Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, April 01, 2012

အလိုတော်လမ်း၌ အသက်ရှင်ခြင်း (ဒေသနာတော်)


အပတ်စဉ် ဆရာကြီးများရဲ့ တရားဒေသနာတော်များကို မျှဝေပေးခွင့်ရတာ ခုဆိုရင် ငါးပတ်မြောက် ရှိလာပါပြီ။ အရမ်းလည်း ကြည်နူးကျေနပ်ပါတယ်။ ဖတ်ကြားနာသူတိုင်းလည်း အတိုင်းအတာ တစ်ခုထိ ဝိညာဉ်ခွန်အား ရရှိဆင်ခြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နှုတ်ကပတ်တော်တွေကို နေ့ ည မပြတ် ဆင်ခြင် အောက်မေ့ခြင်းဖြင့် မင်္ဂလာဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတော် နဲ့ ကောင်းကြီး မင်္ဂလာတော်တွေလည်း ရရှိခံစားကြရပါစေဗျာ။ ဒီတစ်ပတ်ကိုတော့ သိက္ခာတော်ရဆရာကြီး ဒေါက်တာ ဦးတင်မောင်ထွန်း ဝေငှခဲ့တဲ့ “အလိုတော်လမ်း၌ အသက်ရှင်ခြင်း” ဒေသနာတော်ကို မျှဝေပေးလိုက် ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် အသစ်သော ကောင်းကြီးမင်္ဂလာများ ပေးပါစေ။ Amen!


ယနေ့လူအများစိတ်၌ သြတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းခံနေကြရသည်ကို တွေ့ရသည်။ သခင်ယေရှု သက်တော်ထင်ရှား ရှိစဉ်အချိန်ကာလကလည်း ယဇ်ပုရောဟိတ်မင်း၊ ကျမ်းပြုဆရာ၊ ဇန္ဒုကဲတို့ သြတ္တပ္ပစိတ်၌ သံပူခတ်ခြင်းခံရပြီး သခင်ယေရှု ကို ကားတိုင်တင်၍ သတ်ကြသည်ကို တွေ့ရသည်။ သို့သော် အားလုံးသောသူများ၌ သြတ္တပ္ပစိတ်သံပူခတ်ခြင်း ခံကြရသည် မဟုတ်ပါ။ ဘုရားသခင်သည် လူတိုင်းအား မိမိနှစ်သက်သည့်အတိုင်း လွတ်လပ်စွာ အသက်ရှင်ခွင့်ပေးထားပါသည်။ အလိုတော်လမ်း၌ အသက်ရှင်နိုင်သလို အခွင့်တော်လမ်း၌လည်း အသက်ရှင်ခွင့်ရှိပါသည်။ အခွင့်တော်လမ်းက သြတ္တပ္ပ၌ သံပူခတ်ပြီး အသက်ရှင်ခြင်း ဖြစ်သည်။ အလိုတော်လမ်းက သြတ္တပ္ပစိတ်၏ သတိပေးမှု၌ ဆင်ခြင်အသက်ရှင်ခြင်း ဖြစ်သည်။ ကမ္ဘာဦးက ဘုရားသခင်ဖန်ဆင်းခြင်း ခံရသော အာဒံနှင့် ဧဝ သြတ္တပ္ပစိတ်၌ သံပူခတ်ခြင်း ခံရကြသည်။ ဘုရားသခင်သည် လူကို မိမိ၏ သဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားပါသည်။ လူ၌ရှိသော ဘုရားသခင်နှင့် သဘာဝသဏ္ဍာန် တူသည့် ဓမ္မာရုံက သြတ္တပ္ပဖြစ်သည်။ မိဘကို ရိုသေစွာပြုရမည်ဟု ဆုံးမသွန်သင်ခြင်း မပြုမီကပင် ကောင်းသောအမှု၊ မကောင်းသောအမှု ခွဲခြား၍ သိသည်မှာ သြတ္တပ္ပစိတ်ဖြစ်သည်။ ကောင်းသော အမှု ပြုသင့်သလော၊ မကောင်းသော အမှု ပြုသင့်သလောဟု ဆင်ခြင်ပိုင်းခြားသိခြင်းကို သြတ္တပ္ပအားဖြင့် သိစေပါသည်။

ဘုရားသခင်သည် လူကို ဖန်ဆင်းပြီးနောက် စားဖို့ ပူစရာမလို၊ နေဖို့ပူစရာမလိုသည့် အခြေ၌ ဧဒင်ဥယျာဉ်အတွင်းတွင် နေရာချထားပါသည်။ ပြီးမှ ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို မစားဖို့၊ စားလျှင်သေမည်ဟု သတိပေး မိန့်တော်မူပါသည်။ ဘုရားသခင်သည် လူအား မိမိသဘာဝသဏ္ဍာန်နှင့် ဖန်ဆင်း၍ ဓမ္မာရုံ၌ အသိတရားကို ပေးထားပါလျက်နှင့် အာဒံနှင့် ဧဝသည် သြတ္တပ္ပစိတ်ကို သံပူခတ်ခံ၍ စာတန်စကားကို ယုံကြည်ပြီး အသီးကို စားမိသဖြင့် စားဖို့ နေဖို့ ပူစရာမလိုသည့် ဧဒင်ဥယျာဉ်အတွင်း၌ လိုလေသေးမရှိနေရသော အခြေအနေမှ ဥယျာဉ်အပြင်သို့ နှင်ထုတ်ခြင်း ခံရပါသည်။ အလိုတော်လမ်း၌ အသက်ရှင်နိုင်ဖို့ရန် အခွင့်အရေးနှင့် သတိပေးသွန်သင်မှုကို ခံရပါလျက်နှင့် အခွင့်တော်လမ်းကို လိုက်မိသဖြင့် အေးဆေးစွာ နေထိုင် စားသောက်ရသောဘဝမှ နဖူးမှချွေးခြေမကျသည့်တိုင် ပင်ပန်းစွာလုပ်ပြီးမှ စားရသောဘဝ သို့ ရောက်ရှိသွားပါသည်။ အာဒံနှင့် ဧဝတို့ နှစ်ဦး သြတ္တပ္ပစိတ်၌ သံပူခတ်ခြင်းကို ခံရ၍ အခွင့်တော်လမ်းသို့ လိုက်မိပြီးမှ ကာဣန နှင့် အာဗြေလ သားနှစ်ဦးကို ရသည့်အခ့ သူတို့နှစ်ဦးစည်လည်း အတွင်းထဲ၌ ရှိသော ဓမ္မာရုံအားဖြင့် အလိုတော်ကို သိခွင့်ရခဲ့ပြီးမှ ညီ အာဗြေလက သြတ္တပ္ပ၏ သတိပေးမှုနောက်ကို လိုက်၍ နှစ်သက်ဖွယ်သော ယဇ်ကို ပူဇော်၍ ဘုရားသခင်၏ ပမာဏာပြုခြင်းကို ခံခဲ့ရပါသည်။ သို့သော် အစ်ကိုဖြစ်သူ ကာဣနက သြတ္တပ္ပစိတ်၌ သံပူခတ်ခြင်းခံရ၍ အခွင့်တော်လမ်းကို လိုက်ပြီး မိမိစိတ်ကြိုက်ယဇ်ကို ပူဇော်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ပမာဏပြုခြင်းကို မခံရသော်လည်း ကာဣနက မသေ၊ အာဗြေလက အစ်ကိုက သတ်သဖြင့် သေရပါသည်။ လောကီတရားပေတံနှင့် တိုင်းပါက အာဗြေလက ရှုံးသကဲ့သို့ တွေ့ရသော်လည်း မရှုံးပါ။ အကြောင်းမှာ ထာဝရဘုရား၏ အကြံစည်တော်ရှိ၍ ဖြစ်သည်။

ယနေ့ လောကကြီးကို ကြည့်ပါကလည်း မှန်ကန်စွာအသက်ရှင်သူများက ဒုက္ခများသည်ကို တွေ့ရသည်။ သို့သော် ပူစရာမလို၊ ဘုရားသခင် ရှေ့တော်၌ ထာဝရအချိန်နှင့် ဘုရားသခင်၏ အကြံအစည်တော်က အာဗြေလသည် သေလွန်သော်လည်း တရားဟောသေး၏ ဟု ဖော်ပြထားပါသည်။ (ဟေဗြဲ ၁၁:၄) မှန်ကန်စွာ အသက်ရှင်သောသူသည် ထာဝရကာလ၌ အာမခံနှင့် အကျိုးအမြတ်က ရှိပါသည်။ ကာဣန၌ ထိုအာမခံ မရှိပါ။ အသက်ရှင်နေသော်လည်း အခြားသူက သတ်မည်စိုး၍ ပြေးနေရသော အသက်တာဖြစ်ပါသည်။ ထို့ပြင် ပြုလေသမျှ မအောင်မြင်ပါ။ အသက်ရှင် နေရပြီးမှ ပြုလေသမျှ မအောင်မြင်သောအသက်တာက မည်မျှဆိုးလှပါသနည်း။ (ကမ္ဘာ ၄:၁၄) ဘုရားသခင် ရှေ့တော်၌ မည်သည့်အရာကမျှ အလဟဿမဖြစ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် လောက၌ အသက်ရှင်ရာတွင် တရားပေတံနှင့် မတိုင်းဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အလေးဂရုပြု အသက်ရှင်ကြဖို့ လိုပါသည်။ အာဗြေလသည် လောကအသက်၌ ဆက်၍ မရှင်ရသော်လည်း ရှင်သန်ခဲ့သောလောကအသက်တာ၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခဲ့သောကြောင့် ယုံကြည်သူများအတွက် ပုံသက်သေယူစရာ ဖြစ်ခဲ့ပြီး ထာဝရ ရှင်သန်မှု၌ အကျိုးကား ကြီးလှပေသည်။ ကာဣန မူကား လောကအသက်သာ ဆက်၍ ရှင်နေရသော်လည်း အရှုံးနှင့် ရှင်သန်နေရသည်။ ဘာစိုက်စိုက် လုပ်သလောက် အကျိုးမခံစားရဘဲ၊ ကျိန်ခြင်းအောက်၌ ပင်ပန်းစွာ ရှင်ခဲ့ရသည်။ ယနေ့လောက၌ ထိုနည်းတူ အတ္တနှင့် အား စိုက် အသက်ရှင်နေသဖြင့် ဘုရားသခင်ရှေ့တော်၌ မင်္ဂလာမဖြစ်ဘဲ၊ ပင်ပန်းခြင်း စိတ်မသက်မသာဖြစ်ခြင်းနှင့် ရှုံးနေကြသူ များစွာ ရှိနေကြပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ဆင်ခြင်၍ သြတ္တပ္ပစိတ်၏ အရေးကြီးမှုကို သိပြီး အလိုတော်လမ်းကို ရွေး၍ အသက်ရှင်မိကြဖို့ လိုသလို အခွင့်တော်လမ်းလည်း ရှိသည်ကို သိပြီး သတိပြုမိ၍ ရှောင်နိုင်ဖို့ လိုပါသည်။ “မတရားသောသူသည် မတရားပြုသဖြင့် ပြုစေဦး၊ ညစ်ညူးစေသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” (ဗျာ ၂၂:၁၁) ယနေ့လောက၌ မတရားစွာ ပြုသောသူများစွာ ရှိပါသည်။ ကျေးဇူးပြုခြင်းခံရပါလျက် ကျေးဇူးပြုသူကို ပြန်၍ ဒုက္ခပေးသောသူ များစွာ ရှိကြသည်။ နေစရာမရှိ၍ အိမ်ပေးနေပါက ထိုအိမ်ကို အပိုင်သိမ်းလိုသူများစွာ ရှိကြသည်။ ဘုရားသခင်သည် ထိုသို့ မပြုစေလိုပါ။ သို့သော် ထိုသို့ အသက်ရှင်လိုသူရှိပါက အသက်ရှင်ခွင့်ကို ဘုရား ပေးထားပါသည်။ သို့သော် ထိုသူသည် စိတ်အေးငြိမ်သက်မှု မရှိသလို၊ ကောင်းသော အကျိုးခံစားစရာ အခွင့်လည်း မရှိပါ။ ယနေ့ခေတ်က ဆိုးလှသည်ဟု ဆိုဘွယ် ဖြစ်သည်။ အများသောသူက ထိုသို့ မတရားစွာ ပြုကြသောသူများကို တားဆီးရမည့်အစား ထိုသူကို အားပေးထောက်ခံ ကြသည်။ ထိုသူ မမှားဟု ဆိုကြသည်။ အနောက်နိုင်ငံများ၌ အချို့သောဘာသာရေး ခေါင်းဆောင်များ မိန်းမ နှစ်ယောက်၊ သုံးယောက် ယူထားကြသော်လည်း မမှားဟု ခံယူထားကြသည်။ သြတ္တပ္ပစိတ်၌ သံပူခတ်ခြင်း ခံရ၍ ဖြစ်သည်။ ထိုသူတို့ကို ထောက်ခံသောသူများလည်း ရှိကြသည်။ ထိုလမ်းသည် အခွင့်တော်လမ်းဖြစ်သည်။ အခွင့်တော်လမ်း၌ လိုက်လိုသော သူကိုလည်း လိုက်ခွင့်ပေးထားပါသည်။ သန့်ရှင်းလိုသောသူကိုလည်း သန့်ရှင်းစွာ အသက်ရှင်ခွင့်ပေးထားပါသည်။ ထိုလမ်းက ငြိမ်သက် ဝမ်းမြောက်သော အသက်တာလမ်းဖြစ်သည်။

ယနေ့ကျွန်ုပ်တို့ မည်သည့်လမ်း၌ အသက်ရှင်လျှောက်လှမ်းနေကြပါသနည်း။ မိမိနှစ်သက်သည့် လမ်းကို ရွေး၍ လျှောက်ခွင့်ပြုထားပါသည်။ မတရားသောမေထုန်၊ မတရားသော စီးပွားပြုနေကြသည့်အထဲ ယနေ့အချို့က အဓမ္မလမ်း၌ လျှောက်နေကြသည်။ ယနေ့ မိမိ လုပ်ပိုင်ခွင့်ကို အလွဲပြု၍ အဓမ္မပြုကြသည်။ အဓမ္မအနိုင်ကျင့်ကြသည်။ လုပ်ခွင့်ရှိသော်လည်း ဘုရားသခင်အလိုတော်ရှိသော အမှုမဟုတ်ပါ။ အဓမ္မပြုကျင့်ခြင်းအားဖြင့် မည်သည့်အခါမျှ ကောင်းကျိုး ခံစားရဖို့ မရှိပါ။ အကျိုးရဖို့ မျှော်နေရင်းနှင့် အရှုံးပေါ်နေမည်ဖြစ်သလို စိတ်ပျော်နိုင်မည် မဟုတ်ပါ။ (ယော ၁၁) တွင် လာဇရုအမည်ရှိ လူငယ်တစ်ဦးသည် သေလွန်၍ သင်္ဂြိုလ်ပြီး လေးရက် ရှိပြီဖြစ်သည်။ သခင်ယေရှု ထိုအရပ်သို့ ရောက်သွားပြီး မာရိအား သင်၏ မောင် မသေပါဟု မိန့်တော်မူပါသည်။ သခင်ယေရှုက မသေပါဟု မိန့်တော်မူသော်လည်း လူက သေပြီး လေးရက်ရှိ၍ ပုပ်နေပြီဖြစ်သည်။ သခင်ယေရှု မိန့်တော်မူသော စကားကို ကြားရသောသူများက နားမလည်နိုင်ပါ။ သင်္ဂြိုလ်ထားရာ အရပ်သို့ ရောက်လာပြီးမှ ဂူဝ၌ ပိတ်ထားသော ကျောက်ကို ရွေ့စေပြီးလျှင် လာဇရု ထွက်၍ လာလော့ဟု မိန့်တော်မူသောအခါ လာဇရုသည် ပုဆိုးနံငယ်နှင့် ရစ်ပတ်၍ ထွက်လာပါသည်။ လာဇရု၏ မိသားစု သာမက အနီးဝန်းကျင်ရှိ လူအားလုံးကပါ သခင်ယေရှု၏ ဘုန်းတန်ခိုးကြီးခြင်းကို တွေ့ကြရပါသည်။ ထိုသို့ တန်ခိုးငြီးတော်မူသောကြောင့် လာဇရုသေသည်မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ ဘုရားသခင်၏ အံ့သြဖွယ် တန်ခိုးကြီးခြင်း သက်သေကို တွေ့မြင်သောသူများ အခွင့်တော်လမ်း၌ လျှောက်၍ အဓမ္မအမှုပြုနေကြသောသူများကို တွေ့ပါက မငြူစူပါနှင့်။ ဘုရားသခင်ရှေ့တော်၌ မည်သည့်အမှုကမျှ အလဟဿမဖြစ်ပါ။ ကျွန်ုပ်တို့က အလိုတော်လမ်း၌ လျှောက်ဖို့ရန်သာ အားထုတ်ကြပါ။ လာဇရုသည် သေခြင်းမှ ရှင်ပြန်ထမြောက်လာပြီး အံ့သြဖွယ် တန်ခိုးတော်ကို တွေ့ရပါလျက် ယဇ်ပုရောဟိတ်နှင့် ဖာရိရှိတို့အသက်တာ၌ အဓမ္မစိတ်က စိုးမိုးနေသဖြင့် ရောမဘုရင်က အပ်နှင်းထားသော ဂုဏ်ပုဒ်၊ ရာထူး၊ အာဏာပြုတ်မည် စိုး၍ ကိုယ်တော်ကို ငြင်းပယ်ခဲ့ကြပါသည်။ ယနေ့ဘာသာရေးသမားများ၌ အဓမ္မစိတ်က ကြီးလှသည်။ ထို့ကြောင့် ဘုရားသခင်သည် နှုတ်ကပတ်တော် ၌ ငါ့နာမဖြင့် သမုတ်သော သူတို့သည် အဓမ္မအမှုကို စွန့်၍ ငါ့မျက်နှာကို ရှာလျှင် သူတို့ ဆုတောင်းသံကို ကောင်းကင်ဘုံက နားထောင်မည်ဟု မိန့်တော်မူပါသည်။ ကျွန်ုပ်တို့သည် ကြားရသော နှုတ်ကပတ်တော်ကို ဆင်ခြင်၍ လွန်ခဲ့သောအချိန်က ဘယ်လိုပင် ဝေးနေပါစေ အရေးမကြီးပါ။ ယနေ့ အသက်တာများကို စစ်ဆေး ဆင်ခြင်၍ အဓမ္မအမှုများကို စွန့်ပြီး နှလုံးသားမှန်စွာ အလိုတော်လမ်း၌ လျှောက်ကြဖို့ လိုပါသည်။ ထိုသို့ ပြုကြပါက အသက်တာ၌ မင်္ဂလာဖြစ်ခွင့် ကိုယ်တော်က ပြင်ဆင်ထားပါသည်။

“နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊… မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသော သူ၊ သန့်ရှင်းခြင်း မရှိသောသူ။” (၂တိ ၃:၁-၃) ခေတ်ကာလသည် ကောင်းလာဖို့မရှိ၊ ဆိုးယုတ်ခဲယဉ်းလာဖို့ သာရှိကြောင်း ဖော်ပြထားပါသည်။ လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကိုတပ်မက်သောသူများ များလာမည်ဟု သတိပေး ထားပါသည်။ အဓမ္မသဘောနှင့် အသက်ရှင်သူ အဘယ်ကြောင့်များလာရပါသနည်း။ ယခုလို အခွင့်အရေး နောက်တစ်ခါမရမည်ကို စိုး၍ ပြုကြခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တဒင်္ဂ ခဏ၊ သင်္ခါရအရာကိုသာ အာရုံမစိုက်ကြဘဲ ထာဝရအရေးကို နှလုံးသွင်း၍ အသက်ရှင်ပါက အဓမ္မမှုများကို ကျော်နိုင်ကြမည် ဖြစ်ပေသည်။ ယနေ့ သန့်ရှင်းခြင်း မရှိသောသူ များလှသည်။ ခရစ်ယာန်အမည်ခံ၍ အခြားပြည်ပမှ ရောက်လာသော ဘာသာရေးခေါင်းဆောင် အရေခြုံထားသူများ မြန်မာပြည် ရောက်လာပြီးမှ မိန်းမ နှစ်ယောက်၊ သုံးယောက် ယူကြသည်။ သူတို့လာခဲ့သော နိုင်ငံ၌ မယားကြီး ရှိသည်။ ထိုသို့ ပြုနေကြပါလျက်ရပါသည်။ ဘုရားသခင်က ခွင့်လွှတ်ပြီးဖြစ်သည်ဟု သူတို့က ဆိုကြသည်။ ထိုသို့ သန့်ရှင်းခြင်းမရှိ ညစ်ညူးစွာ အသက်ရှင်နေကြသည်ကို ဘုရားသခင်က ခွင့်ပေးထားခြင်းသည် သက်သေထူဖို့ ဖြစ်သည်။ ယနေ့လူအများက အခွင့်အရေးရသည့်အပေါ် ဇာတိဖက်၍ အသက်ရှင်နေကြသည်။ အခြားသူမည်သို့ ရှိရှိ၊ မိမိအကျိုးရှိလျှင် ပြီးရောဟု ဆိုကာ အသက်ရှင်နေကြသည်။ အခြားသူများမည်သို့ အသက်ရှင်နေပါစေ၊ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်မည်ကို ကိုယ်တိုင် တစ်ဦးချင်းစီက ရွေးကြဖို့ ဖြစ်ပါသည်။

အခွင့်တော်လမ်း၌ မည်သူညစ်ညူးစွာအသက်ရှင်ပါစေ။၊ ကျွန်ုပ်တို့ က အလိုတော်လမ်းကိုသာ အလေး ဂရုပြု၍ အာရုံစိုက်ကြဖို့ လိုပါသည်။ ယနေ့ ကျွန်ုပ်တို့ တရားဟောဆရာများကိုလည်း မကြည့်ကြပါနှင့်၊ ဘာသာရေး ခေါင်းဆောင်များကိုလည်း အာရုံမစိုက်ကြပါနှင့်။ ကိုယ်ကျိုးကိုထိသောကြောင့် ယဇ်ပုရောဟိတ်မင်းမှစ၍ ကိုယ်တော်ကို သတ်ချင်နေကြသောကြောင့် အခြားသူကို အဘယ် ဆိုဘွယ်ရှိပါသနည်း။ အံ့သြဘွယ်တန်ခိုးနှင့် သက်သေကို မြင်နေပါလျက်နှင့် အတ္တက စိုးမိုးနေပြီး ကိုယ်ကျိုးကို အာရုံစိုက်ပါက ကိုယ်တော်ကို ငြင်းမိမည်ဖြစ်သည်။ ယနေ့ ထိုသို့သော လူစုထဲ၌ ကျွန်ုပ်တို့ ပါနိုင်သည်ကို သတိပြုပါ။ မည်သည့်အခါ၌ ပါမည်နည်း။ အခွင့်တော်နောက်သို့ လိုက်ချင်သောသူက ပါလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် အလိုတော်နှင့် အခွင့်တော်ကို အလေးဂရုပြု ဆင်ခြင်ကြပါ။ ဆာလံဆရာကြီးက မိမိအသက်တာ အတွေ့အကြုံအရ ကိုယ်တော်၏ အလိုတော်ကို သိပါသည်။ “လူဆိုးတို့ အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူကတို့ကို မငြူစူနှင့်၊ အကြောင်းမူကား သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကို ခံရ၍ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။” (ဆာ ၃၇:၁-၂) လူဆိုးတို့အကြောင်း ကြောင့် စိတ်မပူနှင့်ဟု သတိပေးထားပါသည်။ လူ့သဘာဝအရ ဆိုရပါမူ လူဆိုးတို့အတွက် စိတ်ပူတတ်ပါသည်။ မဟုတ်တာ လုပ်မည့်သူကို တွေ့ပါက တာဝန်သိသူတစ်ဦးအနေနှင့် စိတ်ပူနိုင်ပါသည်။ မတရားသဖြင့်ပြုသော သူကို မြင်ပါကလည်း မငြူစူနှင့်ဟု ဆိုထားပါသည်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ ထားပါသည်။ လူဆိုးတို့နှင့် မတရားသောသူကို မြင်သည့်အခါ လူ့သဘာဝအရ စိတ်ပူတတ်၊ ငြူစူတတ်သော်လည်း ထို့ထက်ပို၍ မလွန်ကျူးမိဖို့ သတိပြုပါ။ ထာဝရကာလနှင့် နှိုင်းယှဉ်ပါက အနှစ် ၉၀ မတရားလုပ်လျှင်ပင် ဘာမျှမဟုတ်ပါ။ ထို့ကြောင့်ကိုယ်တော်က အခွင့်တော်ကို ခွင့်ပြုထားခြင်း ဖြစ်ပါသည်။ အလိုတော်က ဘုရားသခင် ဆန္ဒရှိသောအရာ ဖြစ်ပါသည်။ အခွင့်တော်က ဘုရားသခင်ဆန္ဒရှိသော အရာမဟုတ်ပါ။ “ထာဝရဘုရားကို ခိုလှုံ၍ ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍ သစ္စာတရားကို ကျက်စားလော့။ ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။” (ဆာ ၃၇:၃-၄) မိမိအသက်က လောက၌ ခုနှစ်ဆယ်၊ ရှစ်ဆယ် ပိုမနေရ၊ သို့ဖြစ်၍ မခံစားလိုက်ရပါက ရှုံးမည်ဟု တွေးကောင်းတွေးနိုင်ပါသည်။ သင်္ခါရပေတံနှင့်တိုင်းပါက မှန်ပါသည်။ သို့သော် ထာဝရပေတံနှင့် တိုင်းကြဖို့ လိုပါသည်။ ထာဝရကာလ၌ ရွှေ၊ ငွေ၊ ကျောက်ကောင်းပေးမည်ဟု ကတိတော် ရှိပါသည်။ အလိုတော်နှင့် အညီ ရှင်သန်လျှောက်လှမ်းသူများအတွက် ဖြစ်သည်။ ထို့ကြောင့် သြတ္တပ္ပ၏ သတိပေးမှုကို အလေးဂရုပြုပါ။ ဘုရားသခင်က နှုတ်ကပတ်တော်ကို ပေးထားခြင်းသည် အကြောင်းမဲ့မဟုတ်ပါ။ သင်္ခါရကဏ္ဍကိုသာ တွေးကြဖို့ရန် ကျွန်ုပ်တို့အသက်တာက သင်္ခါရနှင့် မပြီးပါ။ ထာဝရအထိဆက်၍ ရှင်ရမည်ကို ဆင်ခြင်ပြီးမှ လောက အသက်တာ၌ အခွင့်တော်လမ်းကို ရှောင်ပြီး အလိုတော်လမ်း၌ အသက်ရှင်ခြင်းအားဖြင့် ထာဝရကဏ္ဍ၌ ခံစားရမည့်အရာကို အာရုံပြု၍ အသက်ရှင်ကြဖို့ရန် မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

2 comments:

စံပယ်ချို said...

သီဟရေ
မေ့နေတာလေးတွေအသိပြန်ရခဲ့တယ်
((နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့ နည်းဟူမူကား လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊… မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသော သူ၊ သန့်ရှင်းခြင်း မရှိသောသူ))
ဟုတ်တာပေါ့နော် ဘာသာတရားတခုကကျမ်းဆိုတာ
အလိအညာမပါ ပါဘူး...
ဘုရားသခင်ငြိမ်းချမ်းမှုအောက် ထာဝရ ရှိနေပါစေ

ဧဒင်အချစ်ပုံပြင် said...

ဆရာဒေသနာတော်တွေမနာကြားရတာကြာပြီး...ကျေးဇူးဘဲနော်..