Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, April 22, 2012

သိုးထိန်း (ဒေသနာတော်)


တနင်္ဂနွေနေ့တိုင်း အပတ်စဉ်ပုံမှန် တရားဒေသနာတွေကို နာယူနိုင်ဖို့အတွက် ကြိုးစားလာခဲ့တာ အတော်လေး ခရီးပေါက်လာလို့ အဖဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိပါတယ်။ ရပ်ဝေးရပ်နီးက အကြောင်းအမျိုးမျိုးနဲ့ ဘုရားကျောင်းတက်ရောက်ဖို့ ဝေးကွာနေတဲ့ ယုံကြည်သူများ ခွန်အားယူနိုင်ဖို့နဲ့ မယုံကြည်သူများလည်း ဖတ်ရှုလေ့လာနိုင်ဖို့ ဝေမျှတင်ဆက်ပေးနေတာပါ။ ဒီတစ်ပတ်တော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့က ကြားနာခဲ့ရတဲ့ ဆရာကြီး ဦးတင်မောင်ညို ရဲ့ “သိုးထိန်း” ဒေသနာတော်ကို ပြန်လည် ဝေမျှပေးချင် ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!


နိဒါန်း
“ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။” (ဆာ၊ ၂၃:၁)
ဤဆာလံကျမ်းကို ရေးသားစပ်ဆိုသော ဒါဝိဒ်မင်းကြီးက ဘုရားသည် မိမိ၏ သိုးထိန်းဖြစ်သည်ဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ မိမိက သိုးဖြစ်ပြီး ထာဝရဘုရားသည် မိမိကို ထိန်းသော သိုးထိန်းဟု ဝန်ခံထားပါသည်။ မိမိအား ထာဝရဘုရားက ထိန်းကျောင်းပဲ့ပြင်မှုအောက်၌ ရှိနေသောကြောင့် ဆင်းရဲမခံရဟု ဆိုပါသည်။ ဆာလံဆရာနည်းတူ ထာဝရဘုရား၏ ထိန်းကျောင်းပဲ့ပြင်မှုအောက်၌ ရှိနေကြသောသူများသည် လောကအသက်တာ၌ ဆင်းရဲစရာ အကြောင်းမရှိပါ။ ဆင်းရဲသည်ဟုဆိုရာ၌ ယနေ့ အများက ငွေကြေးမရှိ၍ ဆင်းရဲခြင်းရှိသလို၊ အိမ်ထောင်အဆင်မပြေ၍ ဆင်းရဲခြင်း၊ ကျန်းမာရေးချို့တဲ့၍၊ သားသမီးများ စကားနားမထောင်၍၊ စီးပွားပျက်၍ ဆင်းရဲခြင်းအမျိုးမျိုးရှိကြပါသည်။ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း အမျိုးမျိုးကို လူသားတို့ ခံနေကြရသည်။ သို့သော် ကျွန်ုပ်တို့သည် သိုးထိန်းကြီး ဖြစ်တော်မူသော ဘုရားသခင်၏ လမ်းပြခေါ်ဆောင်ရာ နောက်သို့ လိုက်ပါက လောကဓံ တရား၏ ဖိစီးမှုအမျိုးမျိုးကြောင့် ခံရမည့် ဆင်းရဲခြင်းများမှ လွတ်မြောက်၍ လုံခြုံစွာ အသက်ရှင်ကြရမည် ဖြစ်သည်။ သိုးသည် အခြားသော သတ္တဝါများနှင့် မတူပါ။ အခြားသော သတ္တဝါများသည် စားကျက်ရောက်ဖို့ ခြံမှလွတ်ပေးလိုက်လျှင် သူ့ဖာသာ ရှာ၍ စားသောက်တတ်ကြသည်။ တိရစ္ဆာန်ကျောင်းသူ များက ညနေရောက်မှ ပြန်၍ မောင်းပြီး ခြံအတွင်းသို့ သွင်းရသည်။ သိုးမူကား ထိုသို့မဟုတ်၊ စားကျက်ရှိရာသို့ မိမိဖာသာ မသွားတတ်၊ သိုးထိန်း၏ လမ်းပြခေါ်ဆောင်ရာနောက်သို့ အသံကိုနားထောင်၍ နောက်မှ လိုက်သွားကြပါသည်။ သိုးထိန်း နောက်သို့မျက်ခြေမပြတ် စေ့စေ့ကြည့်ပြီး လိုက်သွားသော သိုးသည် ကောင်းသောစားကျက်သို့ရောက်ပြီး မဆင်းရဲ သကဲ့သို့၊ သိုးထိန်းတည်းဟူသော ထာဝရဘုရား၏ အသံတော်ကို နားထောင်ပြီး စေ့စေ့ မျက်မှောက်ပြု၍ အသက်ရှင်သောသူသည် ဆင်းရဲမခံရဟု ကတိတော်ရှိပါသည်။

စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့မှ လွတ်၍
လောက၌ ကျွန်ုပ်တို့သည် အခြေအနေတစ်စုံတစ်ခုကြောင့် ဆင်းရဲစရာအကြောင်းမရှိပါ။ ယနေ့ အချို့သော အိမ်ထောင်များက စိတ်ဆင်းရဲနေကြရသည်။ အိမ်ထောင်ရေးအဆင်မပြေ၊ လင်နှင့် မယားက သုံးနှင့်လေး ပမာ မျက်နှာချင်းဆိုင်မရကြ။ တစ်ဦးနှင့် တစ်ဦး မတွေ့ချင်ကြ။ အိမ်ထောင်သည် လေးနှင့်သုံး ကဲ့သို့သာ မျက်နှာချင်းဆိုင်ဖြစ်ပြီး ညီညွတ်နေဖို့လိုပါသည်။ ထိုအိမ်ထောင်က အိမ်ထောင်ရေး မဆင်းရဲသော အိမ်ထောင်ဖြစ်သည်။ ယနေ့ အိမ်ထောင်ရေး ဆင်းရဲနေပါသလား။ ထိုအိမ်ထောင်၏ သိုးထိန်းသည် ထာဝရဘုရားမဟုတ်သေးဟု ဆိုရမည် ဖြစ်သည်။ ယနေ့ကလေးငယ်များ နားမကြားသော်လည်း ကျောင်းကောင်းကောင်းနေရသည်။ စာသင်ရသည်။ ကောင်းစွာ စားကြရသည်။ ဘုရားအကြောင်းကိုလည်း ကြားကြရသည်။ ဘုရားသခင်ကို သိသောကြောင့် ဆင်းရဲခြင်းမရှိပါ။ ကျွန်ုပ်တို့သည် သိုးထိန်းတည်းဟူသော ထာဝရဘုရား၏ အုပ်စိုးမှုအောက်တွင် နေတတ်ကြဖို့ လိုပါသည်။ ဘုရားသခင်၏ စကားကို နားထောင်၍ ခေါ်သည့်နေရာသို့ လိုက်ပြီး၊ ထားသောနေရာတွင် နေတတ်ကြဖို့ လိုပါသည်။ စိတ်ဂယောက်ဂယက်နှင့် ဟိုပြေးဒီပြေး မဖြစ်သင့်ပါ။ (ယော၊ ၁၀) ကို ဆင်ခြင်သည့်အခါ သိုးနှင့် သိုးထိန်းအကြောင်းကို နက်နက်နဲနဲ ဖော်ပြထားသည်ကို တွေ့ရသည်။ သိုးကို ညဘက်ခြံထဲ၌ သိပ်ထားပြီး နံနက်ရောက်လျှင် အမည်နှင့် ခေါ်ထုတ်သည်ကို တွေ့ရသည်။ သိုးခြံသည် ကြက်ခြံကဲ့သို့ မဟုတ်၊ ခါးလောက်သာရှိသော အကာအရံဖြင့် ခြံစည်းရိုးလုပ်ထားပါသည်။ သိုးခြံ၌ တံခါးမရှိပါ။ ဝင်ပေါက်၌ သိုးထိန်းသည် လှံတံနှင့် တောင်ဝှေးကို ပိုက်ပြီး ကန့်လန့်ဖြတ် အနေအထားနှင့် အိပ်၍ စောင့်နေတတ်ပါသည်။ သိုးထိန်းက သိုးတို့ စည်းကမ်းမဲ့ အပြင်မထွက်ဖို့ စောင့်နေတတ်သလို၊ အခြားသော သားကောင်တို့၏ အန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။
သိုးသည် မိမိသိုးထိန်း၏ အသံကို  သိပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့သည်လည်း ထာဝရဘုရား၏ သိုးများ ဖြစ်ပါက အသံတော်ကို သိကြမည် ဖြစ်ပါသည်။ လောက၌ အသံအမျိုးမျိုးရှိသည်။ စာတန်သည်လည်း ဘုရားသခင်၏ အသံကဲ့သို့ တုပတတ်ပါသည်။ သူလည်း တန်ခိုးရှိပါသည်။ ယနေ့ ယုံကြည်သူ လူငယ်များ စာတန်၏အသံကို ကြားပြီးနားယောင်၍ ပါသွားတတ်ကြသည်။ ဧဝံဂေလိဟောပြောနေသော လူငယ်များ၊ အသင်းတော်၌ တက်တက်ကြွကြွပါဝင်ဦးဆောင်နေကြသော လူငယ်များ ညဘက်တွင် စာတန်က မင်း ဒီနေ့ပင်ပန်းသွားတယ် မဟုတ်လား၊ အပန်းသွားဖြေလိုက် ဟု သွေးဆောင်ပြောနေသံကို နားယောင်ပြီး ညနေဘက် ဘီယာဆိုင်၌ သွားထိုင်တတ်ကြသည်။ အခြားသူ တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ဘုရားသခင် သိပါသည်။ အိမ်တစ်အိမ်၌ ဘီယာသောက်သောသူ၊ အရက်သောက်တတ်သောသူ ရှိပါက ထိုအိမ်မိသားစုအတွက် စိတ်ဆင်းရဲစရာ ဖြစ်ပါသည်။ ထိုသို့ သောက်တတ်သောသူက ညနေရောက်လျှင် အိမ်၌ မနေတတ်၊ ဘီယာဆိုင်၊ အရက်ဆိုင်သို့ ထွက်သွားတတ်သည်။ သောက်စရာ မရှိလျှင် ဈေးဖိုးကို နှိုက်ယူတတ်သည်။ ထိုသို့ သောက်ပြီး ပြန်လာလျှင်လည်း အိမ်၌ ပြဿနာရှာတတ်သည်။ ထိုသို့သော စိတ်ဆင်းရဲခြင်း၊ ခန္ဓာဆင်းရဲခြင်း မရှိဖို့ရန် ဆာလံဆရာကြီးကဲ့သို့ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏ ဟု ဝန်ခံပြီး ထာဝရဘုရား၏ အသံတော်ကို နားထောင်၍ လမ်းပြခေါ်ဆောင်ရာနောက်သို့ လိုက်တတ်ကြဖို့ လိုပါသည်။ ထိုသို့ လိုက်တတ်ကြပါက ဆင်းရဲစရာ အကြောင်းမရှိပါ။ သို့မဟုတ်ပါက အမျိုးမျိုးသော ဆင်းရဲခြင်းများထဲ၌ ညည်းညူနေရမည်ဖြစ်သည်။ အချို့က နေစရာအိမ်မရှိ၍ စိတ်ဆင်းရဲကြရသည်။ အခြားသူများ၏ အိမ်ငှားနေပြန်သည့်အခါ၌လည်း အိမ်ရှင်မကောင်းပါက စိတ်ဆင်းရဲရသည်။ သမီးရည်းစား စိတ်သဘောမတိုက်ဆိုင်သဖြင့် ကွဲသွားကြသည့်အခါ၌လည်း စိတ်ဆင်းရဲကြရသည်။ အချို့က စိတ်ဆင်းရဲလွန်း၍ အဆိပ်သောက်၍ပင် သေကြသည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏ သိုးထိန်းဖြစ်ပါက ထိုသို့သော ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ခွင့်ရကြမည် ဖြစ်ပေသည်။

တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏
“စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။” (ဆာ၊ ၂၃:၂)
ဘုရားသခင်၏ စကားတော်ကို နားထောင်သောသူသည် စားစရာ၊ သောက်စရာမဆင်းရဲ၊ ကြွယ်ဝသော အသက်တာ၌ နေထိုင်ရှင်သန်ရသောအခွင့်ရပါသည်။ သိုးထိန်းကြီးက မိမိသိုးတို့အား စိမ်းလန်းသော စားကျက်ရှိရာ အရပ်သို့ ပို့ဆောင်သကဲ့သို့ ကျွန်ုပ်တို့အား ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထိုမျှမက သာယာသော မြစ်နားသို့လည်း လမ်းပြတော်မူပါသည်။ 
“ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော်အဘို့ အလို့ငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။” (ဆာ၊ ၂၃:၃)
ကျွန်ုပ်တို့၏ ဝိညာဉ်ကိုလည်း အားဖြည့်ပေးပါသည်။ ဝိညာဉ်ခွန်အားရှိသောသူမူကား နာရီပေါင်းများစွာ ဆုတောင်းရလျှင်လည်း ညောင်းသည်ဟု မမှတ်ယူ၊ မပျင်းရိပါ။ ထိုမျှမက နာမတော်ဘို့ အလို့ငှာ တရားလမ်းထဲ၌လည်း သွေးဆောင်၍ ခေါ်တော်မူပါသည်။ ဝိညာဉ်ဘက်၌ အားသန်သောသူသည် ဘုရားကျောင်းကို မပျက်မကွက်တက်ချင်သည်။ နှုတ်ကပတ်တော်ကို အာရုံပြုနားထောင်တတ်ပါသည်။ စိတ်နှလုံးပါလျက် ဆုတောင်းတတ်သည်။ ထိုသူ၏ ဆုတောင်းသံကိုလည်း ဘုရားသခင်သည် ကြား၍ နားထောင်လျက် အဖြေပေးပါသည်။
“အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည် ဖြစ်၍ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။” (ဆာ၊ ၂၃:၄)
အကျွန်ုပ်တို့သည် အသက်တာလျှောက်သွားရာ၌ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွား ရသော်လည်း ဘေးအန္တရာယ်ကို ကြောက်စရာမလိုပါ။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကွယ်ကာထား၍ ဖြစ်သည်။ ကိုယ်တော်လမ်းပြခေါ်ဆောင်ရာနောက်သို့ လိုက်သွားပါက မည်သည့်အန္တရာယ်ကိုမျှ ကြောက်စရာမလိုပါ။ ကိုယ်တော်က ကျွန်ုပ်တို့က အကျိုးနည်းစေမည့်နေရာကို မည်သည့်အခါမျှ ခေါ်ဆောင်မသွားပါ။ ကျွန်ုပ်တို့အတွက် အကျိုးရှိစေမည့် နေရာ၊ သင့်လျော်သော နေရာကိုသာ ခေါ်ဆောင်သွားပါသည်။ သိုးထိန်းတို့သည် သိုးများကို ချိုင့်များ၊ ခလုတ်ကန်သင်းများပေါသောနေရာကို မည်သည့်အခါမျှ မခေါ်သွားပါ။ ဘုရားကို ချစ်သော သားသမီးများကိုလည်း မဟုတ်သောနေရာများကို မည်သည့်အခါမျှ မခေါ်သွားပါ။ အရက်ဆိုင်၊ လောင်းကစားဝိုင်း၊ အပျော်ရှာသောနေရာများသို့ မည်သည့်အခါမျှ မခေါ်သွားပါ။ ယုံကြည်သူ မိဿဟယရှိသောနေရာ၊ ဝိညာဉ်ခွန်အားရရှိစေမည့်နေရာများသို့သာ ခေါ်သွားပါသည်။ အန္တရာယ်များသော အရပ်သို့သွားရလျှင်ပင် ကိုယ်တော်ပါရှိပါက ကြောက်စရာ မရှိပါ။ လှံတံတော် နှင့် တောင်ဝှေးတော်က ကျွန်ုပ်တို့ကို ချမ်းသာစေမည်ဖြစ်ပါသည်။ တောင်ဝှေးက တန်ခိုးကို လိုသည့်အခါ အသုံးပြုပါသည်။ မောရှေသည် ဣသရေလလူများနှင့်အတူ ပင်လယ်နီကို ဖြတ်ဖို့ ကြုံလာသည့်အခါ ဘုရားသခင်၏ စကားတော်အတိုင်း ပင်လယ်ပေါ်မှာ လှံတံကို ကိုင်၍ လက်ကို ဆန့်သည့်အခါ ပင်လယ်ရေနှစ်ခြမ်းကွဲသွားပြီး ဣသရေလလူတို့ တစ်ဘက်ကမ်းကို လျှောက်၍ သွားကြရသည်။ တောင်ဝှေးက အန္တရာယ်နှင့် တွေ့သည့်အခါ၊ အားနည်းသောအခါ အထောက်အကူ အဖြစ် အသုံးပြုပါသည်။ အချို့သော အသက်ကြီးသူများ တစ်နေရာမှ တစ်နေရာသို့ သွားလာသည့်အခါ တောင်ဝှေးကို အားပြု၍ သွားလာကြသည်ကို တွေ့ရပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့ အားနည်းသည့်အခါ ဘုရားသခင်၏ တောင်ဝှေးက ထောက်ကူပေးမည် ဖြစ်ပါသည်။

ရန်သူတို့ရှေ့မှာ စားပွဲကိုခင်း၏
“အကျွန်ုပ်၏ ရန်သူတို့ရှေ့၏ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏။” (ဆာ၊ ၂၃:၅)
ရန်သူရှေ့၌ စားပွဲကိုခင်းသည်ဟူသော စကားသည် သဘာဝအခြေကို လွန်သောစကားဖြစ်ပြီး ထူးဆန်းသော ဖော်ပြမှုဟု ဆိုရမည် ဖြစ်သည်။ မိမိရှေ့၌ ရန်သူရှိနေပြီးမှ မိမိကစားပွဲ၌ ထိုင်၌ အစားအသောက်ကို မည်သို့ အေးဆေးငြိမ်သက်စွာ စားနိုင်ပါမည်နည်း။ စားပွဲ၌ ထိုင်၍ အစားစားခြင်းက မိမိရှေ့ချထားသော အစားအစာများကို တစ်ခုချင်းအရသာခံပြီး ဖြည်းဖြည်းအေးအေး စားခြင်းဖြစ်သည်။ ဘုရားသခင်၏ သားသမီးများက ရှေ့၌ရန်သူရှိနေလင့်ကစား ငြိမ်ဝပ်စွာ စားသောက်နိုင်ဖို့ရန် ဘုရားသခင်က ပြင်ဆင်ပေးပါသည်။ လူ့သဘာဝတရားအရဆိုပါမူ ရန်သူရှေ့၌ ရှိနေသည့်အခါ စားပွဲ၌ ထိုင်ပြီး အပူအပင်မရှိငြိမ်သက်အေးဆေးစွာ အစာမစားနိုင်ပါ။ ကျွန်ုပ်တို့သည် ရှေ့၌ ရန်သူရှိနေပါလျက် မကြောက်မရွံ့၊ မပူမပန်ဘဲ စားပွဲ၌ ထိုင်၍ စိတ်အေးလက်အေးစားနိုင်သည်ဟု ဆာလံဆရာကြီးက ဆိုနေခြင်းမှာ အဘယ်ကြောင့်နည်း။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏ သိုးထိန်းဖြစ်ပြီး၊ ကျွန်ုပ်တို့အား ကွယ်ကာ စောင့်ထိန်းလျက် လမ်းပြမစနေသည်ကို သိပြီး နာခံအသက်ရှင်နေ၍ ဖြစ်ပါသည်။ ဘုရားသခင်သည် အမှန်တကယ် ကျွန်ုပ်တို့၏ သိုးထိန်းဖြစ်ပြီး၊ ကျွန်ုပ်တို့က ကိုယ်တော်၏ သိုးအစစ်အမှန် ဖြစ်ပါက ထိုသို့သော အခြေအနေကို ခံစားနိုင်ပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့က ကိုယ်တော်၏ သိုးအစစ်အမှန်ဖြစ်ပါက ထိုသို့သော အခြေအနေကို ခံစားနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့က အစာစားသည့်အခါ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ စားဖို့သတိပြုပါ။  သိုးထိန်းသည် သိုးတို့ကို စားကျက်သို့ မခေါ်သွားမီ နယ်မြေကို ဦးစွာလေ့လာပါသည်။ ထိုနေရာ၌ ချောက်ကမ်းပါး ရှိသလား။ ရန်သူရှိသလား။ သိုးတို့ကို ကိုက်စားမည့် ဝံပုလွေ၊ ခွေးအ စသည်သို့သော သားရဲများရှိသလား။ စိမ်းလန်းသော စားကျက်ရှိသလားဟု လေ့လာကြည့်ရှုပြီးမှ မိမိသိုးတို့ကို ထိုအရပ်သို့ခေါ်လာပြီး ငြိမ်ဝပ်စွာ စားစေပါသည်။ ထိုနည်းတူ ဘုရားသခင်ကို ကိုးစားသော ကျွန်ုပ်တို့ယုံကြည်သူများ၏ အသက်တာကိုလည်း ဘုရားသခင်သည် အစဉ်ကွယ်ကာမစမှုကြောင့် ရန်သူတို့ရှေ့၌ ရှိနေစေကာမူ စားပွဲနှင့် ထိုင်၍ ငြိမ်ဝပ်စွာ အစာစားနိုင်သောအခွင့်ကို ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နေ့စဉ်အသက်တာ၌ ဘုရားသခင် ကွယ်ကာမစမှုခံစားရဖို့ရန်ဆုတောင်းပါ။ ကျွန်ုပ်တို့ အသက်တာ၌ အန္တရာယ်ပတ်လည်ဝိုင်းနေသော အခြေ၊ ကြောက်ရွံ့စရာအခြေအနေ၌ပင် ငြိမ်သက်စွာအစာ စားနိုင်ရသော အခွင့်ပေးပါသည်။
“အကျွန်ုပ်၏ ခေါင်းကိုဆီနှင့် လိမ်းတော်မူ၏၊ အကျွန်ုပ်၏ ခွက်ဖလားသည်လျှံလျက်ရှိပါ၏။” (ဆာ၊ ၂၃:၅)
အကျွန်ုပ်၏ ခေါင်းကို ဆီနှင့်လိမ်းသည်ဆိုခြင်းမှာ ဘုရားသခင်၏ ကြိုဆိုလက်ခံခြင်းနှင့် ကောင်းကြီး ဘိသိက်ကို ခံစားစေခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာများကိုလည်း နေ့ရက်အစဉ်အတိုင်း ဘုရားရှင်က စားဝတ်နေရေးအတွက် ကောင်းကြီးပေးသည်မှာ ပြည့်စုံလုံလောက်ရုံမျှမက လျှံပယ်သည့်တိုင် ဖြစ်ပါသည်။ ဘုရားသခင်သည် မနေ့၊ ယနေ့၊ နောင်ကာလတိုင် ကောင်းကြီးပေးသော ဘုရားဖြစ်ပါသည်။ နောက်ဆုံး၊ ဆာလံဆရာကြီးက အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တစ်သက်လုံး ခံစား၍ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရမည်ဟု ဝန်ခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသက်တာ၌ နေ့စဉ်ဘုရားသခင်၏ အသံတော်ကို နားထောင်လျက် အသက်ရှင်သွားလာပါက ယခုဘဝနှင့် ဆိုင်၍ စားဖို့၊ သောက်ဖို့၊ နေဖို့ လိုအပ်သောအရာများကို မစပြီး အန္တရာယ်အမျိုးမျိုးမှလည်း ကွယ်ကာ စောင့်ထိန်း၍ ပို့ဆောင်သည်သာမက နောင်ဘဝ၌လည်း ဘုရားသခင်၏ အိမ်တော်၌ ကိုယ်တော်နှင့်အတူ အစဉ်မပြတ်နေရသောအခွင့်ကိုလည်း ခံစားစေမည်ဖြစ်ကြောင့် မေတ္တာနှင့် အသိပေး ဝေငှလိုက်ရပါသည်။

0 comments: