ်သွားတာ ရုတ်တရက်တွေ့လိုက်ရပေမယ့် နှုတ်တော့ မဆက်မိဘူး။ သူလည်း မျက်နှာတွေချောင်ကျပြီး နေသိပ် မကောင်းတဲ့ ပုံနဲ့ပါ။ Dragonfly ကတော့ Lappy နဲ့ အင်တာနက်သုံးရင်း လှမ်းနှုတ်ဆက်တယ်။ နောက်တော့ အရင်ကြိုရောက်နှင့်နေတဲ့ DJ Kool နဲ့ DJ Jack တို့က နှုတ်ဆက်ပါတယ်။ ခြံထဲမှာတော့ JMR ရဲ့ မိခင်ဖြစ်တဲ့ အန်တီထွေး တစ်ယောက် ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေကို စနစ်တကျ ခင်းကျင်းရင်း ကျွန်တော်တို့ နှစ်ယောက်ကို တကယ့်သားအရင်းအခြာတွေ လို နှုတ်ဆက်ပါတယ်။ ဘာတွေပြင်ဆင်နေမှန်း သေချာမသိပေမယ့် အလုပ်တွေ များနေတာတော့ သိလိုက်တယ်။ ခြံထဲမှာ စားပွဲတွေ ကုလားထိုင်တွေကိုလည်း Meeting Table ပုံစံလေး ခင်းပေးထားတယ်။
DJ Linkz, Thiha Lu Lin, DJ Jack, Dragonfly

သိပ်မကြာခင်ဘဲ အန်တီထွေးက စားဖို့သောက်ဖို့ လှမ်းခေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က စောသေးတာရော၊ လူမဆုံသေးတာရောနဲ့ စားဖို့မလုပ်ဘဲ၊ အအေးတွေချည်း လှိမ့်သောက်နေကြပါတယ်။ နောက်တော့ DJ Ice, DJ Sweet တို့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်လာကြပြီး စင်ကာပူကနေ ဒီကို ခဏပြန်ရောက်နေတဲ့ DJ Linkz လည်း ရောက်လာပါတယ်။ အန်တီထွေးကလည်း စားဖို့ ပြောတာနဲ့ ကျွန်တော်တို့ အားလုံး တပျော်တပါး စားသောက်ကြပါတယ်။ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြက်ကြော်၊ သင်္ဘောသီးထောင်း တွေကို အားရပါးရ စားခဲ့ရသလို အချိုတည်းစရာ ဖရဲသီးနဲ့ အချို၊ အချဉ် အစုံ စားခဲ့ရပါသေးတယ်။ သစ်သီးဖျော်ရည်ကောင်းကောင်းလေးလည်း သောက်ခဲ့ရသေးသလို ပြန်ခါနီး ထိတောင် အန်တီထွေးက မာလကာသီးဖျော်ရည်တွေ ဖျော်တိုက်တုန်း။ တကယ်ကို စားကောင်းသောက်ဖွယ် စုံစုံလင်လင်နဲ့ Just Music Radio မိသားစုရဲ့ နွေးထွေး လှိုက်လှဲပျော်ရွှင်မှုတွေ ခံစားခဲ့ရပါတယ်။
ကျွေးမွေးဧည့်ခံပါတဲ့ ကြာဇံကြော်နဲ့ ခေါက်ဆွဲကြော်များ
ကြက်ကြော်က ပေါင်တွေချည်းမို့ လုစားနေစရာမလို
သီဟလုလင် ကြိုက်သော အအေးဖျော်ရည်နှင့် ကြက်ကြော်
အချိုတည်းဖို့ ဒါက ကိတ်မုန့်

ဒီညမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်မလာနိုင်ကြတဲ့ အခြားသော Member များကိုလည်း သတိတရရှိနေကြပါတယ်။ တစ်ညနေလုံး မဆုံဖြစ်တာကြာနေပြီဖြစ်တဲ့ ဒီ JMR မောင်နှမတွေ ရယ်မောစရာတွေ တစ်ယောက်တပေါက် ပြောကြရင်းနဲ့ ည (၇) နာရီလောက်မှာ DJ Phoenix က ဦးဆောင်လို့ JMR ရဲ့ အနာဂတ်အစီအစဉ်များအတွက် အစည်းအဝေး စခဲ့ကြပါတယ်။ အစည်းအဝေးမှာတော့ Just Music Radio ရဲ့ Facebook Fan Page မှာ Fan အင်အားတွေ တိုးများလာတဲ့အကြောင်း၊ Just Music Radio ရဲ့ ပင်တိုင် အစီအစဉ်ကောင်းတွေကိုတင်ဆက်သူတွေက ရန်ကုန်ကို ပြန်လည်ရောက်ရှိနေကြတဲ့အတွက် Connection အခက်အခဲကြောင့် အစီအစဉ်တွေကို ဆက်လက်တင်ဆက်ဖို့ အချိန်နှောင့်နှေးနေရခြင်းအကြောင်းများကို ဖြေရှင်းဖို့ပြင်ဆင်နေတဲ့အကြောင်း၊ ထပ်မံတင်ဆက်သွားမယ့် ရေဒီယို ဇာတ်လမ်းများနဲ့ အစီအစဉ်သစ်များအပါအဝင် အထူးအစီအစဉ် တစ်ရပ်အဖြစ် ငယ်ရွယ်နုသစ်ပြီး စကားပြောကောင်းတဲ့ Radio DJ အသစ်လေးများကို ရွေးချယ် လက်တွဲလုပ်ဆောင်သွားမယ့်အကြောင်းများကို ဆွေးနွေးခဲ့ကြပါတယ်။
DJ Phoenix မှ ဦးဆောင်ဆွေးနွေးစဉ်

Radio DJ ဆိုတာ တကယ့်ကို အားမာန်အပြည့်နဲ့ စကားပြောချိုသာပြီး ရုပ်ရည်ပြေပြစ်လို့ အင်တာနက်ကနေတဆင့် ကွန်ပျူတာကနေဖြစ်ဖြစ်၊ ဖုန်းကနေဖြစ်ဖြစ် နားဆင်နေကြတဲ့ တစ်ကမ္ဘာလုံးက နားဆင်သူတွေကို အချိန်နဲ့ တပြေးညီ ဖျော်ဖြေတင်ဆက်နေရတာမို့ ကျွန်တော် အရမ်းဝါသနာပါခဲ့တဲ့ အလုပ်ပါ။ Just Music Radio ဟာလည်း တကယ့်ကို လူငယ်ဆန် တက်ကြွပြီး သွက်သွက်လက်လက်နဲ့ နွေးထွေးတဲ့ အဝန်းအဝိုင်းလေးဖြစ်သလို၊ ရေဒီယိုနားဆင်သူ ပရိတ်သတ်ဦးရေ လည်း များပြားလို့ DJ လုပ်ရတဲ့အခါတိုင်း ရင်ခုန်ပျော်ရွှင်ရပြီး ကိုယ့်ကိုကိုယ် ကမ္ဘာကျော်တဲ့ အစီအစဉ် တင်ဆက်သူ တစ်ယောက်လို ခံစားရပါတယ်။ ကိုယ့်ရဲ့ အပြောလေးကို သဘောတကျရှိနေကြတဲ့ နားဆင်သူတွေ၊ ကိုယ်ရွေးချယ်ဖွင့်ပြလိုက်တဲ့သီချင်းကို ကြိုက်နှစ်သက်လို့ ချီးကျူးကြတဲ့ နားဆင်သူတွေ၊ သူတို့ တောင်းဆိုတဲ့သီချင်းလေးတွေကို သူတို့ပြောစေချင်တဲ့စကားလေးတွေနဲ့အတူ သူတို့ ရည်ရွယ်သူ အတွက် ပြောဆိုပေးလိုက်ရလို့ ဝမ်းသာအားပေး ကျေးဇူးတင်တဲ့ နားဆင်သူတွေဟာ ကျွန်တော်တို့ အတွက် တကယ့်အားတွေပါပဲ။ အရင်ကဆို ဒီလို အခွင့်အရေးကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာ မဟုတ်ဘူးလေ။ ခုတော့ Just Music Radio လို နာမည်ကျော် Online Radio ကြီးက DJ လုပ်ချင်တဲ့ လူငယ်တိုင်းအတွက် ထပ်ပြီး လမ်းဖွင့်ပေးတော့မယ်ဆိုတော့ Radio DJ ဝါသနာပါတဲ့ လူငယ်တွေ အစား ရင်ခုန်မိတယ်။ ကိုယ်သာ ခုထိ JMR ရဲ့ အပြင်လူပဲ ရှိဦးမယ်ဆိုရင် ချက်ချင်း ပြေးလျှောက်မိဦးမှာပဲ။ တကယ်လို့များ ကျွန်တော် ခုပြောခဲ့သလို Radio DJ လုပ်ခွင့်ကို မျှော်လင့်နေတဲ့ ညီငယ်၊ ညီမငယ်တွေ ရှိမယ်ဆိုရင် ခုပဲ ကျွန်တော်တို့ရဲ့ Just Music Radio Facebook Fan Page ကနေ တဆင့် ဆက်သွယ်ပါ လို့ သတင်းကောင်း တစ်ခါတည်း ပါးလိုက်ချင်ပါတယ်။
JMR Member သစ်နှစ်ဦးဖြစ်တဲ့ Royal နှင့် Losalind

ကျွန်တော်တို့ရဲ့ အစည်းအဝေးလေးပြီးသွားတော့ JMR ရဲ့ Member အသစ်တွေကို မိတ်ဆက်တဲ့ အစီအစဉ် စတင်ပါတယ်။ တကယ်က ဒီနေ့ပွဲလေးဟာ Fresher Welcome Party အသေးစားလေးလည်း ဖြစ်တာမို့ JMR Member အသစ်တွေဖြစ်တဲ့ Royal, Losalind, San San Tint နဲ့ Faceless King တို့ကို JMR ရဲ့ Member အဟောင်းတွေနဲ့ မိတ်ဆက်ပေးပြီး အခမ်းအနားလေးကို နိဂုံးချုပ်တဲ့ အနေနဲ့ ထုံးစံအတိုင်း ဓါတ်ပုံများကို ဝေဝေဆာဆာရိုက်ကူးလို့ နှုတ်ဆက်ခဲ့ကြပါတယ်။ အခမ်းအနားလေး အစကနေ အဆုံးတိုင်လည်း Laptop လေးကို Speaker လေးတွေနဲ့ ချိတ်ဆက်လို့ DJ Cupid တိုက်ရိုက်တင်ဆက်ထုတ်လွှင့်နေတဲ့ သီချင်းလေးတွေကို နှေးကွေးနေတဲ့ ကွန်ယက်ဆက်သွယ်မှုကို စိတ်ရှည်သည်းခံကျော်လွှားပြီး နားဆင်ခဲ့ရသလို၊ မထင်မှတ်ဘဲ JMR ရဲ့ Founder တွေထဲက တစ်ဦး ဖြစ်တဲ့ မအိ နဲ့လည်း Skype ကနေ လူချင်း တွေ့နေရသလို စကားပြော နှုတ်ဆက်ခဲ့ရပါသေးတယ်။
JMR မိခင် အန်တီထွေး နှင့် JMR နတ်မိမယ်များ
ဝတ်စုံခဏခဏလဲသော တီထွေးနှင့်အတူ JMR မိသားစုဝင်များ

ဒီညလေးကတော့ အားလုံးအတွက် အားသစ်တွေ မွေးပေးခဲ့တဲ့ ညလေးပါ။ မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ DJ ညီအစ်ကိုမောင်နှမတွေ ပြန်လည်ဆုံစည်းခဲ့ကြရသလို၊ နောက်လုပ်မယ့် ရေဒီယိုအစီအစဉ်သစ်တွေ အတွက် အကြံကောင်းတွေ၊ တက်ကြွမှုတွေ ပြန်လည်မွေးဖွားနိုင်ခဲ့တဲ့ ညလေးလည်း ဖြစ်ခဲ့ပါတယ်။ မကြာခင် ထပ်မံလို့ ဒီ JMR မိသားစုဝင်တွေ ဖြစ်လာကြဦးမယ့် ညီငယ်၊ ညီမငယ်တွေကိုလည်း ကျွန်တော်တို့တွေက ကြိုတင် ပုံဖော်ပြီး နွေးထွေးစွာနဲ့ ကြိုဆိုနေကြပါတယ်။ ကိုယ်တွေဘက်ကလည်း လက်ဆင့်ကမ်းဖို့ အသင့်ပဲ မဟုတ်လား။ JMR မိဘတွေရဲ့ ခြံထဲကနေ ကိုယ်နေထိုင်ရာ အိမ်အသီးသီးကို ပြန်ကြတဲ့လမ်းမှာတော့ အတူဆုံခဲ့ရတဲ့ အချိန်လေးတွေကို နှမြောတသစွာ၊ ကိုယ်ချစ်တဲ့ ရေဒီယိုအတွက် အစီအစဉ်ကောင်းလေးများစွာကို စိတ်ကူးပုံဖော်နေကြရင်းနဲ့ပဲ... Radio ရင်ခုန်သံများကို ပြန်လည်အသက်သွင်းတဲ့ညလေးမှာ... ကျွန်တော်တို့ဟာ တိတ်တဆိတ် ကြည်နူးကျေနပ် ခဲ့ကြရပါတယ်။

ချစ်ခင်စွာဖြင့်
သီဟလုလင်

0 comments: