Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, April 30, 2012

ကျွန်တော့ရဲ့ ဒုတိယမြောက် မဂ္ဂဇင်း အင်တာဗျူး



ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ကျွန်တော်ဘဝမှာ ဒုတိယကြိမ်မြောက်အဖြစ် မဂ္ဂဇင်းအင်တာဗျူးကို ဖြေဆိုခွင့် ရခဲ့ပါတယ်။ The Chic မဂ္ဂဇင်းနဲ့ပါ။ အဲဒီတုန်းကတော့ ကျွန်တော်က City FM Studio မှာ Assistant Production Manager ရာထူးနဲ့ တာဝန်ထမ်းဆောင်နေဆဲပေါ့။ The Chic မဂ္ဂဇင်းက လှမ်းပြီးတော့ လုပ်ငန်းခွင်က လူငယ်တွေနဲ့ စကားပြောအင်တာဗျူးမယ်ဆိုတော့ ဒီဘက် ရေဒီယိုပိုင်းက ကျွန်တော့ကို လှမ်း အကြောင်းကြားတယ်။ ကျွန်တော်လည်း အဆင်ပြေတဲ့အချိန်ဖြစ်နေတာနဲ့ လက်ခံခဲ့တယ်။ အဲဒီချိန်တုန်းက အမှန်တကယ်က စာမျက်နှာ ၂ မျက်နှာပဲ ရမှာကို အယ်ဒီတာချုပ် မနုမြတ် က ကျွန်တော် ဖြေထားတာတွေ ကောင်းတယ်လို့ ယူဆလို့ နောက်ထပ် တစ်မျက်နှာ ထပ်တိုးပေးခဲ့တယ်လို့ သိရပါတယ်။ ကျေးဇူးတင်ပါတယ်လို့ မနုမြတ်ကိုလည်း ဒီနေရာလေးက ကြုံတုန်း ပြောချင်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော့ဘဝရဲ့ ကိုယ်ရေးကိုယ်တာ မဂ္ဂဇင်းအင်တာဗျူးလေးဟာ ဒုတိယမြောက်အဖြစ် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလထုတ် အမှတ် (၃)၊ The Chin Magazine မှာ ပါဝင်သွားခဲ့ပါတယ်။ အဲဒီချိန်တုန်းက ဓါတ်ပုံ ရိုက်ဖို့တွေလည်း မမီလို့ ရှိတဲ့ ဓါတ်ပုံလေးတွေ ထည့်လိုက်ရတာလည်း မှတ်မိနေပါသေးတယ်။ မေးခွန်းကို စာနဲ့ ပို့တာဖြစ်ပေမယ့် မေးထားတဲ့ မေးခွန်းလေးတွေက လွယ်မလိုနဲ့ နည်းနည်းလေး အတွေးအခေါ်တွေ ထည့်ဖြေရတာမျိုးတွေ ပါပါတယ်။ ဒီအစီအစဉ်ကို တာဝန်ယူတဲ့ မနုဝါခိုင် (မြန်မာစာ) ရဲ့ စိတ်ကူးနဲ့ မေးခွန်း ကောင်းလေးတွေပါပဲ။ ခေါင်းစဉ်တပ်ထားတာကတော့ ကျွန်တော့အတွက် ပြုံးစရာ ဖြစ်ခဲ့ပါတယ်။ အဲလို ခေါင်းစဉ်က ကျွန်တော့ကို ပြန်ပြီး ခြောက်လှန့်နေခဲ့လို့ပါ။ “လှုပ်ရှားရုန်းကန် လူငယ်တစ်ယောက်ရဲ့ အားမာန်” တဲ့။ ဒီအင်တာဗျူးလေးဟာ ကျွန်တော့ကိုယ် ကျွန်တော် ဆင်ခြင်သုံးသပ်စရာ၊ ကိုယ်ပြောခဲ့တဲ့စကားကို ကိုယ်တာဝန်ယူစရာ သတိပေးနေတဲ့ နှိုးစက်လေးအဖြစ် ကျွန်တော့်ရဲ့ Blog လေးမှာ ပြန်လည်သိမ်းဆည်းထားလိုက်ပါတယ်။


လှုပ်ရှားရုန်းကန် လူငယ်တစ်ယောက်ရဲ့ အားမာန်
သီဟလုလင်
Assistant Production Manager
CITY FM STUDIO

“ခရီးတစ်ခုကို ရောက်ဖို့ဆိုရင် သွားနေဖို့ပဲလိုတယ်” ဆိုတဲ့ စကားလေးကို စာရေးသူ သိပ်သဘောကျ ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေမှာ မြန်သထက်မြန်တဲ့ အမြန်နှုန်းတွေနဲ့ ဘဝခရီးတွေကို လျှောက်ဖို့ ကြိုးစားနေသူတွေရှိသလို မနားမနေ ဇွဲလုံ့လတွေနဲ့ မှန်မှန်လျှောက်လှမ်းသွားနေတဲ့ လူငယ်တွေလည်း အများကြီးပါ။ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူနေမှုဘဝတွေနဲ့အတူ တွေးခေါ်စဉ်းစားမှုများ မြင့်မားလာသည်နှင့် အမျှ လူငယ်တွေ အလုပ်အပေါ် တန်ဖိုးထား ချစ်မြတ်နိုးမှုတွေလည်း များပြားလာခဲ့ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးတဲ့ လူငယ်ကလေးပေါင်းများစွာထဲက သီဟလုလင် ကို တွေ့ဆုံ ဖော်ပြပေးလိုက်ပါတယ်။

တာဝန်ယူရတဲ့ အပိုင်းနဲ့ ရာထူးကို ပြောပြပါ။
ကျွန်တော် City FM Studio မှာ Assistant Production Manager အနေနဲ့ ရေဒီယိုအစီအစဉ်တွေ ထုတ်လုပ်မှုအပိုင်းတွေနဲ့ ဈေးကွက်ရှာဖွေရေးပိုင်းတွေမှာ တာဝန်ယူ လုပ်ဆောင်ပေးနေပါတယ်။ အထူးသဖြင့် City FM နဲ့ Shwe FM တွေအတွက် ရေဒီယိုအစီအစဉ်တွေ ထုတ်လုပ်ပေးနေသလို၊ တီဗီအစီအစဉ် တချို့မှာလည်း အသံပိုင်းဆိုင်ရာ ပံ့ပိုးပေးနေပါတယ်။

ပညာရေးကကော၊ အသက် ဘယ်လောက်ရှိပြီလဲ။
ကျွန်တော် အခု စီးပွားရေးနဲ့ ဘွဲ့ရထားပြီးပါပြီ။ ဒီပလိုမာသင်တန်းတွေကတော့ ဒီအလုပ်နဲ့ စပ်ဆက်တဲ့ အပိုင်းတွေ၊ ကွန်ပျူတာနဲ့ ပတ်သက်တာတွေ၊ ဘာသာစကားနဲ့ ပတ်သက်တာတွေ တက်ထားပါတယ်။ အသက်ကတော့ ၂၆ နှစ်ထဲမှာပါ။

အလုပ်လုပ်တာ အချိန်ဘယ်လောက်ကြာပြီလဲ။
ကျွန်တော် ဒီအလုပ်မှာ ခုဆိုရင် ၇ နှစ် ရှိပါပြီ။ City FM စပေါ်ပြီး နောက်တစ်နှစ်လောက်မှာ စဝင်ဖြစ် သွားတာပါ။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတော့ INGO တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သေးတယ်။ အဲဒီအချိန်ကတော့ ဒီအလုပ်ကို အချိန်ပိုင်း ပြောင်းလုပ်ခဲ့ပါတယ်။ နောက်တော့ ဒီအလုပ်မှာ ပြန်လုပ်ဖို့ အကြောင်း ဖြစ်လာတယ် ဆိုပါတော့။

တစ်နေ့တာ လုပ်ငန်းစဉ်အနေနဲ့က။
ကျွန်တော်က အလုပ်ကို ညဉ့်နက်နက်ထိ လုပ်ရတာ များတော့၊ မနက်ဆို ခုနစ်နာရီခွဲ အမေနှိုးပေးတယ်။ ကိုယ်လက်သန့်စင် မနက်စာ စားပြီး ရုံးသွားတယ်။ ရုံးမှာတော့ နေ့စဉ် ကိုယ်တိုင်ရေးဆွဲထားတဲ့ အချိန်ဇယား အတိုင်း ရေဒီယိုအစီအစဉ်တွေ ထုတ်လုပ်နိုင်ဖို့ ရေးစရာရှိတာရေး၊ ချိန်းစရာရှိတာချိန်း၊ ဗျူးစရာ ရှိတာဗျုး၊ အသံသွင်းစရာ ရှိတာသွင်း၊ ဈေးကွက်ရှာဖွေရေးကို ကူညီပေးတာတွေနဲ့ ရုတ်တရက်ပေါ်လာတဲ့ ပြဿနာအကြီးအသေးတွေ ဖြေရှင်းရတာတွေ လုပ်ရပါတယ်။ ညနေ ရုံးက ပြန်ရောက်တာနဲ့ အိမ်မှာ အသံတည်းဖြတ်တာတွေ လုပ်ရပါတယ်။ သောကြာနဲ့ စနေညတွေမှာတော့ အလုပ်မလုပ်ဘဲ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာမျိုး၊ ဒါမှမဟုတ် တစ်ယောက်တည်း အိမ်မှာ တီဗီ ကြည့်တာမျိုးနဲ့ စာဖတ်တာမျိုး လုပ်ပါတယ်။ စာရေးတာနဲ့ စာဖတ်တာကိုတော့ ရတဲ့အချိန်လေးမှာ လုပ်နေရတာပါပဲ။

ဒီအလုပ်လုပ်ဖို့ ဘယ်လို စိတ်ကူးမျိုး ရရှိခဲ့တာလဲ။
ဒီအလုပ်မှာ ကျွန်တော်က အရင် စဝင်ခါစကတော့ ရိုးရိုးအစီအစဉ်တင်ဆက်သူ တစ်ယောက်အနေနဲ့ ပါပဲ။ နောက်တော့ အသံတည်းဖြတ်ပြီး အစီအစဉ် အချောထုတ်လုပ်နိုင်တဲ့ စက်မှုဘက်ပိုင်းဆိုင်ရာတွေ တတ်ကျွမ်းလာတယ်။ ပြီးတော့ အစီအစဉ်တစ်ခုလုံးကို စဉ်းစား ဖန်တီးရေးသား ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ရောက်လာတယ် ဆိုရမှာပေါ့။ ဒီအလုပ်ကို လုပ်ဖို့ စိတ်ကူးရလာတာကတော့ တကယ့် ဘုရားပေးတဲ့ ဆုလက်ဆောင်ပါပဲ။ ကျွန်တော် ငယ်ငယ်က ဒီလိုအလုပ်မှာ လုပ်ရဖို့ အခွင့်အရေးက ရှားသလို၊ လုပ်ခွင့်ရပြန်ရင်လည်း လူကြီးတစ်ယောက်လို တည်တည်ခံ့ခံ့ကြီး ပြောဆိုရတဲ့ သတင်းကြေငြာသူလိုမျိုး နေရာတွေပဲ တွေ့မြင်ခဲ့ရတယ်။ ဒီလို လူငယ်ဆန်ဆန် သွက်သွက်လက်လက်ရှိတဲ့ ရေဒီယိုလိုင်းတွေ ဖြစ်လာမယ်လို့တောင် မထင်ထားခဲ့ပါဘူး။ ကျွန်တော် တက္ကသိုလ် ပထမနှစ် တက်နေချိန်မှာ ဂျာနယ် နှစ်စောင်လောက်မှာ ဒီ Radio DJ အလုပ်ခေါ်တာ တွေ့တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပြီး စမ်းကြည့်ရအောင်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ တကယ်လည်း ကျွန်တော်နဲ့ လိုက်ဖက်တဲ့ အလုပ်တစ်ခု ဖြစ်နေခဲ့ပါတယ်။

အလုပ်မလုပ်ခင် ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့လဲ။
ဒီအလုပ်ကို လုပ်ရလိမ့်မယ်လို့ ငယ်ငယ်တုန်းက ကြိုမတွေးခဲ့ဖူးတော့ ကြိုတင်ပြင်ဆင်တယ်ဆိုပြီး သီးသန့်တော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သတင်းကြေငြာသူတွေကို အားကျတတ်တဲ့ စိတ်အခံရှိတော့ ငယ်ငယ်က ဆော့ရင်တောင် သတင်းကြေငြာတဲ့သူအနေနဲ့ မှန်ရှေ့မှာ သတင်းစာ ဖတ်တတ်တာမျိုး လုပ်ဖြစ်တယ်။ ဝတ္ထုဇာတ်လမ်းတွေဆိုလည်း အသံထွက် ဖတ်ပြီး အသံသရုပ်ဆောင်လုပ်တမ်း ကစားတယ်။ ဗလာစာအုပ်တစ်အုပ်မှာ တီဗီအစီအစဉ်တွေကို ကိုယ်ပိုင်ရုပ်မြင်သံကြားဆိုပြီး ကိုယ်တိုင်ရေးဆွဲစီစဉ်တာမျိုး ကစားတယ်။ အဲဒါတွေက ခုချိန်မှာ ပြန်ပြီး အကျိုးပေးလာတယ် ထင်ပါတယ်။ ငယ်ငယ်ကတည်းက အလေ့အကျင့် ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ အသံအတွက်ကတော့ သီးခြားလေ့လာပြင်ဆင်တာမျိုး မရှိဘဲနဲ့ ရေဒီယိုမှာ ပြောလာတာကြာတော့ စကားတစ်ခွန်းကို နားထောင်လို့ ကောင်းတယ်လို့ ထင်ရအောင် ပြောလာနိုင်တာ ဖြစ်ပါလိမ့်မယ်။ သီးသန့်ကြီးတော့ လေ့ကျင့်မနေပါဘူး။ ဒီအလုပ်အတွက်  အရေးအကြီးဆုံးဖြစ်တဲ့ ဗဟုသုတပြည့်စုံဖို့အတွက်တော့ ငယ်ငယ်ကတည်းက စာဖတ်နဲ့ သီချင်း နားထောင်တာတွေ များများလုပ်ဖြစ်ခဲ့တာရယ်၊ ခုထိတိုင်လည်း အင်တာနက်နဲ့ စာအုပ်တွေကို လက်မလွတ်တာရယ်ကတော့ ကျွန်တော့အလုပ်ကို ခုထိ အထောက်အပံ့ပေးနေတုန်းပါပဲ။ နောက်တစ်ခုက အင်္ဂလိပ်ဘာသာစကားကို အထိုက်အလျောက် လိုက်စားခဲ့တာကြောင့်လည်း ဒီအလုပ်ကို ပိုအဆင်ပြေသွား စေပါတယ်။

သင်တန်းတွေရော တက်ဖြစ်လား။ ဘယ်လို သင်တန်းမျိုးတွေလဲ။
ဒီ Radio DJ အလုပ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ သီးသန့် ကျောင်းရယ်၊ ဘာသာရယ်ဆိုပြီး အရင်က မရှိခဲ့ဘူးလေ။ အဲဒါကြောင့် မတက်ဖြစ်ခဲ့ပါဘူး။ ဒီအလုပ်မဝင်ခင်က ကြည့်ဖြစ်တဲ့ MTV ရုပ်သံက အစီအစဉ်တင်ဆက်သူတွေရဲ့ လှုပ်ရှားပြောဆိုမှုတွေနဲ့ လုပ်ငန်းခွင်ဝင်လာတော့ အထက် ဆရာသမားတွေရဲ့ သင်ပြမှုကို အလေးအနက်ထားခံယူလေ့လာခဲ့တာတွေကြောင့် သင်တန်းတက်တာထက် လက်တွေ့ပိုကျတဲ့ သင်ယူရမှုအပိုင်းတွေ ဖြစ်လာခဲ့တယ်လို့ ပြောချင်ပါတယ်။ ဒီအလုပ်နဲ့ ပတ်သက်ပြီး အထောက်အကူပြုနိုင်တဲ့ Audio Editing အပိုင်း၊ နောက် အင်္ဂလိပ်စာပိုင်းတွေကို ဒီပလိုမာ ရတဲ့အထိ လေ့လာခဲ့ပြီးတော့ Journalism သင်တန်းကိုတော့ Living Color Group က ပေးတဲ့ အချိန်မှာ တက်ဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော်လုပ်ဆောင်နေရတဲ့ ရာထူးအနေအထားအတွက် လိုအပ်တဲ့ သင်တန်းတွေလောက်ပဲ ကျွန်တော် တက်ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း လူငယ်တွေကတော့ ဒီလို အစီအစဉ်မှူးလုပ်တာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ပြည်တွင်းမှာဖြစ်ဖြစ်၊ ပြည်ပမှာဖြစ်ဖြစ် တက်ရောက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိနေပါပြီ။

လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပြည်ပအတွေ့အကြုံ။
လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြည်ပအတွေ့အကြုံကတော့ ကျွန်တော်အလိုလားဆုံးအရာပါပဲ။ ပြည်ပ က ရေဒီယိုဌာနတွေကို လေ့လာခွင့် ရချင်ပါတယ်။ ခုချိန်ထိတော့ စင်ကာပူက ကျွန်တော့အစ်ကိုနဲ့က DJing ကို စိတ်ဝင်စားတာချင်းတူလို့ သူ့ဆီက တစ်ဆင့်ပဲ ပြန်လေ့လာဖြစ်ပါတယ်။ သူဝယ်ထားတဲ့ DJ နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ လေ့ကျင့်ခန်းအခွေတွေကို သူ့ဆီကနေ တစ်ဆင့်ပဲ ပြန်သင်လိုက်တာမျိုးပါ။ ခု အလုပ်နဲ့ သိပ်ဆိုင်လှတာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက Online/Internet Radio တွေကို စိတ်ဝင်စားတဲ့အတွက် နိုင်ငံပေါင်းစုံက DJ တွေ ပူးပေါင်းထုတ်လွှင့်တဲ့ JUST MUSIC ONLINE RADIO မှာလည်း ရန်ကုန်အဖွဲ့ဘက်ကနေ အစီအစဉ်တွေကို ကူညီတင်ဆက်ပေးနေတာက ကျွန်တော့အတွက် အကျိုးရှိတဲ့ အတွေ့အကြုံသစ်တွေပါပဲ။

ပံ့ပိုးပေးတဲ့သူတွေလို့ မေးရင်...။
ကျွန်တော် ခုလိုအခြေအနေထိ ရောက်အောင် အစစအရာရာပြင်ဆင်ပေးခဲ့တာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါ။ ပံ့ပိုးပေးတဲ့သူဆိုတဲ့နေရာမှာ တစ်လက်စတည်း ကျွန်တော် ကျေးဇူးတင်ရမယ့် ပံ့ပိုးပေးသူတွေကို ပြောပြချင်ပါတယ်။ ကျွန်တော့ မေမေကတော့ ကျွန်တော်ကို ခုချိန်ထိ အားပေးပံ့ပိုးနေသူပါ။ နောက် လေးလေးနက်နက် ကျေးဇူးတင် စကား ပြောချင်တာက ကျွန်တော့သူငယ်ချင်း ကိုခိုင်ဇော်ထွန်း ပါပဲ။ ဒီလိုပဲ ရေဒီယိုအစီအစဉ် ထုတ်လုပ်တဲ့ ဘက်မှာ ကောင်းမွန်လာအောင် သင်ကြားပံ့ပိုးပေးကြတဲ့ ကျေးဇူးရှင်တွေက ဦးကြည်မင်းသိန်း၊ ကိုဧထက်၊ ဦးမင်းချစ်သူ၊ ကိုနိုင်ဗိုလ်ဗိုလ်ထွဋ် နဲ့ ကိုတင်မင်းထွန်းတို့ပါ။ ဦးကြည်ဆိုရင် ခုထိ ကျွန်တော့ကို ကြည့်ရှု ပံ့ပိုးပေးနေဆဲပါပဲ။

အလုပ်လုပ်ဖို့နဲ့ လုပ်နေတဲ့အချိန်မှာ တွေ့ကြုံလာရတဲ့ အခက်အခဲတွေက ...။
ဒီအလုပ်ကို စလုပ်ကတည်းက ကျွန်တော့ရဲ့ ဝါသနာ အရမ်းကြီးတာကြောင့်ရော၊ နောက် ဆရာသမားတွေ ကောင်းမှုနဲ့ပါ အခက်အခဲဆိုတာ တော်တော်လေး နည်းပါးခဲ့ပါတယ်။ အခက်အခဲ ရှိလာရင်လည်း သင့်လျော်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားတယ်။ အရင်ကတော့ ကိုယ့်အထက်မှာ အထက်လူကြီးတွေ အများကြီး ရှိနေတဲ့အတွက် အခက်အခဲဆိုတာ ကိုယ့်ဆီရောက်ရင် ပါးပါးလေး ဖြစ်သွားပြီ။ အခုချိန်မှာတော့ ကိုယ်ကိုယ်တိုင် နေရာတစ်ခု ရလာတဲ့အခါ အခက်အခဲဆိုတာကို ကိုယ့်ထက်အငယ်တွေထက် ဦးဆုံး ဆီးခံနေရတဲ့သူ ဖြစ်လာတော့ နည်းနည်းတော့ ပင်ပန်းပါတယ်။ မီဒီယာ အလုပ်ဖြစ်တာမို့ အများဆုံးတွေ့ရတဲ့ အခက်အခဲက ဆက်ဆံရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ နားလည်မှု လွဲတတ်တာနဲ့ အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးရတဲ့ ကိစ္စတွေပါပဲ။

အခက်အခဲတွေ့တဲ့အခါ ဖြေရှင်းတဲ့နည်းလမ်းတွေ ရှိလား။
ကျွန်တော်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေကိုတော့ အတွေ့အကြုံနဲ့ ယှဉ်စဉ်းစားပြီး ဖြေရှင်းသလို၊ လိုအပ်ရင် ဒီလုပ်ငန်းမှာ ကိုယ့်ထက် အတွေ့အကြုံရင့်ကျက်သူတွေဆီကလည်း အကြံဉာဏ် ယူတတ်ပါတယ်။ ဒီလုပ်ငန်းမှာကျတော့ အခက်အခဲဆိုတာက များသောအားဖြင့် လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီးပဲ အခန့်မသင့်တာမျိုးဖြစ်တတ်တာဆိုတော့ လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဖြေရှင်းနည်းတွေနဲ့ပဲ အလေးထားပြီး ဖြေရှင်းလိုက်ပါတယ်။ ကျွန်တော့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေကို ဖြေရှင်းနည်းကတော့ ရှင်းပါတယ်။ ဘုရားသခင်ဆီမှာ အပ်နှံဆုတောင်း ဆက်ကပ်ပြီး ဖြေရှင်းရမယ့် နည်းလမ်း တောင်းခံလိုက်တယ်။ ယုံကြည်တဲ့အတိုင်းလည်း ပြေလည် သွားခဲ့ပါတယ်။

ကိုယ်ရည်ကိုယ်သွေး မြင့်မားဖို့အတွက် ဖတ်ဖြစ်တဲ့ စာအုပ်စာပေ ...။
ကျွန်တော်က စာဖတ်တာကို အလေးထားပါတယ်။ ကျွန်တော်တို့တွေ ရေဒီယိုအစီအစဉ်ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ဆိုတာ စာဖတ်အား ကောင်းတာနဲ့ မကောင်းတာပေါ်မှာ မူတည်ပြီး တီထွင်ဖန်တီးနိုင်မှု ကွာဟ သွားစေလို့ပါ။ ရေဒီယိုအစီအစဉ်တွေမှာ ဇာတ်ညွှန်းနဲ သွားရတဲ့ အစီအစဉ်တွေ ရှိပါတယ်။ အဲဒီလို အစီအစဉ်မျိုးအတွက် စာဖတ်နာဖို့ လိုပါတယ်။ နောက်ပြီး စင်ပေါ်မှာ အခမ်းအနားမှူးလုပ်ရတဲ့အခါ မှာလည်း စာဖတ်အားကောင်းသူက စကားပိုကြွယ်ပါတယ်။ ဒါက ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်လို့ တစ်ပိုင်း ပေါ့။ ကိုယ်ပိုင် အရည်အသွေး မြင့်မားဖို့အတွက်ဆိုပြီး သီးသန့် ဖတ်တာမျိုး မရှိခဲ့ပေမယ့် ကိုယ့်ကို စိတ်ခွန်အား တိုးစေမယ့် တက်ကျမ်းလိုစာမျိုး၊ ယဉ်ကျေးသိမ်မွေ့စေမယ့် ဘာသာရေးစာမျိုး၊ အိုင်တီနဲ့ ပတ်သက်တဲ့စာမျိုးနဲ့ ပညာရပ်ဆိုင်ရာ အထောက်အပံ့ပေးမယ့် စာမျိုးတွေကို အလျဉ်းသင့်သလို ဖတ်ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ ခေတ်စားလာတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာမျိုးတွေကိုလည်း ကျွန်တော် ဉာဏ်မီသလောက် ကြိုးစားလေ့လာနေပါတယ်။

အဓိကဝါသနာပါတဲ့အရာ ...။
ကျွန်တော်က စာရေးရတာ၊ သီချင်းဆို၊ သီချင်းရေး၊ သီချင်းနားထောင်ရတာ၊ ကခုန်ရတာ၊ ဈေးကွက်ချဲ့ထွင်ဖို့ စဉ်းစားရတာ၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ရတာနဲ့ သူငယ်ချင်းတွေနဲ့ နေရတာတွေကို ဝါသနာပါပါတယ်။ ကျွန်တော် ဝါသနာပါတာတွေက ခုလုပ်ဆောင်နေရ တာတွေ ကိုက်ညီနေတာတော့ အမှန်ပါပဲ။ မဂ္ဂဇင်းတချို့နဲ့ ဂျာနယ်တချို့မှာ ဆောင်းပါး၊ သတင်းတွေ ရေးတတ်သလို ဝတ္ထုအထိရေးဖို့လည်း ကြိုးစားနေပါတယ်။ သီချင်းဆိုတာနဲ့ ရေးတာကတော့ အပျော်တမ်းလောက်ပါပဲ။ ကျွန်တော့ဘဝမှာ အစိတ်အပိုင်းကြီးကြီးနေရာယူထားတာက သူငယ်ချင်းတွေကို အချိန်ပေးပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရတာပါပဲ။

လူမှုရေးစွမ်းဆောင်မှုတွေရော စိတ်ဝင်စားလား။
ကျွန်တော့ရဲ့ ဝါသနာတစ်ခုဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ရတာကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်တွေက INGO တစ်ခုမှာ အလုပ်ဝင်ခဲ့တာပါ။ တကယ်ထိရောက်ပြီး စိတ်စေတနာအပြည့်နဲ့ လုပ်ဆောင်ပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားဖို့ အရမ်းစိတ်ဝင်စားပါတယ်။ ကျွန်တော့မွေးနေ့တွေဆိုလည်း လူမှုရေး လုပ်ငန်းတချို့မှာ အလှူငွေ ထည့်ဝင်တာမျိုး၊ စားသောက်ကုန်နဲ့ လူသုံးကုန်တွေ လှူတာမျိုးကို ကျွန်တော် လုပ်ပေးဖြစ်ပါတယ်။ ခုလတ်တလော စိတ်ဝင်စားနေတဲ့ လူမှုရေးလှုပ်ရှားမှုကတော့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ပေးချင်တာပါပဲ။ ရာသီဥတု ဖောက်ပြန်တာနဲ့ သဘာဝဘေးအန္တရာယ်တွေ ထူပြောလာတာကြောင့် ဒီလှုပ်ရှားမှုကို စိတ်ဝင်စားလာတာပါ။

ရှေ့က အောင်မြင်သူတွေထဲ ဘယ်သူ့ကို အားကျလဲ။
ကျွန်တော့ဘဝမှာ ကျွန်တော်အရမ်းအားကျတဲ့ အစီအစဉ်တင်ဆက်သူတစ်ဦး ရှိပါတယ်။ သူက MTV မှာ ရုပ်သံတင်ဆက်သူအဖြစ် အခုထိ လုပ်နေတဲ့ Utt ပါ။ သူ့ကို အားကျတဲ့ စိတ်နဲ့လည်း ဒီလို ရေဒီယို အစီအစဉ်တင်ဆက်သူ ဖြစ်လာခဲ့တာဆိုရင် မမှားပါဘူး။ ပြည်တွင်းမှာတော့ ဦးကျော်စိုးဦးရဲ့ အသံကို အရမ်း သဘောကျသလို ကိုယ့်ရှေ့က စီနီယာအစ်ကိုတွေဖြစ်တဲ့ ကိုဆန်းထွဋ်နဲ့ ကိုငဲငယ်တို့ရဲ့ အသံတွေကိုလည်း ကြိုက်ပါတယ်။

ရှေ့ဆက် ဘယ်လိုရည်ရွယ်ချက်မျိုး ရှိလဲ။
ရှေ့လုပ်မယ့် အစီအစဉ်တွေကတော့ အများကြီးပဲ။ ကျွန်တော်စဉ်းစားထားတဲ့ ဘယ်အရွယ်မှာ ဘယ်အဆင့်၊ ဘယ်နေရာဆိုတာနဲ့ ကိုက်ညီနေအောင် ကြိုးစားနေပါတယ်။ ဒီနှစ် ဒီအချိန်မှာ ဒီနေရာ ဒီရာထူး ဆိုရင် နောက်နှစ် နောက်တစ်ချိန်မှာ ပိုပြီး အဆင့်မြင့်တဲ့နေရာတစ်ခုကို ရောက်ဖို့ ကြိုးစားသွား ဦးမှာပါ။ ကိုယ်ပိုင် လုပ်ငန်းတစ်ခု စ လုပ်ဖို့လည်း စဉ်းစားနေပါပြီ။ ဒီက အသံလွှင့်မီဒီယာလုပ်ငန်းတွေ ဒီ့ထက် ပိုပြီး တိုးတက်လာဖို့လည်း တစ်ဖက်က မျှော်လင့်ပါသေးတယ်။ ကျွန်တော်ရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာအောင် အထောက်အပံ့ပေးမယ့် သင်တန်းနဲ့ ကျောင်းတွေကိုလည်း ဆက်တက်သွားဦးမှာပါ။ ကျွန်တော့ ခံယူချက်က Never Stop Learning!

ယနေ့ခေတ် လူငယ်လေးတွေအတွက် သုံသပ်ချက် နဲ့ လက်ဆောင်စကား ...။
ကျွန်တော့အမြင်ကတော့ ဒီနေ့လူငယ်တွေမှာ နှစ်မျိုးကွဲနေတယ်။ အဲဒီနှစ်မျိုးရဲ့ ကွာဟချက်ကလည်း ကြီးနေတယ်လို့ ထင်ပါတယ်။ တစ်မျိုးက အရမ်းကို တက်ကြွထက်မြက်ပြီး ဘာပြီး ဘာလုပ်ရမယ်ဆိုတာ သိလို့ အားကြိုးမာန်တက် လုပ်နေကြတဲ့ အချိန်မှာ နောက်တစ်မျိုးက ဗဟုသုတလိုက်စားမှု နည်းပါးနေပြီး ဘာစ လုပ်လို့ လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေကြပါတယ်။ ဒီလူငယ် အမျိုးအစားနှစ်ခု ကွာဟမှုက ဆင်းရဲတာ၊ ချမ်းသာတာကို ပြောတာမဟုတ်ပါဘူး။ ခံယူတဲ့စိတ် ကွာခြားနေတာကို ပြောတာပါ။ ဆိုလိုချင်တာက ချမ်းသာပြီး ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေ ရှိသလို၊ ဆင်းရဲပေမယ့် ခံယူချက် မြင့်မြင့်နဲ့ ထက်မြက်တဲ့ လူငယ်တွေ ရှိနေပါတယ်။ ဒီ ကွာဟချက် နှစ်ခုကြားထဲမှာမှ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်မှ အဆင်ပြေမယ်ထင်တဲ့ လူငယ်တွေလည်း ရှိနေပါသေးတယ်။ အတိုင်းအတာ တစ်ခုထိတော့ ဒီလိုလုပ်တာ မှန်ကောင်းမှန်နိုင်ပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ တိုးတက်ဖွံ့ဖြိုးဖို့ အများကြီး လိုသေးတယ်ဆိုတာလည်း အမှတ်ရစေချင်ပါသေးတယ်။ တော်တဲ့လူငယ်တွေ ကိုယ့်နိုင်ငံကို ပစ်သွားမှာ စိုးပါတယ်။ ဒီနေ့ခေတ် လူငယ်တွေက ကျွန်တော်တို့ ငယ်ငယ်ကထက်စာရင် အခွင့်အလမ်းတွေ အများကြီး ရနေပါတယ်။ ရနေတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ကိုယ့်နိုင်ငံ တိုးတက်ကောင်းစားရေး အတွက် လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစား လုပ်ဆောင် သွားပါ့မယ်။

နုဝါခိုင် (မြန်မာစာ)

Credit: The Chic Magazine

4 comments:

ချောကလက်ကျူးပစ်လေး said...

ဒုတိယမြောက် မဂ္ဂဇင်း အင်တာဗျူးကို
ဒုတိအကြိမ်ဖတ်သွားတယ်ကိုသီပာရေ..:P

ဝိ၀ိ said...

အစ်ကိုဘယ်သူလဲဆိုတာ....
ခုမှ...ကျွန်တော်သိတော့တယ်...........ကျွန်တော်က....city FM ရေဒီယိုရဲ့ ပရိသတ်တစ်ဦးပါ.....................

Thiha Lu Lin said...

City FM ကို နားထောင်ပေးခဲ့တဲ့အတွက် ဝိဝိ ကို ကျေးဇူးတင်ပါတယ်.... :)

Anonymous said...
This comment has been removed by a blog administrator.