Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, May 06, 2012

Britney Spears ရဲ့ABROAD ကို ခံစားကြည့်ခြင်း


ကျွန်တော်က နိုင်ငံခြားတေးလေးတွေကို နားဆင်ရတာလည်း အတော် သဘောကျပါတယ်။ အထူးသဖြင့် R&B သီချင်းပုံစံလေးတွေပေါ့။ သံစဉ်ထဲမှာ တက်ကြွစရာ Beat လေးတွေ ပါဝင်တဲ့ သီချင်းလေးတွေကို နှစ်သက်တတ်လို့ပါ။ တကယ်က ကျွန်တော် သီချင်းပုံစံစုံကို သဘောကျတတ်ပါတယ်။ တေးသံရှင်တွေဆိုလည်း ဒီလိုပဲ။ တော်လို့ ကမ္ဘာကျော်လာကြတာမို့ အားလုံးကို တစ်ယောက်တစ်မျိုးစီ နှစ်သက်တတ်ပါတယ်။ တချို့ကိုတော့ နည်းနည်းလေး ပိုနှစ်သက်တာမျိုးတော့ ရှိတာပေါ့ဗျာ။ ခုလည်း ကျွန်တော် ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ Britney Spears ရဲ့ တေးအယ်လ်ဘမ် အသစ်လေးက ထွက်လာပါပြီ။ တကယ်က တေးအယ်လ်ဘမ်လို့သာ ပြောရတယ်။ Official Album ဖြစ်ပုံတော့မရပါဘူး။ သီချင်းတွေက ထင်သလောက် အားမကောင်းနေလို့ပါ။ ဒါပေမယ့် တချို့သီချင်းလေးတွေကတော့ နှစ်သက်စရာပဲ။ ဒီတေးအယ်လ်ဘမ်လေးနဲ့ ပတ်သက်လို့ အညွှန်းလေးကို လွန်ခဲ့တဲ့ ဧပြီလထုတ် မဂ္ဂဇင်းအတွက် ကျွန်တော် ရေးသားဖော်ပြခံခဲ့ရပြီးပါပြီ။ ကျွန်တော့ Blog မှာတော့ ဒီတေးအယ်လ်ဘမ်အညွှန်းနဲ့အတူ အဲဒီထဲကပါတဲ့ သီချင်းလေးတွေကို ရုပ်သံအနေနဲ့ပါ တွဲဖက် ခံစားနိုင်ဖို့ စုစည်းပေးလိုက်ပါတယ်။ ဒါမှလည်း အညွှန်းရေးထားတာကို ပိုပြီး ပီပီပြင်ပြင် ခံစားနိုင်မှာကိုး။


ထုံးစံအတိုင်းပြောရရင်တော့ ဒီတေးအယ်လ်ဘမ်အညွှန်းလေးကို ဖတ်ပြီး သဘောကျတယ်ဆိုရင်တော့ ကျွန်တော့ရဲ့ ဒီကဏ္ဍလေးဖြစ်မြောက်အောင် အဓိက ကူညီပံ့ပိုးပေးပါတဲ့ အရည်အသွေးမြင့် CDII အမှတ်တံဆိပ် အခွေများကိုပဲ ပြည်တွင်းမှာ ဝယ်ယူဖို့ သတင်းကောင်းပေးချင်ပါတယ်ခင်ဗျာ။

Britney Spears ရဲ့ ဒီတေးအယ်လ်ဘမ်ဟာ ရှေ့က ကျွန်တော်ဆိုခဲ့တဲ့အတိုင်းပဲ တကယ့် တရားဝင် အယ်လ်ဘမ်အသစ်ကြီးတစ်ခု မဟုတ်လေတော့။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေခဲ့တဲ့ ဒီမိုအကြမ်းသီချင်းလေး တချို့ကို ပြန်လည်ပေါင်းစပ်ထားတဲ့ Mixtape သက်သက်လို့ ဆိုချင်ပါတယ်။ သီချင်းတွေက အများကြီး အားပျော့နေတယ်လို့ ကျွန်တော်ယူဆပါတယ်။ သူတို့လို နာမည်ကျော်အဆိုတော်တွေက သီချင်းစီစဉ်တာ၊ ရွေးချယ်ထည့်သွင်းတာတွေကို အယ်လ်ဘမ်ကြီးအတွက် သေသေချာချာ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း တစ်ခွေဆို ဆိုသလောက် အောင်မြင်ကြတာပါ။ ဒါပေမယ့် ဒီလို Mixtape တွေရဲ့ အားသာချက်ကလည်း ရှိပါသေးတယ်။ တစ်ခါတရံ လုံးဝ ထင်မှတ်မထားတဲ့ သီချင်းကောင်းတွေဟာ ဒီ Mixtape တွေထဲမှာ ရှာတွေ့နိုင်ပါတယ်။ နောက်တစ်ခုက တကယ့် အယ်လ်ဘမ်ကြီး မလာခင်စပ်ကြားမှာ အကြိုအနေနဲ့ဖြစ်ဖြစ်၊ အလွမ်းပြေအနေနဲ့ဖြစ်ဖြစ် နားဆင်နိုင်သေးတယ်လေ။ Britney က ဒီတေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်း (၁၅) ပုဒ်ထဲက အလည်တည့်တည့်မှာ ကြားရတဲ့ (၇ ပုဒ်မြောက်ပေါ့) Abroad ဆိုတဲ့ သီချင်းလေးကို တေးအယ်လ်ဘမ် Title အဖြစ် ရွေးချယ်ထားပါတယ်။ ခေါင်းစီးသီချင်းဖြစ်တဲ့အလျောက်လည်း တကယ်ကောင်းမွန်တဲ့ Electro Pop သီချင်းပါ။ Mixtape မို့ သီချင်းအဟောင်းလေးတွေကို ပုံစံပြောင်းပြီး ပြန်လည် ထည့်သွင်းထားတာတွေလည်း ပါဝင်ပါတယ်။ ဥပမာဆိုရရင် Gasoline တို့ Dangerous တို့ပေါ့။ နောက် ထူးခြားတာ တစ်ခုက အရင် Lady GaGa နဲ့ Beyonce တို့ဆိုတာ နားဆင်ခဲ့ရပြီးဖြစ်တဲ့ Telephone သီချင်းကို Britney ရဲ့ အသံနဲ့ ပြန်လည် ခံစားနားဆင်ရမယ်ဆိုတာပါပဲ။ ဒီသီချင်းကို Britney က အရင်ဆိုခဲ့ပြီး မသုံးဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် နောက်မှ ပြန်ပြီး သီဆိုလိုက်တာလားဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်း မရှင်းသေးဘူး။ ဒီတေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းတိုင်းကတော့ Electro Pop ဂီတပုံစံမို့ ဒီနေ့ခေတ်လူငယ်တွေ အသည်းစွဲဂီတပုံစံဖြစ်တဲ့အလျောက် သီချင်းတိုင်းက သဘောကျချင်စရာ ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲက လူကြိုက်များမယ်လို့ မျှော်လင့်မိတဲ့ သီချင်းတွေကတော့ Look Who's Talking Now, Telephone, Strangest Love, Abroad, Mad Love စတဲ့သီချင်းတွေပါ။

ကဲ ဆက်ပြီးတော့ ဒီတေးအယ်လ်ဘမ်ထဲက ပါတဲ့ သီချင်းလေးတွေကို ရုပ်သံ ဗီဒီယိုတွေအနေနဲ့ ကြည့်ရှုခံစားပြီး ကောင်း၏ မကောင်း၏ ကိုတော့ ကိုယ်တိုင်ဝေဖန်ပေးလှည့်ပါဦးဗျာ။ ဒါလေးက Telephone သီချင်းကို ပြန်ဆိုထားတာလေးပါ။




နောက်တစ်ပုဒ်ကတော့ Strangest Love ဆိုတဲ့ သီချင်းလေးပါ။ သီချင်းတွေကို အသံကို ဦးစားပေး နားဆင်စေချင်ပါတယ်။ ဒီမှာပါတဲ့ သီချင်းတွေက ထုံးစံအတိုင်း Music Video တရားဝင် ထွက်ထားတာ မရှိလေတော့ ဖြတ်ညှပ်ကပ်တွေချည်း ဖြစ်နေလို့ပါ။



နောက်ဆုံးတစ်ပုဒ်ကိုတော့  Dangerous ဆိုတဲ့ သီချင်းအဟောင်းလေးကို ၂၀၁၂ တည်းဖြတ်ခြင်း အသစ်နဲ့ ပြန်လည် ခံစားနိုင်ဖို့ပါဗျာ။


Britney Spears ကတော့ ရှေ့ဆယ်စုနှစ်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုအရှိန်ကို ထိန်းထားနိုင်ဦးမယ်လို့ ကျွန်တော်တော့ မျှော်လင့်ပါတယ်။ နောက်ထပ် ထွက်လာဦးမယ့် သီချင်းခွေတွေ ကိုလည်း စောင့်မျှော်ကြရအောင်ဗျာ။

ချစ်ခင်စွာဖြင့်
သီဟလုလင်

0 comments: