Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, April 08, 2012

ဘုန်းတော်ထင်ရှားစေဖို့ (ဒေသနာတော်)


အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆရာကြီးများရဲ့ တရားဒေသနာတွေကို အကြောင်းအမျိုးမျိုးကြောင့် အသင်းတော်တွေနဲ့ ဝေးကွာနေကြတဲ့ ပြည်တွင်း ပြည်ပက ခရစ်ယာန်ဘာသာဝင်တွေ ကြားနာယူနိုင်အောင်နဲ့ အခြားသော မယုံကြည်သူတွေပါ လေ့လာနိုင်အောင် မျှဝေပေးနေပါတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့တော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မတ်လ (၄) ရက်နေ့က  ၈ မိုင် လမ်းဆုံနားမှာရှိတဲ့ ရန်ကုန်ညီအစ်ကိုများအသင်းတော်မှာ ဝေငှခဲ့တဲ့ ဆရာကြီး ဦးညွှန့်လှ ရဲ့ “ဘုန်းတော်ထင်ရှားစေဖို့” ဒေသနာတော်ကို တင်ပြပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!


နိဒါန်း
“သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများ ကို ဖော်ပြစေခြင်းငှာ၊ ရွေးချယ်တော်မူသောအမျိုး ဖြစ်ကြ၏။ မင်းစည်းစ်မ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။ အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်က မခံရသော်လည်း ယခုတွင် ခံရကြ၏။” (၁ပေ၊ ၂:၉-၁၀)
အထက်ကျမ်းပိုဒ်တွင် သင်တို့ဟု ဖော်ပြထားသည်ဖြစ်၍ ယုံကြည်သူအယောက်တိုင်းနှင့် သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့သည် မှောင်မိုက်ထဲက လာခြင်း ဖြစ်သည်ဟု တွေ့ရသည်။ မှောင်မိုက်သည် ဒုစရိုက်ပြုသော အပြစ်သားတို့၏ နေရာဒေသဖြစ်သည်။ မှောင်မိုက်ထဲ၌ ရှိနေသောသူသည်။ မကောင်းသောအမှု ကို ပြုတတ်သည်။ အလင်းထဲ၌မူ လူမြင်ရသောကြောင့် ကောင်းစွာ ဝတ်ဆင်ကြသည်။ ကောင်းသော အပြုအမူနှင့် ပြောဆို ပြုမူဆက်ဆံကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူကြောင်း ဖော်ပြထားပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် မည်သည့်အချိန်ကစ၍ မှောင်မိုက်ထဲသို့ ရောက်ရှိသွားပါသနည်း။ ဘုရားသခင် ဖန်ဆင်းတော်မူပြီးနောက် ဘုရားသခင်၏ ပညတ်ချက်ကို ချိုးဖောက်ပြီးသည့်အချိန်မှ စ၍ အမှောင်ထဲသို့ ရောက်ရှိသွားပါသည်။ ဘုရားသခင်သည် ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားပါသည်။ လူသည် ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကို စားပြီးသည့်နောက် ဘုရားသခင်နှင့် အဆက်ပြတ်သွားပါသည်။ အမှောင်သည် ဘုရားနှင့် ဝေးကွာသွားခြင်း၊ အဆက်ပြတ်သွားခြင်း ဖြစ်ပါသည်။ လူသည် မွေးဘွားလာသောအချိန်ကစပြီး အမှောင်ထဲ၌ ရှိနေပါသည်။ ထို့ကြောင့် ကလေးငယ်ဘဝကပင် မကောင်းသောအမှုကို ပြုကြသည်။ ဒုစရိုက်ကို ပြုဖို့မသင်ပေးရဘဲ လုပ်တတ်ကြသည်။ ထိုအမူအကျင့်က မွေးကတည်းက ပါလာသော ဗီဇ သဘာဝဖြစ်သည်။ ဖျောက်ဖျက်၍ မရပါ။ ထိုဗီဇက ယေရှုခရစ်နှင့် ပေါင်းသည့်အခါမှသာ ပျောက်သွားနိုင် ပါသည်။ ကျွန်ုပ်တို့သည် မှောင်မိုက်ထဲမှ အလင်းတော်သို့ ခေါ်သွင်းတော်မူခြင်း ခံရသဖြင့် ထိုသို့ ပြုပေးတော်မူသော သခင်ဘုရား၏ ဂုဏ်ကျေးဇူးများကို ဖော်ပြဖို့ ဘုရားသခင် အလိုတော်ရှိသည်ဟု ဖော်ပြထားပါသည်။

ဘုရားသခင် ရွေးကောက်ထားခြင်းဖြစ်၍
“သင်တို့သည် ငါ့ကို ရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံမှာ တောင်းချင်သမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။” (ယော၊ ၁၄:၁၆)
ကျွန်ုပ်တို့က သခင်ယေရှုခရစ်ကို ရွေးသည်မဟုတ်၊ သခင်ယေရှုက ကျွန်ုပ်တို့ကို လောကမှောင်မိုက်ထဲ မှ ကောက်ရွေးထားခြင်း ဖြစ်ပါသည်။ မယုံကြည်သူ အယောက်တိုင်းသည် ဘုရားသခင် ရှေ့တော်တွင် ကွာခြားမှုမရှိ အတူတူပင် ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရုပ်ရည်ချောမောခြင်း၊ ပညာတတ်ခြင်း၊ ဥစ္စာပေါများကြွယ်ဝခြင်းအပေါ်၌ မကြည့်ပါ။ ကျွန်ုပ်တို့ ဘုရားသခင်ကို မည်မျှ ချစ်ကြသလဲဆိုသည်ကိုသာ ကြည့်ရှုသိမှတ်ပါသည်။
“ဘုရားသခင်ကို ချစ်သောသူ တည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏။” (ရော၊ ၈:၂၈)
ကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်မျှချစ်ကြသလဲ၊ မည်သည့်အတိုင်းအတာထိ ချစ်ကြသလဲဟူသည်ကို စစ်ဆေးဆင်ခြင်ကြဖို့ လိုပါသည်။ သမ္မာကျမ်းစာ သခင်ဘုရားသည် ကျွန်ုပ်တို့အား ရွေးကောက်သည်ဟု ဆိုထားခြင်းမှာ ကျွန်ုပ်တို့ ကောင်းမှုကုသိုလ်ကြောင့်၊ အကျင့်ကောင်း၍ မဟုတ်ဘဲ၊ ကျေးဇူးတော်ကြောင့် သာ ရွေးကောက်သည်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြော၍ မရပါ။ ဘုရားသခင် ကျွန်ုပ်တို့ကို ရွေးကောက်ထားခြင်းကို သိမှတ်ပြီး ကျေးဇူးတင်သောစိတ်နှင့် ခံစားရုံမျှမက လောကကြီးထဲ၌ တည်ကြည်သော အသီးကို သီးကြဖို့ လိုပါသည်။ ယုံကြည်သော ကျွန်ုပ်တို့ အသက်တာကိုကြည့်ပြီး အခြားသောသူများက အားကျလာသည့် အသက်တာ၌ အသက်တာ၌ အသက်ရှင်ကြဖို့ ဘုရားသခင် အလိုတော်ရှိသည်။ ထိုသို့ တည်ကြည်သော အသီးကို သီးသောသူအား ဘုရားသခင်က သခင်ယေရှု၏နာမကို အမှီပြု၍ တောင်းသမျှကို ရဖို့ရန် ခန့်ထားခြင်း ဖြစ်သည်ဟု မိန့်တော်မူပါသည်။ ထိုသို့တည်ကြည်သော အသီးကို သီးနိုင်ဖို့ရန် ကျွန်ုပ်တို့ ကြိုးစား၍ မရပါ။ ဘုရားသခင်၏ မစမှုအားဖြင့်သာ ရမည်ဖြစ်ပါသည်။
“သင်တို့သည် ငါ့၏နာမကို အမှီပြုလျက် ဆုတောင်းသမျှ အတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” (ယော၊ ၁၄:၁၃-၁၄)
ကျွန်ုပ်တို့သည် ဘုရားသခင်ရွေးကောက်ထားခြင်းခံရသောသူများ ဖြစ်ကြသည်။ ထိုသို့ ရွေးကောက်ခြင်း ခံရသည်မှာ အကြောင်းမဲ့သက်သက် မဟုတ်ပါ။ ကျွန်ုပ်တို့သည် သွား၍ တည်ကြည်သော အသီးကို သီးဖို့၊ ထိုသို့သောအားဖြင့် အခြားသူများက ကျွန်ုပ်တို့ အသက်တာကို ကြည့်ပြီး အားကျလာ၍ ဘုရားဘုန်း ထင်ရှားဖို့ ဖြစ်ပါသည်။
“ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတပါးရှေ့၌ သင်တို့ အလင်းကို လင်းစေကြလော့။” (မဿဲ၊ ၅:၁၆)
သင်တို့ဟု ဆိုခြင်းသည် ကျွန်ုပ်တို့ ယုံကြည်သူ အယောက်တိုင်းကို ပြောနေခြင်း ဖြစ်ပါသည်။ သူတပါးသည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်ကြဖို့ ဘုရားသခင်အလိုတော်ရှိပါသည်။ ရံဖန်ရံခါ ကျွန်ုပ်တို့က ဘုရားကျောင်းထဲ၌ လူအများရှေ့၌ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သော်လည်း လူများကွယ်ရာ၌ စာတန်ကဲ့သို့ ဖြစ်နေကြပါသည်။ ကျွန်ုပ်တို့၏ ကောင်းသောအကျင့်ကို အခြားသူများက မြင်ပြီး ဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းစရာ ဘယ်နှခါ ကြုံခဲ့ဖူးပါသလဲ။ ထိုသို့ ချီးမွမ်းစရာ ဖြစ်အောင် အသက်ရှင်ကြဖို့ရန် ဘုရားသခင်က အလိုတော်ရှိပါသည်။ ကျွန်ုပ်တို့သည် တည်ကြည်သော အသီးကိုသီးဖို့၊ အခြားသူများရှေ့၌ အလင်းကို လင်းကြဖို့ လိုပါသည်။ ထိုသို့ အလင်းကို လင်းနိုင်ဖို့ရန် ကျွန်ုပ်တို့ ကြိုးစား၍ မရပါ။ အလင်းရှိမှ ရမည်ဖြစ်သည်။ သခင်ယေရှုက ငါသည် ဤလောက၏အလင်းဖြစ်၏ ဟု မိန့်တော်မူပါသည်။

ယေရှုခရစ်၌ရှိသော စိတ်သဘော
“အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ကျင့်နေကြလော့။” (ဧ၊ ၅:၈)
ကျွန်ုပ်တို့သည် မွေးလာကတည်းက မှောင်မိုက်၏ သားများဖြစ်ကြပါသည်။ ကောင်းသောအကျင့်ကို ကျင့်သောသူ တစ်ယောက်မျှ မရှိ။ ထာဝရဘုရားသည် ကောင်းကင်ဘုံက လူသားတို့ကို ငုံ၍ ကြည့်ရှုနေတော်မူပါသည်။ လူအပေါင်းတို့သည် ကာယကံဖြင့်ဖြစ်စေ၊ ဝဇီကံဖြင့်ဖြစ်စေ၊ မနောကံဖြင့်ဖြစ်စေ ကျူးလွန်ပြစ်မှားနေကြပြီး ဒုစရိုက်ပြုနေကြသည်ဟု သမ္မာကျမ်းစာက သတိပေးပါသည်။ ကိုယ်ထိလက်ရောက် လူမသတ်သော်လည်း စိတ်နှလုံးထဲ၌ လူသတ်နေကြသောသူအများ ရှိနေကြပါသည်။ ကာယကံမြောက်မကျူးလွန်ဖို့ ဝဇီကံမြောက် မကျူးလွန်ဖို့ ထိန်းနိုင်သည်ဆိုလျှင်ပင် မိမိမနောကို မည်သူမျှ မထိန်းချုပ်နိုင်ပါ။ ထို့ကြောင့် မနောအားဖြင့် အမှားကြဖို့ရန် ဘုရားသခင် လက်သို့ မိမိတို့ စိတ်နှလုံးကို အပ်ကြဖို့လိုပါသည်။ အထက်က ကျွန်ုပ်တို့သည် ထိုသို့သောသူများ၊ မှောင်မိုက်၌ ရှိနေသောသူများ ဖြစ်ကြသော်လည်း ယခုမူကား ယေရှုခရစ်တော်အားဖြင့် အလင်းဖြစ်ကြသည်ဟု ဆိုပါသည်။ ထို့ကြောင့် (၂ကော၊ ၅:၁၇) ၌ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြသည်ဟု ဆိုပါသည်။ ထိုပြောင်းလဲခြင်းသည် ချက်ခြင်း ရသည် မဟုတ်ပါ။ ခရစ်တော်၌ ရှိလာသည့်အခါ တဖြည်းဖြည်းပြောင်းလဲလာခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိလာသည့်အခါ အလင်း၏ သား ဖြစ်လာပါသည်။ ထို့ကြောင့် အလင်း၏ သားကဲ့သို့ ကျင့်နေကြပါဟု မိန့်တော်မူထားပါသည်။ ယနေ့လောကထဲ၌ အမျိုးသားနှင့်အမျိုးသမီးနေထိုင်ပုံ၊ ဝတ်စားဆင်ယင်ပုံ မတူပါ။ လမ်းလျှောက်လျှင်ပင် လူကို မမြင်ရသော်လည်း ယောက်ျားလား၊ မိန်းမလား ခွဲခြား သိနိုင်ပါသည်။ ယနေ့ ဘုရားသခင်၏ သားသမီးများ မည်သို့ လမ်းလျှောက်နေကြပါသနည်း။ မည်သို့ အသက်ရှင်နေကြပါသနည်း။ ကျွန်ုပ်တို့သည် ယုံကြည်သူမှန်လျှင်၊ အလင်း၏ သား မှန်လျှင်၊ အလင်း၏သား ကဲ့သို့ကျင့်နေဖို့ လိုပါသည်။ (ဖိ၊ ၂:၅) တွှု ယုံကြည်သူတို့၏ အသက်တာသည် ယေရှုခရစ်၌ ရှိသော စိတ်သဘောထားရှိကြရမည်ဟု မိန့်တော်မူထားပါသည်။
“သင်တို့သည် အချင်းချင်း ချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။” (ဖိ၊ ၂:၂)
ယုံကြည်သူ၊ အလင်း၏သားမှန်လျှင် အချင်းချင်း ချစ်ကြပါသည်။ ညီညွတ်ခြင်းလည်းရှိကြမည်ဖြစ် ပါသည်။ စိတ်ကျန်းမာရေး ချို့တဲ့နေသူများသည် မည်သည့်အခါမျှ အချင်းချင်း စိတ်တစ်လုံးတစ်ဝတည်း မရှိကြပါ။ ယနေ့ကျွန်ုပ်တို့အသီးသီး မိမိတို့ကိုယ်ကို မိမိတို့စစ်ဆေးကြဖို့ ဖြစ်ပါသည်။ စိတ်ကျန်းမာရေး ချို့တဲ့သောသူများကဲ့သို့ ဖြစ်နေပါသလား။ အလင်းထဲ၌ ကျင်လည်နေသူများ ဖြစ်ပါသလား။ အလင်းထဲ၌ ကျင်လည်နေကြပါက အချင်းချင်း ချစ်ကြမည်ဖြစ်ပြီး၊ တစ်လုံးတစ်ဝတည်းရှိပြီး သဘော တည်ီတညွတ်တည်း ရှိကြမည် ဖြစ်ပါသည်။
“ရန်တွေ့သောစိတ်၊ အချည်းနှီးကျော်စောကိထ္ထိမကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှတ်ကြလော့။” (ဖိ၊ ၂:၃)
အလင်းထဲ၌ ရှိနေသော ယုံကြည်သူသည် ရန်မတွေ့ရပါ။ မိမိမှာ ကျော်စောခြင်းရှိဖို့လည်း မည်သည့်အခါမျှ ဦးစားပေး မလုပ်ဆောင်သင့်ပါ။ အလင်းထဲ၌ ကျင်လည်နေသော ယုံကြည်သူသည် မိမိက သူတပါးထက် တော်သည်။ ကောင်းသည် ဟု မည်သည့်အခါမျှ မထင်မှတ်ပါ။ သူတပါးသည် မိမိထက် သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်သဘောနှင့် ထင်မှတ်တတ်ပါသည်။
“ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။” 
ကျွန်ုပ်တို့သည် ကိုယ်ကျိုးကိုသာမကြည့်ကြဘဲ သူ့အကျိုးကိုလည်း ကြည့်၍ အသက်ရှင်ဖို့ ဘုရားသခင် အလိုတော် ရှိပါသည်။ ကျမ်းတစ်ချက်က ကိုယ်၌ သူတပါးပြုစေလိုသည့်အတိုင်း သူတပါး၌လည်း ပြုကြပါဟု မိန့်တော်မူပါသည်။ ကျွန်ုပ်တို့သည် လက်ကို ဖြန့်၍ သာမထားဘဲ လက်ကို မှောက်ထားသောသူများ၊ သူတပါးထံမှရယူဖို့သာ မစဉ်းစားဘဲ၊ ပေးတတ်သောသူများဖြစ်ဖို့ ဘုရားသခင် အလိုတော်ရှိပါသည်။ ထိုသို့ အသက်ရှင်ဖို့ရန် သခင်ဘုရားသည် လောကထဲမှ ကျွန်ုပ်တို့အား ရွေးကောက်ထားခြင်း ဖြစ်ပါသည်။

ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့
ကျွန်ုပ်တို့သည် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး ဖြစ်သည်ဟု ဆိုထားပါသည်။ ထို့ကြောင့် စိတ်ဆင်းရဲစရာအကြောင်း မရှိတော့ပါ။ အချို့သော ယုံကြည်သူများ၏နှုတ်၌ စိတ်ဆင်းရဲလိုက်တာ၊ စိတ်ညစ်လိုက်တာ၊ ဒုက္ခပါဘဲဟု ညည်းတွားစကားသံများကို ကြားကြရသည်။ ကျွန်ုပ်တို့သည် မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ်မျိုးဖြစ်၍ ထိုသို့ ပြောစရာ အကြောင်း မရှိတော့ပါ။
“ငါ၏ ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည့်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံတော်မူလိမ့်မည်။” (ဖိ၊ ၄:၁၉)
ဘုရားသခင်သည် ကျွန်ုပ်တို့ လိုအပ်သမျှကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေမည်ဟု မိန့်တော်မူသည်ဖြစ်၍ စိတ်ပျက်စရာ၊ ညည်းတွားစရာမရှိတော့ပါ။ ကျေးဇူးတော်ကို ချီးမွမ်းစရာသာရှိမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောအမျိုးလည်း ဖြစ်ကြပါသည်။ ထို့ကြောင့်၊ စဉ်းစားတွေးခေါ်မှု၌ သန့်ရှင်းနေဖို့ လိုပါသည်။ လူတစ်ယောက်ကို ကြည့်မြင်သည့်အခါ အနှုတ်လက္ခဏာနှင့် မကြည့်ပါနှင့်။ ကဲ့ရဲ့အပြစ်တင်ဖို့သာ မကြည့်ပါနှင့်။ အကောင်းကို ရှုမြင်ပြီး ချီးမွမ်းဖို့သာ ကြည့်မြင်တတ်ဖို့ လိုပါသည်။ သူတပါး ကောင်းစားသည်ကို မြင်လျှင် မကျေမနပ် ဖြစ်မနေဘဲ အစဉ်အမြဲ ဝမ်းမြောက်နေတတ်ဖို့ လိုပါသည်။ အခြားသူများက ကျွန်ုပ်တို့ကို ကြည့်သည့်အခါ စိတ်ပျက်မှိုင်တွေနေသော မျက်နှာကို မမြင်စေဘဲ အစဉ်လန်းဆန်းတက်ကြွနေသောအသွင်သဏ္ဍာန်ကိုသာ မြင်တွေ့စေဖို့ အသက်ရှင်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းလည်း ဖြစ်ကြပါသည်။ ယခင်က မဟုတ်ကြသော်လည်း ခရစ်တော်အားဖြင့် ဘုရားသခင်၏ အပေါင်းအသင်း ဘုရားသခင်၏ မိတ်ဆွေ ဖြစ်ကြပြီဖြစ်သည်။ ဘုရားသခင်နှင့် အပေါင်းအသင်း ဖြစ်ရခြင်း အခွင့်သည် မည်မျှ ကြီးပါသနည်း။ လောက၌ နာမည်ကျော်သော ဆရာတစ်ဦးနှင့် သိရလျှင်ပင် မည်မျှ ဂုဏ်ယူစရာ ကောင်းပါသနည်း။ အသက်ရှင်တော်မူသော ဘုရားသခင်နှင့် အပေါင်းအသင်းဖြစ်ရခြင်း မှာမူကား အထူးဆိုဘွယ်မရှိတော့ပါ။ ကျွန်ုပ်တို့သည် လောပန်တစ်ယောက်နှင့် သိရပါက အကူအညီတောင်းခံနိုင်ပါသည်။ သခင်ယေရှုနှင့် သိကျွမ်းရခြင်းက ထိုထက်မက များစွာသာလွန်ပါသည်။ သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့သည် သခင်ယေရှု၏ နာမကို အမှီပြု၍ တောင်းချင်သမျှကို တောင်း၍ ရကြမည်ဟု ကတိပေးထားပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ အကောင်းဆုံး မိတ်ဆွေ ဖြစ်ပါသည်။ အထက်က ကရုဏာကျေးဇူးကို မခံရကြသော်လည်း ယခုမူကား ယေရှုခရစ်၌ ဖြစ်၍ အလင်း၏သား ဖြစ်ကြ၍ ကရုဏာကျေးဇူးကို ခံကြရပါသည်။ ကျွန်ုပ်တို့သည် အလင်း၏သားဖြစ်၍ အလင်းထဲ၌ ကျင်လည်နေကြသော်လည်း ဇာတိရှိနေသေးသည်ကို သတိပြုပါ။ ဇာတိသဘောအတိုင်း အသက်မရှင်မိဖို့ ဂရုပြုသင့်ပါသည်။
“ချစ်သူတို့၊ ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည် အာဂန္တုကဲ့သို့သော သင်တို့ကို ငါတိုက်တွန်းနိုးဆော်ပေ၏။” (၁ပေ၊ ၂:၁၁)
ဇာတိသည် အပြင်လူဖြစ်သည်။ ဝိညာဉ်က အတွင်းလူဖြစ်သည်။ ကျွန်ုပ်တို့၌ရှိသော ဇာတိနှင့် ဝိညာဉ်လူသည် အစဉ်စစ်ပြိုင်နေပါသည်။
“ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။” (ဂလာ၊ ၅:၁၆)
ဇာတိသဘောက ပင်ပန်းသည်။ တစ်ပတ်လုံးအလုပ်လုပ်နေရတာ မနားရဘူး။ ဒီတစ်ပတ်တော့ ဘုရားကျောင်း မသွားတော့ဘူးဟု ဆိုခြင်းသည် ဇာတိသဘောဖြစ်ပါသည်။ ဝိညာဉ်သဘောက ထိုသို့ မဟုတ်ပါ။ ဘုရားကျောင်းလာရသည်ကို ပင်ပန်းသည်ဟု မထင်၊ ဘုရားသခင်နှင့် မိဿဟယဖွဲ့ရသည်ကို ကြာသည်ဟု မထင်၊ နာရီမည်မျှကြာသွားသည်ကို ပမာနမပြုပါ။ မနက်မိုးလင်းသည်နှင့် အပြင်လူကတော့ ဆာမည်ဖြစ်သည်။ ဘာစားရမလဲဟု ရှာတတ်သည်။ ဝိညာဉ်လူမူကား၊ ငါကျမ်းစာဖတ်ပြီးပြီလား၊ ဆုတောင်းပြီးပြီလားဟု ဆင်ခြင်တတ်သည်။ ထိုသို့ဇာတိနှင့် ဝိညာဉ်စစ်ပြိုင်ရာ၌ အများအားဖြင့် ဇာတိလူက အနိုင်ရသွားတတ်ပါသည်။ ကျွန်ုပ်တို့သည် ထိုသို့စစ်ပြိုင်နေရာ၌ ဇာတိလူကို အခွင့်မပေးမိရန် တမန်တော်ကြီးက သတိပေး ပြောဆိုနေပါသည်။ ကျွန်ုပ်တို့သည် ဧည့်သည် အာဂန္တုဖြစ်ပါသည်။ တစ်နေ့သောအခါ ကျွန်ုပ်တို့၏ ဇာတိနေအိမ်သည် ပျက်သွားမည်ဖြစ်သည်။ ထိုအခါ လူလက်ဖြင့် မလုပ်ဘဲ ဘုရားသခင် ဖန်ဆင်းသော နိစ္စထာဝရအိမ်ကောင်းကင်၌ ရှိပါသည်။ ကျွန်ုပ်တို့သည် ရွေးကောက်ထားသူ မှန်လျှင် သွား၍ တည်ကြည်သော အသီးကို သီးကြဖို့ လိုပါသည်။ တည်ကြည်သောအသီး သီးနေကြပြီလား။ ကျွန်ုပ်တို့သည် ခရစ်တော်၌ မျိုးစေ့တည်သည်မှာ မှန်လျှင် ပြောင်းလဲသော သက်တာ အမှန်ပင် ရှိကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်သို့သောမျိုးစေ့အားဖြင့် ဖြစ်ပွားခြင်း ဖြစ်သနည်း။ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်ဟူသော အသက်ရှင်၍ အစဉ်အမြဲတည်သော နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွားခြင်းဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ညီအစ်ကိုများကို ချစ်ယောင်မဆောင်ဘဲ၊ အမှန်ချစ်သောသူများ ဖြစ်ဖို့လိုသည်။ (၁ပေ၊ ၁:၂၂-၂၃) ထို့ကြောင့်၊ ကျွန်ုပ်တို့ကို မြင်သောသူတိုင်းရှေ့ ၌ ကောင်းသောအကျင့်ကို ကျင့်ကြခြင်းအားဖြင့် အလင်းကို လင်း၍ တည်ကြည်သော အသီးကို သီးကြဖို့ လိုပါသည်။ ထိုသို့ အသက်ရှင်ပါက ကျွန်ုပ်တို့၏ ကောင်းသောအကျင့်အားဖြင့် ကောင်းကင်၌ ရှိတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို အခြားသူများက ချီးမွမ်းကြ၍ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားသည်သာမက ကျွန်ုပ်တို့သည်လည်း တောင်းချင်သမျှကို တောင်း၍ ရကြမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

1 comments:

စံပယ်ချို said...

နေမကောင်းတဲ့အချိန်မှာ အဲတာလေးဖတ်လိုက်ရတော့ရင်ထဲအေးသွားတယ်
ဘုရားသခင်ငြိမ်းချမ်းမှုအောက်မှာထာဝရ
ရောက်ရှိပါစေ