Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, May 20, 2012

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ (ဒေသနာတော်)



ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ မေလ (၆) ရက်နေ့က ဝေငှခဲ့တဲ့ ဆရာတော်ကြီး ဦးတင်မောင်ညို ရဲ့ “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ” ဒေသနာတော်ကို ဝေမျှပေးသွားချင်ပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ ခုလို ကျွန်တော့ Blog ပေါ်မှာ ဒေသနာတော်များကို ဝေမျှခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိသလို၊ ခုတစ်ပတ် ဒေသနာ အားဖြင့်လည်း ဖတ်ကြားနာသူအယောက်စီတိုင်း တည်ဆောက်ခွန်အားယူစရာ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် အသစ်သောကောင်းကြီးမင်္ဂလာများ ပေးပါစေ။ Amen!


နိဒါန်း
ဓမ္မဟောင်းကာလက ဘုရားသခင်သည် လူများနှင့် ဆက်ဆံရာ၌ ပရောဖက်များအားဖြင့် ဆက်ဆံပါသည်။ ဘုရားသခင်သည် လူများသိစေလိုသည့်အရာကို ပရောဖက်အား ကြားပြောပြီးမှ လူများကို တဆင့် ပြန်၍ ပြောစေပါသည်။ ပရောဖက်သည် လူတို့နှင့် ဘုရားစပ်ကြား၌ ကြားခံဆက်သွယ်ပေးသော ပုဂ္ဂိုလ်ဖြစ်သည်။ ပရောဖက်သည် ယေရှုခရစ်တော်ကို ကိုယ်စားပြုပါသည်။ ပရောဖက်များကို ရေတွက်ပါက သမ္မာကျမ်းစာ ဖော်ပြချက်အရ ၁၆ ယောက် ရှိပါသည်။ အကြီးစား ပရောဖက် ၄ ပါး ရှိပါသည်။ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ နှင့် ဒံယေလတို့ ဖြစ်ကြပါသည်။ ကျန်ပရောဖက်များက ပရောဖက်ငယ်များ ဖြစ်ကြသည်။ ယနေ့ ဓမ္မဟောင်းကျမ်းမှ (၃ ရာ) တွင် ဖော်ပြထားသော အကြောင်းအရာကို အခြေပြု၍ ယုံကြည်သူများနှင့် အတူ ဆင်ခြင်လိုပါသည်။ ထိုအကြောင်းအရာကို ဆင်ခြင်နိုင်ဖို့ရန်  ဣသရေလသမိုင်းကြောင်းကို သဘောပေါက်သိရှိထားဖို့ လိုပါသည်။

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ
ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်နှင့် သမီးတစ်ယောက်ရှိပါသည်။ ယာကုပ်အား ဘုရားသခင်သည် ဣသရေလ ဟူသော အမည်သစ်ကို ပေးပါသည်။ ဣသရေလသည် ဘုရားသခင်ထားသော ခါနန်ပြည်၌ နေစဉ် ထိုပြည်၌ အစာ ခေါင်းပါးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အစာရဖို့ အဲဂုတ္တုပြည်၌ သွား၍ ဝယ်ရပါသည်။ ထိုအချိန်၌ အဲဂုတ္တုပြည်တွင် အကြီးအကဲ ဖြစ်သူက ယာကုပ်၏ သားယောသပ်ဖြစ်နေပါသည်။ ယောသပ်သည် ဘုရားသခင်၏ အကြံအစည်တော် အားဖြင့် အဲဂုတ္တုပြည်သို့ ရောက်ရှိနေသူ ဖြစ်ပါသည်။ ယာကုပ်သည် ဘုရားသခင်ကို ချစ်သောသူ ဖြစ်သည်။ ဘုရားသခင်နှင့် အတူ သွားလာသောသူ ဖြစ်သည်။ သူသည် ဖခင်နှင့် အတူ ရှိခဲ့စဉ် အစ်ကိုတို့က မနာလိုအမုန်းထား၍ ရောင်းစားသဖြင့် ဣရှမေလလူပေါတိဖာအိမ်သို့ ရောက်သွားပါသည်။ ထိုမှတဆင့် ပေါတိဖာ၏ ဇနီးက ယောသပ်ကို နှစ်သက်ပြီး မြူဆွယ်သော်လည်း လက်မခံ ငြင်းပယ်သဖြင့် လှည့်စားပြီး သခင်ပေါတိဖာကို တိုင်သဖြင့် ထောင်ကျ သွားပါသည်။ ထောင်ထဲရောက်သော်လည်း ဘုရားသခင်သည် ယောသပ်နှင့်အတူရှိသဖြင့် ထောင်မှူးရှေ့၌ မျက်နှာရပါသည်။ နောက်ဆုံး၌ ထောင်မှလွတ်ပြီး အဲဂုတ္တုပြည်၌ ဒုတိယအကြီးအကဲဖြစ်သည့်တိုင်အောင် ချီးမြှောက် ခံခဲ့ရပါသည်။ ရှင်ဘုရင်သည် ယောသပ်အား အထူးအားကိုးပြီး တိုင်းပြည်အား ယောသပ်ကို စီမံအုပ်ချုပ်စေပါသည်။ ဘုရားသခင် ဖော်ပြသည့်အတိုင်း ယောသပ်သည် ပြုခဲ့သည်။ ယောသပ်အသက်တာ၌လည်း ဘုရားသခင် ပြောသည့် အတိုင်း ဖြစ်ပျက်ခဲ့ပါသည်။ ကျွန်ုပ်တို့ အသက်တာ၌လည်း ဓမ္မဒေသနာ ကြားနာရသည့်အခါဖြစ်စေ၊ နှုတ်ကပတ်တော်ကို ဖတ်သည့်အခါ ဖြစ်စေ ဘုရားသခင် ဖော်ပြသည့်အရာကို ခံယူပါ။ ဘုရားသခင် မိမိအား ပြောနေသည်ဟု စိတ်ချပြီး လက်တွေ့လုပ်ဆောင်ပါ။

ယာကုပ်သည် မိမိနေရာ၌ အစာခေါင်းပါး၍ အစာရှိသည်ဟု ကြားသော အဲဂုတ္တုပြည်သို့ မိမိသားများကို စေလွှတ်ပါသည်။ ယောသပ်အစ်ကိုတို့သည် အဲဂုတ္တုပြည်သို့ ရောက်ပြီး ယောသပ်ရှေ့ဝင်သော်လည်း ယောသပ်အား မိမိတို့ညီမှန်း မသိကြပါ။ နောက်ဆုံး၌ သူတို့သည် မိမိညီယောသပ်ဖြစ်သည်ကို ယောသပ်၏ ဖော်ပြမှုအရ သိပြီး ဖခင် ယာကုပ်ကိုလည်း ခေါ်၍ ဣသရေလနှင့် မိသားစုတို့သည် အဲဂုတ္တုပြည်၌ လာ၍ နေထိုင်ကြသည်။ ဣသရေလလူတို့သည် အဲဂုတ္တုပြည်၌ အလွန်တိုးပွားလာပြီးနောက် ယောသပ်ကို မသိသောရှင်ဘုရင်သည် ပေါ်လာပြီး အဲဂုတ္တုပြည်ကို အစိုးရလာသည့်အခါ ဣသရေလလူတို့ကို ဖိနှိပ်၍ မတရားစေခိုင်းသဖြင့် မခံရပ်နိုင်သဖြင့် သူတို့သည် ဘုရားသခင်ကို အော်ဟစ်ကြသည်။ ထိုအခါ ဘုရားသခင်သည် ဣသရေလလူတို့၏ အော်ဟစ်သံကို နားညောင်း၍ မောရှေကို ဦးဆောင်စေပြီး အဲဂုတ္တုလူတို့၏ ကျွန်ဘဝမှ ဣသရေလလူတို့ကို နှုတ်ဆော်တော်မူခဲ့ပါသည်။ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလလူတို့သည် အရေအတွက်အားဖြင့် ယောက်ျားကြီး ခြောက်သိန်းခန့် ရှိပါသည်။ အဲဂုတ္တုပြည်မှ ခါနန်ပြည်ရောက်ဖို့ တစ်လခန့်သာ သွားရမည်ဖြစ်သော်လည်း ဣသရေလလူတို့သည် ဘုရားသခင်ကို မယုံကြည်သောကြောင့် ပြစ်တင်မြည်တမ်းကြသဖြင့် နှစ်ပေါင်းလေးဆယ်ကြာသည့်တိုင် တောထဲ၌ နေရပြီး ဒါဏ်ခတ်ခံရ ပါသည်။ ပြီးမှ ခါနန်ပြည်သို့ ဝင်ခွင့်ရကြပါသည်။ ထိုသို့ရောက်သော်လည်း ဣသရေလလူတို့သည် ကတိတော်နှင့်ဆိုင်သော ပြည်ကို ရဖို့ရန် စစ်တိုက်၍ ယူရပါသည်။ ဣသရေလတစ်ဆယ့်နှစ်မျိုး၌ လူမျိုးများသောသူက ကျယ်သောနေရာကို ရပြီး လူဦးရေနည်းသောသူက ကျဉ်းသောနေရာကို ရကြသည်။ ထိုအထဲမှ လေဝိအမျိုးသည် ဘုရား ဘိသိတ်ပေးခြင်းကို ခံရသောသူဖြစ်ပြီး နယ်မြေကျဉ်းကျဉ်းသာ ရပါသည်။ ထိုနယ်မြေ၌ စိုက်ပျိုး၍ မရ၊ မွေးမြူရေး လုပ်ဖို့ မြေမလောက်ပါ။ ဘုရားသခင်သည် လေဝိအား သူ၏ အမှုတော်ကို ဆောင်ရွက်စေဖို့အတွက် ထိုအလုပ်များကို လုပ်ဖို့ အခွင့်မပေးပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးများကို လုပ်ပါက ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်ကြမည် မဟုတ်ပါ။ ထိုနည်းတူ ယနေ့ ဘုရားသခင်၏ အမှုတော်ကို ဆောင်ဖို့ရန် ရွေးချယ်ခြင်းခံရပါက လောက အလုပ်မလုပ်ပါနှင့်။ ထိုသို့ လုပ်ပါက အကျိုးအမြတ်ခံစားရမည် မဟုတ်ပါ။ ယနေ့ အမှုတော်ဆောင်နေပြီးမှ စီးပွားအတွက် ဉာဏ်ကူပြီး အလုပ်လုပ်ကြသောသူများ အကျိုးမဖြစ်ရုံသာမက ဆုံးရှုံးမှုများ ကြုံကြရမည်ဖြစ်ပါသည်။

ဓမ္မဟောင်းကာလက လေဝိများ လောကစီးပွားအတွက် လုပ်ဆောင်ခွင့်မရှိသကဲ့သို့၊ ယနေ့ခေတ်သစ်လေဝိဖြစ်သော အမှုတော်ဆောင်များ စီးပွားရေး မလုပ်မိကြဖို့ သတိပြုသင့်ကြပါသည်။ ယနေ့အမှုတော်ဆောင်များ စီးပွားရေးလုပ်နေပါက ဘုရားသခင်၏ အမှုတော်ဆောင်ဖို့ရန် အချိန်ပေးနိုင်ကြမည် မဟုတ်ပါ။ ဣသရေလ၏ သားတို့သည် ခါနန်ပြည်၌ အသီးသီးနေရာကျရာ တောင်ပိုင်း၌ ဗယာမိန်နှင့် ယုဒတို့က နေရာရပြီး မြောက်ပိုင်း၌ ကျန်သောဆယ်ယောက်က နေရာရကြပါသည်။ ဣသရေလ လူမျိုးတို့သည် ကတိတော်နှင့်အညီ ခါနန်ပြည်သို့ ရောက်ရှိပြီးနောက်၊ ဦးဆောင်ခဲ့သော ဘုရင်များစွာရှိခဲ့ရာ၌ အချို့သော ဘုရင်များက ဘုရားသခင်စကားကို နားမထောင်လုပ်ချင်တာလုပ်ကြသည်။ ထိုဘုရင်တို့က အဲဂုတ္တုပြည်၌ရှိသော အတွေးအခေါ်၊ ကိုးကွယ်မှုများကို အတုယူ၍ ကိုးကွယ်မှုပြုကြခြင်း အားဖြင့် ဘုရားသခင်၏ အမျက်တော်ကို နိုးဆော် ကြသည်။ အဲဂုတ္တုလူတို့က ဖားကိုလည်း ကိုးကွယ်ကြသည်။ မြွေကိုလည်း ကိုးကွယ်ကြသည်။ ဣသရေလလူများက ထိုသူတို့နှင့် ရောနှောပြီး ထိုသူတို့နောက်သို့ လိုက်ကြသဖြင့် ဘုရားသခင်၏ အမျက်တော်သက်ရောက်ပြီး ဣသရေလနိုင်ငံသည် နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ တောင်ပိုင်း၌ ယုဒပြည်အဖြစ်လည်းကောင်း၊ မြောက်ဘက်၌ ဣသရေလဟူ၍ ကွဲသွားခဲ့ပါသည်။ ဣသရေလပြည်မှ ရှင်ဘုရင်များက ဘုရားကို အလေးမထား၊ မထီမဲ့မြင်ပြုကြသူများ ဖြစ်ကြသော်လည်း ယုဒပြည်ရှိ အချို့ဘုရင်များက ဘုရားရှင်ကို ကြောက်ရွံ့ရိုသေ၍ နှုတ်ကပတ်တော်ကို အလေးထား အသက်ရှင် ခဲ့ကြပါသည်။

ဘုရားသခင်ဖြစ်တော်မူ၏
ဘုရားသခင်ကိုမကြောက် မိမိစိတ်ထင်အတိုင်း အသက်ရှင်ခဲ့သော မြောက်ပိုင်းရှိ ဣသရေလရှင်ဘုရင်များအနက် အားဟပ်မင်းသည် အဆိုးဆုံး ဖြစ်ပါသည်။ သူ၏ မိန်းမက ယေဇဗေလဖြစ်ပါသည်။ (၃ရာ ၁၈) တွင် မိုးခေါင်သောကာလ သုံးနှစ်စေ့သောအချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာ၍ အာဟပ်မင်းထံ ကိုယ်ကို ပြစေ၍ မြေပေါ်၌ မိုးရွာစေမည်ဟု ပြောစေပါသည်။ ဧလိယသည် အာဟပ်မင်းထံ ကိုယ်ကို ပြဖို့ရန် သွားချိန်၌ ရှမာရိမြို့၌ ပြင်းစွာသော အစာခေါင်းပါးခြင်းဘေး ကျရောက်နေချိန်ဖြစ်ပါသည်။ ထိုအချိန်၌ အာဟပ်မင်းထံ၌ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော နန်းတော်အုပ် သြဗဒိရှိပါသည် အာဟပ်မင်းသည် သြဗဒိကို ခေါ်၌ တစ်ပြည်လုံး၏ အခြေအနေကို လှည့်လည်၍ ကြည့်ရှုစေပါသည်။ ထိုသြဗေဒိသည် အာဟပ်၏ မယားယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်များကို သတ်ဖြတ်ချိန်၌ ပရောဖက် တစ်ရာကို မြေတွင်းထဲ၌ ဖွက်ထားပြီး မုန့်နှင့်ရေကို ကျွေးမွေးပါသည်။ ဧလိယသည် ထာဝရဘုရား၏ အမိန့်တော်အတိုင်း အာဟပ်မင်းအား ကိုယ်ကိုပြ၍ ဧလိယက ငါသည် ဣသရေလအမျိုးကို မနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ ပညာတရားကို စွန့်၍ ဗာလဘုရားတို့ကို ဆည်းကပ်သဖြင့် ဣသရေလအမျိုးကို နှောင့်ယှက်ကြပြီ။ သို့ရာတွင် လူကို ယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို လည်းကောင်း၊ ဗာလပရောဖက်လေးရာငါးဆယ်ကိုလည်းကောင်း ငါ့ထံသို့ စုဝေးစေပါဟု ဆိုသည့်အတိုင်း အာဟပ်သည် ပြုပါသည်။ ထိုအခါ ဧလိယက လူများရှိရာသို့ လာ၍ သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်လော့ဟု ဆိုပါသည်။ ပြီးမှ ထာဝရဘုရား၏ ပရောဖက်က မိမိ တစ်ပါးတည်းရှိ၏။ ဗာလပရောဖက်ကား လေးရာငါးဆယ် ရှိကြ၏။ သို့ဖြစ်၍ နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တစ်ကောင်ကို ယူ၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်ပါလေစေ၊ မီးမထည့်စေနှင့်။ မိမိသည်လည်း နွားတစ်ကောင်ကို ထိုသို့လုပ်၍ ထင်းပေါ်တင်မည်။ မီးမထည့်။

သင်တို့ ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့။ ငါသည်လည်း ထာဝရဘုရား၏ နာမတော်ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသော ဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင် လူအပေါင်းက ဧလိယစကားသည် လျောက်ပတ်ပေသည်ဟု ဆို၍ ပြုကြပါသည်။ (၃ရာ၊ ၁၈:၂၁-၂၅) ဧလိယစကားအတိုင်း သူတို့သည် ပြု၍ ဗာလပရောဖက်တို့သည် ဗာလဘုရား၏နာမကို ဟစ်ခေါ်ကြပါသည်။ သို့ရာတွင် ဗျာဒိတ်သံမရှိ၊ ထူးသောသူလည်း မရှိပါ။ သူတို့သည် နံနက်ချိန်မှစ၍ မွန်းတည့်အချိန်တိုင် ခေါ်သော်လည်း မထူးပါ။ ထိုအခါသူတို့သည် ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှာ ဓါး၊ သံစူးနှင့် ကိုယ်ကို ရှစေ၍ ညဦးယံအချိန်တိုင်အောင် ပြုကြသော်လည်း ထူးသောသူမရှိ၊ ဗျာဒိတ်သံမရှိပါ။ ထိုအချိန်ရောက်မှ ဧလိယက လူများကို ခေါ်၍ ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပုလ္လင်ကို ရှင်းလင်းပြီးမှ ယာကုပ်အမျိုး၏အရေအတွက်အတိုင်း ကျောက်တစ်ဆယ့်နှစ်လုံးကို ယူ၍ ထာဝရဘုရား၏ နာမတော်အဘို့ ယဇ်ပုလ္လင်ကို တည်ပြီးလျှင် မျိုးစေ့ နှစ်တင်းလောက်ဝင်နိုင်သောကျုံးကို ယဇ်ပုလ္လင်ပတ်လည်၌ တူးလေသည်။ ပြီှးလျှင် ထင်းကိုစီ၍ နွားကို အပိုင်းပိုင်းဖြတ်ပြီး ထင်းပေါ်မှာတင်၍ အိုးလေးလုံးကို ရေနှင့် အပြည့်ထည့်၍ မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာ လောင်းကြလော့ဟုဆိုသည်အတိုင်း သူတို့သည် လောင်းကြပါသည်။ ထိုနည်းအတိုင်း သုံးကြိမ်တိုင်အောင် လောင်း၍ ရေသည် ယဇ်ပုလ္လင်ပတ်လည်နှင့် ကျုံး၌ ပြည့်လေသည်။ ညဦးယံယဇ်ပူဇော်ချိန် ရောက်လာသောအခါ၊ ပရောဖက် ဧလိယသည် လာ၍ ဣသရေလလူတို့၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို သူတို့သည် သိစေခြင်းငှာ အကျွန်ုပ်စကားကို နားထောင်တော်မူပါ ဟု ဆုတောင်းလေသည်။ ထိုအခါ ထာဝရဘုရား၏ မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်းကျောက်၊ မြေမှုန့်ကိုလည်း လောင်၍ ကျုံး၌ရှိသောရေလည်း ခန်းခြောက်သွားပါသည်။ ထိုအခါ လူအပေါင်းတို့က ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု ဝန်ခံကြပါသည်။ ထိုအခါ ဧလိယ သည် ဗာလပရောဖက်များကို ဖမ်းဆီးစေပြီး ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လိုက်ပါသည်။

ထာဝရဘုရားကို မထီမဲ့မြင် မပြုနှင့်
ဧလိယသည် ထိုသို့ ထာဝရဘုရား၏ ဘုန်းတော်ကို ထင်ရှားစေပြီး ယေဇဗေလ၏ ပရောဖက်လေးရာငါးဆယ်အား လုပ်ကြံသည့် သတင်းကို ယေဇဗေလကြားလျှင် ဧလိယကို သတ်ဖို့ရန် စီစဉ်ပါသည်။ ယေဇဗေလသည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသူဖြစ်၍ မိဖုရားဖြစ်သော်လည်း ဂုဏ်မရှိ။ သူ၏ အဆုံးသည် ဝမ်းနည်းစရာဖြစ်ပါသည်။ (၄ရာ၊ ၉:၁၀) တွင် ပရောဖက် ဧလိယရှဲက “ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ၊ ယေဇရေလမြေကွက်၌၊ ခွေးတို့သည် သူ့ကို စားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကို ဖွင့်၍ ပြေး၏” နောက်ဆုံး၌ ဘုရားသခင်ကို မထီမဲ့မြင်ပြုသော ယေဇဗေလသည် မိန်းမစိုးတို့ တွန်းချခြင်းကို ခံရပြီး ပြတင်းပေါက်မှ အောက်သို့ ပြုတ်ကျ၍ သေလေ၏။ သူသည် ရှင်ဘုရင်၏ သမီးဖြစ်၍ သွားကြည့်၍ သင်္ဂြိုလ်ပါဟု ပြောသည့်အတိုင်း သင်္ဂြိုလ်ဖို့ရန် သွားသည့်အခါ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့ရသဖြင့် ယေဟုအားလာ၍ ကြားလျှောက်ကြပါသည်။ ထိုအခါ ယေဟုက ယေဇရေလမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏ အသားကို စားကြလိမ့်မည်ဟု ထာဝရဘုရားသည် မိမိကျွန်ဧလိယအားဖြင့်မိန့်တော်မူသော စကားသည် ပြည့်စုံပြီဟုဆိုပါသည်။ ထာဝရဘုရားကို မထီမဲ့မြင်ပြု၊ ဆန့်ကျင်ဘက်ပြုသော ယေဇဗေလ၏ လမ်းဆုံးသည် ကြောက်မက်ဖွယ်ဖြစ်ပါသည်။ ဓမ္မဟောင်းကာလက လူတို့သည် သေလွန်သောအခါ ကောင်းစွာသင်္ဂြိုလ်၍ သင်္ချိုင်းကို ကဗ္မည်းတင်ကြပါသည်။ သို့သော် ယေဇဗေလ၏ သင်္ချိုင်းဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်အောင် အမှတ်ပြုစရာ မကျန်ခဲ့ပါ။
“သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်းဖြစ်၏ဟု အဘယ်သူမျှမပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်း၊ လယ်ပြင်၌နောက်ချေးကဲ့သို့ ရှိရလိမ့်မည်ဟု ဆို၏။” (၄ရာ၊ ၉:၃၇)

ထာဝရဘုရားကို မထီမဲ့မြင်ပြုသောသူ၏ အသက်တာသည် အလားတူဆုံးမခြင်းခံရမည်။ အရှက်တကွဲ ဖြစ်ရမည်။ အသရေပျက်မည်။ ယေဇဗေလသည် ရှင်ဘုရင်မ ဖြစ်သော်လည်း သေသောအခါ အလောင်းကို ခွေးစားခြင်း ခံရပါသည်။ ထာဝရဘုရားကို ကျောခိုင်းပြီး ရန်တုံ့မူသောသူကို ဘုရားသခင် မဆုံးမဘဲမနေပါ။ ဒဏ်စီရင်တော်မူမည် ဖြစ်သည်။ ယနေ့လူငယ်များ ဘုရားသခင်ကို မထီမဲ့မြင်မပြုမိဖို့ရန် သတိပြုပါ။ အချို့လူငယ်များက ဘီယာကို အရက်မဟုတ်ဘူးဆိုကာ သောက်သုံးနေကြသည်။ အချို့သော ဒုစရိုက်များကိုလည်း အရေးမကြီးဟု သဘောထားကာ ကျူးလွန်နေကြသည်။ ထိုသို့ မပြုမိကြပါနှင့်။ ထာဝရဘုရားသည် မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ ကြောက်မက်ဖွယ်သောဘုရား ဖြစ်တော်မူသည် ဖြစ်၍ ထာဝရဘုရားကို ခိုလှုံကိုးစားလျက်၊ အလေးထားခန့်ငြားလျက် အသက်ရှင်ကြပါ။ ထိုသို့ ပြုသောသူများကို ဘုရားသခင်သည် ကြည့်ရှုမစ၍ ကွယ်ကာလျက် ကောင်းကြီးပေးမည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေး ဝေငှလိုက်ရပါသည်။

1 comments:

rose of sharon said...

ဘုရားနဲ့ဝေးနေတဲ့အချိန်မှာ ဒီဒေသနာတော်အတွက် ကျေးဇူးတင်ပါတယ်...