Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, April 01, 2012

သူတို့ချစ်ခြင်း အပြစ်ကင်းစေ...







ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မတ်လ (၃၀) ရက်၊ သောကြာနေ့ ညပိုင်းမှာ ပါတီပွဲလေး တစ်ခုလုပ်မယ်ဆိုတာ လွန်ခဲ့တဲ့ အပတ်တွေကတည်းက ကြိုသိထားပေမယ့် သူငယ်ချင်းတွေ မတွေ့ကြတာကြာလို့ စုပြီး သောက်သောက်စားစား ပွဲလေးလုပ်မယ်လို့ပဲ သိထားခဲ့တာ။ ပွဲရက်မတိုင်ခင် နှစ်ရက်လောက်အလိုမှ ဒီပွဲဟာ male couple ဖြစ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့် အထိမ်းအမှတ် ပွဲလေးဆိုတာ သိလိုက်ရပါတယ်။ male couple ဆိုပေမယ့် ဟိုးအရင်က ကျွန်တော်တို့ သိကြဖူးသလို မိန်းမလိုဝတ်စားထားတဲ့ လူတစ်ယောက်နဲ့ ယောက်ျားလိုဝတ်စားထားတဲ့ လူတစ်ယောက် ချစ်ကြ၊ တွဲကြတာမျိုး မဟုတ်ပါဘူး။ တစ်ယောက်ချင်းကို ကြည့်ရင် မိန်းကလေးတိုင်း ခုမြင် ခုကြိုက်ချင်စရာ ကောင်းလောက်အောင် ချောမောကြည့်ကောင်းပြီး တောင့်တောင့်တင်းတင်း ရှိတဲ့ သူနှစ်ယောက်ပါ။

သူတို့ရဲ့ ချစ်သက်တမ်းလေးတောင် (၁) နှစ်ပြည့်ပါပြီလားလို့ တွေးမိ သွားတယ်။ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားခဲ့ကြတဲ့ အချိန်ကို သေချာ မသိပေမယ့်၊ ပြီးခဲ့တဲ့ နှစ်က သင်္ကြန်မှာတော့ သူတို့နှစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် သည်းသည်းလှုပ်ချစ်ပြ၊ ယုယနေပြ ကြတာကို မှတ်မိနေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်က ဗုံးတွေ ဘာညာကြောက်ပြီး မဏ္ဍပ်မသွားဘဲ၊ သူငယ်ချင်း တစ်ယောက်အိမ်မှာ စုပြီး မုန့်တွေလုပ်၊ အိမ်နီးနားချင်းတွေဝေ၊ အိမ်ရှေ့လေးမှာ လာသမျှလူတွေကို ရေပက်၊ ခင်ရာခင်ကြောင်း နီးစပ်ရာ တခြားသူငယ်ချင်းတွေကို အလည်လာဖို့ခေါ်၊ မဏ္ဍပ်နားချိန် မုန့်လာစားဖို့ ပြောပြီး၊ စကားတွေပြော၊ မုန့်တွေစား၊ Vodka တွေသောက်ပြီး ပျော်ခဲ့ကြတာ။ သူတို့နှစ်ယောက်က ကျွန်တော်တို့ မျက်စိရှေ့မှာတင်ပဲ ခုဆို တစ်နှစ်ဆိုတဲ့ အချိန်ကြီးကို ရောက်သွားပြီ။

ကျွန်တော် သိရသလောက် ဒီလို male couple တွေက အချစ်မြဲခဲပါတယ်။ တစ်ယောက်ပြီးတစ်ယောက်၊ အချစ်တွေ များတတ်ကြတာမို့လည်း HIV လို ကူးစက်ရောဂါတွေအတွက် လက်ညှိုးထိုးစရာ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့်လည်း သူတို့က ဒီလို တစ်နှစ်ချစ်သက်တမ်းအတွက် အမှတ်တရပွဲလေး လုပ်တာဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက တခြားတွေ့ဖူးနေကြ သာမန်စုံတွဲတွေလိုပဲ၊ အေးတစ်ခါ ပူတစ်လှည့်ပါပဲ။ တစ်ဦးကိုတစ်ဦးတော့ ချစ်ကြပါတယ်။ နှစ်ဦးစလုံးဟာ ဆရာဝန်တွေကြီးပဲ ဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦးက အသက် ၄ - ၅ နှစ်လောက်တော့ ကွာမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ရွယ်တူလိုပါပဲ။ ရုပ်ပျိုကြတာလည်း ပါမှာပေါ့။

ဒီနှစ်ယောက်မှာ ကျွန်တော်နဲ့ သူငယ်ချင်း စဖြစ်တာက အကြီးတစ်ယောက်ပေါ့။ သူ့ကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က စပြီး သိကျွမ်းခင်မင်ခဲ့ရပါတယ်။ ကူညီတတ်တယ်။ အပြောကောင်းတယ်။ လူတိုင်းကို လေးလေးစားစား ဆက်ဆံတတ်တယ်။ ဆရာဝန်တစ်ဦးလည်း ဖြစ်တာမို့ ဉာဏ်ကောင်းပြီးသား။ သူ့မှာ အပြစ်ဆိုစရာလေးက ချစ်သူကောင်လေးများခြင်းပဲ။ ကောင်မလေးတွေနဲ့လည်း ကြိုက်ဖူးမယ် ထင်ပါတယ်။ ကြားဖူးလို့ပါ။ အတိအကျတော့ မသိပါဘူး။ သူဆိုလည်း တစ်ရက်တည်းကို ရည်းစားပေါင်း (၇) ယောက်နဲ့ စကားတွေပြော၊ ကျူခဲ့ဖူးတာကို သူပြောလို့ သိခဲ့ဖူးပါတယ်။ ဒီလောက်ထိ ဆိုးတဲ့ ကောင်လေးပါ။ အဲ... နောက်တစ်ယောက်ကျတော့ မတူဘူးဗျ။ ယောက်ျားလေးရော၊ မိန်းကလေးရော ရည်းစား တစ်ခါမှ မထားခဲ့ဖူးသေးဘဲ၊ ခုမှ စပြီး ဒီတစ်ယောက်နဲ့ တွေ့မှ အချစ်ကို သိခဲ့ရသူလေးပါ။ ဒီအဖြစ်အပျက်ကို ကြည့်လိုက်တာနဲ့။ နှစ်ယောက်ကြားက မတူညီချက်က အချစ်မှာ တစ်ခါတရံတော့ အနှောင့်အယှက်ပေးမယ်ဆိုတာကို သိသာစေပါတယ်။ တစ်ဦးက တစ်ဦးအကြောင်းကို သိထားလို့ မယုံသင်္ကာစိတ်နဲ့ ချုပ်ချယ်မယ်။ တစ်ဦးကလည်း လွတ်လပ်တာကို ကြိုက်တယ်။ ဒါကြောင့် အမြဲ ညှိယူရတယ်။ ကြားတည်းက သူငယ်ချင်းတွေက ချစ်သူနှစ်ဦးကြားက ငြိမ်းချမ်းရေးသမားတွေပေါ့ဗျာ။

မနေ့ညက သူတို့ရဲ့ ပွဲလေးမှာ ထူးထူးခြားခြား အစီအစဉ်လေးအဖြစ် တက်ရောက်လာတဲ့ သူငယ်ချင်းတွေကို သူတို့နှစ်ယောက်အတွက် အမှတ်တရ စကားလေးတွေပြောခိုင်းခဲ့တယ်။ အသက်ကို စဉ်ပြီး ပြောခိုင်းတော့ ပွဲတက်တဲ့ လူ ၂၀ လောက်မှာ ကျွန်တော်က ၅ ယောက်မြောက်လောက် ကျနေတယ်။ ရှေ့ကလူတွေ ပြောသမျှနဲ့ မတူအောင် စဉ်းစားရတာရယ်။ သူတို့ကို ပြောမယ့် စကားမှာ အဓိပ္ပာယ်ကောက်လွဲစေမှာမျိုးနဲ့ သူတို့အချစ်ရေးကို အနှောင့်အယှက်ဖြစ်စေမယ့် စကားလုံးတွေကို ရှောင်ရှားနိုင်ဖို့ စိတ်လှုပ်ရှားစွာနဲ့ပဲ စဉ်းစားနေမိတယ်။ တကယ်ပြောဖြစ်တဲ့ အချိန်ကျတော့လည်း ကိုယ့်စကားလုံးတွေကို ကိုယ်ပြန်ပြီး သဘောကျနေမိတယ်။ ကျွန်တော်နဲ့ စသိတဲ့ တစ်ယောက်အကြောင်းကို အားမနာတမ်း ဝေဖန်ပစ်လိုက်ပြီးမှ သူ့ရဲ့ ဒီနှစ်အတွင်း တည်ငြိမ်ရင့်ကျက် လာတဲ့ ပြောင်းလဲမှုကို ချီးမွမ်းစကားလေးဆိုပြီး သူတို့နှစ်ယောက်အတွက် ဆုတောင်းလေးနဲ့ အဆုံးသတ်လိုက်တယ်။ နှုတ်က ထွက်သွားတဲ့ ဆုတောင်းစကားလေးကတော့ “ခုလိုပဲ နှစ်ပေါင်းများစွာ အချစ်တွေ တည်တံ့နိုင်ပါစေ” ပေါ့။ နှုတ်ကထွက်သွားတဲ့ ဆုတောင်းစကားလေးနဲ့ အတူ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိတာကလည်း “သူတို့ချစ်ခြင်း အပြစ်ကင်းပါစေ”။

ဘာသာရေးကို ပိုပြီး လုပ်ဆောင်ဖြစ်လာတဲ့ ကျွန်တော့အတွက် ဒီနှစ်ပိုင်း ကျမ်းစာ စာအုပ်ကို ခါတိုင်း နှစ်နဲ့ မတူ တော်တော်လေး ဖတ်ဖြစ်ခဲ့တယ်။ အဲဒီထဲက ကျမ်းပိုဒ် တချို့ကို ဖတ်ပြီး အချစ်ဆိုတာအတွက် တုန်လှုပ်မိတယ်။ 
“ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိ ထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာစိတ် ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သော အမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့ အပြစ်ဒဏ်ကို ခံရကြ၏။” - ရောမသြဝါဒစာ အခန်းကြီး ၁၊ အခန်းငယ် ၂၇ (ရောမ၊ ၁:၂၇)
နောက်ထပ်လည်း ကျမ်းပိုဒ်ပေါင်းများစွာ ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော် မှတ်မိသလောက်ပေါ့။ အချင်းချင်း ချစ်ခင်တဲ့နေရာမှာ ကိလေသာ ဆက်ဆံခြင်းမပါဘဲ ချစ်ခင်ဖို့ လိုတယ်လို့ အကြမ်းဖျဉ်း နားလည်မိပါတယ်။ male couple တွေအတွက် ကျမ်းစာပါ ကျမ်းပိုဒ်တချို့ကတော့ ကြမ်းတမ်းနေတာ အမှန်ပါပဲ။ ဒါကြောင့်လည်း ရင်ထဲက ဆုတောင်းမိတာပါ။ တစ်ဦးနဲ့ တစ်ဦးချစ်ကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ ရင်ထဲက အချစ်ရဲ့ အင်အားက ကြီးမားပါတယ်။ အဲဒီအချစ်ဟာ အပြစ်တစ်ခု မွေးဖွားဖို့အတွက်ဆိုရင် စဉ်းစားဆင်ခြင်စရာတွေ ဖြစ်လာပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာတရားဟာ ကောင်းမွန်ကြောင်းကို ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ဒီလို တကယ်ရင်ခုန်ချစ်မိကြတဲ့သူတွေအတွက် ချစ်ခြင်းမေတ္တာ နဲ့ ကိလေသာ လွန်ဆွဲတဲ့အခါမှာတော့ စဉ်းစားစရာတွေပေါ့။

ဟိုးအရင်တုန်းက မမြင်ရဖူးတဲ့ စုံတွဲလေးတွေကို ရန်ကုန်မြို့တစ်ပတ် ခဏလျှောက်လိုက်ရင်တောင် မြင်နေ ရပြီ။ လမ်းတွေပေါ်မှာ လက်ချင်းတွဲပြီး ကြည်ကြည်နူးနူးသွားနေကြတာ။ ဘက်စ်ကားပေါ်မှာ အနမ်းမိုးတွေ ဝေဆာနေကြတာ။ ပန်းခြံနဲ့ အဆိုးဆုံးက သင်္ကြန်မဏ္ဍပ်တွေပေါ်မှာ တွေ့နေရတာ။ နောက် ပိုပြီးထူးခြားတာကို အချင်းချင်းကိုပဲ လိုက်မိတ်ဖွဲ့ပြီး ရည်းစားစကား ဆိုနေတာ။ ဒီလို ပွင့်လင်းရဲတင်းလာတဲ့ အခြေအနေမှာ ကိုယ့်ရဲ့ ကိလေသာတဏှာအတွက် မဟုတ်ဘဲ တကယ် ရင်ထဲက ချစ်ခင်နေကြတဲ့ သူတိုင်းကိုတော့ ဒီနေရာလေးကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေမိပါတယ်။

“သူတို့ချစ်ခြင်း.... အပြစ်ကင်းစေ....”

သီဟလုလင်

6 comments:

ချစ်စံအိမ် said...

ချစ်သူတိုင်းချစ်ချင်စစ်မှန်သောချစ်ခြင်းတရားကို
ပိုင်ဆိုင်နိုင်ကြပါစေပေါ့ကွယ်..
ပိုစ့်လေးကောင်းပါ၏

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါတယ်

ချောကလက်ကျူးပစ်လေး said...

ဖတ်သွားတယ်ကိုသီပာရေ

brainless said...

ကျွန်တော်လည်းထပ်ပြီးဆုတောင်းပေးခဲ့ပါ၏..ပျော်ရွှင်သောချစ်ခရီးလမ်းကို ပျော်ရွှင်စွာလျှောက်လှန်းနိုင်ကြပါစေသော်.....

နွေလ said...

အစ်ကိုလိုပဲ
ကျွန်တော်လည်း ဆုတောင်းပေးလိုက်ပါ့မယ်
သူတို့ချစ်ခြင်း အပြစ်ကင်းကြပါစေ

Yin Sue said...

ဖတ်နေကျ ပုံစံလေးမဟုတ်ပေမဲ့ ဖတ်ရတာ ပျင်းမသွားဘူး......သူတို့ချစ်ခြင်း အပြစ်ကင်းပါစေဗျာ.....