Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, April 18, 2012

ကျွန်တော့ရဲ့ ၂၀၁၂ သင်္ကြန်နေ့ရက်လေးများ


ဒီနှစ်သင်္ကြန်တော့ ကျွန်တော် ထူးထူးခြားခြားလေး အိမ်မှာနေဖြစ်တဲ့ အချိန်ပိုများနေပါတယ်။ တကယ်က ခရီးသွားလိုက်ရ ကောင်းသား လို့တော့ တစ်ချိန်လုံးတွေးမိနေပါတယ်။ တစ်ကိုယ်တော်ခရီးသွားရတာကို အရင်လုပ်ခဲ့တဲ့ အလုပ်တွေက သင်ပြပေးလိုက်လို့ ကျင့်သားရနေပြီးသားမို့လည်း သူငယ်ချင်းအဖော် မရှိလည်း ခရီးသွားဖို့ ကျွန်တော် တက်တက်ကြွကြွ ရှိတတ်ပါတယ်။ ကျွန်တော့ရဲ့ ပင်ကိုစရိုက်ကိုကလည်း တစ်ကိုယ်တည်းနေရတာကို ပိုသဘောကျတယ်လို့ ဆိုရမှာပါ။ ခရီးသွားဖို့လည်း လက်ထဲမှာ လုံလုံလောက်လောက် မုန့်ဖိုးလေးရှိနေပေမယ့် ဘာကြောင့်ရယ်မသိ၊ မထွက်ဖြစ်ပြန်ဘူး။ စိတ်တွေက ပင်ပန်းနောက်ကျိနေတယ်။ တကယ်သွားလိုက်ရင်တော့လည်း ပေါ့ပါးသွားနိုင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။


ပုလင်းနဲ့အရောင်လှလို့ ခဏယူရိုက်တာ
သင်္ကြန်အကြိုရက်မှာတင် ကျွန်တော် ဘာကြောင့်ခရီးမသွားရတာလဲဆိုတဲ့ မေးခွန်းနဲ့ ခေါင်းထဲ ရင်ထဲမှာ စစ်တိုက်နေတယ်။ တစ်နေလုံး ဘာလုပ်ရမယ်မှန်း မသိ အူလည်လည်ကြီး။ ကျွန်တော့အိမ်က လမ်းမကြီးပေါ်မှာမို့ ဝရံတာ ထွက်ကြည့်ရင် သင်္ကြန်အငွေ့အသက်တွေနဲ့ ပျော်ရမယ်ထင်ထားပေမယ့် အကြိုနေ့ကြီးက ခြောက်ကပ်လို့ရယ်။ မနက်ကနေ ညနေတိုင်အောင် ကျဲပါးလိုက်တဲ့ သင်္ကြန်ကားတွေ။ အိမ်နီးချင်း ကလေးငယ်တွေ ဘယ်ရောက်နေတယ်မသိ။ ရေလည်း မကစားကြဘူး။ သင်္ကြန်မှ ဟုတ်ရဲ့လားလို့ ပြက္ခဒိန်ကို အပြေးကြည့်မိသေးတယ်။ အင်တာနက်လေး ရှိရင်တော့ အဆင်ပြေရဲ့လို့ ထင်ထားပေမယ့် သင်္ကြန်မှာ ကိုယ်ယူထားတဲ့ ဝိုင်ဖိုင်လိုင်းက အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့ထိ ပိတ်ချလိုက်တော့ သေရောပေါ့။ ဗီဒီယိုလည်း မကြည့်ချင်၊ စာအုပ်လည်း မဖတ်ချင်နဲ့ ပျင်းစရာကောင်းချက်ကတော့ တကယ့်ကို Nine လောက်ရှိတယ်။ ကိုယ့်ကိုကိုယ် Entertain လုပ်ရတာလည်း တကယ်မလွယ်ဘူး။ အိမ်ကလူတွေ မန္တလေးပြန်ကြတော့ မလိုက်သွားမိတာကို နောင်တရချင်သလိုလို။ အမေနဲ့ နှစ်ယောက်တည်း ကျန်ခဲ့တာမို့၊ အိမ်အလုပ်တွေကို အမေ့ကူလုပ်လိုက်၊ စားချင်တာတွေကို သားအမိနှစ်ယောက် လုပ်စားလိုက်။ နောက်ဆုံးပျင်းပျင်းရှိ နောက်ရက်တွေ အပြင်ထွက်ရင် ဒီလိုတွဲဝတ်မယ် ဘာညာဆိုပြီး အမေ့ရှေ့မှာ ဝတ်ပြလို့ အကြံတောင်းလိုက်နဲ့ အကြိုနေ့ဟာ တကယ်ရယ်စရာကြီးပါ။ အမေကတော့ သူ့ iPad ထဲက Game တွေကို လှည့်ပတ်ကစားရင်း ကျွန်တော် စိတ်ချမ်းသာအောင် စကားလိုက်ပြောပေးနေလေရဲ့။ ဒီလိုနဲ့ တကယ့်ကို ပျင်းစရာ အကြိုနေ့ကို ဖြတ်သန်းခဲ့ရတယ်။

သင်္ကြန်အကျနေ့ စတုဒီသာ မုန့်လုံးရေပေါ်မလုံးခင် အရက်ပုလင်းများနဲ့ အလှပြခြင်း

နောက်တစ်ရက် အကျနေ့ကတော့ နည်းနည်း စိတ်သက်သာစရာပါပဲ။ ကျောက်မြောင်းက သူငယ်ချင်းတစ်ယောက်အိမ်မှာ စတုဒီသာ အကြောင်းပြပြီး သောက်ကြစားကြ ရေကစားကြမှာမို့ပါ။ မနက်စောစော ဝိရိယရှိရှိ အိပ်ရာထ ပြင်ဆင်ပြီး သူများတွေ ရေမလောင်းခင် ကျောက်မြောင်းကို ကားငှားပြေးရပါတယ်။ ဟိုရောက်တော့မှ ညအိပ်တဲ့ သူငယ်ချင်းတွေ၊ စောစောရောက်တဲ့ သူငယ်ချင်းတွေနဲ့အတူ နေ့လည်စာဟင်းချက်သူချက်၊ မုန့်လုံးရေပေါ်လုံးဖို့ ပြုတ်ဖို့ ပြင်ဆင်သူ ပြင်ဆင်၊ မီးမွှေးသူမွှေး နဲ့ ပျော်စရာကြီးပါ။ ကျွန်တော်ကတော့ ရောက်ရောက်ချင်း မီးဖိုချောင် တံမြက်စည်း စလှည်းပြီး မုန့်လုံးရေပေါ်အတွက် စတင်လှုပ်ရှားပါတယ်။ မနက် ၉ နာရီခွဲလောက်မှာတော့ မုန့်လုံးရေပေါ် လုံးဖို့ အသင့်ဖြစ်နေပြီး ကျွန်တော်က ထန်းလျက်ခဲ ညှပ်တဲ့တာဝန်ယူပါတယ်။ အားလုံးရဲ့ တောင်းဆိုချက်နဲ့ Malibu အရက်ကို တစ်ဖလားကြီး စပ်ထားပြီး အားလုံး ဝိုင်းသောက်ကြ၊ အဲဒါကုန်တော့ Absolute Vodka ၄ ပုလင်းလောက်ကို Spirit တွေနဲ့ စပ်ပြီး နှစ်ဖလားဖျော်ပြီးသောက်ကြနဲ့ မုန့်လုံးရေပေါ်လည်းကျက်ပြီး ဝေတန်ဝေ၊ စားတန်စား၊ ပစ်ပေါက်ပြီး ကစားတန်ကစားနဲ့ သိပ်ပျော်ဖို့ ကောင်းနေတာပေါ့။ သောက်ထားသမျှက နေ့လည်နေကျော်တော့ တော်တော်ထိနေပြီ။ Vodka လည်းကုန်တော့ Chevas ဖွင့်ပါတယ်။ အီး….. ကျွန်တော့ကို လာတိုက်တဲ့ တစ်ခွက်ကို နည်းနည်းလေး လျှာနဲ့ တို့လိုက်တာနဲ့ ပြန်ပြီး ထွေးအန်လိုက်တဲ့အထိအောင် ဝီစကီကိုတော့ အော်ဂလီဆန်သွားပါတယ်။ ကျွန်တော် သိပ်မူးနေပြီ။ ဒါနဲ့ပဲ နေ့လည်တစ်ပိုင်းကတည်းက အရက်သောက်ရပ်လိုက်တာ တော်တော် အဆင်ပြေသွားတယ်။ ညနေလည်း စောင်းလို့ ရေမပက်တော့တဲ့အချိန် အိမ်ကိုရောက်တော့ လုံးဝ မူမပျက်လေ။ ဒါမျိုးဆိုတာက အတွေ့အကြုံ အများကြီး ဆိုင်တယ်။ ကျွန်တော်ပြန်တဲ့လမ်းတစ်လျှောက်မှာ ဆယ်ကျော်သက်လေးတွေ၊ ကောင်မလေးတွေ၊ ကောင်လေးတွေ သင်္ကြန်ကားတွေပေါ်မှာ ပိုးဆိုးပက်စက် လဲပြီး အိပ်နေလိုက်ကြတာ။ ဒါမျိုးကို ကျွန်တော်လည်း ဆယ်ကျော်သက် အရွယ်က ကြုံဖူးတာပေါ့။ သင်္ကြန်ပထမနေ့တိုင်းဖြစ်တယ်။ ကိုယ့် Limit ကို ကိုယ်သတိမထားမိတာမျိုးလေ။ ဒါကြောင့် သင်္ကြန်ပထမရက်ပဲရှိသေးတယ်။ အိမ်က သင်္ကြန်လည်ခွင့် ပါမစ်ပိတ်ခံရတာတွေ ဘာတွေ ဖြစ်ကုန်ကြတာပေါ့။
မုန့်လုံးရေပေါ်လုံးနေပြီ။ ကျွန်တော်ကတော့ ထန်းလျက်ညှပ်တယ်။


သင်္ကြန်အကျနေ့က အပျော်လေးတွေရှိပေမယ့်လည်း သင်္ကြန်ပထမအကြတ်နေ့ကတော့ တကယ့်ကို ခြောက်ကပ်ပျင်းရိစရာ ကောင်းနေလိုက်တာ။ သင်္ကြန်ပိုးက အကျနေ့မှာ ဝင်သွားတာမို့ ဒီရက်မှာ အပြင်မထွက်ရတော့ နေမထိ၊ ထိုင်မသာ။ မဏ္ဍပ်သွားဖို့ စီစဉ်ထားပေမယ့် သူငယ်ချင်းတွေ သဘောတူထားတာက နောက်ဆုံး နှစ်ရက်ပဲ သွားမယ်။ ဒီတော့ ပိုးဝင်သွားတဲ့ ကိုယ့်မှာသာ အခက်။ အကျနေ့ကလည်း အပြင်မထွက်လိုက်ရကောင်းသား။ ရပြန်ပြီ နောင်တ။ ဒီရက်က ပိုဆိုးတာလည်း မပြောနဲ့။ အကြိုနေ့က မကြားရတဲ့ အသံတွေက ဒီနေ့တစ်နေ့လုံး ခဏတောင် မှေးမရအောင် ဆူညံပွက်လောရိုက်နေတယ်။ သင်္ကြန်ကားတွေက လူတွေရဲ့ နောက်ပြောင်အော်ဟစ်သံတွေ၊ အကြောင်းမဲ့သက်သက် ဟေလားဟားလား အော်နေသံတွေ၊ သံချပ်တွေနဲ့ အိမ်နားက ကလေးတွေရဲ့ ရေကစားရင်း အော်သံတွေ၊ ရေပိုက်ကနေ ကတ္တရာလမ်းပေါ် ထွက်ကျနေတဲ့ အသံတွေက ကျွန်တော့ကို ပိုပြီးဆွဲဆောင်နေတယ်။ ဝရံတာကနေ မခွာတမ်း လူတွေကို စိုက်ကြည့်နေမိတယ်။ တစ်ခါတစ်ခါ ကားတွေပေါ်က သိပ်ချစ်ကြတဲ့ ချစ်သူတွေရဲ့ ထွေးဖက်ထားတာတွေ မြင်မိရင်ပဲဖြစ်ဖြစ်၊ လမ်းပေါ်မှာ လက်ချင်းတွဲလို့ ပိုင်ရှင်ရှိတယ်လို့ ကြေငြာရင်း အလှပြ သွားလာနေကြတဲ့ ချစ်သူစုံတွဲလေးတွေကို တွေ့ရင်တော့ ဘယ်ဘက်ရင်ဘတ်က အောင့်အောင့် သွားလောက်အောင် တစ်စုံတစ်ယောက်ကို သတိပြင်းပြင်း ရမိသွားပါတယ်။ အဲဒီအခါမျိုးကျရင်တော့လည်း မျက်ဝန်းတွေ စိုလက်သွားတယ် ဆိုတာတော့ ကိုယ့်ဟာကိုယ် မနည်း စိတ်ပြောင်းရင်း သတိထားမိလိုက်ပါတယ်။ မြင်နေရတဲ့ လူတွေကို အပေါ်စီးက ကြည့်မှ အားလုံးဟာ အပျော်အတွက် ရူးနေလိုက်ကြတာလို့။ လူတိုင်းလက်ထဲမှာ အယ်လ်ကိုဟော အမျိုးမျိုးကလည်း အလုအယက်။ မနက် ၁၁ နာရီတောင် မရှိသေးဘူး။ အကွဲအပြဲနဲ့ ကားပေါ်မှာ မှောက်လျက်၊ ပက်လက် ပုံစံစုံနဲ့ အမျိုးသား၊ အမျိုးသမီးလေးတွေ တွေ့ရတော့လည်း အံ့သြမိလိုက်တာ။ ပျော်ချင်တာဆိုရင် အဲလိုဖြစ်နေမှ ဘယ်လာ ပျော်စရာ ဖြစ်တော့မှာလဲ။ ဟား ဟိုမှာ အခွင့်အရေးသမားကြီးတွေပါလား။ ကောင်မလေးကရော တကယ်မူးနေတာလား၊ မူးချင်ယောင်ဆောင်နေတာလား။ မြင်ရတာလည်း စိတ်ထဲ မသက်သာလိုက်တာ။ ငါ ခုချိန် တစ်ယောက်တည်း မဏ္ဍပ်ကို သွားလိုက်ရ ကောင်းမလား။ တကယ်တော့ ကျွန်တော်လည်း ရူးချင်နေတာပါ။
သင်္ကြန်ပထမအကြတ် အပြန်မထွက်ဘဲ အိမ်မှာ ပျင်းရတဲ့အချိန် လက်ဆော့ထားတာ။


သင်္ကြန်ပထမအကြတ်ညတုန်းက သူငယ်ချင်းတွေနဲ့ sms တိုက်ပွဲသေးသေးလေးဖြစ်လိုက်ရသေးတယ်။ ပြီးတော့ အားလုံး နားလည်မှုရပြီး သင်္ကြန်ဒုတိယအကြတ်နေ့မှာ မဏ္ဍပ်ထိုင်ဖို့ စီစဉ်လိုက်ကြတယ်။ ဒါနဲ့ပဲ S.I.R ဆိုတဲ့ Rock မဏ္ဍပ်ကြီးကို ကျွန်တော်မျိုးကြီး ဘုမသိ၊ ဘမသိနဲ့ ရောက်သွားရပါတယ်။ ကိုယ်က သီချင်းအမျိုးအစားစုံကို လက်ခံ နားထောင် လိုက်ဆို လိုက်ကြိုက်နိုင်တယ်ဆိုပေမယ့် သင်္ကြန်လိုမျိုးမှာတော့ R&B လေးနဲ့ လှုပ်ချင်တာလေ။ ခုတော့ Rock တဲ့။ ပိုဆိုးတာက စတိတ်ရှိုးအစီအစဉ်ကို မနက်ပိုင်းတစ်ခါ၊ ညပိုင်းတစ်ခါ ထည့်ထားလိုက်သေး။ သင်္ကြန်ကို ကိုယ့် Mood နဲ့ ကိုယ်နေချင်ကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း (၃) ယောက် (လက်မှတ်ဝယ်ပေးတဲ့ တစ်ယောက်ကတော့ Rock နဲ့ အဆင်ပြေတဲ့သူပေါ့) တော်တော်လေး ကြောင်တောင်တောင်ပါ။ လက်ကြီးတွေပိုက်ပြီး သူများတွေ ခုန်သမျှ အော်သမျှကို သည်းခံကြရပါတယ်။ အဆိုတော်တွေကတော့ ကောင်းပါတယ်။ ကျွန်တော်က သီချင်းတိုင်းတော့ မရပေမယ့် သီချင်းတော်တော်များများ လိုက်ဆိုလို့ရသေးတော့ သိပ်မပျင်းရပေမယ့် ကျန်တဲ့ နှစ်ယောက်က ငုတ်တုတ်မေ့။ လက်ကြီးပိုက်ပြီး မဏ္ဍပ်ပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေရတော့ ကျွန်တော်က အရွှန်းဖောက်လိုက်တယ်။ ငါတို့တွေက ခုဆို ငါတို့သားသမီးတွေ ရေလာကစားတာကို မျက်စိဒေါက်ထောက်ကြည့်နေကြတဲ့ မိဘတွေနဲ့တူနေပြီလို့။ တော်တော်လေး ရယ်ခဲ့ရပါသေးတယ်။ ညနေပိုင်း ၅ နာရီထိုး DJ ပြန်စတော့မှ အပြတ်က လိုက်ကြတာပေါ့။ ဘယ်ရမလဲ လက်မှတ်ဝယ်ထားတာနဲ့ တန်အောင်လေ။
S.I.R Rock Thingyan Mandatt All Days Card ပေါ့ဗျာ။


အတက်နေ့ကြတော့ ထူးထူးခြားခြား မဏ္ဍပ်ကို သွားချင်စိတ်တွေ နည်းပါးနေပြီး မဏ္ဍပ်အတူထိုင်ကြတဲ့ သူငယ်ချင်းအဖွဲ့ထဲက Café Bellagio ပိုင်ရှင်ရဲ့ ဆိုင်မှာ စကားတွေပြော၊ သင်္ကြန်လည်တဲ့သူတွေကို အတင်းတုတ်နဲ့ အတော်လေး ပျော်ခဲ့ရတယ်။ နေ့လည် ၁၁ နာရီလောက်ကျတော့ စိတ်ကူးရပြီး သူ့ရဲ့ ဈေးဝယ်ကားကြီးနဲ့ ကျွန်တော်တို့ လေးယောက် (ကျွန်တော်တို့အဖွဲ့က မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၂ ယောက် ပါ) ကားကျပ်တဲ့နေရာတွေ ရှောင်ပြီး ရန်ကုန်မြို့အနှံ့လျှောက်ကြည့်ခဲ့ကြတယ်။ လည်တဲ့ကားတွေ အချင်းချင်း နောက်ကြပြောင်ကြ နဲ့ ပျော်ဖို့ ကောင်းလိုက်တာ။ ကျွန်တော်တို့လေးယောက်က စုံတွဲ နှစ်တွဲလို ဖြစ်နေတော့ တခြားကားတွေရဲ့ အပြောင်အပျက် စကားလေးတွေက ကျွန်တော်တို့ သူငယ်ချင်းတွေကို အရမ်း ရယ်ရစေပါတယ်။ “အစ်ကိုတို့စုံတွဲ နှစ်တွဲက အရမ်းမိုက်တယ်။ အားလုံးမိုက်ကြတယ်။” ဆိုတဲ့စကားက ဒီနှစ်အတွက် အရီရဆုံး ပြက်လုံးပါပဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေက အရမ်းကို ဖြူစင်တဲ့ သူငယ်ချင်း သက်သက်တွေ ဖြစ်သလို၊ ကိုယ်စီလည်း ချစ်သူတွေ ရှိကြပြီးသားပါ။ တစ်ခုပဲ ချစ်သူတွေက အဝေးမှာ ရောက်နေကြတာပဲ။ ရန်ကုန်မြို့ကြီးမှာတောင် တစ်မြို့လုံး ရေမပက်ကြမှန်း ခုမှ သိရပါတယ်။ တချို့နေရာမှာဆို သင်္ကြန်လို့တောင် မထင်ရအောင်ပါဘဲ။ တချို့နေရာတွေမှာတော့ ကားတွေ ပြည့်ကျပ်နေကြတယ်။ အဲဒီနေ့က နေ့လည်စာကို သင်္ကြန်နဲ့လိုက်အောင် ဒံပေါက် ဝယ်စားကြတယ်။ ပြီးတော့ ဆိုင်ပြန်တယ်။ ဆိုင်ရောက်တော့ ပြဿနာက တက်ပြီ။ ဆိုင်မှာ ဒီနေ့ တာဝန်ကျတဲ့ စားပွဲထိုးလေးတွေက မလာလို့တဲ့ လူကလည်း ကျတော့ အရမ်းခက်နေတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းအားလုံး တက်တဲ့ပညာ မနေသာဘဲ စားပွဲထိုး ဝင်လုပ်ကြရတော့တာပါပဲ။ တကယ့်အမှတ်တရပါ။ နေ့လည် ၁ နာရီခွဲလောက်တော့ လူလည်း နည်းနည်းပါးသွားလို့ မဏ္ဍပ်ကို ထွက်လာခဲ့ကြတယ်။ ရောက်တော့ DJ ဖွင့်တဲ့ သီချင်းလေးတွေနဲ့ နည်းနည်းလှုပ်လိုက်ကြရသေးတယ်။ သိပ်မကြာဘူး Band က စ ပါလေရော။ ဒီနေ့ နောက်ဆုံးနေ့မို့ အပြတ်ဟဲကြမယ်ဆိုပဲ။ အဟား ဒုက္ခ နဲ့ လှလှ တော့ တွေ့တော့တာပါပဲ။ တကယ်က အဆိုတော်တွေက အရမ်းကောင်းပါတယ်။ သင်္ကြန်မှာ Rock ကို မခံစားချင်ကြတဲ့ ကျွန်တော်တို့ စိတ်ကသာ ဖြစ်နေတာပါ။ Big Bag, Reason (အောင်လ), Idiots, Wanted စတဲ့ Rock အဖွဲ့တွေပါ။ ဒါနဲ့ပဲ သီချင်းတွေ ဆိုလိုက်တာ ညနေ ၆ နာရီထိုးတဲ့အထိပါပဲ။ ကျွန်တော်တို့လည်း အောက်ဘက်ဆင်း မုန့်သွားစားလိုက်၊ မဏ္ဍပ်ပေါ်တက် သီချင်းဆိုလိုက်နဲ့ ၆ နာရီခွဲလောက်မှာ ထပြန်လာခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ တစ်နေ့တာလုံး သူငယ်ချင်းတွေ တူတူ စကားတွေပြော၊ နောက်ကြပြောင်ကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြနဲ့ အရမ်းကို ပျော်ခဲ့ရပါတယ်။
ဒီနှစ် မဏ္ဍပ်တူတူထိုင်ဖြစ်၊ ရန်ကုန်အနှံ့တူတူလည်ဖြစ်၊ တူတူစားပွဲထိုးဖြစ်သော သူငယ်ချင်းများ


သင်္ကြန်ကတော့ ကျွန်တော် နှစ်တွေ မနည်းတော့ဘူး ကြုံလာခဲ့ဘူးပြီ။ ဒါပေမယ့် မပြောင်းမလဲ ကျွန်တော့ကို ပျော်ရွှင် ရင်ခုန်နေစေဆဲပါ။ တစ်ခုပဲ ချစ်သူနဲ့ တူတူ သင်္ကြန်မှာ ရှိခွင့်မရတာဘဲပေါ့။ တစ်ချိန်ချိန်တော့ ဒီအခွင့်အရေးလေး ရလာဦးမယ်လို့ မျှော်လင့်ရင်းနဲ့ ကျွန်တော့ရဲ့ ၂၀၁၃ သင်္ကြန်ကို စိတ်ကူးယဉ်ကြည့်လို့ မဆုံးဘူးပေါ့ဗျာ။

သီဟလုလင်

5 comments:

ချစ်စံအိမ် said...

သင်္ကြန်ပိုစ့်လေးလာဖတ်သွားပါတယ်
နှစ်သစ်မှာကျန်းမာပျော်ရွှင်ပါစေ

mstint said...

သင်္ကြန်မှာမောင်သီဟကြည့်ရတာသိတ်ပျော်ပုံမရဘူး :P သင်္ကြန်ပို့စ်လေးဖတ်ခါမှ မုန့်လုံးရေပေါ်စားချင်စိတ်ပေါ်လာပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချောကလက်ကျူးပစ်လေး said...

လှပတက်ကြွလန်းဆန်းနေတဲ့ငါတို့ကိုသီပာကြီးရဲ့ပုံတွေကြည့်ရင်းရန်ကုန်သင်္ကြန်အကြောင်းဖတ်သွားတယ်ဗျို့

လွင်ပြင်လှိုင်းငယ် said...

မုန့်လုံးရေပေါ်လေး စားချင်လိုက်တာ ဟိ
နှစ်သစ်မှာ ပျောရွှင်ပါစေ

စံပယ်ချို said...

မုန့်လုံးရေပေါ်စားချင်မိတယ်
သူငယ်ချင်းတွေအားလုံးကအချောလေးတွေပဲ
ပျော်စရာလဲကောင်းမယ့်ပုံနော်
ထာဝရ ပျော်ရွှင်ပါစေ